တိုက်ရိုက်ထုတ်လွှင့်မှု, ရန်ကုန်က ဝမ်းရောဂါပျံ့ပွားမှုကို ထိုင်း စိုးရိမ်

ရန်ကုန်မှာ ကူးစက်မှုဖြစ်တဲ့၀မ်းရောဂါကို စောင့်ကြည့်နေတယ်လို့ ထိုင်းကျန်းမာရေးဘက်က ထုတ်ပြောတဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • PV အမျိုးအစားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေ နေပြည်တော်ခွင့်ပြုချက်ရမှ နိုင်ငံကူးလက်မှတ်သက်တိုးရမယ်လို့ သတင်းထွက်
  • ရန်ကုန်မြို့မှာ လူ ၂၀၀ နီးပါး ကူးစက်မှုဖြစ်ခဲ့တဲ့ ၀မ်းရောဂါ ပြန့်ပွားမှုကို ထိုင်းကျန်းမာရေးဘက်က သတိထားစောင့်ကြည့်နေ
  • ဦးမင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာ- ရုရှား စီးပွားရေးဖိုရမ်ကို ဒီနေ့ကျင်းပဖို့ရှိနေပါတယ်။ ရုရှားနဲ့ နေပြည်တော်ကို ဘာက ပေါင်းစည်းပေးနေလဲ
  • ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ တိုက်တာအသစ်တွေ ဆောက်လုပ်မှုအပိုင်းနဲ့ဆက်နွှယ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စရဖက ဖမ်းဆီး စစ်ဆေးနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရုရှားနဲ့ နေပြည်တော်ကို ဘာက ပေါင်းစည်းပေးတာလဲ

    ကရင်မလင်နန်းတော်မှာ လက်ဆွဲနှုတ်ဆက်နေတဲ့ ဦးမင်းအောင်လှိုင်နဲ့ မစ္စတာ ပူတင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကရင်မလင်နန်းတော်မှာ လက်ဆွဲနှုတ်ဆက်နေတဲ့ ဦးမင်းအောင်လှိုင်နဲ့ မစ္စတာ ပူတင်

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ် ဆက်ရှိနေပါတယ်။

    မော်စကိုမြို့မှာ ရုရှား–မြန်မာ စီးပွားရေးဖိုရမ်ကို ဒီနေ့ကျင်းပဖို့ရှိပြီး ဦးမင်းအောင်လှိုင်နဲ့ သူ့၀န်ကြီး၊ ဒုတိယ ၀န်ကြီးတွေ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်ဖို့ရှိပါတယ်။

    ဒါပေမဲ့ အဲဒီဖိုရမ်ကို သမ္မတပူတင်တက်ရောက်ဖို့ ရှိ မရှိကိုတော့ ကရင်မလင်က မပြောထားပါဘူး။

    ဒီဖိုရမ်ကို နေပြည်တော်ရဲ့တောင်းဆိုမှုနဲ့ ကျင်းပတာဖြစ်တယ်လို့ မြန်မာ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်းများအသင်းဘက်က သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ''တကယ်တော့ မြန်မာလုပ်ငန်းရှင်အများစုက ရုရှားနဲ့ စီးပွားရေးလုပ်ဖို့ အများကြီးစိတ်မဝင်စားဘူး။ ဒါပေမဲ့... သူတို့လိုက်ကြရတာပေါ့'' လို့ မြန်မာကုန်သည်စက်မှုအသင်း သတင်းရင်းမြစ်က ပြောပါတယ်။

    ရုရှားအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားအနောက်နိုင်ငံတွေက ကျယ်ပြန့်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ချမှတ်ထားတာကြောင့် ရုရှားနဲ့ စီးပွားရေးလုပ်ကိုင်မယ့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာအန္တရာယ်တွေကို ထည့်သွင်းစဉ်းစားကြတာလို့ ဆိုပါတယ်။

    အပြည့်အစုံ ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  2. ရန်ကုန်က ဝမ်းရောဂါပျံ့ပွားမှုကို ထိုင်း သတိထားစောင့်ကြည့်နေ

    သြဂုတ်လ ၁၇ ရက်နေ့ ရန်ကုန်ဆေးရုံကြီး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၇ ရက်နေ့ ရန်ကုန်ဆေးရုံကြီး မြင်ကွင်း

    မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါပျံ့ပွားနေတာကြောင့် မြန်မာကနေ ထိုင်းနိုင်ငံထဲကို ၀င်လာမယ့်သူတွေကို လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်တို့မှာ သတိထားစောင့်ကြည့်နေတဲ့အကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပါတယ်။

    ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အပြန်အလှန်ကူးလူးသွားလာမှုတွေ ရှိနေတာကြောင့် နယ်စပ်ဒေသတွေအပြင် ထိုင်းနိုင်ငံအတွင်းက ဆေးရုံတွေမှာပါ ဒီရောဂါကိုအခြေအနေကို သတိထားစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ရောဂါသံသယရှိသူတွေ ရှိလာရင်လည်း အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

    ရောဂါပျံ့ပွားမှု ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့ကို အလည်အပတ်သွားမယ့် သူတွေ အနေနဲ့လည်း ကိုယ်စားသောက်မယ့်အစားအစာနဲ့ ရေတွေကို သတိပြုဖို့ တိုက်တွန်းထားပါတယ်။

    နောက်ပြီး ခရီးမသွားခင် ၂ ပတ်ကြိုပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးထိုးထားဖို့လည်း အကြံပြုပါတယ်။

    ထိုင်းနိုင်ငံကို ပြန်ဝင်လာသူတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေ တွေ့ရရင် ဆရာဝန်နဲ့ ချက်ချင်းကုသဖို့၊ ခရီးသွားရာဇဝင်တွေကိုလည်း ပေးပို့ရမယ်လို့ ဆိုပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဒီရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ၊ ကမ္ဘာ့ကျန်းမားရေးအဖွဲ့အစည်း(WHO)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

    ဩဂုတ်လ ၉ ရက်ကစလို့ ရန်ကုန်မြို့လယ်က လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့ပွားတဲ့လူနာတွေ တွေ့ခဲ့လို့ လမ်းဘေးစျေးသည် ရောင်းချတာတွေကို တားမြစ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ရန်ကုန်ပြည်သူ့ဆေးရုံမှာလည်း ဒီရောဂါနဲ့ရောက်လာတဲ့ လူနာ ၁၈၀ ကျော်လောက်အထိရှိခဲ့တာပါ။

    ဩဂုတ် ၁၈ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ၀မ်းရောဂါအခြေအနေကို မေးမြန်းတဲ့အခါမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ၀မ်းရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ အနည်းငယ်သာ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

  3. နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ်

    PV အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်
    ဓာတ်ပုံ ပုံစာ, PV အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်

    ထိုင်းရောက် PV အမျိုးအစား နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူတွေ သက်တမ်းကုန်လို့ အသစ်လဲလှယ်တဲ့အခါ နေပြည်တော်ရဲ့ ခွင့်ပြုချက်မဖြစ်မနေလိုအပ်လာနိုင်မယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရှိ ပတ်စ်ပို့အကျိုးဆောင်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    ထိုင်းနိုင်ငံမှာ PV အမျိုးအစားကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေနဲ့ ကျောင်းတက်‌ရောက်နေသူတွေရဲ့ ပတ်စ်ပို့ စာအုပ်တွေ သက်တမ်းကုန်လို့ အသစ်လဲတဲ့အခါ ဒီသတ်မှတ်ချက် က အဓိကသက်ရောက်လာမယ်လို့ အကျိုးဆောင်တချို့ ကဆိုပါတယ်။

    “PV သမားတွေက သက်တမ်းကုန်လို့ ဒီမှာ အလုပ်လုပ်နေသူတွေဆို သွားပြောင်းရင် PJ ဖြစ်သွားမယ်။ အရင်က အဲဒါကို ဘန်ကောက်သံရုံးမှာပဲပြောင်းလို့ရတယ်။ အခုတော့ အဲဒီလို ပြောင်းရမယ့်သူတွေက သံရုံးက တဆင့် နေပြည်တော်ကို တင်ပြမယ်။ နေပြည်တော်က ခွင့်ပြုချက်ပြန်ကျမှ ဒီသံရုံးက သက်တမ်းတိုးပေးမယ်ဆိုတာမျိုးဖြစ်လာနိုင်တယ်” လို့ ဘန်ကောက်၊မြန်မာသံရုံးက အကျိုးဆောင်တစ်ဦးက ကနဦးသူသိထားတာကို ပြောပြပါတယ်။

    ဘန်ကောက်မြို့၊ မြန်မာသံရုံးဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ တရားဝင်မထုတ်ပြန်သေးပါဘူး။

    ဒါဟာ အလည်အပတ်နိုင်ငံကူးလက်မှတ် နဲ့ အလုပ်ဗီဇာ (Non-B)၊ ကျောင်းသားဗီဇာ (Non-ED) ကိုင်ဆောင်တွေအပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ပြောကြပါတယ်။

    “အတွင်းသတင်းပဲထွက်သေးတာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ ပုံမှန်ဆို သံရုံးကတော့ ကောလာဟလတွေထွက်ပြီး တစ်ပတ်အတွင်းဆို စာထုတ်ပါတယ်။စောင့်ကြည့်ရမယ်” လို့ နောက်ထပ် အကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၇ ရက်က သူ့ရဲ့ ထိုင်းခရီးစဉ်အတွင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို သွားရောက်ခဲ့ပါသေးတယ်။ သူသွားရောက်ပြီး ၁၂ ရက်အကြာမှာ ဒီလို သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    မနေ့ညနေပိုင်းမှာ အကျိုးတော်ဆောင်တွေက တဆင့် ဒီသတင်းက ပျံ့နှံ့လာပြီးနောက်မှာ PV သက်တမ်းကုန်ဖို့နီးကပ်နေသူတွေနဲ့ ကျောင်းသားတွေအတွက်အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ ပြောဆိုချက်တွေရှိနေပါတယ်။

  4. မင်္ဂလာပါ။ ဩဂုတ် ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။