နို၀င်ဘာ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အာဆီယံနဲ့ရှေ့ဆက် ဆက်ဆံဖို့ ပြန်သုံးသပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြောတဲ့သတင်းအပါအ၀င် နို၀င်ဘာ ၁၈ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
နို၀င်ဘာ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မနက်ပိုင်း နိုင်ငံအခြေပြမိန့်ခွန်းဆန်ဆန် မိန့်ခွန်းပြောသွားပါတယ်။
စီးပွားရေး၊ ပညာရေး၊ ပြည်တွင်းပြည်ပအရေးတွေအပါအ၀င် သူ့မိန့်ခွန်းပြောချိန်ဟာ ၂ နာရီလောက်တောင် ကြာမြင့်ခဲ့ပါတယ်။
မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုအပြင် ပြည်တွင်းပြည်ပအကျပ်အတည်းတွေကို သူ့ မိန့်ခွန်းထဲမှာ မြင်ရပါတယ်။
သူ ဘာတွေပြောထားလဲ။ ဘီဘီစီက အကျဉ်းချုပ် ပြန်လည်ရှင်းပြထားတာကို ရုပ်သံမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
အာရှ- ပစိဖိတ်ထိပ်သီးဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ရောက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်ထွက်ပြီး ပွေ့ဖက် ကြိုဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာ ရှင်ဟွာကတော့ ရှီဟာ စက်တင်ဘာလတုန်းက အမေရိကန်ကို သွားချိန်တုန်းက သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့ဟာ လေဆိပ်ကို သီးသန့်လာပြီး သူတို့ဇနီးမောင်နှံကို ကိုယ်တိုင်လာကြိုလာ၊ ခမ်းခမ်းနားနား ကြိုဆိုဧည့်ခံခဲ့တယ်လို့ ပြောတဲ့အကြောင်း သတင်းရေးပါတယ်။
ထရမ့်ကတော့ ရှီက သူ့ကို အခုလို လေဆိပ်မှာ ကိုယ်တိုင်လာကြိုတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။
ရှန်ကျန်းရောက် ထရမ့်ကို ရှီ ကြိုဆိုခဲ့တဲ့အခိုက်အတန့်ကို ရုပ်သံမှာကြည့်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၅ ခုနှစ် မတ်လမြန်မာဘက်က ငလျင်ကြီး အဖျားခတ်လှုပ်ခတ်ခဲ့လို့ ပြိုကျခဲ့တဲ့ ဘန်ကောက်မြို့ ချက်တူချက်အဆောက်အအုံ ပြိုကျမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတဲ့အမှုတွေထဲက သီးခြားအမှုတစ်ခုမှာ တရုတ်လုပ်ငန်းရှင် ချွမ်လင်း ကျန်းကို ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေ ဘတ်တစ်သန်း ချမှတ်လိုက်ပါတယ်။
သူဟာ ချက်တူချက်အဆောက်အအုံ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ China Railway Number 10 (Thailand) Co Ltd ရဲ့ ဒါရိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေကို အမည်ခံရှယ်ယာရှင်အဖြစ် အသုံးပြုကာ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘန်ကောက်ရာဇဝတ်တရားရုံးက နိုဝင်ဘာ ၁၈ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အမည်ခံရှယ်ယာရှင် အသုံးပြုမှုနဲ့ပတ်သက်တဲ့ ဒီအမှုဟာ အဆောက်အအုံပြိုကျမှုနဲ့ ဆက်စပ်တဲ့ သီးခြားအမှုဖြစ်ပါတယ်။ ထိုင်းစာရင်းစစ်ချုပ်ရုံးအဆောက်အဦ ဆောက်လုပ်ရေးနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ အခြားအမှုတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။
အဲဒီ အဆောက်အဦကြီးပြိုကျမှုမှာ မြန်မာနဲ့ ထိုင်းအလုပ်သမားတွေအပါအဝင် လူ ၉၆ ဦး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ဆောက်လုပ်ရေးဆိုင်ရာအမှုတွေအတွက် Italian-Thai Development ကုမ္ပဏီရဲ့ အကြီးအကဲ အပါအဝင် သံသယရှိသူတွေကို စွဲချက်တင်ထားပြီး တရားရုံးက စစ်ဆေးနေဆဲဖြစ်ပါတယ်။
မြန်မာမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တဲ့ မတ် ၂၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ဆဲ ထိုင်းစာရင်းစစ်ချုပ်ရုံးရဲ့ ၃၄ ထပ်အဆောက်အဦပြိုကျခဲ့ပြီး မြန်မာအလုပ်သမား ၂၅ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲ မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၇ ဦးပါဝင်ပြီး အများစုကတော့ Italian-Thai Development ကုမ္ပဏီက အလုပ်သမားတွေဖြစ်ပါတယ်။
မြန်မာမှာလည်း စစ်ကိုင်းငလျင်ကြီးလှုပ်ချိန်က လူသေဆုံးမှုအများဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ မန္တလေးမြို့ပေါ် Sky Villa ကွန်ဒို ဆောက်လုပ်တဲ့ဆောက်လုပ်ရေးလုပ်ငန်းရဲ့ တာဝန်ရှိသူ ဦးနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄(က)နဲ့ ဇူလိုင်လမှာပဲ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FBI
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တိုက်ဖျက်ရေးအတွက် သတင်းမျှ၀ေတာ၊ နည်းပညာကူညီတာအပါအ၀င် ပူးပေါင်းဆောင်ရွက်မယ့်မူတွေကို အမေရိကန်နဲ့ အာဆီယံကြား ချမှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော်မနီလာမှာပြုလုပ်တဲ့ အထူးထိပ်သီးအစည်းအ၀ေးပြုလုပ်ခဲ့အပြီးမှာ အခုမူတွေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
အချက် ၁၀ ချက်ပါ၀င်တဲ့ဒီမူကို အခုနှစ်ဆန်းပိုင်းတုန်းက အာဆီယံနဲ့ အမေရိကန်တို့က ဒစ်ဂျစ်တယ်၀န်ကြီးတွေ ကနဦးချမှတ်ခဲ့တာဖြစ်ပြီး အခုတော့ မနီလာမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ကျားဖြန့်ဟာ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုအသိုက်အ၀န်းတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတာကို အာဆီယံရော၊ အမေရိကန်ကပါ အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အွန်လိုင်းလိမ်လည်မှုကို ဒေသတွင်းနဲ့ နယ်စပ်ဖြတ်ကျော်ပူးပေါင်းနှိမ်နင်းရေး၊ ရာဇ၀တ်ဂိုဏ်းတွေကိုဖြိုခွင်းပြီး သားကောင်ဖြစ်ရသူတွေကို အကာအကွယ်ပေးရး၊ ငွေကြေးတွေကို ခ၀ါချမှုရှိ မရှိ စောင့်ကြည့်ရေးအပါအ၀င် မူ ၁၀ ချက်ကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့လည်း ပါရှိပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားအပါအ၀င် အရှေ့တောင်အာရှက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ငွေကြေးတွေ သန်းထောင်ချီ ဆုံးရှုံးနေတယ်လို့ အမေရိကန်ဘက်က ထုတ်ပြောအပြီးမှာ အရှေ့တောင်အာရှမှာ ကျားဖြန့်နှိမ်နင်းရေးတွေကို ဒီနှစ်အတွင်း တိုးလုပ်လာပါတယ်။
ကျားဖြန့်နှိမ်နင်းရေးအထူးလုပ်ငန်းဖွဲ့ကို အမေရိကန်ဘက်က ဖွဲ့စည်းခဲ့သလို အမေရိကန်ထောက်လှမ်းရေး(FBI)နဲ့ ထိုင်းရဲတပ်ဖွဲ့ကြားမှာလည်း ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းလုပ်နေပါတယ်။
ဒီလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ထိပ်တန်းအစိုးရရှေ့နေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းရဲမင်းကြီးနဲ့ ဘန်ကောက်မှာတွေ့ဆုံပြီး ကျားဖြန့်နှိမ်နင်းရေး အားကောင်းဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာမှာ အခြေစိုက်တယ်လို့ဆိုတဲ့ ထိုင်ချန် ကျားဖြန့်လုပ်ငန်း သတင်းပေးသူကို ဆုကြေးငွေ ဒေါ်လာ သန်း ၁၀ ပေးမယ်ဆိုတဲ့ FBI ကြေညာချက်ကို အမေရိကန်အာဏာပိုင်တွေဘက်က အခုရက်ပိုင်းအတွင်းမှာပဲ ထပ်မံကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အေအေ
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်တာ ၃ နှစ်ပြည့်တဲ့ အခုနှစ် နိုဝင်ဘာလအတွင်းမှာတင် မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော်သေဆုံးထားပြီလို့ အာရက္ခတပ်တော် (အေအေ) ရဲ့ အချက်အလက်အရ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်ကနေ ၁၇ ရက်အတွင်း ရခိုင်ကို လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိခဲ့ပြီး လူဆယ်ဦး ထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးတဲ့ဖြစ်စဉ် ၂ ကြိမ်ရှိခဲ့တယ်လို့ အေအေက ဖော်ပြပါတယ်။
အထူးသဖြင့် နိုဝင်ဘာ ၁၂ ရက်ကနေ ၁၇ ရက်အထိ အေအေသိမ်းထားတဲ့ ရခိုင်က ၆ မြို့နယ်နဲ့ ချင်း၊ တောင်ပိုင်းက ပလက်ဝမြို့နယ်တို့ကို နေ့စဉ်လိုလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ အေအေက ပြောပါတယ်။
အေအေသိမ်းထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က သူဋ္ဌေးကုန်းရွာတဝိုက်ကို နိုဝင်ဘာ ၁၄ ရက် လေကြောင်း တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ၃ နှစ်ကလေးငယ်၊ ကိုယ်ဝန် ၅ လ ဆောင်ထားတဲ့ အမျိုးသမီးအပါအဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနဲ့ သရက်ချိုရွာကြားက ဗျာလစစ်ရှောင်စခန်း (IDP Camp) ကို လေကြောင်းတိုက်လို့ ၁၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိပါတယ်။
အဲဒီဗျာလစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်တုန်းကလည်း လေကြောင်းတိုက်ခိုက်ခံရလို့ စခန်းမှာနေထိုင်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ဒါအပြင် အခုလအတွင်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ သံတွဲတို့က လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ စစ်ရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦ၊ အများပြည်သူသွားလာတဲ့ လမ်းတံတားနဲ့ မြို့ရွာတို့က လူနေရပ်ကွက် တွေကို နေ့စဉ်ဗုံးကြဲပြီး စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့ အေအေဘက်က ဒီရက်ပိုင်းအတွင်း ထပ်ပြောထားပါတယ်။
မြန်မာစစ်တပ်က ထိုးစစ်ပြန်မြှင့်နေတဲ့ ရခိုင်စစ်မျက်နှာပြင်မှာ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်လာသလို အရပ်သားသေဆုံးမှုလည်းများလာတယ်လို့ စစ်ရေးစောင့်ကြည့်တဲ့ သုတေသနအဖွဲ့တွေကလည်း ထောက်ပြထားကြပါတယ်။
ဒါပေမဲ့ စစ်တပ်ဘက်ကတော့ ရခိုင်စစ်မျက်နှာပြင်နဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်၊ ရုရှားနဲ့ အမေရိကန်ခေါင်းဆောင် သုံးဦး ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ဥရောပမှာ အချက်ပေးခေါင်းလောင်းထိုးသံကို ကြားလိုက်ရသလိုဖြစ်သွားပါတယ်။
တချို့က ဒီတွေ့ဆုံပွဲဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာကို အင်အားကြီးနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးရာ နယ်ပယ်တွေအဖြစ် ခွဲဝေခဲ့တဲ့အခြေအနေနဲ့ ဆင်တူလာမှာကို စိုးရိမ်ကြတာပါ။
နိုဝင်ဘာ ၄ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ကျောင်းသားကလေးငယ်တစ်စုနဲ့အတူ မော်စကိုမြို့ ရင်ပြင်နီအနီးက မာနက်ရှ် ပြပွဲခန်းမကို သွားရောက်ခဲ့ပါတယ်။
အဲဒီမှာ သူဟာ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလက ယော်လ်တာညီလာခံ တက်ရောက်ခဲ့ကြတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်တို့ရဲ့ ရုပ်တုကြီးရှေ့မှာ ရပ်လိုက်ပါတယ်။
"သူတို့ဟာ အဓိကအင်အားကြီးနိုင်ငံ သုံးနိုင်ငံရဲ့ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ စစ်ပြီးသွားတဲ့နောက် ကမ္ဘာကြီးကို ဘယ်လိုစီမံဖွဲ့စည်းကြမလဲဆိုတာ ဆွေးနွေးဖို့ သူတို့ တွေ့ဆုံခဲ့ကြတာပါ" လို့ ပူတင်က ကလေးတွေကို ပြောခဲ့ပါတယ်။
အဲဒီမတိုင်ခင် တစ်ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကရင်မလင်နန်းတော်တို့က ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံနိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Head of State
နှစ်စဉ်အဖွဲ့ဝင်ကြေးထည့်သွင်းနေပေမဲ့ မြန်မာနိုင်ငံအပေါ်ကိုသာ ကန့်သတ်မှုတွေ လုပ်နေလို့ အာဆီယံနဲ့ရှေ့ဆက် ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားမယ်ဆိုပြီး နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီနေ့မနက်ပိုင်း လွှတ်တော်မှာမိန့်ခွန်းပြောချိန် ထည့်ပြောပါတယ်။
မြန်မာအနေနဲ့ အာဆီယံကို နှစ်စဥ်အဖွဲ့ဝင်ကြေး တစ်နှစ်ကို ဒေါ်လာ ၁ သန်းပေးခဲ့ရပေမဲ့ မြန်မာအတွက်အကူအညီ မရကြောင်း ဦးမင်းအောင်လှိုင်က အပြစ်တင်သွားပါတယ်။
“အာဆီယံအဖွဲ့ဝင်တချို့နိုင်ငံတွေမှာ နိုင်ငံရေးအကျပ်အတည်းတွေဖြစ်ခဲ့တာရှိပါတယ်။ အာဏာသိမ်းခဲ့တာတွေရှိပါတယ်။ ရွေးကောက်ပွဲတွေမှာ ပဋိပက္ခတွေဖြစ်ခဲ့တာရှိပါတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်တာ မဲခိုးတာ မတရားမှုတွေ အငြင်းပွားမှုတွေ ဆူပူဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီဆန့်ကျင်ပြီးတော့ ဒီမိုကရေစီစနစ်ဆိုပေမဲ့ တင်းကျပ်တဲ့ဒီမိုကရေစီနဲ့ဆောင်ရွက်မှုတွေ သာဓကများစွာရှိပါတယ်။ ဒါတွေကို ဘာမှဖိအားပေးတာတွေမရှိခဲ့ဘဲနဲ့ ကျွန်တော်တို့နိုင်ငံမှာ လာလုပ်တာကိုတွေ့ရပါတယ်” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အာဆီယံမပေါ်ပေါက်ခင်ကတည်းက မြန်မာမှာလက်နက်ကိုင်ပဋိပက္ခတွေရှိနေပြီး သူ့ အစိုးရလက်ထက်ကျမှဖြစ်လာတဲ့ပြဿနာတွေမဟုတ်ဘူးလို့လည်း ထည့်ပြောပါတယ်။
၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်က ယာဂီမုန်တိုင်း၊ ၂၀၂၅ ခုနှစ်ကမန္တလေးငလျင်ကြီး တို့ကြောင့် နေပြည်တော်က နိုင်ငံခြားငွေ ၁၈ ဘီလျံသုံးစွဲခဲ့ပေမဲ့ အာဆီယံရဲ့ AHA Center ကနေ ၃၀.၁၂၅ သန်းသာ အကူအညီရခဲ့တယ်ဆိုပြီးပါ နှိုင်းယှဉ်ပြောသွားပါတယ်။
သူ တာဝန်ယူချိန်မှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကနေ ချေးငွေ၊ အကူအညီတွေမရခဲ့ဘူးလို့လည်း ထည့်ပြောသွားပါတယ်။။
ဒါအပြင် အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဦးမင်းအောင်လှိုင်ကိုယ်တိုင်သွားတက်ခဲ့တဲ့ အာဆီယံအစည်းအဝေးက ဘုံသဘောတူညီချက် ၅ ရပ်ကလည်း တွေ့ဆုံမှုပြီးမှသာ ဥက္ကဋ္ဌ ကြေညာချက်အဖြစ်ထွက်လာတာဆိုပြီး ထပ်ပြောခဲ့ပါတယ်။
နိုင်ငံရဲ့ ကြွေးမြီကိစ္စကိုလည်းထည့်ပြောခဲ့ပြီး ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်တို့က ကြွေးမြီတွေဖြစ်ကာ သူ့အစိုးရလက်ထက်မှာမဟုတ်ကြောင်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ကျန်းမာရေး ဝန်ထမ်း ၅ သောင်း ၂ ထောင်ကျော်၊ ပညာရေးဝန်ထမ်း ၁ သိန်း ၂ သောင်းကျော် ပါဝင်ခဲ့ပြီး အဲဒီနေရာတွေမှာ အစားထိုးဖို့အတွက် ဖြည့်တင်းမှုတွေလုပ်နေရဆဲလို့ ဝန်ခံသွားပါတယ်။
၂နာရီခွဲဝန်းကျင်ကြာတဲ့ ဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းမှာ ရိုဟင်ဂျာအရေးလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမိန့်ချတော့မယ့်ကိစ္စတွေမပါဝင်သလို နိုင်ငံတွင်းကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဖို့ တိကျတဲ့အစီအစဉ်တွေ ထည့်ပြောတာမရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းထွက်လာပါတယ်။
အထူးသဖြင့် ကြက်သွန်နီ၊ ကြက်ဥလို အခြေခံစားသောက်ကုန်တွေဈေးတက်တာအပါအဝင် ပို့ကုန်သွင်းကုန်၊ နိုင်ငံခြားငွေတို့နဲ့ပတ်သက်တဲ့ မူဝါဒတွေအကြောင်း ထည့်မပြောတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက် ၂၇ နှစ်အရွယ် ဟွမ် ရှီဟွာ အတွက်တော့ "တရုတ်အိပ်မက်" နဲ့ ရှင်သန်နေသူဖြစ်ပါတယ်။
သူက ရှန်ကျန်းမြို့က ထိပ်တန်းလူသားပုံစံတူ စက်ရုပ်ကုမ္ပဏီတစ်ခုမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေသူပါ။
နိုင်ငံအရှေ့တောင်ပိုင်းက ဒီမြို့ကြီးဟာ ဉာဏ်ရည်တု(AI) နည်းပညာ၊ စက်ရုပ်နည်းပညာနဲ့ ပြည်တွင်းဆန်းသစ်တီထွင်မှုတွေက မောင်းနှင်မယ့် နည်းပညာမြင့်အနာဂတ်ရဲ့အစပျိုးရာဒေသလို့ တရုတ်က အမွှမ်းတင်နေပါတယ်။
ရှန်ကျန်းမှာ ကိုယ့်ညစာကို ၀ေဟင်ကနေ လာပို့တဲ့ဒရုန်းတွေမြင်နိုင်သလို သွားလိုတဲ့နေရာကို ဂီတသံ ငြိမ့်ငြိမ်ညောင်းနဲ့ ပို့ပေးမယ့်ယာဉ်မောင်း မလိုတက္ကစီတွေလည်း ရှိပြီး ကပ္ပချီနိုကော်ဖီ တစ်ခွက်မှာရင် ကော်ဖီခွက်ပေးရုံမက ကော်ဖီစေ့ ဘယ်ကနေ လာတယ်ဆိုတာကို ရှင်းပြမယ့် စက်ရုပ်တွေလည်းရှိနေပါတယ်။
တရုတ်လူမျိုးတွေကတော့ ရှန်ကျန်းကို "အိပ်မက်တွေရဲ့ မြို့တော်" လို့ တင်စားကြပါတယ်။ တရုတ်က ကမ္ဘာ့ ခေါင်းဆောင်တွေကို ပြချင်တာဘာလဲ။
အပြည့်အစုံ ကို ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စတိဗ် ရိုဇင်ဘတ်
ရုရှားဆိုင်ရာ အယ်ဒီတာ
တရုတ်မှာ ကျင်းပနေတဲ့ အေပက်(APEC) ထိပ်သီးအစည်းအဝေးရဲ့အထင်ကရ အဓိကဖြစ်ရပ်ဟာ ဗလာဒီမာ ပူတင်၊ ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ သုံးပွင့်ဆိုင်တွေ့ဆုံမယ့်ကိစ္စလို့ ရုရှားရဲ့ကရင်မလင် နန်းတော်က ပြောပါတယ်။
ဒါပေမဲ့ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှုမတိုင်ခင်မှာပဲ ပူတင်နဲ့ ရှီတို့ဟာ အေပက်(APEC) အစည်းအဝေး ပြင်ပမှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ သူတို့နှစ်ဦးအတွက် အသစ်အဆန်းတော့ မဟုတ်ပါဘူး။
“မိတ်ဆွေရင်းကြီး ခင်ဗျာ။ ဒီနေ့ဟာ ကျွန်တော်တို့ နှစ်ဦးကိုယ်တိုင် တွေ့ဆုံခဲ့ကြတာ အကြိမ် ၅၀ ပြည့်မြောက်ပြီဖြစ်ပါတယ်” လို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ရုရှားသမ္မတ ပူတင်ကို ဒီနေ့ မနက်ခင်းတွေ့ဆုံမှုမှာ ပြောပါတယ်။
ဒါအပြင် ရုရှားနဲ့ တရုတ် ဆက်ဆံရေးဟာ “မငြိမ်သက်မှု၊ မရေရာမှုတွေ ပြည့်နေတဲ့ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်မှုနဲ့ သေချာရေရာမှုတွေကို ဆောင်ကြဉ်းပေးနေတယ်” လို့လည်း သူက ပြောပါတယ်။
အနောက်နိုင်ငံခေါင်းဆောင်တွေကတော့ ရုရှားရဲ့ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေ ပိုဖြစ်ပေါ်လာတယ်လို့ စွပ်စွဲထားတာပါ။
ဒါပေမဲ့ မော်စကိုရဲ့အဓိက မဟာမိတ်ဖြစ်တဲ့တရုတ်နိုင်ငံဟာ ဒီလိုမျိုး လူသိရှင်ကြား ဝေဖန်ပြစ်တင်တာ မလုပ်ထားပါဘူး။
ပူတင်အတွက် သံတမန်ရေးရာ အောင်ပွဲတစ်ခုလား
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှီကျင့်ဖျင်နဲ့ ဒေါ်နယ်ထရမ့်တို့ ပါဝင်မယ့် သုံးပွင့်ဆိုင် တွေ့ဆုံမှုဟာ “အကျိုးအမြတ်ရရှိနိုင်ခြေ ကြီးတယ်” လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှု မတိုင်ခင်ကတည်းက ပူတင်အတွက် အကျိုးရှိနှင့်နေပြီးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားသတင်းစာအချို့က မနက်ဖြန် ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို ပူတင်အတွက် “သံတမန်ရေးရာအောင်ပွဲ” ခေါ်ဆို ရေးသားနေကြတာကြောင့်ပါ။ ဒီတွေ့ဆုံပွဲ ဖြစ်မြောက်တာကပဲ အကြောင်းရင်းဖြစ်နေပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်တိုက်ခိုက်ပြီးနောက် ပူတင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အထီးကျန်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး အနောက်နိုင်ငံတွေက သူ့ကို သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ်ကို ရောက်လာချိန်မှာတော့ သူဟာ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့ တစ်ဝိုင်းတည်းမှာ ထိုင်ပြီး ဆွေးနွေးမယ့်အနေအထားကို ရောက်လာပါတယ်။
ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်းကောင်း ထွက်သည်မဖြစ်စေ မထွက်သည်ဖြစ်စေ အခု တရုတ်ခရီးက ရုရှားခေါင်းဆောင်အတွက် ထူးခြားတဲ့ခရီးစဉ် ဖြစ်နေပါပြီ။
ဘာကြောင့်လဲဆိုရင် ပူတင်ဟာ ယူကရိန်းအရေးမှာ အလျှော့ပေးမှု တစ်စုံတစ်ရာ မလုပ်ဘဲ ဒီအနေအထားကို ရောက်လာတာဖြစ်ပါတယ်။
မော်စကိုက ဒီနေ့အထိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အပြည့်အစုံကို လက်မခံသေးသလို အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စစ်ရေးဆောင်ရွက်နေတာကိုလည်း ဆက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
မြန်မာဘက်ခြမ်း၊ ကိုကိုးကျွန်းမြို့ (Coco Island) ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့် ကို ဗဟိုပြုနေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” ကြောင့် နိုင်ငံတဝန်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မိုးဇလရဲ့ အက်ဗန် ဆိုင်ကလုန်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေအရ ဒီနေ့ကနေနောက် ၂ ရက်အတွင်း နေရာကွက်မိုးကြီးနိုင်တယ်လို့ နားလည်ရပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရော အရှေ့ပိုင်းတို့မှာ နေရာကျဲကျဲမိုးရွာနိုင်ကြောင်း မိုးဇလက ဒီနေ့ ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိနေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အက်ဗန်ဟာ အနောက်အလယ်ပိုင်း ဘင်္ဂလားပင်လယ်အော်သို့ ရွေ့လျားချိန်မှာ မုန်တိုင်းအပြင်ဘက်တိမ်တိုက်များ (Outer rainbands) ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်က စိုစွတ်တဲ့လေထုဟာ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ ဆီကို စီးဝင်လာမယ်လို့ မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ဖော်ပြထားပါတယ်။
မြောက်ဘက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းရဲံ ခြောက်သွေ့အေးမြတဲ့ ဆောင်းလေထုနဲ့ တောင်ဘက်ကတက်လာတဲ့ ပူနွေးစိုစွတ်တဲ့ ပင်လယ်လေထုတို့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ပဲခူးတောင်ပိုင်းနဲ့ တနင်္သာရီဒေသတွေအထက်တွင် ထိတွေ့ဆုံဆည်းလို့ မိုးတိမ်တောင်တွေ အားကောင်းနေပါတယ်။
မိုးတိမ်တောင်အားကောင်းလို့ အဲဒီဒေသတွေမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာသွန်းတာ၊ မိုးသက်လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေ ကြုံနိုင်ရကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဒီနေ့ မနက် မိုးဇလထုတ်ပြန်ချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းနဲ့ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်၊ ချင်းနိုင်မြို့(Chennai)ရဲ့ အရှေ့ဘက် ရေမိုင် ၃၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ဒါကြောင့် ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်မှာလည်း လှိုင်းအသင့်အတင့် ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်က ၇ ပေကနေ ၉ ပေခန့်အထိရှိနိုင်ပါတယ်။

ထိုင်းနိုင်ငံရောက် အလုပ်ရှာနေတဲ့မြန်မာလူငယ်တွေ TikTok ကို ဝင်ကြည့်လိုက်တာနဲ့ သူတို့ရဲ့ အာရုံကို ဖမ်းစားနေတဲ့ အလုပ်ခေါ်စာတွေထဲမှာ TikTok မှာ Live လွှင့်ရမယ့်အလုပ်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။
အဲဒီထဲမှာ ခေတ်ပေါ်အဝတ်အစားဒီဇိုင်းတွေဝတ်ပြီး အုပ်စုလိုက် Live လွှင့် 'ကပြ'ရတာ၊ ဒါမှမဟုတ် တစ်ယောက်တည်း Live လွှင့် 'ကပြ' ပေးရုံနဲ့ တစ်လ ဘတ် ၂ သောင်းအပြင် ရက်မှန်ကြေးနဲ့ ဘောနပ်စ်တွေရမယ်လို့ အဲဒီအလုပ်ခေါ်စာတွေမှာ မက်လုံးပေးထားပါတယ်။
အဲဒီလုပ်ငန်းခွင်တွေက မြန်မာလူငယ်အချို့ကတော့ မြန်မာလူငယ်တွေကတော့ လုပ်ခလစာနဲ့ အလုပ်ချိန်ပိုတဲ့ပြဿနာတွေအပြင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတယ်လို့ ဖွင့်ဟကြပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, DSKH Myanmar
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ လူသုံးများခဲ့တဲ့ Ovaltine (အိုဗာတင်း) ကို ထိုင်းနိုင်ငံကနေ တင်သွင်းပြီး နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ဆွစ်ဇာလန်အခြေစိုက် DKSH က အောက်တိုဘာလကုန်ကစပြီး အဲဒီလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီလို့ နိုဝင်ဘာ ၁၈ ရက်ထုတ် သတင်းစာမှာ ကြေညာပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးတဲ့ Ovaltine ထုတ်ကုန်တချို့ ပစ္စည်းပြတ်လပ်မှုရှိနေတယ်လို့ ရောင်းချသူတချို့က ပြောပါတယ်။
"DKSH က Ovaltine ပုလင်းတွေကို ဖြန့်ပြီး ပထမဂရုက စက္ကူဘူးနဲ့ အထုပ်တွေကို ဖြန့်တာပါ။ အခုက Ovaltine ပုလင်းတွေကို Mega ကုမ္ပဏီက ပြောင်းဖြန့်မယ်လို့ သိရတယ်။ အော်ဒါတွေကောက်သွားပေမဲ့ တစ်လလောက်ရှိပြီ၊ Mega က ပစ္စည်းမပို့သေးဘူး" လို့ Ovaltine ရောင်းချသူတစ်ဦးက ပြောပါတယ်။
Ovaltine ထုတ်ကုန်တွေကို ထိုင်းနိုင်ငံအခြေစိုက် AB Food & Beverages က ထုတ်လုပ်တာဖြစ်ပြီး DKSH (Myanmar) Limited ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး မြန်မာနိုင်ငံအတွင်း တရားဝင်ဖြန့်ဖြူးသူအဖြစ် လုပ်ကိုင်ခဲ့တာပါ။
DKSH ရဲ့ ကြေညာချက်အရ ကုမ္ပဏီနှစ်ခုအကြား ဖြန့်ဖြူးရေးသဘောတူညီချက်ဟာ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ ရပ်စဲခဲ့ပြီး အောက်တိုဘာလကုန်မှာတော့ Ovaltine ထုတ်ကုန်တွေကို ထိုင်းနိုင်ငံကနေ တင်သွင်းခြင်း၊ မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးခြင်းနဲ့ ရောင်းချခြင်းတို့ကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
DKSH ကတော့ အောက်တိုဘာလနောက်ပိုင်း မြန်မာဈေးကွက်မှာ ရှိနေတဲ့ Ovaltine ထုတ်ကုန်တွေဟာ အခြားတင်သွင်းသူနဲ့ ဖြန့်ဖြူးသူတွေကတစ်ဆင့် ဝင်ရောက်လာတာဖြစ်နိုင်ပြီး အဲဒီထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ စစ်မှန်မှုအပေါ် တာဝန်ယူမှာမဟုတ်ကြောင်း သတိပေးထားပါတယ်။
အိုဗာတင်းဖြန့်ဖြူးမှုရပ်ဆိုင်းတာနဲ့ပတ်သက်လို့ DKSH ကုမ္ပဏီကို ဘီဘီစီက အီးမေးလ်ပို့ ဆက်သွယ်မေးမြန်းထားပါတယ်။
Ovaltine ရဲ့ ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး Mega ကုမ္ပဏီဘက်က တရားဝင်ထုတ်ပြန်ထားတာကိုတော့ လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့လကလည်း ဗြိတိန်အခြေစိုက် Unilever ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရှယ်ယာရောင်းချမှု တွေရှိခဲ့ပါတယ်။
Unilever ဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့ ဖက်စပ်လုပ်ငန်း Unilever EAC Myanmar Company Limited မှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာအားလုံးကို ပြည်တွင်းမိတ်ဖက် EAC နဲ့ ဆက်နွှယ်တဲ့ Centig Holding Company Limited ထံ ရောင်းချဖို့ သဘောတူခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အရောင်းအဝယ်ကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဖို့ မျှော်မှန်းထားပြီး သက်ဆိုင်ရာခွင့်ပြုချက်တွေ ရရှိဖို့လည်း လိုအပ်နေသေးတယ်လို့ ရိုက်တာသတင်းဌာနက အစောပိုင်းက ဖော်ပြပါတယ်။
Unilever ဟာ Dove၊ Sunsilk၊ Lux၊ Lifebuoy၊ Pond's၊ Rexona နဲ့ Knorr စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေနဲ့ လူသိများတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။
အဲဒီအမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်တချို့ဟာ မြန်မာစားသုံးသူတွေကြားမှာ လူသုံးများပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းနဲ့ အစားအသောက်ထုတ်ကုန်တွေ ပါဝင်ပါတယ်။
ကုမ္ပဏီက ထွက်ခွာမယ်လို့မကြေညာခင်ကတည်းက အဲဒီအမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ဖြန့်ဖြူးနိုင်ပြီး အများစုဟာ အောက်လမ်းလို့ခေါ်တဲ့ ထိုင်းကနေတရားမဝင် ဝင်ရောက်လာတဲ့ပစ္စည်းတွေကိုသာ ပြည်တွင်းမှာအဓိကဝယ်ယူရောင်းချနေရကြောင်း လူသုံးကုန် ပစ္စည်းရောင်းချသူတွေဆီကသိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေကြေးရရှိမှုအခက်အခဲ၊ သွင်းကုန်လိုင်စင်ကန့်သတ်ချက်၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြနေကြတာပါ။
အဲဒီအခြေအနေတွေကြားမှာ နိုင်ငံခြားကုမ္ပဏီတချို့က ၂၀၂၆ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေကို ရပ်ဆိုင်းတာ၊ ရှယ်ယာရောင်းချတာနဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ပြည်တွင်းမိတ်ဖက်တွေဆီ လွှဲပြောင်းတာတွေ လုပ်ဆောင်လာကြပါတယ်။
ဒီလိုအပြောင်းအလဲတွေကြောင့် ပြည်တွင်းစျေးကွက်ထဲ စားသုံးသူတွေအတွက် ကုန်ပစ္စည်းရရှိနိုင်မှု၊ ဈေးနှုန်းနဲ့ တရားဝင်ဖြန့်ဖြူးရေးကွန်ရက်တွေအပေါ် ဘယ်လိုသက်ရောက်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်လို့ ထိုင်းဘတ်ငွေစျေးတက်လာတာနဲ့ အမျှ မြန်မာကျပ်ငွေစျေးလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ ထိုင်း-မြန်မာနယ်စပ်ရှိ ပြင်ပငွေလဲစျေးကွက်လုပ်ငန်းလုပ်ကိုင်သူတချို့ကပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်း စျေးကွက်အဖွင့်မှာ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းငွေ ဘတ် ၆၈၀ ကျော်နဲ့ ၇၀၀ ဝန်းကျင်သာရတော့ပြီး မြန်မာငွေဈေးဆက်လက်ကျဆင်းနေတယ်လို့ ပြင်ပငွေလဲဈေးကွက်လုပ်ငန်းတွေရဲ့အချက်အလက်တွေအရ သိရှိရပါတယ်။
အခု နိုဝင်ဘာလအစမှာ မြန်မာငွေကျပ်တစ်သိန်းကို ဘတ် ၇၁၀ ကျော်ရှိရာကနေ နှစ်ပတ်ကျော် အတွင်း ကျပ်ငွေဈေးဆက်တိုက်ကျဆင်းလာတာပါ။ ဒီနေ့အဖွင့်ဈေးက ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၁၄၇ ကျပ်ပေးရတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဈေးတွေလည်းဆက်တက်နေပြီး ဒီနေ့မနက်မှာ တစ်ဒေါ်လာကို ၄,၉၆၀ ကျပ်အထိ ရှိနေပါတယ်။ အခုလအစမှာ တစ်ဒေါ်လာကို ၄,၇၀၀ ဝန်းကျင်သာရှိရာကနေ ငွေကျပ် ၅,၀၀၀ နီးပါးအထိ ရောက်လာတဲ့အခြေအနေပါ။
နေပြည်တော်က နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေသတ်မှတ်ထားကာ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လဲလှယ်ပေးပြီး ပြင်ပဈေးကွက်နဲ့ ထက်ဝက်နီးပါးကွာဟနေပါတယ်။
ဒါပေမဲ့ မြန်မာဗဟိုဘဏ်က တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ၊ လဲလှယ်တာတွေနဲ့ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို လိုက်နာခြင်းမရှိတဲ့ လုပ်ငန်းတွေကို ဥပဒေအရ အရေးယူမယ်လို့ အခုလထဲ မကြာခဏသတိပေးထားပါတယ်။
ဗဟိုဘဏ်ရဲ့ အခုလထဲထုတ်ပြန်ချက်မှာ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ငွေကြေးလဲလှယ်တာ၊ ခွင့်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာနဲ့ ငွေလဲနှုန်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာဥပဒေတွေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့မနက် မြန်မာရွှေဈေး ပြင်ပပေါက်စျေးက ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်ငွေ သိန်းတစ်ရာနဲ့ ၃ သိန်း ဝန်းကျင်ရှိနေပါတယ်။
ဒါအပြင် နိုင်ငံခြားငွေဈေးကွက်နဲ့အတူ မြန်မာ့ရွှေဈေးမတက်ဖို့လည်း ဈေးကွက်ထိန်းချုပ် တာတွေ လုပ်ထားပြီး အွန်လိုင်းကနေ ရွှေမရောင်းချဖို့ပါ ကန့်သတ်ထားပါတယ်။
တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းတွေ မြင့်တက်နေတဲ့အတွက် တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံးအဆင့်ရောက်နေလို့ ကမ္ဘာစျေးကွက်မှာ ရွှေစျေးကျ ငွေစျေးမာနေပါတယ်။
ကမ္ဘာ့စျေးကွက်မှာ ရွှေဈေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ အတိုးနှုန်းအလားအလာတွေအပေါ် မူတည်ပြီး ဆက်လက်အတက်အကျရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်မှာ ကျင်းပနေတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (Apec) ရဲ့ ဆက်စပ်အစည်းအဝေးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ရုရှားသမ္မတ ပူတင် ဟာ အေပက် ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ တရုတ်ကို ရောက်နေပြီဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ ဒီနေ့မှာ တရုတ်ကို သွားမှာဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကတော့ ဒီနေ့မနက်ပိုင်းမှာပဲ အေပက် အမှုဆောင်အစည်းအ၀ေး (CEO Summit) မှာ မိန့်ခွန်းပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ဒီတွေ့ဆုံပွဲကို အတည်ပြုခဲ့တာဖြစ်ပြီး အိမ်ဖြူတော်နဲ့ ကရင်မလင်တို့ကလည်း အစောပိုင်းမှာ အသီးသီး ကြေညာထားပြီး ဖြစ်ပါတယ်။
ဒီအစည်းအဝေးဟာ ကမ္ဘာ့အင်အားကြီးခေါင်းဆောင် သုံးဦး ပထမဆုံးအကြိမ် တစ်နေရာတည်းမှာ စုဝေးတွေ့ဆုံမယ့်အစည်းအဝေးလည်း ဖြစ်ပါတယ်။
Wall Street Journal သတင်းစာကတော့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပူတင်က ဒီဆွေးနွေးပွဲကို အဆိုပြုခဲ့တာလို့ ရေးပါတယ်။
ထရမ့်ကလည်း နိုင်ငံ ပူးတွဲနျူကလီးယားလက်နက် လျှော့ချရေးဆွေးနွေးမှုတွေကို ကြိုဆိုကြောင်း အောက်တိုဘာလတုန်းက ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ အကြောင်းအရာတော်တော်များများကို ဆွေးနွေးကြမှာပါ” လို့ ထရမ့်က အခုလ အစောပိုင်းမှာ ပြောကြားခဲ့ပြီး “အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့လည်း ဆိုခဲ့ပါတယ်။
တရုတ်ဘက်က အစည်းအဝေး ကျင်းပမယ့်အကြောင်း အတည်ပြုခဲ့ပေမယ့် ဆွေးနွေးမယ့် အစီအစဉ်အသေးစိတ်တွေကိုတော့ ထုတ်မပြောသေးပါဘူး။
အင်အားကြီး သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှု ဘယ်လောက်အရေးကြီးလဲ။
ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံနဲ့ဆက်စပ်သတင်းတွေကို ဆက်ပြောရရင်တော့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အာရှခရီးစဥ် ပထမအစအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ တစ်ရက်တာ တစ်ထောက်နားတဲ့အလုပ်သဘော ခရီးစဥ်ပြီးဆုံးလုနီးပြီဖြစ်ပါတယ်။
မနေ့ညနေပိုင်းမှာ သူ မနီလာကို လေယာဥ်ဆိုက်ဆိုက်ပြီးချင်းမှာပဲ ထရမ့်ဟာ အာဆီယံ ခေါင်းဆောင်တွေ၊ နောက်ပြီး အမေရိကန်လည်းပါ၀င်တဲ့ Quad မဟာမိတ်အဖွဲ့၀င် ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံထားပါတယ်။
ထရမ့်ဟာ မနေ့ညနေပိုင်းမှာပဲ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ထိုးထားပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ဒါဟာ ကနဦးအဆင့်လို့ ဆိုပါတယ်။
ဒီနေ့မနက်မှာတော့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် "ဘွန်းဘွန်း" မားကို့စ်က ထရမ့်ကို သမ္မတအိမ်တော်မှာ တရားဝင် ကြိုဆိုဧည့်ခံသွားမှာဖြစ်ပြီး နိုင်ငံတော်အဆင့် နေ့လယ်စာဧည့်ခံပွဲ လည်း ဧည့်ခံသွားမှာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ထရမ့်ဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန်းမြို့ကို သွားပြီး အာရှ-ပစိဖိတ် ခေါင်းဆောင်တွေရဲ့ သီးခြားထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
မနီလာမြို့တော်မှာတော့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့အတွက် လူဦးရေ ၁၅ သန်းခန့် နေထိုင်မြို့တော်မှာ ဒီနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပါ၀င်တဲ့ အာရှ- ပစိဖိတ်ဒေသမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ အာဆီယံအဖွဲ့ကြီးက အဓိက ဗဟိုချက်အဖြစ် ဆက်ရှိနေတာကို လက်ခံတဲ့အကြောင်း အမေရိကန်ပါ၀င်တဲ့ Quad လုံခြုံရေးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပါတယ်။
Quad အဖွဲ့၀င် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေက ခေါင်းဆောင်တွေ မနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တွေ့ဆုံအပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။
ဒီခေါင်းဆောင်တွေဟာ မနီလာမှာ ကျင်းပနေတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ်အစည်းအ၀ေးတွေကို တက်ရောက်နေခဲ့ကြအပြီးမှာ ၂ နှစ်အတွင်း ပထမဆုံး အကြိမ် သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံကို ဗဟိုပြုမှုနဲ့ အာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုလည်း ထောက်ခံတယ်လို့ Quad ခေါင်းဆောင်တွေက ပြောပါတယ်။
ခေါင်းဆောင်တွေကတော့ ဉာဏ်ရည်တု (AI)၊ အရေးပါတဲ့ထောက်ပံ့ရေးကွင်းဆက်တွေ၊ ရေကြောင်းမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ Quad ခေါင်းဆောင်တွေရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံကနေ စင်ကာပူနိုင်ငံထံ နိုဝင်ဘာ ၁၇ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ယူမယ့် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝမ်က ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေးနဲ့ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ ပြောပါတယ်။
မနီလာမြို့မှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အာဆီယံဥက္ကဋ္ဌတာဝန်ကို လောရင့်ဝမ်ထံ လွှဲပြောင်းပေးခဲ့တာပါ။
စင်ကာပူရဲ့ ၂၀၂၇ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွက် “Deeper Integration, Wider Partnerships” ဆိုတဲ့ ဆောင်ပုဒ်ကို ရွေးချယ်ထားပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(AI) နဲ့ သန့်ရှင်းစွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ လောရင့်ဝမ်က ပြောပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုနဲ့ ပြင်ပပဋိပက္ခတွေကြောင့် အာဆီယံအနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမဲ့ အဲဒီအခြေအနေတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အာဆီယံက ရွေးချယ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့တော့ လောရင့်ဝမ်က နိုဝင်ဘာ ၁၅ ရက် အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံရေးဆွေးနွေးမှုတွေထဲ ပြန်လည်ပါဝင်လာစေလိုကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို ပြန်လည်ထိတွေ့ဆက်ဆံရေးဖြစ်လာဖို့ မြန်မာဘက်ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) အတိုင်း လက်တွေ့တိုးတက်မှုတွေ ပြသဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။
အဲဒီတိုးတက်မှုတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုဖြစ်ပေါ်ရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေးတို့ ပါဝင်တယ်လို့ လောရင့်ဝမ်က ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေကလည်း 5PC အကောင်အထည်ဖော်မှုမှာ ရေရှည်တည်တံ့တဲ့ လက်တွေ့တိုးတက်မှုရှိလာမှသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို အဆင့်လိုက် ပြန်လည်ခွင့်ပြုရေး စဉ်းစားမယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်ထားပါတယ်။
စင်ကာပူနိုင်ငံဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို တရားဝင်စတင်ထမ်းဆောင်မှာဖြစ်ပါတယ်။
မင်္ဂလာပါ။
နို၀င်ဘာလ ၁၈ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။