
ဓာတ်ပုံ ရင်းမြစ်, အညာအရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်
ဓာတ်ပုံ ပုံစာ, မြိုင်မြို့နယ်မှာ မနေ့က တွေ့ခဲ့တဲ့ အရိုးစုတွေဟာ ၂၀၂၃ ခုနှစ်ကတည်းက ပျောက်ဆုံးနေတဲ့သူတွေလို့ဆိုစစ်တပ်ရဲ့ဖမ်းဆီးတာခံရပြီး ၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၂ ဦးကို အရိုးစုတွေအဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာမှာတွေ့ရှိခဲ့တယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းကတော့ ဒီလူ ၁၂ ဦးကို စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ မြိုင်မြို့နယ်၊ အမှတ် ၂ တပ်မတော်အကြီးစားစက်ရုံ(စက်မှု - ၂) ကနေ ဝဲတူး (Well – 2) ရေနံမြေဘက်ကို စစ်ကြောင်းထိုးရင် ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။
အရိုးစုတွေနဲ့အတူ သူတို့တွေ့ရှိခဲ့တဲ့ မှတ်စု၊ စာအုပ်တွေကို အခြေခံပြီး အဲဒီအဖွဲ့က အခုလိုပြောတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်က ဝက်ပုတ်ရွာကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် ရွာထဲမှာ ဒီလူ ၁၂ ဦးရဲ့အလောင်းတွေကို မြှုပ်ထားနိုင်မယ့် နေရာတွေကို လိုက်လံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပြီး ၃ နှစ်ကျော်အကြာမှာတော့ ရွာသားတစ်ဦးက ဒီ၁၂ ဦးရဲ့ အရိုးစုတွေကို မှိုရှာရင်းတွေ့ခဲ့တာပါ။
ဒီစစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်၊ မနက် ၅ နာရီခွဲမှာ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်က ရွာတွေဖြစ်တဲ့ ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာက ပြည်သူ တစ်ဦး၊ သံချောင်းရွာက ပြည်သူတစ်ဦး၊ မကျည်းကန်ရွာက ပြည်သူတစ်ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ အဲဒီ လူ ၁၂ ဦးကို ကြိုးတုတ်ပြီး ပစ်သတ်ခဲ့တာလို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းက သူတို့တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်တွေကို ကိုးကားပြီး ပြောပါတယ်။
အညာမြေအရပ်ဘက်အဖွဲ့ကတော့ ဒီလူတွေဟာ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးနောက်မှာ အခုလို မြေမြှုပ်ခံရတာလို့ ပြောပေမဲ့ ဒီအချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
သတ်ဖြတ်ခံခဲ့ရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ အညာမြေအရပ်ဘက်အဖွဲ့အစည်းဘက်က ပြောပါတယ်။
ဒီအဖွဲ့က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေမှာ လောက်လေးခွတွေအပြင် သတ်ဖြတ်မှုမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ကြိုးတွေကိုလည်း တွေ့ရပါတယ်။
နောက်ပြီး အလောင်းတွေနဲ့အတူတွေ့ခဲ့တဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်းစာရွက်စာတမ်းအချက်အလက်တွေနဲ့ တိုက်စစ်ကြည့်တဲ့အခါ စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဂွေးကုန်းရွာမှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတာကို သိခဲ့ရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဒီရွာဟာ ပြည်သူ့စစ်အဖွဲ့ ဒေသခေါ် ပျူစောထီးအဖွဲ့လှုပ်ရှားတဲ့ ရွာဖြစ်တယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းက ပြောပါတယ်။
ဒီသတ်ဖြတ်မှုကိုလည်း ပျူစောထီးခေါင်းဆောင်နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ စစ်တပ်ဗိုလ်တစ်ဦးတို့က ဦးဆောင်ခဲ့တာလို့ ဒီအဖွဲ့က စွပ်စွဲပြောဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။