မန်စီးတီးအတွင်းရေး ဖွင့်ချတဲ့ဟက်ကာ ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလိပ်ပရီးမီယားလိဂ် ထိပ်သီးမန်ချက်စတာစီးတီးရဲ့အရှုပ်တော်ပုံ အတွင်းရေးတွေကို ဖွင့်ချခဲ့တဲ့ ပေါ်တူဂီ ဟက်ကာ ရူပင်တိုဟာ သက်သေကာကွယ်ရေးအစီအမံကို ဆုံးရှုံးတော့မှာဖြစ်တာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါပြီ။
ဘောလုံးလိခ်တည်ထောင်သူ ရူပင်တိုဟာ မန်ချက်စတာစီးတီးရဲ့ အီးမေးလ်မှတ်တမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းတွေအပါအဝင် ဘောလုံးလောကနဲ့ပတ်သက်တဲ့လျှို့ဝှက်အချက်အလက်တွေကို ဖွင့်ချခဲ့သူဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ သူဟာ အဲဒီမှတ်တမ်းမှတ်ရာတွေကို ဂျာမန်မဂ္ဂဇင်း Der Spiegel ကို ဝေမျှပေးခဲ့ရာကနေ မန်စီးတီးရဲ့ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းတွေ ပေါက်ကြားခဲ့ပြီး မန်စီးတီးဟာ ဘဏ္ဍာရေး စည်းမျဥ်းတွေကို ချိုးဖောက်မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ မန်စီးတီးဟာ ၂၀၀၉-၁၀ နဲ့ ၂၀၁၇-၁၈ ရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ပရီးမီးယားလိဂ်က ဆုံးဖြတ်ခဲ့ပါတယ်။
ပင်တိုဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဘောလုံးလိဂ် လုပ်ဆောင်ချက်တွေကတစ်ဆင့် ရရှိလာတဲ့ မှတ်တမ်းတွေကို ထောက်ပံ့ပေးပါ့မယ်ဆိုတဲ့ ကတိနဲ့ ၂၀၂၀ ပြည့်နှစ်ကစလို့ သက်သေကာကွယ်ရေးအစီအမံမှာ ပါဝင်ခွင့်ရလာခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၁၀ ရက်ကစလို့ ဒီအစီအစဉ်မှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိလာတယ်လို့ သူက လူမှုကွန်ရက် X(အရင်က တွစ်တာ) မှာ သောကြာနေ့က ရေးသားခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုပေါင်းမျိုးစုံနဲ့ လုပ်ကြံနိုင်ခြေလည်း တကယ်ရှိနေတာတွေကြောင့် တစ်နေရာရာကိုရွှေ့ပြောင်းပြီး အချိန်ကာလအတော်ကြာအထိ ဇာတ်မြှုပ်နေထိုင်ရုံကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလို့ အသက် ၃၇ နှစ်အရွယ် ပင်တိုက ပြောပါတယ်။ ပေါ်တူဂီက ပြစ်မှုကျူးလွန်ခံရသူများ ကာကွယ်ပေးရေး ကော်မရှင်ကို ဘီဘီစီအားကစားကဏ္ဍက မေးမြန်းခဲ့ပါသေးတယ်။
ကျည်ကာအင်္ကျီဝတ်ပြီး တရားခွင်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပင်တိုဟာ သူ့ကိုယ်သူ ဖွင့်ချသူလို့ပြောဆိုခဲ့ပေမဲ့ ပေါ်တူဂီမှာတော့ သတင်းအချက်အလက်တွေကို တရားမဝင်ရယူခဲ့ပြီး ငွေညှစ်ရန်ကြိုးပမ်းမှုနဲ့ ဆိုင်းငံ့ထောင်ဒဏ်လေးနှစ် ချမှတ်ခံထားရပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ပြုလုပ်တဲ့ ပထမဆုံးရုံးတင်စစ်ဆေးမှုအတွင်း သူဟာ ကျည်ကာအင်္ကျီ ဝတ်ဆင်ထားခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ဘင်ဖီကာအပါအဝင် ပေါ်တူဂီကလပ်တွေရဲ့အီးမေးလ်အကောင့်တွေကို တရားမဝင်ဝင်ရောက်ကြည့်ရှုခဲ့မှုနဲ့ ဒုတိယအကြိမ်ရုံးတင်မှုမှာ သူ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။ အမှုပေါင်းက ၂၄၁ မှုတောင်ရှိခဲ့တာပါ။
ဗုဒ္ဓဟူးနေ့မှာတော့ ပင်တိုဟာ ဖီဖာဥက္ကဋ္ဌ ဂီယံနီ အင်ဖန်တီနိုနဲ့ပတ်သက်ပြီး သူဟာ ဘောလုံးလောကရဲ့ကင်ဆာဖြစ်ပြီး အနာဂတ်ဘောလုံးလောကမှာ နေရာမရှိသင့်ဘူးလို့ ပြောခဲ့ပါတယ်။ မန်စီးတီးနဲ့ ပါရီ စိန့် ဂျာမိန်းတို့ရဲ့ဘဏ္ဍာရေး စည်းမျဥ်းချိုးဖောက်မှုတွေကနေ အရေးယူမခံရအောင် အင်ဖန်တီနိုက ကြားဝင်ဆောင်ရွက်ခဲ့တယ်လို့ ပင်တိုက ထပ်ပြောပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။
ကမ္ဘာဖလားဘောလုံးပြိုင်ပွဲလို ဖီဖာရဲ့ပြိုင်ပွဲတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာတွေ ရောင်းချဖို့ အကြံပြုခဲ့လို့ အင်ဖန်တီနိုဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပြီးပါပြီ။
မန်စီးတီးအပေါ် ဥပဒေကြောင်းအရ စွဲဆိုမှုတွေ ဆက်ရှိနေချိန်မှာ သူ့အမှုသည်ဟာ သက်သေကာကွယ်ပေးရေးအစီအစဉ်ကနေ ဖယ်ရှားခံခဲ့ရတာကြောင့် အန္တရာယ်ပိုရှိလာတယ်လို့ ပင်တိုရဲ့ ရှေ့နေတွေက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပေါ်တူဂီအစိုးရကြောင့်ဖြစ်လာတဲ့ ဒီအခြေအနေမှာ အသက်ရှင်သန်ကျန်ရစ်နိုင်ဖို့အရေး အကူအညီရဖို့ ရန်ပုံငွေရှာတဲ့စာမျက်နှာတစ်ခုကိုလည်း ပင်တိုက တည်ထောင်ထားပါတယ်။
မန်စီးတီး အယူခံဝင်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အယူခံဝင်ထားတယ်လို့ မန်စီးတီးက အတည်ပြုလိုက်ပါတယ်။
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေရေးရာ၊ မူဝါဒရေးရာနဲ့ အချက်အလက်တွေမှာ သိသိသာသာ မှားယွင်းနေပြီး ယုံကြည်စိတ်ချရမှု မရှိဘူး" လို့ မန်စီးတီးက ခပ်တိုတိုထုတ်ပြန်ခဲ့ပါတယ်။
မန်စီးတီးရဲ့ရပ်တည်ချက်အားလုံးနဲ့ပတ်သက်ပြီး ငြင်းချက်ထုတ်လို့မရနိုင်တဲ့ အထောက်အထားအများကြီးကို ကြာသပတေးနေ့နှောင်းပိုင်းမှာ တင်ပြခဲ့တယ်လို့ ကလပ်က အတည်ပြုခဲ့ပါတယ်။
မန်စီးတီးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ဟာ ဘောလုံးအားကစားရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်လို့ အင်မတန်ကို သက်ရောက်မှုကြီးမားတယ်လို့ ပရီးမီးယားလိဂ်က သောကြာနေ့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို သေချာသုံးသပ်နေပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၀၉-၁၀ နဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတွေမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
"ပရီးမီးယားလိဂ်နဲ့ မန်ချက်စတာစီးတီးကြား တရားရေးအရစွဲဆိုချက်ဟာ ဆက်ရှိနေဆဲဖြစ်ပြီး ခုလောလောဆယ်မှာ တစ်စုံတရာ မှတ်ချက်မပေးလိုသေးပါဘူး၊ ဒါပေမဲ့ အခြေအနေတွေကို အနီးကပ်ဆက်လက်စောင့်ကြည့်နေပါတယ်" လို့ အဖွဲ့ချုပ်က ပြောပါတယ်။
မန်စီးတီးအသင်းက သူတို့ရဲ့အယူခံဝင်မှုမှာ အဓိက ကူညီပံ့ပိုးသူစာချုပ်တွေအတွက် ငွေကြေးထောက်ပံ့မှုတွေကို ကလပ်ပိုင်ရှင်တွေက ပေးတာ မဟုတ်ဘဲ အဘူဒါဘီအစိုးရက ထောက်ပံ့ပေးခဲ့တာလို့ ချေပသွားမယ်လို့ မျှော်လင့်ရကြောင်း သတင်းရင်းမြစ်တွေက ဘီဘီစီ အားကစားသတင်း (BBC Sport) ကို ပြောကြားခဲ့ပါတယ်။
Etihad Airways ရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အစိုးရဆီမှာ ၂၀၁၅ ခုနှစ်က မန်စီးတီးရဲ့စပွန်ဆာဖြစ်တဲ့ Etihad Airways ရဲ့ ထွက်ဆိုချက်ကြောင့် စီးတီးဘက်က ခုခံပြောဆိုမှုတွေ အားနည်းသွားနိုင်ပါတယ်။
နိုင်ငံပိုင်လေကြောင်းလိုင်းတွေကို အမေရိကန်ကုန်သွယ်ရေး၊ ပို့ဆောင်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက စစ်ဆေးမှုအတွင်း Etihad Airways က "အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးကို Etihad က စပွန်ဆာပေးမှုအတွက် အဘူဒါဘီအစိုးရက ငွေထုတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ပါဘူး၊ ၂၀၁၁ ခုနှစ်မှာ Etihad နဲ့ မန်ချက်စတာစီးတီးတို့ဟာ ၁၀ နှစ်သက်တမ်းရှိ စပွန်ဆာသဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီထဲမှာ မန်ချက်စတာစီးတီးရဲ့ အားကစားကွင်းကို နာမည်ပေးခွင့်ပါဝင်ခဲ့ပါတယ်၊ Etihad ဟာ ဒီစပွန်ဆာကို သူ့ငွေနဲ့သူပေးခဲ့တာဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။
အဘူ ဒါဘီအစိုးရထံကနေ ထောက်ပံ့ငွေမယူခဲ့ဘူးဆိုတာ အမြဲရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်လို့ Etihad Airways က နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါင် သန်း ၈၃၀ ကျော်ပါဝင်တဲ့ လျှို့ဝှက်ငွေကြေးထောက်ပံ့မှုကို ဖုံးကွယ်ထားနိုင်ဖို့ မန်စီးတီးဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များစွာနဲ့ ဟန်ပြစာချုပ်တွေ ဖန်တီးခဲ့တယ်လို့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကော်မရှင်ရဲ့စစ်ဆေးမှုတွေအရ သိရပါတယ်။
စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းတွေကို ဆယ်စုနှစ်တစ်ခုနီးပါး ချိုးဖောက်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က ပြောထားပါတယ်။
ကလပ်ရဲ့ငွေကြေးအခြေအနေမှန်တွေကို ဖုံးကွယ်ထားနိုင်ဖို့ စီးတီးဟာ နည်းလမ်းများစွာကို အသုံးချခဲ့တယ်လို့ ကော်မရှင်ကလည်း ပြောခဲ့ပါတယ်။
ဗြိတိန်တော်၀င်အကောက်ခွန်ဦးစီးဌာန(HMRC)ရဲ့အုပ်ချုပ်ရေးနဲ့ မူဝါဒတွေကို ကြီးကြပ်ပေးရတဲ့ ဘဏ္ဍာရေးကော်မတီဟာ ကော်မရှင်ရဲ့အစီရင်ခံစာမှာပါတဲ့ မှတ်တမ်းမှတ်ရာတွေ တောင်းဆိုခဲ့ခြင်းရှိမရှိ မေးခွန်းထုတ်ဖို့ဖြစ်လာခဲ့ပါတယ်။
အများပြည်သူစိတ်ဝင်စားနေတဲ့ကိစ္စနဲ့ပတ်သက်လို့ HMRC က အတည်ပြုချက်ပေးလာမှာကို ကြိုဆိုပါတယ်လို့ ပါတီစုံက အမတ်တွေပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဥက္ကဋ္ဌ မက် ဟီလီယာက ပြောခဲ့ပါတယ်။
မန်နေဂျာဟောင်း ရောဘတ်တို မန်ချီနီနဲ့ စာချုပ်အတုချုပ်ထားတာကြောင့် စီးတီးဟာ ပေါင် ၁၂ သန်း အခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ Tax Policy Associates ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဝင်ငွေခွန်မပေးဆောင်မှု၊ အမျိုးသားအာမခံမပေးဆောင်မှုတွေအပြင် စီးတီးဟာ ပေးဖို့ရှိတဲ့ ကြွေးမြီ ပေါင် ၂၄ သန်းအတွက်လည်း အပြစ်ပေးခံရနိုင်ခြေရှိနေပါတယ်။
စီးပွားရေး၊ တီထွင်ဖန်တီးရေး၊ သိပ္ပံနဲ့ ကုန်သွယ်ရေးကော်မတီဟာ အစိုးရနဲ့ ဘဏ္ဍာရေးအစီရင်ခံကောင်စီထံ ပေးပို့တဲ့စာမှာ ကော်ပိုရတ်ငွေစာရင်းနဲ့ပတ်သက်လို့ ပိုပြီးပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
စစ်ဆေးမှုအရ လုံခြုံရေးအရ အကြီးအကျယ်ပျက်ကွက်တာတွေရှိနေတာ တွေ့ရပြီး ကလပ်တွေဟာ စည်းမျဉ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့ ကော်မတီဥက္ကဋ္ဌ လီယံ ဘိုင်းက ပြောခဲ့ပါတယ်။
စီးတီးဥက္ကဋ္ဌ မူဘာရက်နဲ့ ဗြိတိန်စီးပွားရေးဝန်ကြီးတွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty
ကလပ်အပြစ်ရှိကြောင်း ထုတ်ပြန်မကြေညာမီ ရက်အနည်းငယ်အလိုမှာ စီးတီးဥက္ကဋ္ဌ မူဘာရက်ဟာ ဗြိတိန်စီးပွားရေးဝန်ကြီး ဂျိုနသန် ရေးနိုးနဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။
တွေ့ဆုံရာမှာ ကလပ်အကြောင်းကို မပြောဆိုခဲ့ကြဘဲ အယ်လ် မူဘာရက်ဟာ အဘူဒါဘီအစိုးရငွေကြေးရန်ပုံငွေရဲ့ စီအီးအိုအဖြစ်သာ တွေ့ဆုံခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ဗြိတိန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ကြား ကာကွယ်ရေး၊ လုံခြုံရေး၊ ထောက်လှမ်းရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေကိုသာ ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။
စီးပွားရေးဝန်ကြီးအနေနဲ့ ဒီလိုတွေ့ဆုံမှုတွေ လုပ်ဆောင်တာဟာ ပုံမှန်ပဲလို့ ဗြိတိန်အစိုးရသတင်းရင်းမြစ်တွေက ပြောထားပါတယ်။ ဒီတွေ့ဆုံမှုကို ဘလွမ်းဘာ့ခ်သတင်းဌာနက အစောဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။
ကော်မရှင်ကို ပုဂ္ဂိုလ်သုံးဦးနဲ့ဖွဲ့စည်းထားပြီး တစ်ဦးချင်းစီဟာ ဥပဒေကြောင်းရ အတွေ့အကြုံများစွာရှိသူတွေ ဖြစ်ကြပါတယ်။ အယူခံဝင်တာကို လူသုံးဦးပါဝင်တဲ့ အမှီအခိုကင်းတဲ့ ကော်မရှင်သစ်က ကြားနာမှာဖြစ်ပါတယ်။ အယူခံဝင်မှုနဲ့ပတ်သက်လို့ ကြားနာစစ်ဆေးတာကို ၁၂ ပတ်အတွင်း လုပ်ဆောင်ရမှာဖြစ်ပြီး ကြားနာမှုပြီးရင် ရက် ၃၀ အတွင်း ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။
မန်စီးတီးဟာ ကြာသပတေးနေ့က အယူခံတင်သွင်းခဲ့တာဖြစ်လို့ ၁၂ ပတ်မြောက်နေ့ဟာ ဒီဇင်ဘာ ၂၄ မှာ ပြည့်မြောက်မှာဖြစ်ပါတယ်။
စီးတီးရဲ့ အယူခံမှုအရ အဓိကစပွန်ဆာသဘောတူညီမှုတွေကို ကလပ်ပိုင်ရှင်တွေထက် အဘူဒါဘီအစိုးရထံက ရတာဖြစ်တယ်လို့ ထွက်ဆိုမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်စည်းမျဉ်းတွေအရ နိုင်ငံပိုင်အဖွဲ့အစည်းတွေက ကလပ်တွေကို စပွန်ဆာ(ကူညီပံ့ပိုးမှု) ပေးတာကို ခွင့်ပြုထားပါတယ်။
ကော်မရှင်ရဲ့တွေ့ရှိမှုမှာ လေကြောင်းလိုင်းနာမည်ကို မဖော်ပြထားပေမဲ့ ထိခိုက်မှုတွေရှိခဲ့တာမို့ ပရီးမီးယားလိဂ်ကို ဥပဒေကြောင်းအရ စွဲဆိုဖို့ စဉ်းစားနေတယ်လို့ ယူအေအီးရဲ့ နိုင်ငံပိုင်လေကြောင်းလိုင်း Etihad Airways က ထုတ်ပြန်ထားပါတယ်။
လေကြောင်းလိုင်းဟာ မလျော်ကန်တဲ့ စီးပွားရေးသဘောတူညီမှုတွေပါဝင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှု၊ တွေ့ရှိမှုတွေကို ကန့်ကွက်ပါတယ်လို့ Etihad Airways က ပြောထားပါတယ်။ Etihad Airways ကို ယူအေအီးသမ္မတရဲ့သား အဘူဒါဘီ အိမ်ရှေ့မင်းသားဦးဆောင်ပါဝင်တဲ့ L'lmad နိုင်ငံပိုင်ရန်ပုံငွေအဖွဲ့က ပိုင်ဆိုင်တာဖြစ်ပါတယ်။

























