ICC မှာ ဒူတာတေး ဘာဆက်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး(ICC)မှာ ရုံးတင်ခံနေရပါတယ်။
သူဦးဆောင်တဲ့အစိုးရလက်ထက်မှာ လူထောင်ပေါင်းများစွာသေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတွေကြောင့် အသက် ၈၁ နှစ်အရွယ် ဒူတာတေး ရုံးတင်ခံနေရတာဖြစ်ပါတယ်။
သူဟာ ICC မှာ ရုံးတင်စစ်ဆေးခံရတဲ့ ပထမဆုံးအာရှနိုင်ငံခေါင်းဆောင်ဖြစ်ပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် ခေါင်းဆောင်ဟောင်းတစ်ဦးကို တရားရုံးကပထမဆုံးအပြစ်ပေးမှုဖြစ်လာမှာဖြစ်ပါတယ်။
သူ့ကိုရုံးတင်စစ်ဆေးတာဟာ အာဏာအရှိဆုံးပုဂ္ဂိုလ်တွေကို အရေးယူ အပြစ်ပေးဖို့ ဖွဲ့စည်းထားတဲ့ အမြင့်ဆုံးတရားရုံးက ဘယ်လောက်အထိအားကိုးလို့ရနိုင်လဲဆိုတာကို စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံက ဩဇာအကြီးဆုံးပုဂ္ဂိုလ်တွေကို ပြည်တွင်းတရားရုံးတွေမှာ ရုံးတင်ဖို့ခက်သလို လက်ရှောင်ချင်သူလည်းများပါတယ်။
ဒါကြောင့် ဒီရုံးတင်မှုနဲ့ပတ်သက်လို့ သိသင့်တာတွေကို ဖော်ပြလိုက်ပါတယ်။
ဒူတာတေး ကောက်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒူတာတေးဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တိုက်ဖျက်ပြီး လမ်းပေါ်က ရာဇဝတ်မှုတွေ အမြစ်ပြတ်ပပျောက်စေရမယ်လို့ ကတိပြုပြီး အာဏာရလာခဲ့သူပါ။ နိုင်ငံတောင်ပိုင်းက တရှိန်ထိုးတိုးတက်လာနေတဲ့ ဒါဗောင်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ရာဇဝတ်မှုနဲ့ပတ်သက်ရင် ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သူအဖြစ် နာမည်သတင်းကျော်ကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို လိုအပ်တယ်လို့ ပြောခဲ့သူလည်းဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ဆောင်မှုတွေက အငြင်းပွားစရာကောင်းပေမယ့် မူးယစ်ဆေးဝါးပြဿနာအကြီးအကျယ်ရှိနေတဲ့ နိုင်ငံမှာ တင်းတင်းမာမာပြတ်ပြတ်သားနဲ့အုပ်ချုပ်တတ်တဲ့ သူပုံစံဟာ အင်မတန်ကို လူကြိုက်များခဲ့ပါတယ်။ ဒူတာတေးဟာ သူ့ကိုယ်သူ နိုင်ငံရေးအပြင်ကလူအဖြစ် ပုံဖော်ခဲ့ပြီး မြို့တော် မနီလာမှာအခြေစိုက်တဲ့ အထက်တန်းလွှာတွေရဲ့ မျက်ကွယ်ပြုခံထားရတဲ့ ပြည်နယ်တွေက သာမန်ဖိလစ်ပိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒူတာတေးဟာ အပြောအဆို ရိုင်းစိုင်းမှုကြောင့်လည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူဖြစ်ပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာမှတ်ချက်တွေကို ပြောဆိုခဲ့ဖူးပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားတို့ကို ဆဲဆိုခဲ့ကာ သူ့ကိုယ်သူ ဟစ်တလာနဲ့တောင် နှိုင်းယှဉ်ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။
နှစ်ပေါင်းများစွာအတွင်း သူဟာ သူ့ရဲ့မူးယစ်နှိမ်နင်းမှုနဲ့ပတ်သက်လို့ နောင်တရတာမျိုးမရှိခဲ့ဘဲ သည်ဟိတ်ဂ်ကို ခေါ်ဆောင်ခံရပြီးနောက် ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် "ကျွန်တော့်ကို ဘာဥပဒေနဲ့ တရားစွဲမလဲ၊ ဘာပြစ်မှုနဲ့ တရားစွဲမလဲ" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ပြည်ပမှာ အကျဉ်းကျနေရပေမယ့် သူဟာ ပြည်တွင်းမှာ လူကြိုက်များနေဆဲဖြစ်ပြီး အထူးသဖြင့် ၂၀၂၅ ခုနှစ် မြို့တော်ဝန်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရရှိခဲ့တဲ့ ဒါဗောင်မှာ ထောက်ခံသူအများအပြားရှိနေဆဲဖြစ်ပါတယ်။
သူဟာ ဩဇာကြီးမားတဲ့ နိုင်ငံရေးမိသားစုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ သူ့သမီး ဆာရာဟာ လက်ရှိဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်ပြီး သူ့သား ဆီဘတ်ရှန်းဟာ ဒါဗောင်ရဲ့ ဒုတိယမြို့တော်ဝန်ဖြစ်ကာ အခုအချိန်မှာ ယာယီမြို့တော်ဝန်အဖြစ် အုပ်ချုပ်နေပါတယ်။ သူ့သားကြီး ပေါင်လိုကလည်း လွှတ်တော်အမတ်ပါ။
ICC က ဒူတာတေးကို ဘာအမှုနဲ့ စွဲချက်တင်ထားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်အတွင်း ကျူးလွန်ခဲ့တဲ့ လူသတ်မှုသုံးမှု၊ လူသတ်ရန်ကြိုးပမ်းမှုတစ်မှုအပြင် အခြားပြစ်မှုများစွာနဲ့ ဒူတာတေးကို စွဲချက်တင်ထားတာဖြစ်ပါတယ်။
ဒါဟာ ဒါဗောင်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန် နောက်ဆုံးနှစ်တွေနဲ့ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အစောပိုင်းကာလတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ဒူတာတေးဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ အသုံးပြုသူတွေကို ပစ်မှတ်ထားနှိမ်နင်းဖို့ ပစ်မိန့်ပေးထားတဲ့တပ်ဖွဲ့တွေကိုသုံးခဲ့တာတွေပေါ်ပေါက်အောင် အဓိကထားစစ်ဆေးသွားမယ်လို့ တရားရုံးက ပြောထားပါတယ်။
သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ ဒူတာတေးဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ အသုံးပြုသူတွေအဖြစ် သံသယရှိသူတွေကို တွေ့တာနဲ့ပစ်ဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ လမ်းပေါ်မှာတင် လူတွေကို သေနတ်နဲ့ပစ်သတ်တာတွေ၊ လမ်းကြားတွေမှာလည်း ဘယ်ကမှန်းမသိတဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဥပဒေမဲ့လုပ်ဆောင်တယ်လို့ ပြောဆိုကန့်ကွက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
ဒူတာတေးရဲ့ မူးယစ်တိုက်ဖျက်ရေးမှာ နိုင်ငံရဲ့မြို့ပြလူဆင်းရဲတွေကြားက လက်ခွဲသမားတွေကိုပစ်မှတ်ထားပြီး လက်ကြီးသမားတွေနဲ့ မူးယစ်ရာဇာတွေကို အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် သံသယရှိသူတွေကို ရုံးတင်စစ်ဆေးတာမရှိဘဲ နေရာမှာတင် ကွပ်မျက်တာတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။
မူးယစ်တိုက်ဖျက်ရေးအတွင်း လူဘယ်လောက် အသတ်ခံရတယ်ဆိုတာကို သိနိုင်တော့မှာမဟုတ်ပေမယ့် လူ့အခွင့်အရေးအဖွဲ့တချို့ကတော့ လူ ၃၀၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ မူးယစ်တိုက်ဖျက်ရေးအတွင်း လူသေဆုံးမှုအများဆုံးညတွေထဲကတစ်ခုကတော့ ၂၀၁၇ ခုနှစ် ဩဂုတ်လရဲ့ ညတစ်ညဖြစ်ခဲ့ပြီး မနီလာမြို့ ဆင်ခြေဖုံး ဘူလာကန်မှာ လူ ၃၂ ဦး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒူတာတေးဟာ ဒီလိုစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး သူ့အပေါ် စွဲချက်တွေဟာ ဒေါသဖြစ်စရာကောင်းလောက်တဲ့ လိမ်လည်မှုတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့အစိုးရအဖွဲ့ဝင်တွေကလည်း အလားတူပြောဆိုခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ သတ်ခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒူတာတေး သည်ဟိတ်ဂ်မှာ ဘယ်လိုသောင်တင်သွားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတဖြစ်နေတုန်းကတော့ ဒူတာတေးဟာ တရားစွဲဆိုခြင်းကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ သူ့သမ္မတသက်တမ်းကုန်ဆုံးချိန်မှာ လည်း သူ့မိသားစုက နိုင်ငံရေးဩဇာအတော်ကြီးနေဆဲဖြစ်ပါတယ်။
အချိန်ကာလတစ်ခုအထိ သူ့မိသားစုဟာ လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ နိုင်ငံရေးမဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ သူ့သမီး ဆာရာ ဒူတာတေးဟာလည်း မားကို့စ် ဂျူနီယာရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ ဒူတာတေးကို ICC က ဖမ်းဆီးတာကို လက်ခံမှာမဟုတ်ဘူးလို့တောင် မားကို့စ် ဂျူနီယာက ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမယ့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မိသားစုနှစ်စုဟာ ကွဲပြားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနောက်ကို လိုက်လာကြတာမို့ မားကို့စ်-ဒူတာတေး မဟာမိတ်ဖွဲ့မှုဟာ တဖြည်းဖြည်းပြိုလဲလာခဲ့ပါတယ်။ မားကို့စ်ရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် ရှုမြင်ခံရတဲ့ ဆာရာ ဒူတာတေးဟာ အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်လာရပြီး ဒူတာတေးရဲ့ မဟာမိတ်တွေကလည်း မားကို့စ်ကို ဝေဖန်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးမှာတော့ မားကို့စ်ဟာ ရပ်တည်ချက်ကိုပြောင်းပြီး ဒူတာတေး ဟောင်ကောင်ကနေ အိမ်ကိုပြန်လာတဲ့ ၂၀၂၅ ခုနှစ် မတ်မှာ မနီလာလေဆိပ်မှာ ဒူတာတေးကို ဖမ်းဖို့ ICC ကို ခွင့်ပြုခဲ့ပါတယ်။
ဒူတာတေးကို ဖမ်းဆီးမိန့်ကို အကောင်အထည်ဖော်တာ၊ သူ့ကို လွှဲပြောင်းပေးတာနဲ့ပတ်သက်တဲ့ မြန်ဆန်မှုက ဖိလစ်ပိုင်နိုင်ငံရေးဘယ်ဖက်ကို ဦးတည်နေတာကို ပြသနေပါတယ်။
မနက်ခင်းလေးတစ်ခုမှာ လေဆိပ်မှာ ထိပ်တိုက်တွေ့မှုကနေ ထိလို့မရဘူးလို့ တစ်ချိန်က သတ်မှတ်ခံထားရတဲ့ ခေါင်းဆောင်ဟောင်းကို လေယာဉ်နဲ့ သည်ဟိတ်ဂ်ကို ပို့ဆောင်မှုအဖြစ် အဆုံးသတ်ခဲ့ပါတယ်။
ဒူတာတေးရဲ့ ICC ရုံးတင်မှု ဘာကြောင့် အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မူးယစ်နှိမ်နင်းမှုအတွင်း အသတ်ခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် တရားမျှတမှုရလာနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ဒူတာတေးနဲ့ သူ့မဟာမိတ်တွေ အာဏာဆက်လက်စွဲကိုင်ထားဆဲဖြစ်တာမို့ မိသားစုအများစုဟာ နှုတ်ဆိတ်နေခဲ့ရပါတယ်။
နိုဝင်ဘာ ၃၀ မှာပြုလုပ်မယ့် ရုံးတင်စစ်ဆေးမှုကို ကျန်ရစ်သူမုဆိုးမတွေနဲ့ မိဘမဲ့တချို့ တက်ရောက်ကြမှာဖြစ်ပါတယ်။
ဩဇာအကြီးဆုံးနိုင်ငံရေးမိသားစုတစ်စုရဲ့ ကံကြမ္မာကို ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။
ဆာရာ ဒူတာတေးကို အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ စွပ်စွဲဖြုတ်ချမယ့် ရုံးတင်စစ်ဆေးမှုဟာ အပြီးသတ်ဖို့ ရက်သတ္တပတ်အနည်းငယ်သာ လိုပါတော့တယ်။ အပြစ်ရှိကြောင်းတွေ့ရင် သူဟာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။
ICC အတွက်တော့ ဒူတာတေးအမှုဟာ ပထဝီနိုင်ငံရေးအရ အကွဲအပြဲများလှတဲ့ အခြေအနေမှာ ခုံရုံးရဲ့လည်ပတ်နိုင်စွမ်းကို စစ်ဆေးမှုလည်းဖြစ်လာမှာပါ။
ခုံရုံးဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အစ္စရေးရဲ့ အဲ့ဒီအချိန်က ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ကို ဖမ်းဆီးမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဖမ်းဆီးမိန့် သက်ရောက်အောင် ညွှန်ကြားနိုင်တာမရှိသေးပါဘူး။
ကြားနာမှုအတွင်း ဘာတွေဖြစ်လာနိုင်လဲ
ရုံးတင်စစ်ဆေးမှုဟာ နိုဝင်ဘာ ၃၀ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၁၀ နာရီမှာ စတင်မှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ တရားသူကြီးတွေက ဒူတာတေး နားလည်သဘောပေါက်ခြင်း ရှိမရှိကိုမေးမှာပါ။ အပြစ်ရှိလား ဒါမှမဟုတ် အပြစ်မရှိဘူးလားဆိုကို ဝန်ခံမခံ မေးမြန်းကြမှာပါ။ အဲဒီနောက် ဥပဒေအရာရှိတွေနဲ့ ဒူတာတေးရဲ့ရှေ့နေတွေက လျှောက်ထားမှုတွေလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒူတာတေး ဆန္ဒရှိရင် သူကိုယ်တိုင်လျှောက်ထားခွင့်ရှိနေပါတယ်။
ပထမဆုံးလျှောက်ထားချက်တွေပြီးရင် ပထမဆုံးသက်သေ ထွက်ဆိုရမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒူတာတေးဘက်က သက်သက်တွေလည်း ထွက်ဆိုကြမှာပါ။
ရုံးတင်စစ်ဆေးမှုနဲ့ပတ်သက်လို့ အများပြည်သူကို မိနစ် ၃၀ နောက်ကျပြီး လွှင့်မှာဖြစ်ပါတယ်။
သင့်တော်တဲ့ အချိန်ကာလတစ်ခုအတွင်း စီရင်ချက် ချမယ်လို့ ICC က ပြောဆိုထားပါတယ်။
အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့အတွက် စွဲချက်တွေဟာ သံသယရှိစရာအခြေအနေတွေ လုံးဝကင်းစင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးစီရင်ချက်ချမှတ်နိုင်ဖို့ နှစ်အတော်ကြာဦးမှာပါ။






















