'သူ့ကို အဖေလို့တောင် ခေါ်ခဲ့ကြတာ' - မသန်စွမ်းဂေဟာက လိင်အမြတ်ထုတ်မှု

အမျိုးသမီးတစ်ဦး အိပ်ယာပေါ်မှာ ထိုင်နေတဲ့သရုပ်ဖော်ဓာတ်ပုံ
    • ရေးသားသူ, ဂျူနာ မွန်း
    • ရာထူးတာဝန်, ဘီဘီစီ ကိုရီးယား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

"ကျွန်မ ရင်ထဲမဆံ့တော့လို့ ကျွန်မအဖြစ်အပျက်ကို ရင်ဖွင့်ရတာပါ"

ဒီစကားက ဆောင်း မီညွန်တစ်ယောက် ရဲတပ်ဖွဲ့ကို ပထမဆုံးပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။

ဉာဏ်ရည်မသန်စွမ်းတဲ့ ဆောင်ဟာ စာကြောင်းရှည်ရှည်တွေကို မပြောနိုင်ပါဘူး။ စကားလုံးတိုတိုနဲ့ ကိုယ်ဟန်အမူအရာတွေက တစ်ဆင့်သာ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူအပေါ် ကျူးလွန်ခဲ့တာတွေကိုတော့ သူ့မှတ်ဉာဏ်ထဲ ပြတ်ပြတ်ထင်ထင် မြင်နေဆဲပါ။

သူဟာ တောင်ကိုရီးယားမှာ အစိုးရက ဖွင့်တဲ့စောင့်ရှောက်ရေးဂေဟာတစ်ခုက ဖြစ်ပြီး အဲဒီဂေဟာရဲ့ဒါရိုက်တာက လိင်ပိုင်းဆိုင်ရာကျူးလွန်တာခံခဲ့ရသူ ၃ ဦးထဲက ၁ ဦးဖြစ်ပါတယ်။

ဒီအမှုဟာ နိုင်ငံတ၀န်း လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး မသန်စွမ်းသူတွေအတွက် အစိုးရရဲ့စောင့်ရှောက်မှုစနစ်အပေါ်လည်း မေးခွန်းတွေ ထုတ်စရာဖြစ်ခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ဆိုးလ်မြို့ တရားရုံးတစ်ရုံးက ဂေဟာ ဒါရိုက်တာဖြစ်သူကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ကို မျိုးရိုးနာမည် ကင်နဲ့သာ ဖော်ထုတ်ထားပါတယ်။

ကင်က သူ အခုလိုပြစ်ဒဏ်ချမှတ်ခံရတာကို အယူခံဝင်ထားပါတယ်။

အဲဒီအမိန့်ချမှတ်မှုဟာ ဆောင်က သူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတယ်လို့ အမေဖြစ်သူကို ပထမဆုံး ရင်ဖွင့်ခဲ့ပြီး နှစ်နှစ်နီးပါးအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆောင်းက အသက် ၄၀ ကျော်အရွယ်ဖြစ်ပါတယ်။

ဆောင်းနဲ့ ဒီဆောင်းပါးမှာပါ၀င်သူ နောက် ၂ ဦးတို့ ဘယ်သူဖြစ်တယ်ဆိုတာကို ကာကွယ်ဖို့ နာမည်တွေကို ပြောင်းထားပါတယ်။

''ကျွန်မ ရင်စည်းခံခဲ့ရတယ်''

ဆောင်းဟာ ဉာဏ်ရည်ပိုင်းမသန်စွမ်းသူတွေအတွက် စောင့်ရှောက်ရေးဂေဟာဖြစ်တဲ့ ဆက်ဒုံဝန်မှာ ၂၀၁၆ ခုနှစ်က စတင်နေထိုင်ခဲ့ပါတယ်။

အင်ချွန်းမြို့မှာရှိတဲ့အဲဒီဂေဟာကို အစိုးရက အပြည့်အဝ ထောက်ပံ့ပေးထားပြီး လက်ရှိမှာလည်း နေထိုင်သူ ၃၃ ဦးခန့် ရှိနေပါတယ်။ ဒါပေမဲ့ ဒီအမှုကြောင့် ဂေဟာကို ပိတ်သိမ်းဖို့ တောင်းဆိုခံထားရပါတယ်။

ဆောင်းရဲ့ပြောကြားချက်အရ သူ ဂေဟာရောက်ပြီး မကြာခင်မှာပဲ လိင်ပိုင်းကျူးလွန်ခံတာတွေ ဖြစ်ခဲ့ပါတယ်။

ကင်ဟာ ညဘက် ဒါမှမဟုတ် မနက်အစောပိုင်းမှာ သူ့ဆီလာပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ရှေ့နေ ကိုအွန်ယောင်းကတဆင့် ပြောကြားရာမှာတော့ ဆောင်းက သူ ကျူးလွန်ခံရတာကို ရင်ဖွင့် ပြောပြ တိုင်ကြားနိုင်မယ့်လူကြီးတစ်ဦးမှ ဂေဟာထဲမှာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တခြားဝန်ထမ်းတွေလည်း သူ့ကို ကူညီမယ်လို့ မခံစားရကြောင်း ပြောခဲ့ပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဂေဟာဘက်က တုံ့ပြန်တာမရှိပါဘူး။

ဒီလိုဘဝမျိုးဟာ ၁၀ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမှုပေါ်ပေါက်လာတဲ့အထိ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆောင်းဟာ ဦးခေါင်းဒဏ်ရာ ရခဲ့ချိန်ဖြစ်ပါတယ်။

ဆောင်းအပြောအရ ဒီခေါင်းဒဏ်ရာကလည်း ကင်က သူ့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားချိန် တစ်ကြိမ်မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

သူက လက်နဲ့ကာလိုက်တဲ့အတွက် ကင်က ဖန်ခွက်တစ်ခွက်နဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆောင်းရဲ့ရှေ့နေက တရားရုံးကို ပြောကြားရာမှာ ဂေဟာက ဆောင်းကို ဆေးရုံပို့ပြီး ခေါင်းဒဏ်ရာကို ချုပ်နှောင်ပြီးမှသာ သူ့အမေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆောင်းရဲ့အမေဟာ သူ့ သမီး ဒဏ်ရာဘယ်လိုရတယ်ဆိုတာကို သနိုင်အောင် ဂေဟာကနေ လုံခြုံရေးကင်မရာ စီစီတီဗီ ရုပ်သံကို တောင်းကြည့်ခဲ့ပေမဲ့ ဂေဟာဘက်က ပေးခွင့်မရှိဘူးဆိုပြီး ငြင်းဆိုခဲ့တယ်လို့ ဆောင်းရှေ့နေက ပြောပါတယ်။

ရလဒ်ကတော့ သူ့ အမေဟာ ဆောင်းကို ဂေဟာကနေ သူ့အိမ်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတော့မှ ဂေဟာကို ပြန်မသွားရတော့ဘူးလို့ သိလိုက်ရတဲ့ဆောင်းဟာ သူ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရတဲ့အကြောင်း အမေဖြစ်သူကို ဖွင့်ပြောပြီး ရဲတိုင်တဲ့အထိဖြစ်ခဲ့တာပါ။

''ဂေဟာကို ပြန်မသွားရတော့ဘူးဆိုတာ သိတော့ ပြောဖို့ ဘေးကင်းပြီလို့ ထင်ခဲ့တာ'' လို့ ဆောင်းက ရှေ့နေကနေတဆင့် ဘီဘီစီကို ပြောပြပါတယ်။

ဒါတွေကို နှစ်ပေါင်းများစွာကြာအောင် ဘယ်လို ကျော်ဖြတ်ခဲ့လဲလို့ မေးတဲ့အခါမှာတော့ သူက ''ကျွန်မ ဒီလိုပဲ ရင်စည်းခံခဲ့တာ'' လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းခရိုင်က ချွန်ငါ ကောင်းကင်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး လူနေ အဆောက်အဦတွေကို မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, စောင့်ရှောက်ရေး ဂေဟာဟာ ကိုရီးယားမြို့ အင်ချွန်းမှာရှိပါ

ဆောင်းရဲ့အဖြစ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုဟာ နောက်ပိုင်းမှာ ဂေဟာက တခြားလူတွေဆီအထိ ကျယ်ပြန့်သွားပါတယ်။

ဆောင်းလိုပဲ ကျူးလွန်ခံရတယ်လို့ ယူဆရသူ အနည်းဆုံး ၂ ဦးရှိတယ်ဆိုတာကို ရဲက တွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ လီမီနာလည်း ပါဝင်ပါတယ်။ လီကတော့ သူ အိမ်သာ ၀င်နေတုန်းမှာပဲ ကင်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလအစောပိုင်းမှာတော့ တရားသူကြီးတစ်ဦးက နစ်နာသူ ၃ ဦးစလုံးရဲ့ထွက်ဆိုချက်တွေကို ယုံကြည်လက်ခံနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကင်ကိုတော့ လီနဲ့ ဆောင်းကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါဟာ အစိုးရရှေ့နေတွေ တောင်းဆိုခဲ့တဲ့ပြစ်ဒဏ်ထက် ၅ နှစ် လျော့ပါတယ်။

ကင်က စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး စီရင်ချက်ကိုလည်း အယူခံဝင်ထားပါတယ်။

တတိယနစ်နာသူနဲ့ပတ်သက်ပြီးတော့ ကင်ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နောက်ထပ် ပြစ်မှုတစ်ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးအပေါ် အဓမ္မပြုကျင့်မှု စွဲချက်ကိုတော့ "နစ်နာသူအနေနဲ့ တုံ့ပြန်ခုခံလို့ မရနိုင်အောင် အတင်းအကျပ် ပြုလုပ်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာ" ရှိခဲ့တယ်ဆိုတဲ့အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရလို့ ပယ်ချခဲ့တာဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။

မသန်စွမ်းသူအခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ပူးပေါင်းတုံ့ပြန်ရေးကော်မတီကတော့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတစ်ခုကို နစ်နာသူက ဘယ်လောက် ခုခံနိုင်ခဲ့သလဲ ဆိုတာဟာ တရားစီရင်ချက်အပေါ် မသက်ရောက်သင့်ဘူးလို့ ဆိုပါတယ်။

အလားတူပဲ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်ကိုလည်း ဝေဖန်ခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ် နစ်နာသူတွေကို ဖော်ထုတ်နိုင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

မနှစ်က နိုဝင်ဘာလမှာ စတင်ပေါ်ပေါက်လာတဲ့ စွပ်စွဲချက်တွေ နောက်ပိုင်း ဂန်းဟွာခရိုင် ဒေသန္တရအာဏာပိုင်တွေက ဝူဆော့တက္ကသိုလ် သုတေသနအဖွဲ့ကို ဆက်ဒုံဝန် ဂေဟာမှာ နေထိုင်သူတွေအပေါ် အသေးစိတ် အကဲဖြတ်လေ့လာမှု ပြုလုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။

အဲဒီအစီရင်ခံစာကို တရားရုံးမှာ သက်သေအဖြစ် တင်သွင်းခဲ့ပြီး ကင်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရတဲ့ ဂေဟာမှာနေသူ အနည်းဆုံး ၁၀ ဦးရှိနိုင်တယ်ဆိုတဲ့လက္ခဏာတွေ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ တရားခွင်အတွင်းမှာတော့ တရားရုံးက အဲဒီတွေ့ရှိချက်ကို ထည့်သွင်း မစဉ်းစားခဲ့ပါဘူး။

မီဒီယာတွေရဲ့ဖော်ပြချက်အရ ဂေဟာမှာနေထိုင်သူ အများစုဟာ မသန်စွမ်းမှုအဆင့်ဆင့်ရှိနေကြတာဖြစ်လို့ ဆက်သွယ်ပြောဆိုရာမှာ အခက်အခဲရှိတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ကျူးလွန်မှုအသေးစိတ်ကို ဖော်ထုတ်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

နေထိုင်သူအချို့က မေးခွန်းနဲ့ မဆိုင်တဲ့အဖြေတွေ ပြန်ဖြေခဲ့သလို တချို့ကတော့ လုံးဝ မဖြေဆိုခဲ့ကြဘူးလို့ သိရပါတယ်။

ဒီအမှုကြောင့် ဆက်ဒုံဝန်ကို ပိတ်သိမ်းဖို့ တောင်းဆိုခံထားရ
ဓာတ်ပုံ ပုံစာ, ဒီအမှုကြောင့် ဆက်ဒုံဝန် ဂေဟာကို ပိတ်သိမ်းဖို့ တောင်းဆိုခံထားရ

ကင်က နောက်ထပ် နေထိုင်သူတွေကိုပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တုံ့ပြန်ထားခြင်း မရှိသေးပါဘူး။

ဝူဆော့တက္ကသိုလ် သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ ဂျွန် ဂျီဆူကတော့ စုံစမ်းစစ်ဆေးသူတွေဟာ "ကျူးလွန်ခံရတာကို စကား တစ်ကြောင်းပြည့်ပြည့် ရှင်းပြနိုင်သူတွေရဲ့ပြောဆိုချက်တွေကိုသာ" လက်ခံခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စကားနဲ့ထွက်ဆိုချက်အပေါ် အလွန်အမင်း ကိုးကားတာကြောင့် ဆက်သွယ်ပြောဆိုဖို့ ပိုခက်ခဲတဲ့ ဂေဟာမှာ နေထိုင်သူတွေကို နစ်နာသူတွေအဖြစ် အသိအမှတ်ပြုဖို့ ရဲတပ်ဖွဲ့က မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

"နစ်နာသူတွေက သူတို့ရဲ့အတွေ့အကြုံကို ကျွန်တော်တို့ မျှော်လင့်ထားတဲ့ပုံစံနဲ့မတူဘဲ ဖော်ပြရင်တောင် နိုင်ငံတော်အနေနဲ့ သူတို့ရဲ့အသံကို ကြားနိုင်ဖို့ ပိုပြီးအားထုတ်သင့်တာ မဟုတ်ဘူးလား" လို့ မသန်စွမ်းသူတွေ လိင်အကြမ်းဖက်မှု နစ်နာသူတွေအတွက် အကြံပေးဌာန ဟန်ဆာဟိုးက ဘတ် အင်ဆောင်က မေးခွန်းထုတ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ "ဖြစ်စဉ်အချို့မှာ လိုအပ်ချက်တွေ ရှိခဲ့နိုင်ပေမဲ့ အဲဒါကိုတော့ စုံစမ်းစစ်ဆေးမှုတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ မယူဆသင့်ဘူး" လို့ ပြောပါတယ်။

ကင်အတွက် သက်ညှာပေးဖို့ တောင်းဆိုခဲ့သူတွေအပေါ်လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

စီရင်ချက်မချခင် တရားရုံးကို သက်ညှာပေးဖို့ တောင်းဆိုတဲ့ လွှာပေါင်း ၁၃ စောင် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခုကတော့ "တရားခံရဲ့လူမှုဖူလုံရေးကဏ္ဍအတွက် ပံ့ပိုးခဲ့မှုတွေကို" ထည့်သွင်းစဉ်းစားပေးဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

လူမှုဖူလုံရေး စောင့်ကြည့်ကာကွယ်ရေးအဖွဲ့ Gyeol ကတော့ အဲဒီလိုတောင်းဆိုခဲ့တဲ့အဖွဲ့အစည်းတွေကို ရှုတ်ချခဲ့ပြီး "လူမှုဖူလုံရေးကဏ္ဍမှာ အရင်က ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေကြောင့် တာဝန်ယူရမယ့် အခြေအနေကနေ ကင်းလွတ်ခွင့် မရနိုင်ဘူး" လို့ ပြောပါတယ်။

ကင်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်တဲ့တရားသူကြီးရဲ့စီရင်ချက်မှာတော့ ကင်ရဲ့ လုပ်ရပ်ဟာ "အထူးတလည် ရှုတ်ချဖို့ ကောင်းတယ်" လို့ ဖော်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ "နစ်နာသူတွေရဲ့အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ထောက်ပံ့ဖို့၊ အလွဲသုံးစားပြုမှုကို တားဆီးဖို့ တာဝန်ရှိနေပေမဲ့" သူဟာ အရှိန်အ၀ါကို အသုံးချပြီး "မိမိရဲ့ လိင်ဆန္ဒကို ဖြည့်ဆည်းဖို့" နစ်နာသူတွေကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လူထုရဲ့စောင့်ကြည့်မှုနဲ့ ဆန္ဒပြမှုများ

ဒီအမှုဟာ တောင်ကိုရီးယားနိုင်ငံတဝန်း လူတွေကို တုန်လှုပ်စေခဲ့ပြီး ဒီလိုကျူးလွန်မှုမျိုး ဘာကြောင့် မတားဆီးနိုင်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

ပိုပြီး တုန်လှုပ်စရာကောင်းတာကတော့ မသန်စွမ်းသူတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကနေ ကာကွယ်ဖို့ ဥပဒေတွေ တင်းကျပ်အောင် ပြင်ဆင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနှစ်မှာပဲ နားမကြားကလေးများ ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Dogani ဆိုတဲ့ ရုပ်ရှင်ကား ထွက်ရှိခဲ့ပါတယ်။

လူထုရဲ့ပြင်းထန်တဲ့စောင့်ကြည့်မှုနဲ့ ဆန္ဒပြမှုတွေကြားမှာ အဲဒီကျောင်းကို ပိတ်သိမ်းခဲ့ရပြီး ပိုတင်းကျပ်တဲ့ဥပဒေတွေကိုလည်း ပြဋ္ဌာန်းခဲ့ရပါတယ်။

အဲဒီဥပဒေတွေထဲမှာ မသန်စွမ်းသူတွေအပေါ် ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာ ပြစ်မှုအမျိုးအစားတွေကို တိတိကျကျ သတ်မှတ်တာ၊ စောင့်ရှောက်ရေးဌာန ဒါရိုက်တာတွေနဲ့ ဝန်ထမ်းတွေ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပိုမိုပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်တာနဲ့ မသန်စွမ်းနစ်နာသူတွေ ပါဝင်ပတ်သက်တဲ့အဓမ္မပြုကျင့်မှုတွေကို အမှုပေါ်ပေါက်ပြီး ဘယ်လောက်အချိန်အတွင်း တရားစွဲရမယ်ဆိုတဲ့သတ်မှတ်ကာလကို ပယ်ဖျက်တာလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဆက်ဒုံဝန်ဂေဟာအမှုမှာတော့ ဂေဟာကို ကြီးကြပ်ရတဲ့ဒေသန္တရအာဏာပိုင်ဖြစ်တဲ့ ဂန်းဟွာခရိုင်က ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့ပေမဲ့ ကျူးလွန်မှုတွေက ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

ခရိုင်တာဝန်ရှိသူတစ်ဦးကတော့ အဲဒီလိုစစ်ဆေးမှုတွေဟာ အများအားဖြင့် စာရွက်စာတမ်းတွေကိုသာ အဓိကထား စစ်ဆေးတာဖြစ်ပြီး ဂေဟာမှာ နေထိုင်သူတွေကိုတော့ သီးခြား ပြဿနာတစ်ခုခု ပေါ်ပေါက်လာတဲ့အခါမှသာ မေးမြန်းလေ့ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီတာဝန်ရှိသူက ပြင်ပစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့လည်း ရှိခဲ့ပေမဲ့ ဝန်ထမ်းတွေဆီကနေ တိုင်ကြားချက်တစ်စုံတစ်ရာ မရခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဘက်က အခြေအနေကို ပိုမိုအသေးစိတ် မစစ်ဆေးခဲ့မိတာအတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

အမျိုးသမီးတစ်ဦး ကုတင်တစ်လုံးပေါ်မှာ ကင်မရာကို ကျောပေးပြီး ထိုင်နေ
ဓာတ်ပုံ ပုံစာ, ဂေဟာမှာ နေထိုင်သူအချို့ဟာ မသန်စွမ်းဖြစ်မှုကြောင့် ဆက်သွယ်ပြောဆိုဖို့တောင် ခက်ခဲ့ကြသူတွေဖြစ်ပါတယ်

ဆက်ဒုံဝန်ဂေဟာက နစ်နာသူတချို့ကို ကူညီပေးနေတဲ့အကြံပေးစင်တာ အမျိုးသားကောင်စီရဲ့ ကိုယ်စားလှယ် ဂျိုဟာကတော့ သူ စကားပြောခဲ့ဖူးတဲ့မိသားစုတချို့ဟာ ဂေဟာမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေတယ်လို့ သံသယရှိခဲ့ပေမဲ့ သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲရှိခဲ့ကြတယ်လို့ ပြောပါတယ်။

စောင့်ရှောက်ရေးဂေဟာက ထွက်လာမယ်ဆိုရင် မိသားစုဟာ စောင့်ရှောက်ပြုရမယ့် တာဝန်အားလုံးကို ကိုယ်တိုင်လုပ်ရတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစားထိုးနေထိုင်နိုင်မယ့် နေရာတွေကို ရှာဖွေရတာ အခက်အခဲရှိလို့ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေအတွက် တည်းခိုနေထိုင်ရာ စောင့်ရှောက်ရေးဌာနတွေမှာ နေထိုင်နေတဲ့သူတွေရဲ့ မိဘများအမျိုးသားအသင်းက ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာတော့ စောင့်ရှောက်ရေးဌာနတစ်ခုမှာ နေရာရခဲ့သူ ၁၀ ယောက်မှာ ၆ ယောက်လောက်ဟာ အနည်းဆုံး ၃ နှစ် စောင့်ခဲ့ရတယ်လို့ တွေ့ရှိရပါတယ်။ ဒါဟာ သင့်လျော်တဲ့ စောင့်ရှောက်မှုကို ရယူနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။

ဝူဆော့တက္ကသိုလ် မှတ်ဉာဏ်သိမြင်မှုသိပ္ပံဌာနအကြီးအကဲ ပါမောက္ခ ကင် ယွန်းထယ်ကတော့ ဒီလို စောင့်ရှောက်ရေးဌာနတွေဟာ နေထိုင်သူတွေရဲ့ဘဝကို အတော်လေး ထိန်းချုပ်ထားတယ်လို့ ထောက်ပြပါတယ်။ သူတို့ ဘာစားမလဲ၊ ဘယ်နေရာမှာ အိပ်မလဲ ဆိုတာကစလို့ ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခွင့်၊ အပြင်ထွက်ခွင့် ရှိ မရှိ ဆိုတာအထိ ထိန်းချုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဂျိုဟာကတော့ ဆက်ဒုံဝန်ဂေဟာအမှုဟာ ကျူးလွန်မှုရဲ့ပမာဏနဲ့ ကြာမြင့်ခဲ့တဲ့ကာလကြောင့် "အထင်ကရ အမှုတစ်ခု" ဖြစ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့ဖြစ်ရပ်မျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ယွန်ချွန်းမြို့က စောင့်ရှောက်ရေးဌာနတစ်ခုမှာ ဉာဏ်ရည်မသန်စွမ်း အမျိုးသမီး ၂ ဦးအပေါ် အဓမ္မပြုကျင့်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ကျူးလွန်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ထားတာကို အယူခံတရားရုံးက အတည်ပြုခဲ့ပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုအနေနဲ့ အန်ဆောင်မြို့မှာလည်း စောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းတစ်ဦးဟာ ၂၀၂၂ ခုနှစ်အတွင်း မသန်စွမ်းအမျိုးသမီးနေထိုင်သူတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့ မကြာသေးခင်က ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။

"မသန်စွမ်း အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုဟာ တစ်ဦးချင်းစီရဲ့ ပြဿနာ မဟုတ်ပါဘူး" လို့ ဂျိုဟာက ပြောပါတယ်။

"ဒါဟာ ကျားမရေးရာ၊ မသန်စွမ်းမှု၊ အဖွဲ့အစည်းအတွင်း နေထိုင်ရတဲ့ အခြေအနေ၊ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုရေး အထီးကျန်မှု စတဲ့ အလွှာပေါင်းစုံ ထပ်နေတဲ့ အကြောင်းရင်းတွေက ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

စိတ်အေးချမ်းရပါပြီ

ဒီအမှု ပေါ်ပေါက်လာပြီးနောက် တောင်ကိုရီးယား ဝန်ကြီးချုပ်က အစိုးရဌာနပေါင်းစုံ ပါဝင်တဲ့ တုံ့ပြန်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့ပြီး ဒီဖြစ်ရပ်ကို ဖြေရှင်းရေးဟာ "နိုင်ငံတော် ဘယ်ရောက်နေလဲဆိုတဲ့မေးခွန်းအတွက် အဖြေ" ဆိုတာမျိုးတောင် သုံးနှုန်းခဲ့ပါတယ်။

ဧပြီလမှာ အစိုးရက နိုင်ငံတဝန်းက မသန်စွမ်းသူတွေ နေထိုင်တဲ့စောင့်ရှောက်ရေးဌာန ၁,၅၀၇ ခုကို စစ်ဆေးခဲ့ပြီး အလွဲသုံးစားပြုမှု သံသယရှိတဲ့အမှုပေါင်း ၃၃ မှုကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၈ မှုကိုတော့ အခုထိ စုံစမ်းစစ်ဆေးမှု လုပ်နေတုန်းဖြစ်ပါတယ်။

အစိုးရက အန္တရာယ်ဖြစ်နိုင်ခြေအချက်အလက်တွေအပေါ် အခြေခံတဲ့ ပစ်မှတ်ထား စစ်ဆေးမှုတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဒေသန္တရအာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့နဲ့ မသန်စွမ်း အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တဲ့စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဂန်းဟွာခရိုင်က ဆက်ဒုံဝန်ဂေဟာကို ပိတ်သိမ်းဖို့ အမိန့်ချမှတ်ထားပြီး ဒေသန္တရအစိုးရကလည်း အဲဒီဂေဟာကို လည်ပတ်ခဲ့တဲ့ဖောင်ဒေးရှင်းရဲ့ ခွင့်ပြုလိုင်စင်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဂေဟာမှာ ကျန်ရှိနေသေးတဲ့နေထိုင်သူတွေကို အခြားနေရာတွေသို့ ပြောင်းရွှေ့ပေးပြီး လွတ်လပ်စွာ နေထိုင်နိုင်ရေး အစီအစဉ်တွေကို အပြီးသတ်ဆောင်ရွက်ပြီးမှသာ ပိတ်သိမ်းမှာဖြစ်လို့ လတ်တလောမှာ ပိတ်သိမ်းမှုကို ရွှေ့ဆိုင်းထားပါတယ်။

ဒေသန္တရအစိုးရက ဆက်ဒုံဝန်မှာ နေထိုင်တဲ့ လူ ၃၃ ဦးစလုံးအတွက် တစ်ဦးချင်း လွတ်လပ်စွာ နေထိုင်နိုင်ရေး အထောက်အပံ့အစီအစဉ်တွေ ရေးဆွဲပေးမယ်လို့ ပြောထားပါတယ်။ အဲဒီလုပ်ငန်းစဉ်ကတော့ အခုထိ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဆက်ဒုံဝန်ကတော့ သူ့ရဲ့လိုင်စင် ပယ်ဖျက်ခံရမှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းကို တရားစွဲဆိုမှုတစ်ခု ပြုလုပ်ထားပါတယ်။ ကင် ပြစ်မှုထင်ရှားကြောင်း စီရင်ချက်အပေါ်တော့ တုံ့ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။

ဆက်ဒုံဝန်ဂေဟာက ထွက်ခွာလာပြီးနောက် ဘာက အပြောင်းလဲဆုံး ဖြစ်သလဲလို့ မေးမြန်းတဲ့အခါ ဆောင်းက "ကျွန်မ စိတ်အေးချမ်းတယ်လို့ပဲ ခံစားရပါတယ်။ နေ့တိုင်း ပျော်နေပါတယ်" လို့ ပြောပါတယ်။

အကောင်းဆုံးကတော့ ကိုယ်စားချင်တဲ့အချိန် စားနိုင်တာ၊ ကိုယ်အိပ်ချင်တဲ့အချိန် အိပ်နိုင်တာ လို့လည်း သူက ပြောပါတယ်။

အခု သူ အလိုချင်ဆုံးအရာကတော့"ဒါရိုက်တာနဲ့ လုံးဝ အဆက်ဖြတ်ပြီး သူနဲ့ ဘာမှ ထပ်မပတ်သက်တော့ဖို့" ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆောင်းက မသန်စွမ်းသူတွေဟာ လုံခြုံတယ်လို့ ခံစားနိုင်မယ့်နေရာတစ်ခုကို လိုအပ်နေဆဲဖြစ်တယ်လို့လည်း ထပ်ပြောပါတယ်။

"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မရှိဘဲ ကျွန်မတို့လို မသန်စွမ်းသူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ့် စောင့်ရှောက်ရေးဂေဟာမျိုး ရှိလာမယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ပြောပါတယ်။