ဆီးရီးယား ယာယီအပစ်ရပ်စဲမှု စတင်အသက်ဝင်

သောကြာနေ့တုန်းက ဗုံးအကြီးအကျယ်ကြဲခံခဲ့ ရတဲ့ ဒမက်စကပ်မြို့နားတစ်ဝိုက်က သူပုန်စခန်း တစ်ခု
ဓာတ်ပုံ ပုံစာ, သောကြာနေ့တုန်းက ဗုံးအကြီးအကျယ်ကြဲခံခဲ့ ရတဲ့ ဒမက်စကပ်မြို့နားတစ်ဝိုက်က သူပုန်စခန်း တစ်ခု
ရေးသားခဲ့သည်။

သောကြာနေ့ည သန်းခေါင်ယံက စတင်အသက်ဝင်ခဲ့တဲ့ ဆီးရီးယား ယာယီအပစ်ရပ်စဲမှုကြောင့် ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲသံတွေ တိတ်ဆိတ်နေပါတယ်။

အခြေနေတွေကိုစောင့်ကြည့်နေတဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Staffan de Mistura ကလည်း လတ်တလောမှာ တိုက်ပွဲတွေရပ်နေတဲ့ အကြောင်းအတည်ပြုပြောကြားပါတယ်။

ဆီးရီးယားအစိုးရနဲ့ မဟာမိတ်ရုရှတွေရဲ့ အခြေနေတွေကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက အပစ်ရပ်မစခင်လေးမှာ သတိပေးထားပါသေးတယ်။

ဒီအပစ်ရပဲစဲရေး သဘောတူမှုကို ဆီးရီးယားအစိုးရနဲ့ သူပုန်အဖွဲ့တွေက သဘောတူခဲ့ပေမယ့် IS အဖွဲ့၊ အယ်လ်ကေဒါနဲ့ဆက်နွယ်နေတဲ့Nusra Front သူပုန်အဖွဲ့တွေက သဘောတူလိုက်နာထားတာမရှိပါဘူး။

၅နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း နှစ်သိန်း ငါးသောင်းကျော် အသက်သေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အပစ်ရပ်ရေးစတဲ့ နာရီအနည်းငယ်အကြာမှာပဲ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့Salamiyeh မြို့မှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူ၂ဉီး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအစိုးရ မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ဒါပေမယ့် ဒီဖောက်ခွမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။