တိုက်ရိုက်ထုတ်လွှင့်မှု , မြန်မာမှာ အမျိုးသမီး ၈ သန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ-ကုလသမဂ္ဂ

မြန်မာမှာ အမျိုးသမီး ၈ သန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကုလ ထုတ်ပြန်တဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာ က ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာက ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှုအန္တရာယ်တွေ ပိုကြုံလာရတယ်လို့ ကုလ ပြော။
  • အကြမ်းဖက်မှုခံခဲ့ရသူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာအကူအညီနဲ့ တရားမျှတမှုရရှိရေး ဝန်ဆောင်မှုတွေ ရယူဖို့လည်း အခက်အခဲတွေ ရှိနေ။
  • မြန်မာနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထရမ့်အစိုးရရဲ့ မြန်မာ့အရေးမူဝါဒနဲ့ BURMA Act ဥပဒေ အကောင်အထည်ဖော်မှုကို ကန်အောက်လွှတ်တော်အမတ် ရှင်းလင်းချက်တောင်းခံမယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာ့အရေး အမေရိကန်အစိုးရရဲ့ မူဝါဒနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းချက်တောင်းမယ်လို့ အောက်လွှတ်တော်အမတ် ပြော

    အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင် ဂရီဂေါ်ရီ မိခ်စ်
    ဓာတ်ပုံ ပုံစာ, အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင် ဂရီဂေါ်ရီ မိခ်စ်

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာမှာ တာဝန်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာစစ်တပ်အာဏာပိုင်‌တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထရမ့်အစိုးရရဲ့ မူဝါဒဟာ အမေရိကန်ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင် ဂရီဂေါ်ရီ မိခ်စ် က ဝေဖန်လိုက်ပါတယ်။

    ဒါအပြင် မြန်မာအာဏာပိုင်‌တွေနဲ့ ထရမ့်အစိုးရက ထိတွေ့ဆက်ဆံနေတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံက ရှင်းလင်းချက် တောင်းခံသွားမယ်လို့ ဂရီဂေါ်ရီ မိခ်စ်က ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်မှာ သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သလို၊ ပြီးခဲ့တဲ့သီတင်းပတ်က ICJ ရဲ့ ဆုံးဖြတ်ချက်ကလည်း အဲဒီအချက်ကို အတည်ပြုပေးလိုက်တာဖြစ်ကြောင်း မိခ်စ်က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုမှာ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံမှာ တာဝန်ရှိကြောင်း နိုင်ငံတကာတရားရုံးတစ်ခုက ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

    အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအပါအဝင် ထရမ့်အစိုးရက ထိတွေ့ဆက်ဆံနေတာဟာ တာဝန်ခံမှုရှိစေရေးအတွက် ရှင်းလင်းတဲ့ မူဝါဒလမ်းကြောင်းမရှိဘဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိခ်စ်က ဝေဖန်ပါတယ်။

    ဒါဟာ ကိုယ်ကျင့်တရားအရ လက်ခံနိုင်စရာမရှိတဲ့အပြင် မဟာဗျူဟာအရလည်း အမြော်အမြင်ကင်းမဲ့ပြီး အမေရိကန်ဥပဒေနဲ့ မကိုက်ညီဘူးလို့ သူက ပြောပါတယ်။

    ဒီလိုထိတွေ့ဆက်ဆံခြင်းအားဖြင့် အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲ၊ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတဲ့ မဟာဗျူဟာကို ရူဘီယိုက တင်ပြထားခြင်းမရှိဘူးလို့လည်း မိခ်စ်က ထောက်ပြပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ BURMA Act ဥပဒေအရ လုပ်ဆောင်ရမယ့် အရေးယူပိတ်ဆို့မှုတွေကို ထရမ့်အစိုးရက အကောင်အထည်ဖော်ခြင်းမရှိသေးသလို၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ပံ့ဖို့ ဥပဒေက ခွင့်ပြုထားတဲ့ အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်ခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။

    အမေရိကန်အစိုးရရဲ့ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ BURMA Act ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ မိခ်စ်က ဝေဖန်ပြီး ဥပဒေကို ဘယ်လိုလိုက်နာဆောင်ရွက်နေသလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနထံက ရှင်းလင်းချက်တွေ တောင်းခံသွားမယ်လို့ ပြောထားပါတယ်။

    အမေရိကန်နဲ့ မြန်မာအာဏာပိုင်တွေကြား ဆက်ဆံရေးပြန်လည်စတင်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်ရှိခဲ့ပြီလို့ မြန်မာသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    နိုဝင်ဘာ ၂၁ ရက်ကနေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန်နဲ့ မြန်မာတို့ဟာ စင်ကာပူ၊ မြန်မာနဲ့ ဂျပန်နိုင်ငံတွေမှာ တွေ့ဆုံထားကြတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

    တဖက်မှာတော့ မြန်မာနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    အဲဒီဆုံးဖြတ်ချက်ဟာ တရားသူကြီး ၁၅ ဦးအနက် ကိုးဦးက ထောက်ခံမဲပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တရားရုံးရဲ့ သက်သေစံနှုန်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲချက်တွေလည်း ရှိခဲ့တယ်လို့ မြန်မာဘက်က တုံ့ပြန်ထားပါတယ်။

  2. မြန်မာက ပဋိပက္ခနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေ အန္တရာယ်ပိုကြုံနေရကြောင်း ကုလသမဂ္ဂ သတိပေး

    ရခိုင်က လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရခိုင်က လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမြင်ကွင်း (ပုံဟောင်း)

    မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှုအပါအဝင် ကျားမအခြေပြုအကြမ်းဖက်မှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။

    နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်မှာမြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီးနဲ့ မိန်းကလေး ၈.၄ သန်းဟာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ‌ပြောပါတယ်။

    ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးရေးနဲ့ တရားမျှတမှုရရှိရေး ဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်မှု ပိုမိုကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာက အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာတာ ခြောက်နှစ်နီးပါးရှိလာချိန်မှာ အမျိုးသမီးခေါင်းဆောင်တွေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေဆီက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ အသက်မပြည့်ခင် လက်ထပ်စေခြင်း၊ အတင်းအကျပ်လက်ထပ်စေခြင်း စတဲ့ ပြဿနာတွေအပေါ် စိုးရိမ်မှုတွေ ပိုမိုကြားသိလာရတယ်လို့ ဆိုပါတယ်။

    ပဋိပက္ခတွေ ကြာရှည်လာခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ လုံခြုံမှုမရှိခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ကျားမမညီမျှမှု ပိုမိုကြီးမားလာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အန္တရာယ်တွေ ပိုတိုးလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အကြမ်းဖက်မှုတွေ ကြုံတွေ့ရသူတွေအတွက် အသက်ကယ်တင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အကူအညီ၊ အကာအကွယ်ပေးရေးဝန်ဆောင်မှုနဲ့ ကျူးလွန်သူတွေကို တာဝန်ယူစေဖို့ တရားမျှတမှုရရှိရေး လမ်းကြောင်းတွေ ပိုမိုခက်ခဲလာတယ်လို့လည်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ယာယီတာဝန်ခံ ဂွင်းလူးဝစ် က '' ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အကြမ်းဖက်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ထုတ်ခံရမှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်'' လို့ ပြောပါတယ်။

    ''အကျပ်အတည်းဖြစ်ပွားနေခြင်းဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံနိုင်တဲ့ အကြောင်းပြချက် ဘယ်တော့မှမဖြစ်သင့်သလို အဲဒီအကြမ်းဖက်မှုတွေကို လျစ်လျူရှုထားလို့လည်း မရပါဘူး'' လို့ သူက ပြောပါတယ်။

    UNFPA မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိုင်မီ နာဒယ်လ် ရွိုက် ကလည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ လုံခြုံစွာ အကူအညီတောင်းခံနိုင်မယ့် နေရာရှိတယ်၊ လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ အကူအညီရရှိနိုင်တယ်ဆိုတာ သိထားဖို့ အရေးကြီးကြောင်း ပြောပါတယ်။

    အကြမ်းဖက်ခံရသူတိုင်းဟာ ကြောက်ရွံ့မှု၊ အရှက်ရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ မရှိဘဲ အကူအညီတောင်းခံပိုင်ခွင့်ရှိကြောင်းနဲ့ အဲဒီလိုအကူအညီပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။

    တစ်ဖက်မှာ မြန်မာနိုင်ငံက အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ရန်ပုံငွေမသေချာမှု၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ ဆက်လက်ရောက်ရှိနိုင်ရေး စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အဲဒီအဖွဲ့အစည်းတွေဟာ အကြမ်းဖက်ခံရသူတွေကို ကူညီပေးခြင်း၊ အကြမ်းဖက်မှုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်ခြင်းနဲ့ တရားမျှတမှုရရှိရေး တောင်းဆိုခြင်းတွေကို အန္တရာယ်များတဲ့ အခြေအနေတွေကြားက ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

    UN Women မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂီတာ ကွတ်တီပါရမ်ဘီ က အမျိုးသမီးတွေကို ကာကွယ်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုယ်တိုင်လည်း ပဋိပက္ခ၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေ ကြုံတွေ့နေရချိန်မှာ အခြားသူတွေကို ကူညီပေးနေရတာဖြစ်ကြောင်း ပြောပါတယ်။

    အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုပြီး သူတို့နဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းနေစရာမလိုဘဲ ကျားမတန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဆက်လက်မြှင့်တင်သွားရမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

    အခုထုတ်ပြန်ချက်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ကို အထိမ်းအမှတ်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနေ့ကနေ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့အထိ ၁၆ ရက်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်း ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုမှာ အကြမ်းဖက်ခံရသူတွေကို ကာကွယ်ပေးရေး၊ တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူတွေ အပြစ်ပေးခံရမှုကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးတို့ကို အလေးထားတိုက်တွန်းထားပါတယ်။

  3. မင်္ဂလာပါ။

    နို၀င်ဘာ ၂၇ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။