ဖျံတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကမ်းခြေက ပလတ်စတစ်ကွင်းတွေ

ဖျံလေးတွေ လည်ပင်း ပလက်စတစ်ကွင်းတွေ စွပ်မိသေဆုံး
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

တဖက်ကပစ် တဖက်ကဖမ်းရတဲ့ ကစားစရာ ပလတ်စတစ်ကွင်းတွေ ဝယ်ယူအသုံးပြုတာ ရပ်ဖို့ သဘာဝ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးသမားတွေက တိုက်တွန်းလိုက်ပါတယ်။

ဖျံပေါက်ကလေးတွေရဲ့ လည်ပင်းမှာ ဒီပလတ်စတစ်ကွင်းတွေ စွပ်မိနေပြီး တချို့ဟာ ဒီလို စွပ်မိတဲ့အတွက် သေဆုံးမှုတွေ ရှိနေတယ်လို့ သူတို့အတွေ့အကြုံအရ ပြောပါတယ်။

ဒီပလတ်စတစ်ကွင်းတွေ လည်ပင်းမှာ စွပ်မိနေပြီး လည်ပင်းကိုရှမိရာကနေ ဖျံတွေလည်ပင်းမှာ အနာဖြစ်ပြီး ရောဂါပိုးဝင် သေဆုံးတာတွေ အများအပြား ရှိလာတယ်လို့ ဂေါင်အာ တိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့ Gower Seal Group တည်ထောင်သူက ပြောပါတယ်။

ဆွမ်ဆီး နဲ့ ဂေါင်အာကမ်းခြေတွေမှာ စွန့်ပစ် ပလတ်စတစ်ကွင်းတွေ အများအပြားတွေ့ရပြီး ဒါတွေကို အသုံးပြုမှုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တိရစ္ဆာန်အရေး တက်ကြွ လှုပ်ရှားတဲ့ ပရဟိတအသင်း RSPCA ကလည်း ဒီပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ဒီလိုဖြစ်ရခြင်းရဲ့ ကွင်းဆက်ကို ဖြေရှင်းဖို့ ဒဏ်ရာရဖျံတွေ ကုသပေးရတဲ့အတွက် ကုန်ကျငွေ ပေါင်တသောင်းခွဲလောက်ရှိတယ်လို့ ပြောပါတယ်။

ဖျံ
ဓာတ်ပုံ ပုံစာ, ဖျံတွေ လည်ပင်းမှာ ပပလတ်စတစ်ကွင်းက ပွတ်တိုက်ပြီး ပွန်းပဲ့ ဒဏ်ရာရ ရောဂါပိုးဝင် သေဆုံးမှုတွေ ရှိလာ

ဆွမ်ဆီး အရပ်က အာဏာပိုင်တွေကတော့ ဖျံတွေ အသက်ဘေးကြုံရနိုင်တဲ့ ပလတ်စတစ်ကွင်းတွေ သုံးမှုရပ်တန့်ရေး လှုပ်ရှားမှုကို ဘယ်လို လုပ်ဆောင်ချက်တွေနဲ့ ကူညီထောက်ပံ့မလဲ ဆိုတာ လာမယ့်လမှာ အစည်းအဝေး ခေါ်ယူဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။

ဒီပလတ်စတစ် ကွင်းတွေဟာ တခါတလေ တပေါင်၊ နှစ်ပေါင် စျေးပေါပေါနဲ့ ရတာကြောင့် ဂရုမစိုက်ဘဲ ကမ်းခြေမှာ ပစ်ထားခဲ့လေ့ရှိတဲ့အပြင် အဆုံးမှာ ဒါတွေက ပင်လယ် သမုဒ္ဒရာမှာ အဆုံးသတ်ရတာပါလို့ မစ္စတာ ရစ်ချတ်က ပြောပါတယ်။

အဲဒီနောက် ဒီကွင်းတွေကို ဖျံတွေက ကစားစရာအဖြစ် စူးစမ်းရာက အထူးသဖြင့် ဖျံငယ်လေးတွေ လည်ပင်းမှာ ချိတ်မိပြီး ပြန်ထုတ်မရဘဲ ပွန်းပဲ့ဒဏ်ရာတွေ ရကုန်ကြရတာပါလို့ သူက ထပ်ရှင်းပြပါတယ်။

လူထုအနေနဲ့ ဒီပလတ်စတစ် ကွင်းတွေကို ရောင်းချမှု ရပ်ဖို့နဲ့ အသားအပြည့်ပါတဲ့ အပြားဝိုင်းတွေကိုပဲ သုံးကြဖို့ မစ္စတာ ရစ်ချတ်က တိုက်တွန်းထားပါတယ်။

ဖျံ
ဓာတ်ပုံ ပုံစာ, ပလတ်စတစ်သုံးကွင်းတွေကို မသုံးကြဖို့ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေ တိုက်တွန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း ဒီကိစ္စဟာ ကမ်းရိုးတန်းဒေသတဝိုက်မှာ အလေးထား ကိုင်တွယ်ရမယ့် ပြဿနာ တရပ်ဖြစ်လာပြီလို့ ပြောပါတယ်။

ဒဏ်ရာ အနာတရ ဖြစ်သွားတဲ့ ဖျံတွေကို ပြန်လည် ဆေးကုသ ထူထောင်ရေး လုပ်ပေးရတာ ငွေကုန်ကြေးကျ များပြီး အချိန်လည်းကြာ ပိုးသတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ တော်တော်ကြာကြာ ကုယူရတယ်လို့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဆင့်မြင့် အရာရှိ ဂျက်ဖ် အက်ဒ်မွန်က ပြောပါတယ်။

အဆုံးမှာ အနာကျက်ပြီး ဒီတိရစ္ဆာန်လေးတွေ သူတို့ကျက်စားရာ အရပ်ဆီ ပြန်လာဖို့ မျှော်လင့်နေရတယ်လို့ သူက ဆိုပါတယ်။

တက္ကသိုလ်မှာ သဘာဝ ပတ်ဝန်းကျင်ရေး ဆိုင်ရာ ဘာသာရပ် လေ့လာ သင်ကြားနေတဲ့ Gower Seal Group အဖွဲ့က ပရဟိတ ကူညီစောင့်ရှောက်ရေးသမား အီလင် ကာတာ ကလည်း ဒီပလတ်စတစ်ကွင်းတွေဟာ ပင်လယ်ရေသတ္တဝါတွေ အပေါ် အန္တရာယ်ပေး ခြိမ်းခြောက်နေတာကို သိရှိပြီးနောက် ဒီကိစ္စကို ကာကွယ် ကူညီဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

ကမ်းခြေမှာ ဒဏ်ရာ အပြင်းအထန်နဲ့ ဖျံတွေ ၊ သေနေတဲ့ဖျံတွေ အမြောက်အမြား တွေ့ရပြီး ကတည်းက သူတို့ ရေပြန်ကူးနိုင်အောင် ၊ ပြန်သန်စွမ်းအောင် ကူညီပေးနေရပြီး ဒါတွေအားလုံးဟာ ဒီပလတ်စတစ်ကွင်းတွေကြောင့်လို့ သူက ထောက်ပြ ပြောဆိုပါတယ်။

ဆွမ်ဆီးကောင်စီ အကြီးအကဲ ရောဘတ် စတီးဝပ်ကလည်း အာဏာပိုင်တွေ အနေနဲ့ ဘယ်လို အရေးယူရမလဲ ဆိုတာ နောက်လ ကျင်းပမယ့် ကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲ ရည်ရွယ်ချက်ကတော့ ဒီအန္တရာယ်တွေ အကြောင်း အသိပညာပေးရေးဖြစ်ပြီး ဒေသခံတွေ၊ ကမ်းခြေ လာရောက် လည်ပတ်သူတွေကို ဒီပလတ်စတစ်ကွင်းတွေ အသုံးမပြုဖို့ တိုက်တွန်းရေး၊ ခေါင်းပွ ပလတ်စတစ် ကွင်းတွေ အစား အသားအပြည့်ပါတဲ့ ကစားစရာတွေ သုံးဖို့နဲ့ သုံးပြီးရင်လည်း ကမ်းခြေမှာ ပစ်မထားခဲ့ဖို့တွေကို လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ဖျံ
ဓာတ်ပုံ ပုံစာ, ဖျံတွေ လည်ပင်းမှာ ပလတ်စတစ်ကွင်းစွပ်နေမိတာ မကြာခဏတွေ့နေရတယ်လို့ တိရစ္ဆာန်အရေး လှုပ်ရှားသူ အီလင်ကာတာ ပြော