ရခိုင်ပြည်မှာမနေချင်လို့ ခိုးထွက်ကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media
အရင်က ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာတွေပဲ ရရာနည်းနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။
ဒီနှစ်ပိုင်းမှာတော့ စစ်ဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် ရခိုင်နဲ့ တခြားတိုင်းရင်းသားတွေပါ ပြည်မနဲ့ ပြည်ပကို ထွက်ပြေးကြတဲ့ အခြေအနေဖြစ်နေပါပြီ။
"ခိုးလမ်း" လို့ခေါ်တဲ့ တောကျော်တောင်ဖြတ်ကာ လမ်းလျှောက်ခရီးနှင်ရတဲ့လမ်းခရီးကို လူတစ်ဦးသိန်း ၂၀ ကနေ ၃၅ သိန်းလောက်ထိ ပွဲစားခပေးပြီး ထွက်ကြတာပါ။
အသက် ၂၀ အရွယ် မင်္ဂလာဦးဇနီးမောင်နှံတစ်တွဲဆိုရင် လက်ဖွဲ့ငွေတွေကိုပါ ပွဲစားခအဖြစ်သုံးပြီး ထွက်ခဲ့ကြပါတယ်။
၂၄ ရက်ကြာတဲ့ လမ်းခရီးကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ပေမဲ့ သူတို့လာချင်တဲ့ ရန်ကုန်ကို အရောက်မလာနိုင်ခဲ့ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
"ရခိုင်ပြည်နယ်ထဲကနေ လမ်းလျှောက် ၂၄ ရက်ထွက်ရတာဆို တွက်ကြည့်ပေါ့။ အခုလိုမိုးရာသီမှာ ဘယ်လောက်ဒုက္ခရောက်မလဲ" လို့ ဒေါ်မြကြည်က သူ့တူဖြစ်သူစုံတွဲလာရတဲ့ခရီးလမ်းကြော ခက်ခဲပုံကို မှန်းဆနိုင်အောင် ပြောပြပါတယ်။
ဒေါ်မြကြည်က ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်က ဖြစ်ပြီး သားသမီးတွေနဲ့အတူ ရန်ကုန်ကို စစ်ရှောင်လာသူဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ်အထိ ရန်ကုန်ကို ဘုရားဖူးဖို့ကလွဲရင် ပြောင်းရွှေ့နေဖို့ စိတ်ကူးမရှိခဲ့သူပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ဒေသထဲမှာ ကြုံလာတဲ့ တိုက်ပွဲနဲ့ လေကြောင်းဗုံးကြဲခံရတာတွေကြောင့် ငွေကြေးတတ်နိုင်တဲ့ အသိမိတ်ဆွေတွေ ပြည်နယ်ထဲကနေ ပြောင်းရွှေ့ကုန်ကြတာတော့ သူသတိထားမိပါတယ်။
ဒေသအပေါ် အစွဲအလမ်းကြီးတဲ့ မိခင်ကြီးက ရန်ကုန်ကိုမပြောင်းလိုတဲ့အတွက် ရှိတဲ့ ရွှေ ၁ ကျပ်သား ရောင်းကာ ရမ်းဗြဲဘက်ကို စစ်ရှောင်ကြပါတယ်။
"အရာရာက ငွေလမ်းခင်းနိုင်မှရတာလေ။ အဲဒီရွှေတစ်ကျပ်သားလည်းကုန်တာပါပဲ" လို့ ဒေါ်မြကြည်က ပြောပါတယ်။
အသက်ကြီးနေပြီဖြစ်တဲ့ ဒေါ်မြကြည်ရဲ့မိခင်က မနှစ်တုန်းက နှစ်စပိုင်းမှာ စစ်ရှောင်ရင်း ရုတ်တရက်ဆုံးသွားပါတယ်။
"အမေမရှိတော့ မနေချင်တော့ဘူးလေ။ ရန်ကုန်မှာနေတဲ့ သားသမီးကလည်းခေါ်တော့ ထွက်ဖို့စဥ်းစားလိုက်တယ်" လို့ သူကပြောပါတယ်။
ပြည်နယ်ထဲက ထွက်ဖို့ ပြင်ဆင်ရင်း ၂၀၂၅ နှစ်ကုန်ပိုင်း စစ်တပ်ရဲ့မြေပြင်ထိုးစစ်ခဏငြိမ်ပြီး လမ်းအခြေအနေကောင်းချိန်မှသာ ထွက်လာနိုင်ခဲ့တာပါ။
တောင်ကုတ်-ပန်းတောင်းလမ်းကနေ မြေပြင်စစ်ကြောင်းထိုးပြီး တောင်ကုတ်မြို့နယ်ထဲကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲခံနေရတဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေတုန်းက သူရခိုင်ထဲမှာသာ ရှိနေခဲ့တာပါ။
မသေကောင်း မပျောက်ကောင်း အခြေအနေလည်း အကြိမ်ကြိမ်ကြုံရပြီး ဖြစ်ရပ်တစ်ခုကိုတော့ အခု ထိမှတ်မိနေပါသေးတယ်။
"အပေါ်က လေယာဥ်သံကြားတာနဲ့ လူတွေက (ဗုံးခို)တွင်းထဲ အကုန်တိုးဝင်ကြတော့ လေပေါက်ပိတ်ပြီး သတိမေ့သွားတာ အခုထိ မမေ့သေးဘူ။ ကြောက်နေတုန်းပဲ" လို့ ဒေါ်မြကြည်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA
တောင်ကုတ်ကနေ ရန်ကုန်ကို သူထွက်လာတုန်းက အာရက္ခတပ်တော်က အခုလောက်မတင်းကျပ်သေးပါဘူး။ ဒါကြောင့် ပွဲစားခက ၁၀ သိန်း(ကျပ်)ပေးရပါတယ်။
"ကျွန်မလာတဲ့ လမ်းနဲ့ တူလေးလာတဲ့လမ်းကမတူဘူး။ ကျွန်မက ဆိုင်ကယ်နဲ့ကုန်ချတဲ့ သဖန်ယုံဘက်ကနေလာတာ။ ရန်ကုန်အရောက်ကို ၂ ရက်ကြာခဲ့တယ်" လို့ သူက ပြောပါတယ်။
ဒီကာလ မတိုင်ခင် ၂၀၂၅ မေလကတည်းက အာရက္ခတပ်တော်အနေနဲ့ ပြည်နယ်ထွက်ခွင့်ကို အရေးပေါ် ကာလပြီးဆုံးချိန်အထိ ကန့်သတ်တယ်လို့ စည်းကမ်းသတ်မှတ်ထားတာပါ။
ထုတ်ပြန်ချက်မှာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ် ကြား အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ် ကြား အမျိုးသားတွေပဲ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အသက်အရွယ်မရွေး တင်းကျပ်ခံထားရတယ်လို့ ဘီဘီစီက မေးမြန်းခဲ့သူ ငါး ဦးက ပြောပါတယ်။
သက်ကြီးပိုင်းနဲ့ ကျန်းမာရေးမကောင်းသူတွေကို သွားလာခွင့်ပြုတယ်ပြောသူတချို့ရှိပေမဲ့ ပြည်မကို သွားခွင့်ပေးတာမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို သွားခွင့်ရတာဖြစ်ပြီး ရပ်ကျေးကနေမြို့နယ်အဆင့်အထိ ထောက်ခံစာအဆင့်ဆင့်ယူရပါတယ်။
"ထောက်ခံစာ ၁ စောင်ကို ငွေတစ်ထောင်ကျပ်နဲ့ သုံးနေရာလိုက်ယူရတယ်။ အဲ့နေရာတွေကလည်း တစ်နေရာကို ဆိုင်ကယ်ခ ၅ထောင်ကုန်တယ်။ ထောက်ခံစာယူမယ့်လူတစ်ယောက်ကို နောက် ၂ ယောက်က ထပ်ထောက်ခံပေးရသေးတယ်။ အချိန်ကုန်လူပန်းပေါ့"လို့ ဒေါ်မြကြည်ကရှင်းပြပါတယ်။
နေ့စဥ်လေကြောင်းအန္တရာယ်စိုးရိမ်ထိတ်လန့်နေရတဲ့ ရခိုင်ကနေ အမြန်ထွက်လာချင်တဲ့စိတ်ကြောင့် ထောက်ခံစာတွေမပါဘဲ ထွက်လာခဲ့ပါတယ်။ ထောက်ခံစာလုပ်ရင် အချိန်ကြာနိုင်တဲ့ အတွက်ပါ။
ရခိုင်-မကွေး-ပဲခူး-ရန်ကုန်လမ်းကြောင်းအတိုင်းလာတဲ့ခရီးစဥ်က ရှည်လျားသလို အချိန်မရွေးအဖမ်းခံနိုင်ပါတယ်။
ရခိုင်ဘက်မှာ အာရက္ခတပ်တော်က ဖမ်းဆီးနိုင်သလို ပြည်နယ်ပြင်ပမှာဆိုရင် ရခိုင်ပြည်နယ်ရဲ့ မှတ်ပုံတင်နံပါတ် ၁၁/ ကိုင်ဆောင်တဲ့အတွက် စစ်တပ်ဘက်ကလည်း ဖမ်းဆီးနိုင်တာပါ။
ဒေါ်မြကြည်က "ရန်ကုန်လာချင်ဇောနဲ့ ကြောက်ရကောင်းမှန်းတောင် မေ့နေတယ်" လို့ ပြောပါတယ်။
"သားနဲ့အဆက်အသွယ်မရလို့ ကျွန်မညီမ ရူးသွားတာတော့ အမှန်ပဲ"

ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media
"သားနဲ့အဆက်အသွယ်မရလို့ ကျွန်မညီမရူးသွားတာတော့ အမှန်ပဲ။ အခုထိ တူလေးနဲ့ သူ့အမျိုးသမီးက မိဘတွေဆီ ဆက်သွယ်မလာသေးဘူး" လို့ ဒေါ်မြကြည်က ပြောပါတယ်။
ဒေါ်မြကြည်ရဲ့ တူဖြစ်သူ ကိုမြတ်တို့ စုံတွဲဟာ လက်ထပ်ထားတာ ၃ လပဲရှိသေးတာပါ။
စုဆောင်းထားတဲ့ ငွေတချို့နဲ့ မင်္ဂလာဆောင်လက်ဖွဲ့ငွေတို့ကို ပေါင်းပြီး တစ်ဦးကို ငွေကျပ်သိန်း ၃၀ ပွဲစားခပေးကာ ပြည်နယ်ထဲကထွက်ဖို့ ဒီနှစ်ဇူလိုင်လမှာ လုပ်ခဲ့ကြပါတယ်။
"အစ်မဆီကို လိုက်လာပြီး ရန်ကုန်မှာအလုပ်လုပ်ဖို့စိတ်ကူးထားကြတာ။ စစ်ကြောင်းတွေ တအားထိုးနေတော့ သီတင်းကျွတ်မှလာဖို့တားသေးတယ်။ တားနေတဲ့ကြားက ပွဲစားစကားယုံပြီးထွက်လာကြတာ " လို့ သူကပြောပါတယ်။
တောင်ကုတ်ကနေ စထွက်လာတဲ့ သတင်းကြားပြီးနောက် ၂၄ ရက်တာ အဆက်အသွယ် ပျက်သွားတာကနေ သူ့တူက ဒေါ်မြကြည်ကို စာတိုတစ်စောင် ပို့လာပါတယ်။
"သူတို့ရောက်တော့မယ်လို့ ပို့တာ" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်း လုံးဝအဆက်အသွယ်မရတော့ပါဘူး။
"အချိန်တစ်ပတ်လောက်ထိကို ဆက်သွယ်လာမလားစောင့်ကြည့်သေးတယ်။ နောက်ဆုံးမှ သူ့အမေ ကျွန်မညီမက ပြောတယ် အေအေစစ်သင်တန်းရောက်သွားပြီတဲ့" လို့ ဒေါ်မြကြည်ကဆိုပါတယ်။
ဒါကလည်း ဒေါ်မြကြည်တူ ကိုမြတ်တို့ဇနီးမောင်နှံနဲ့ သူတို့ မိဘတွေအဆက်အသွယ်ရလို့ သိရတာမဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty
"တူလေးတို့အုပ်စုက ထွက်လာတာစုစုပေါင်း ၂၈ ယောက်။ ဒီထဲမှာ ၁၉၊ ၂၀ အရွယ်လေးတွေ ရန်ကုန်မှာ ကျောင်းတက်ဖို့ လာကြတာလည်းပါတယ်။ တချို့မိဘတွေက အေအေနဲ့နီးစပ်တဲ့အဆက်သွယ်ရှိလို့ စစ်သင်တန်းရောက်သွားပြီဆိုတာမျိုးသိရတာ" လို့ သူကပြောပါတယ်။
ကိုယ်တိုင်ကိုယ်ကျသိရတာမဟုတ်တဲ့အတွက် ဘဝင်မကျပေမဲ့ ဒီထက်လည်းမိဘဆွေမျိုးတွေဘက်က ကျော်လွန်လုပ်ဆောင်နိုင်တဲ့အင်အားမရှိကြပါဘူး။
ဒေါ်မြကြည်ကတော့ အေအေထိန်းချုပ်ထားတဲ့ တောင်ကုတ်-ပန်းတောင်းလမ်းပေါ်က ညောင်ကျိုးဝန်းကျင်အရောက်မှာ ဖမ်းခံရတာဖြစ်နိုင်တယ်လို့ သူ့အတွေ့အကြုံအရ မှန်းဆပါတယ်။
"ထင်တာတော့ ရခိုင်ရိုး ညောင်ကျိုးလောက်မှာမှ လိုင်းစရတာဖြစ်လို့ အဲဒီဝန်းကျင်မှာပါသွားတာ ဖြစ်မယ်။ ပွဲစားတွေကတော့ ဘယ်လိုဖုန်းခေါ်ခေါ် မကိုင်ကြတော့ဘူး"
"ဘယ်ပြည်နယ်၊ ဘယ်မြို့နယ်ကိုပို့လိုက်လည်းမသိပါဘူး။ ကျွန်မရဲ့ ညီမကတော့ မအိပ်မစားဘဲ မနက်ကနေ ညအထိ ဘုရားခန်းထဲက မထွက်ဘဲ နေတော့တာ။ ပုံမှန်မဟုတ်တော့ဘူး" လို့ ဆိုပါတယ်။
အိမ်နဲ့အဆက်အသွယ်ရရင်တောင် မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်တဲ့အတွက် မိသားစုဝင်တွေဘက်က စိုးရိမ်မကင်းဖြစ်နေကြပြီး ဆုတောင်းရုံအပြင်မတတ်နိုင်ဘူးလို့ ဒေါ်မြကြည်ကပြောပါတယ်။
"မျှော်လင့်ချက်မဲ့သလိုခံစားရတယ်။ တိုက်ပွဲဆိုတာ အချင်းချင်းပန်းနဲ့ပေါက်ကြတာမှမဟုတ်တာ" လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို ဘာကြောင့်စွန့်ခွာချင်ကြတာလဲ

ဓာတ်ပုံ ရင်းမြစ်, ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့
အာရက္ခတပ်တော်ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)အရ စစ်မှုထမ်း သက်အကျုံးဝင်သူတွေဟာ စစ်သင်တန်း ၄၅ ရက်တက်ပြီးရင် ၂ နှစ် စစ်မှုထမ်း ရမှာ ဖြစ်ပါတယ်။
ဒီလို ဥပဒေပြဋ္ဌာန်းပြီး မဲစနစ်နဲ့ ရွေးချယ်မှုတွေ မစတင်ခင်ကတည်းက ပြည်နယ်ချင်းဆက် ဒေသနဲ့ အိမ်နီးချင်းအိန္ဒိယဘက်ကို ကုန်သွယ်တဲ့ ကုန်သည်တွေပါ လမ်းမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြကြပါတယ်။
စစ်မှုထမ်းကာလ ၂ နှစ်ဆိုပေမဲ့ အေအေက နယ်မြေပိုင်စိုးမှုအများစုရထားတာကြောင့် စစ်တပ်ရဲ့ တန်ပြန် ထိုးစစ်ကိုခုခံဖို့ တပ်အင်အားလိုအပ်ချက်ကြောင့် အမြဲတမ်း စစ်မှုထမ်းဖြစ်မှာကို ဒေသခံတွေဘက်က စိုးရိမ်ကြတာပါ။
ပြည်နယ်ထဲကနေ ထွက်ကြသူတွေကို မေးမြန်းချက်အရ ဇာတိရပ်ရွာကိုစွန့်ခွာရတဲ့ အကြောင်းအရင်း ၄ ချက်ကို တွေ့ရပါတယ်။
- လုံခြုံရေး (တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်)
- အလုပ်အကိုင်ရှားပါးမှု
- စစ်မှုထမ်း
- ငတ်မွတ်မှုဒဏ်
ဘီဘီစီက စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာအထိ ၉လအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က အေအေထိန်းချုပ်မြို့နယ်တွေမှာ လေကြောင်းဗုံးကြဲခံရ လို့သေဆုံးသူ ၁၅၀ ဦးထက်မနည်း ရှိပါတယ်။
ဒီထဲမှာ လူပေါင်း ၅၀ အစုလိုက်သေဆုံးပြီး ၅၇ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်၊ ကျောက်တော်လေကြောင်းတိုက်ခိုက်မှုဟာ လူအများဆုံးသေခဲ့ရတဲ့ဖြစ်စဥ် ဖြစ်ပါတယ်။
ကစ္ဆပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို လေကြောင်းဗုံးကြဲတာကြောင့် ဈေးထဲမှာ ဈေးရောင်းဈေးဝယ်ရင်း တံတားပေါ်သွားလာရင်းနဲ့ အရပ်သားတွေသေဆုံးခဲ့ပါတယ်။
ဒီလိုလုံခြုံရေးအရ စိန်ခေါ်ချက်အပြင် စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာနဲ့ ပိတ်ဆို့ခံရမှုတွေကြောင့် အလုပ်အကိုင်ရှားပါးနေတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
"အလုပ်ကတော့ရှားတယ်။ ကျပန်းသမားများတယ်။ လယ်ပိုင်ရှင်တွေက ပိုက်ဆံမရှိလို့မစိုက်နိုင်တော့ နေ့စားနဲ့လုပ်မယ့်သူလည်းအလုပ်မရှိဘူးပေါ့"လို့ မြောက်ဦးမြို့ နယ်မှာ နေသူတစ်ဦးက ပြောပါတယ်။
ရခိုင်မှာဆန်ထွက်ပေမဲ့ ဒေသတွင်းစားနပ်ရိက္ခာထုတ်လုပ်နိုင်မှုဟာ လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ကာမိနိုင်တယ်လို့ UNDP က ၂၀၂၅ ခုနှစ် မတ်-ဧပြီလ အခြေအနေကို ဟောကိန်းထုတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ငတ်မွတ်ချို့တဲ့မှုအကျပ်အတည်းဟာ ပေါက်ကွဲသွားမယ့် ကပ်ဘေး တစ်ခုအထိဖြစ်လာနိုင်တယ်လို့ WFP က ပြီးခဲ့တဲ့နှစ်ကတည်းက သတိပေးထားပါတယ်။
"ဆန်တစ်အိတ် ၂ သိန်း ဒါကိုဝယ်စားဖို့ ပိုက်ဆံမရှိတော့ ငတ်ကြသူတွေအများကြီးပဲ" လို့ ဒေါ် မြကြည်က သူ့မျက်မြင်ကိုယ်တွေ့အခြေအနေကို ပြောပြပါတယ်။
ဆန်ဈေးထက် ပြည်နယ်ထဲကို အပြင်ကနေတင်သွင်းရတဲ့ စားသုံးဆီ၊ စက်သုံးဆီနဲ့ လူသုံးကုန်ဈေးတွေကလည်း ဈေးမြင့်မားနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်မှာ ပျမ်းမျှအားဖြင့် တစ်ရက်ဝင်ငွေ ၁၀,၀၀၀ ကျပ်ဆိုပေမဲ့ ကျပန်းလုပ်ကိုင်သူများတာကြောင့် ဝင်ငွေမရတဲ့ရက်တွေလည်းရှိနေကြတာပါ။
ဒါကြောင့် အလုပ်လုပ်နိုင်ကိုင်နိုင်တဲ့အရွယ် လူငယ်တွေဟာ ပြည်နယ်တွင်းက မိသားစုအတွက် ဝင်ငွေရှာပေးဖို့ ပြည်နယ်အတွင်းအပြင် နှစ်ဖက်လုံးမှာ ဖမ်းဆီးခံရနိုင်တဲ့ကြားက ငွေကြေးအမြောက်အများပေးပြီး ထွက်ဖို့ကြိုးစားကြတာပါ။
"မိသားစု လေးယောက်ရှိရင် တစ်ယောက်လောက်က အပြင်ထွက်ပြီး ပိုက်ဆံရှာ၊ ပြန်ပို့နိုင်မှ ကျန်တဲ့ ၃ ယောက်က ရတာလေးနဲ့ ချွေတာစားတာပေါ့။ မထွက်နိုင်တဲ့သူကတော့ ပိုခက်ခဲတာပေါ့" လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
ပြည်ပထွက်ခွာလိုတဲ့ လူငယ်တွေထဲ ရခိုင်ပြည်နယ်ကလူငယ်တွေအများဆုံးဖြစ်နေတာကို UNDP Myanmar ရဲ့ ၂၀၂၅ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ထုတ်အစီရင်ခံစာအရ သိရပါတယ်။
လူငယ် ၇၀၀၀ မေးထားတဲ့ ဒီအစီရင်ခံစာအရ နိုင်ငံကနေထွက်လိုကြောင်းပြောတဲ့လူငယ်တွေထဲမှာ ရခိုင်ပြည်နယ်က ၆၀.၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။
ရခိုင်ထဲကနေ ထွက်လာကြတဲ့ လူငယ်အများစုဟာ ရန်ကုန်လောက်မှာနေထိုင်သူနည်းပြီး ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေကို အောက်လမ်း(တရားမဝင်လမ်းကြောင်း)ကနေ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထွက်ခွာကြတာများတယ်လို့ ဘီဘီစီကမေးမြန်းခဲ့တဲ့ ပွဲစား ၃ ဦး ဆီက သိရပါတယ်။
"ရန်ကုန်မှာလည်း အလုပ်မှမရှိတာ။ ပြီးတော့ ထိုင်းထိထပ်ထွက်ရမယ့် ကုန်ကျစရိတ်က ရခိုင်-ရန်ကုန်ဈေးထက်နည်းတယ်" လို့ ပွဲစားတစ်ဦးက ပြောပါတယ်။
ပွဲစားတွေရဲ့ အပြောအရ ထိုင်းကို လူတစ်ဦး သိန်း ၂၀ ဝန်းကျင်၊ မလေးရှားကို ၅၅ သိန်းဝန်းကျင်နဲ့ တရားမဝင်ပို့ပေးနေတယ်လို့ သိရပါတယ်။
"ကျွန်တော်ရခိုင်ကနေထုတ်ပေးတဲ့သူက လူ ၅ ထောင်လောက်ရှိပြီ"လို့ ပွဲစားတစ်ဦးက ဆိုပါတယ်။
"နစကက ဖမ်းရင်ထုတ်ပေးလို့ရတယ်။ တပ်တော်ကဖမ်းရင်ထုတ်ပေးလို့မရဘူး"

ဓာတ်ပုံ ရင်းမြစ်, AA Info Desk, BBC
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စစ်တပ်ရဲ့ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်ဟာ ပြည်မကိုထွက်ဖို့ အာရက္ခတပ်တော်က တင်းကျပ်တာကိုပါ ၂၀၂၅ မေလမှာကြုံလာရပါတယ်။
၂၀၂၆ ခုနှစ်ကတော့ ပြည်နယ်ကထွက်ပြေးသူတွေ ဖမ်းဆီးခံရမှုအများဆုံးကာလဖြစ်တယ်လို့ ပွဲစားနဲ့ ယာဥ်လိုင်းပြေးဆွဲနေသူတချို့ဆီက စုံစမ်းသိရပါတယ်။
စစ်တပ်ဘက်က ဖမ်းဆီးခံရတာရှိသလို အာရက္ခတပ်တော်ကလည်း ဖမ်းဆီးနေတာပါ။
ဘီဘီစီက မေးမြန်းခဲ့တဲ့ ပွဲစား ၂ ဦးကတော့ သူတို့ခေါ်ထုတ်ပေးတဲ့ထဲက အုပ်စုလိုက်ဖမ်းဆီးခံရတာရှိတယ်လို့ ပြောပေမဲ့ အရေအတွက်အတိအကျတော့ မပြောပါဘူး။
""နစကက ဖမ်းရင်ထုတ်ပေးလို့ရတယ်။ တပ်တော်ကဖမ်းရင်ထုတ်ပေးလို့မရဘူး။ ဘာလို့ဆို လာဘ်ယူတဲ့သူမရှိလို့။ ဒါပေမဲ့ တပ်တော်မဟုတ်တဲ့ ဒီလပ်(အေအေရဲတပ်ဖွဲ့) လို အုပ်ချုပ်ရေးဘက်ကတော့ ငွေတောင်းတာရှိတယ်။ သူတို့ကသိန်း ၁၀၀ လောက်တောင်းတာတော့ ကျွန်တော်တို့မပေးနိုင်ဘူးလေ" လို့ သူက ဆိုပါတယ်။
စစ်တပ်ဂိတ်က မကွေးတိုင်းထဲမှာ ဖမ်းလိုက်ရင်တော့ ငွေကျပ်သိန်း ၁၀၀ ဝန်းကျင်ပေးပြီး ပြန်ထုတ်နိုင်တယ်လို့ အဲဒီပွဲစားတစ်ဦးက သူလုပ်ဆောင်နိုင်တဲ့ အခြေအနေကိုရှင်းပြပါတယ်။
သူကလည်း ၂၀၂၃ ဒီဇင်ဘာလတုန်းက ရန်ကုန်၊ အောင်မင်္ဂလာကားကြီးဝင်းမှာ ရခိုင်ကိုသွားတဲ့ ယာဥ်လိုင်းတွေပိတ်လိုက်ချိန်ကစလို့ လူပွဲစားလုပ်နေတဲ့သူဖြစ်ပါတယ်။
"သုံးနှစ်အတွင်း အနည်းဆုံး လူ ၈၀၀ လောက်တော့ ခေါ်ထုတ်ထားပြီးပြီ။ စလုပ်လုပ်ချင်းတုန်းကတော့ ငါးသောင်းတစ်သိန်းပဲ" လို့ ဆိုပါတယ်။
အခုတော့ လူတစ်ဦးကို လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး သိန်း ၃၀ ကျော်ယူနေတာပါ။
နောက်ထပ်ပွဲစားတစ်ဦးကလည်း အေအေရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ချိတ်ဆက်ပြီး ပြည်မကို ထွက်ချင်တဲ့ လူငယ်အပါအဝင် ဒေသခံတွေကို ခေါ်ထုတ်ပေးနေတာဟုတ်မှန်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
လမ်းကြောင်းအတိအကျကိုတော့ ဖြေပေးလို့မရဘူးလို့ ဆိုပါတယ်။
"ကိုယ်လည်းမိသားစုနဲ့စားဝတ်နေရေးရှိတယ်။ အထဲကလူတွေလည်းစားဝတ်နေရေးကြောင့်ထွက်ကြတယ်။ ဒီလိုပဲ ထွက်လို့ရအောင်ချိတ်ဆက်ရတာပေ့ါ" လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီး မီဒီယာ
တောင်ကုတ်ဒေသခံတစ်ဦးက"တပ်တော်ရဲ့ထောက်လှမ်းရေးက နာမည်ကြီးတယ်။ ဒါကိုကျော်ပြီး မြို့ပြင်ထွက်ဖို့တောင်မဖြစ်နိုင်ဘူး။ ဒါကိုမှ လူအုပ်လိုက်ကြီးတွေထွက်လာတာဆိုတော့ အုပ်ချုပ်ရေးမပါဘဲမရဘူး"လို့ ဘီဘီစီကိုပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ နေပြီး လူစုပေးတဲ့ပွဲစားတွေက ပြည်နယ်ကထွက်ချင်သူတွေကို စုဆောင်းပေးတာဖြစ်ပါတယ်။
ဒီလူစာရင်းကို ပြည်နယ်ပြင်ပမှာနေတဲ့ ပွဲစားဆီကို စာရင်းပို့ပြီး နယ်မြေကျွမ်းကျင်တဲ့ လမ်းပြရဲ့ ဦးဆောင်မှုနဲ့ ပြည်နယ်အပြင်ကို ထုတ်ပေးကြတာပါ။
"လူဘယ်လောက်ပို့မယ်ဆိုပြီး ရန်ကုန် ပြည် မကွေးက ပွဲစားတွေနဲ့ ပြန်ချိတ်ပြီး နယ်မြေကျွမ်းကျင်တဲ့လမ်းပြတွေကခေါ်ထုတ်ပေးတာ။ လမ်းပြနဲ့ပွဲစားတွေကို လူကုန်ကူးမှုခေါင်းစဥ်နဲ့ မြောက်ဦးမှာ ဖမ်းဆီးမှုတချို့ရှိပေမဲ့ ထိထိရောက်ရောက်ကိုင်တွယ်တာမရှိဘူး" လို့ တောင်ကုတ် ဒေသခံက ပြောပါတယ်။
သူကပဲ ဆက်လက်ပြီး"ပွဲစားကလိုင်းကြေးပေးတဲ့သူ၊ လမ်းပြကနယ်မြေကျွမ်းတဲ့သူ၊ လူဆွယ်တဲ့သူက သက်သက်ရှိတယ်။ အေအေအောက်ခြေဝန်ထမ်းတွေနဲ့ ပေါင်းလုပ်တာဖြစ်လို့ သူတို့ကလမ်းမဖွင့်ဘဲသွားလို့မရဘူး။ ဒါကြောင့်သူတို့ကိုပဲ အားကိုးရတာ" လို့ ရှင်းပြပါတယ်။
အာရက္ခတပ်တော်က နေရပ်စွန့်ခွာလိုသူတွေကို ကုန်းလမ်း၊ရေလမ်းတွေကနေ အခကြေးငွေယူ သယ်ယူပို့ဆောင်ပေးနေသူတွေကို တားမြစ်လိုက်ပြီး တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်လို့ ၂၀၂၅ မေ ၂၂ ရက်ကတည်းက ကြေညာထားပါတယ်။
"လူပွဲစားတွေကို တသက်တကျွန်းချမယ်လို့ ပြည်နယ်ထဲမှာ အသိပေးထားပါတယ်" လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လူပွဲစားတွေနဲ့ ထွက်ရတဲ့လမ်းဟာ တောလမ်းတွေကိုဖြတ်ရတာကြောင့် အနည်းဆုံး ၇ ရက်ကနေ တစ်လအထိကြာနိုင်တာပါ။
မိုးရာသီမှာ လမ်းအခြေအနေဆိုးတာကြောင့် အချိန်ကြာနိုင်သလို စစ်ကြောင်းကို ရှောင်တိမ်းရတာ၊ အချိန်စောင့်ဆိုင်းရတာတွေကြောင့် တောထဲမှာ အစာနဲ့ရေ ပြတ်လပ်တာလည်းကြုံဖူးတယ်လို့ ပွဲစားတစ်ဦးက ပြောပါတယ်။
"ဒီနှစ်ထဲမှာပဲ ရာသီဥတုနဲ့စစ်ရေးတင်းမာလို့ တစ်လလောက်ကြာသွားတယ်။ အစာက တစ်ပတ်စာပဲပါတယ်။ ဒါမျိုးကြားကပဲထုတ်ရတာ" လို့သူကပြောပါတယ်။
ဒေသတွင်းသတင်းဖော်ပြချက်တချို့အရ ဒီလိုတောလမ်းတွေမှာ သေဆုံးသူရှိတယ်လို့ ဆိုပေမဲ့ ဘီဘီစီက မေးမြန်းခဲ့တဲ့ ပွဲစားတွေကတော့ သူတို့ပို့တဲ့ထဲမှာ မကြုံဖူးသေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ကို တစ်လကြာ တောလမ်းခရီးကြမ်းနှင်ခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကတော့ မင်းဘူး ရောက်ပြီး မကြာခင်ဆုံးသွားတယ်လို့ အမ်းစစ်ရှောင်တစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်က ကန့်သတ်ထားတဲ့ ပြည်နယ်ထွက်ခွင့်၊ ခိုးထွက်သူတွေကိုဖမ်းဆီးမှု၊ အောက်ခြေဝန်ထမ်းတွေရဲ့လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ပတ်သက်လို့ ဘီဘီစီက အေအေပြောခွင့်ရဦးခိုင်သုခကို မေးမြန်းထားဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်အထွက်ကို တင်းကျပ်ပေမဲ့ ပြည်နယ်အဝင်ကိုတော့ လက်ခံတယ်လို့ ကားလိုင်းပြေးဆွဲသူတချို့ဆီကနေသိရပါတယ်။
"ရန်ကုန်နဲ့နိုင်ငံခြားကနေ ခက်ခဲလို့ ပြန်ဝင်ကြတဲ့သူတွေကိုပို့ပေးတာပေ့ါ။ ကိုယ်တိုင်ကတော့ မဝင်ရဲဘူး။ ဒရိုင်ဘာကို ၁၁/ မဟုတ်တဲ့သူငှားပြီး ပို့တာ" လို့ ရခိုင်တိုင်းရင်းသား ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ အဝင်လမ်းကြောင်းကတော့ ထွက်လာတဲ့ သူတွေနဲ့ မတူညီတဲ့ လမ်းကြောင်းကနေ ပြေးဆွဲကြပါတယ်။
ရန်ကုန်- မြောက်ဦးခရီးဟာ ပုံမှန်ဆိုရင် တစ်ညအိပ် နှစ်ရက်ခရီးကြာပေမဲ့ လက်ရှိမှာ နွေရာသီဆို ၅ ရက်ကြာနိုင်ပြီး မိုးရာသီမှာ ၁၄ ရက်ကနေ ၂၁ ရက်အထိ ကြာနိုင်တာပါ။
၂၀၂၃ ခုနှစ်က ယာဥ်စီးခ ကျပ် ၂ သောင်းဝန်းကျင်ကနေ အခုတော့ ၁၆ သိန်းဈေးပေါက်ပါတယ်။
လမ်းမှာ စစ်တပ်ဂိတ်နဲ့တော်လှန်ရေးဂိတ် ၁၀ ခုထက်မနည်းရှိတယ်လို့ ယာဥ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"စစ်တပ်ဂိတ်ထက် တော်လှန်ရေးဂိတ်က ပိုက်ဆံပိုပေးရတယ်။ ကံမက PDF ဂိတ်ဆို အများဆုံးတောင်းတဲ့ဂိတ်ပဲ။ စက်လှေနဲ့လည်းကူးရတော့ အားလုံးအပြီးအစီးတွက်ရင် ၁၆ သိန်းဖြစ်သွားတာ" လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်ထဲကနေ အထွက်ကို လူသယ်ခွင့်မရှိဘဲ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်တပ်တွေက တင်းကျပ်စစ်ဆေးသလို ဖမ်းမိရင်လည်း အာရက္ခတပ်တော်ကို ပြန်လွှဲအပ်ကြတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
လုံခြုံရေးအတွက် ရန်ကုန်ကို စစ်ရှောင်နေရပြီး အဆက်အသွယ်ပြတ်နေတဲ့ တူဖြစ်သူ ဘေးကင်းဖို့ နေ့စဥ်ဆုတောင်းနေရတဲ့ ဒေါ်မြကြည်ကတေ့ာ"စစ်ဒဏ်နဲ့ အငတ်ဒဏ်ကိုကြောက်လို့ထွက်ချင်တဲ့သူအများကြီးပဲ။ ပြောမယ်ဆို ငွေမရှိလို့မထွက်နိုင်ကြတာ" လို့ ပြောပါတယ်။
အသိပေးချက် - လုံခြုံရေးအခြေအနေကြောင့် သတင်းအရင်းအမြစ်တွေရဲ့ အမည်ကို ပြောင်းလဲအသုံးပြုထားပါတယ်။
























