အောက်တိုဘာ ၄ ရက်သတင်းများအနှစ်ချုပ် - မဲဆောက်မြို့က မြန်မာလုပ်သားတွေရဲ့အထည်ချုပ်မီးလောင်

ဓာတ်ပုံ ရင်းမြစ်, screengrab
ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေလုပ်ကိုင်တဲ့ ကိုစူကီ အထည်ချုပ်စက်ရုံရဲ့ ဝန်ထမ်းလိုင်းခန်းမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြေပြင်မှာရှိနေပြီး ကူညီရေးလုပ်ဆောင်ပေးနေသူတချို့ဆီကနေ သိရပါတယ်။
မဲဆောက်မြို့က ကုလသမဂ္ဂ(UN)ရုံး(ခွဲ)အနီးမှာရှိတဲ့ အထည်ချုပ်စက်ရုံမှာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာကနေ မီးလောင်ကျွမ်းခဲ့တာလို့ကနဦး သိရတဲ့အကြောင်း အခြေအနေ သိရှိသူတွေက ပြောပါတယ်။
မနက် ၁၀ နာရီခွဲခန့်မှာတော့ မီးငြှိမ်းသတ်နိုင်ပြီလို့ မီးဘေးသင့် မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်းတာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
"စက်ရုံနောက်ကျောဘက် ဝန်ထမ်းလိုင်ခန်းကနေ စလောင်တယ်။ စက်ရုံနဲ့လိုင်းခန်းက ဆက်နေတော့ အကုန်ပါကုန်တယ်။ တချို့ဝန်ထမ်းတွေက စာရွက်စာတမ်းတွေ ယူလိုက်နိုင်ပေမဲ့ သူတို့ စုဆောင်းထားတဲ့ ပစ္စည်းတွေမီးထဲပါကုန်တယ်" လို့ သူက ဆက်ပြောပါတယ်။
၀န်ထမ်းလိုင်းခန်းမှာဖြစ်တဲ့ ဒီမီးလောင်မှုကြောင့် ၀န်ထမ်းတွေနဲ့ စက်ရုံရဲ့ ပျက်စီးဆုံးရှုံးမှု ဘယ်လောက် ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကိုစူကီ အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားအယောက် ၈၀ ထက်မနည်း အလုပ်လုပ်ကြပါတယ်။
လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံကို ရှင်းလင်းရေးတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကိုဖိုးသင်္ကြန်
ရခိုင်၊ကျောက်ဖြူတဝိုက်ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက စနဲဒေသတဝိုက်ကို မနေ့ညသန်းခေါင်ချိန်ကစလို့ ဒီနေ့ မနက်အစောပိုင်းအထိ မြန်မာစစ်တပ်က လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (အေအေ) ရဲ့ စစ်ရေးရင်းမြစ်ဆီက သိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီး၊ နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီး၊ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးတို့ကိုသုံးပြီး ည ၁၁ နာရီခွဲ အချိန်မှာရော ဒီနေ့ မနက် ၆ နာရီဝန်းကျင်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ စစ်ရေးရင်းမြစ်ကတဆင့် သိရပါတယ်။
"ကျောက်ဖြူမှာတိုက်ပွဲပြန်ပြင်းထန်နေတယ်။ လေကြောင်းကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက် နေတာ ၃ ရက်လောက်ရှိပြီ" လို့ အေအေစစ်ရေးရင်းမြစ်က ပြောပါတယ်။
အဝတောင်စခန်း၊ တောင်မော်ဦး(ကြီး) ကာကင်းစခန်း နေရာသုံးခုထက်မနည်းပတ်ဝန်းကျင်မှာ အေအေနဲ့ စစ်တပ်ကြား မနေ့ကစလို့ တိုက်ပွဲပြန်ပြင်းထန်နေတာလို့ ဒေသအခြေစိုက် သတင်းဌာနတွေမှာလည်း ဖော်ပြပါတယ်။
စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို လေကြောင်းဗုံးကြဲလို့ လူ ၅၀ အစုလိုက်အပြုံလိုက်သေဆုံးပြီးနောက် တစ်နေ့ကို ၂ မြို့နယ်ထက် မနည်း စစ်တပ်ကလေကြောင်းဗုံးကြဲနေကြောင်း အေအေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော၊ အောက်တိုဘာ ၁ ရက်မှာ ကျောက်တော်နဲ့ သံတွဲ၊ အောက်တိုဘာ ၂ ရက်မှာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း အေအေကထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ထဲက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ ထိခိုက်သေဆုံးမှုတွေကို စိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာကိုအကောင်းဆုံးကူညီပေးနိုင်ဖို့အတွက် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးနိုင်အောင်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ပြောလာပါတယ်။
မြန်မာကဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြောခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ ကျောက်တော်က အစုလိုက်အပြုံလိုက်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂရော နိုင်ငံတကာနဲ့ ပြည်တွင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေပါ ရှုတ်ချကြောင်းထုတ်ပြန်ထားပါတယ်။
























