ရန်ကုန်က HIV ကူးစက်မှု၊ လူငယ်တွေစိုးရိမ်ချက်နဲ့ ပြည့်တန်ဆာနှိမ်နင်းရေး

ကျန်းမာရေးသင်္ကေတ အနီရောင်ဖဲကြိုးကိုအမျိုးသားတစ်ဦးရဲ့လက်ကနေကိုင်ထားတဲ့ ပုံ၊ ကင်မရာကို နောက်ကျောပေးထားတဲ့ အမျိုးသမီးနှစ်ဦးထိုင်နေပုံ၊ သူတို့ဘေးမှာ အနီရောင်အပ်တဲ့ ဆေးထိုးအပ် Prep ဆေးပြား ပူးတွဲ ဓာတ်ပုံ၊ နောက် HIV ပိုးသရုပ်ဖော်ပုံတွေကို  ဘယ်ကနေ ညာဘက်အတိုင်း အစဉ်လိုက် အဖြူ အနီ အနက် ပေါင်းစပ်ဓာတ်ပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁၀

"ကိုယ့်မှာ HIV သံသယရှိရင်တောင် ကိုယ့်မြို့မှာတော့ သွေးမစစ်ရဲဘူး။ ဘူးအပေါက်တစ်ရာ ပိတ်လို့ရပေမဲ့ ပါးစပ်တစ်ပေါက်က ပိတ်မရတော့ ပတ်ဝန်းကျင်တစ်ခုလုံး သတင်းပြန့်မှာကြောက်တယ်" လို့ အသက် ၂၈ နှစ်အရွယ် မသူဇာက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့အကြီးဆုံးစီးပွားရေးမြို့တော် လူဦးရေ ၇ သန်း ဝန်းကျင်နေထိုင်တဲ့ ရန်ကုန်မှာ ART ဆေးရယူသူ ၇ သောင်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အတွင်း အမေးအဖြေကနေ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ကြီးထွားလာတဲ့ ညပိုင်းဖျော်ဖြေရေး Night Life စီးပွားရေးနဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့လိင်မှုဆိုင်ရာအပြုအမူတွေကြောင့် ခုခံအားကျဆင်းစေတဲ့ HIV ပိုး ကူးစက်နိုင်ခြေကို စိုးရိမ်လာသူတွေ ရှိနေပါတယ်။

ဘီဘီစီက စကားပြောခဲ့တဲ့ မြန်မာ လူငယ် ၅ ဦးထက်မနည်းကလည်း HIV ပိုးရှိနေမှာကို စိုးရိမ်ပေမဲ့ HIV ရှိ မရှိ စစ်ဆေးဖို့ကိုတော့ စိုးရိမ် တွန့်ဆုတ်နေကြတဲ့အကြောင်း ပြောပြကြပါတယ်။

ဒါပေမဲ့ ART ဆေးရယူသူ အရေအတွက် ၇ သောင်းကျော်ရှိနေတာ တစ်ခုတည်းနဲ့ ရန်ကုန်မှာ HIV ကူးစက်သူအသစ် တိုးလာနေတယ်လို့ တန်းပြီး ကောက်ချက်ချလို့မရကြောင်း ကျန်းမာရေးပညာရှင် ၃ ဦးထက်မနည်းက ထောက်ပြပါတယ်။

HIV ကူးစက်မှုအသစ် အခြေအနေကို တိတိကျကျ သိဖို့ခက်နေချိန်မှာ HIV ရှိနေမှန်းမသိဘဲ နေထိုင်နေသူတွေ ရှိနိုင်မလားဆိုတဲ့စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေကြပါတယ်။ စစ်ဆေးဖို့ တွန့်ဆုတ်နေမှုတွေက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။

‌ဟော်လိုးဝင်းညအတွက် အလှဆင်ထားတဲ့ အနီရောင်မီးတွေနဲ့ ကလပ်တစ်ခုအတွင်း တွေ့ရတဲ့ လူငယ်တွေ
ဓာတ်ပုံ ပုံစာ, ရန်ကုန်က နိုက်ကလပ်တစ်ခုရဲ့ အတွင်းပိုင်းကို ၂၀၂၂ ခုနှစ်တုန်းက မြင်ကွင်း

Night Life အလေ့အထကြောင့် ကူးစက်မှုများတယ်ဆိုတဲ့အပေါ် လူငယ့်အမြင်

ရောင်စုံမီးနဲ့ အလှဆင်ထားတဲ့ ဘားတစ်ခုရဲ့ အရှေ့က စားပွဲဝိုင်းတွေမှာ ထိုင်နေကြတဲ့ လူငယ်တွေ
ဓာတ်ပုံ ပုံစာ, ရန်ကုန်က ဘားတွေ စုဝေးဖွင့်လှစ်ထားတဲ့ ၁၉ လမ်းမြင်ကွင်း (ပုံဟောင်း)

ရန်ကုန်က ကလပ်၊ Hi ခန်း စတဲ့ ညပိုင်းဖျော်ဖြေရေးနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေ ရှိနေကြတယ်လို့ ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ လူငယ်တချို့က ပြောပါတယ်။

ညပိုင်းဖျော်ဖြေရေးအခြေအနေမှာ တွေ့ရတဲ့ အလေ့အထတချို့က HIV ပိုး ကူးစက်နိုင်ခြေကို မြင့်စေနိုင်တဲ့အချက်တစ်ခုဖြစ်တယ်လို့ ရန်ကုန်မှာနေထိုင်တဲ့ လူငယ်တချို့က ယူဆနေကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ကလပ်၊ ဟိုင်းခန်းကို သွားတိုင်း မကောင်းဘူးလို့ ပြောတာမဟုတ်ပေမဲ့ တဆင့်တက်ပြီး အကာအကွယ်မဲ့ ဆက်ဆံဖို့ပြောလာရင် မိန်းကလေးတိုင်းက ငြင်းဖို့ ပိုအရေးကြီးလာပြီ" လို့ အသက် ၂၅ နှစ်အရွယ် မယုဇန(အမည်လွှဲ) က ပြောပါတယ်။

အသက် ၃၀ ဝန်းကျင် ကိုသူရ(အမည်လွှဲ)ကတော့ HIV ကူးစက်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ တွေ့ရပေမဲ့ ပြည်တွင်းက လူမှုစီးပွားကျပ်တည်းမှုတွေကြောင့် လူငယ်တချို့က ဒီကိစ္စကို ဂရုမစိုက်တော့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

"နိုင်ငံထဲမှာက သေမထူး နေမထူးဖြစ်နေတော့ HIV ကိစ္စတွေဘာတွေ သိပ်မတွေးကြတော့ဘူး" လို့ သူက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အချက်အလက်အရ​ ရန်ကုန်မြို့မှာ ART ဆေးရယူသူ ၆ သောင်းဝန်းကျင်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ၇ သောင်းကျော် ရှိလာတာဖြစ်ပါတယ်။

ရန်ကုန်က HIV ကူးစက်မှုအသစ်တွေက ဘယ်လိုနည်းလမ်းကနေ ပိုများလာသလဲဆိုတာ သိရဖို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဌာနနဲ့ ဒီအရေးလုပ်နေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဖြေဆိုချက်မရခဲ့ပါဘူး။

ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ HIV ကူးစက်မှုများတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုထဲမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်သူ ၃ သိန်း ၁ သောင်းဝန်းကျင် ရှိနိုင်တယ်လို့ UNAIDS က ၂၀၂၅ ခုနှစ်မှာ ခန့်မှန်းပါတယ်။ နိုင်ငံတဝန်းလုံးမှာ နှစ်စဉ် HIV ကူးစက်မှုအသစ်ကတော့ ၁ သောင်းဝန်းကျင်ရှိနေပါတယ်။

အစိုးရဌာနတွေရဲ့တရားဝင်အချက်အလက်တွေကို အလွယ်တကူ ရှာဖွေသိရှိဖို့ ခက်ခဲနေချိန်မှာ HIV နဲ့ပတ်သက်တဲ့ကိန်းဂဏန်းတွေ လူထုအကြား ပျံ့နှံ့လာတာနဲ့အမျှ စိုးရိမ်မှုတွေနဲ့ ခွဲခြားဆက်ဆံတဲ့အမြင်တွေလည်း တွေ့လာရပါတယ်။

စက်တင်ဘာ ၁ ရက်က ဘီဘီစီမြန်မာပိုင်းရဲ့ "ရန်ကုန်မှာ HIV ပိုးရှိသူ ၇ သောင်းကျော်ရှိ" ဆိုတဲ့ လူမှုကွန်ရက်ပို့စ် သတင်းအောက်က မှတ်ချက်တချို့မှာလည်း ရန်ကုန်ရဲ့ Night Life နဲ့ လူငယ်တွေရဲ့အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို HIV နဲ့ဆက်စပ်ပြီး ပြစ်တင်ပြောဆိုချက်တွေလည်း တွေ့ရပါတယ်။

HIV နဲ့နေထိုင်သူတွေ၊ လိင်အလုပ်သမားတွေနဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေအပေါ် လွဲမှားတဲ့အမြင်နဲ့ ခွဲခြားဆက်ဆံပြောဆိုထားတဲ့မှတ်ချက်တွေလည်း ရှိပါတယ်။

မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းသူတွေ၊ လိင်အလုပ်သမားတွေနဲ့ အမျိုးသားချင်း လိင်ဆက်ဆံသူတွေဟာ HIV ကူးစက်နိုင်ခြေမြင့်တဲ့အုပ်စုတွေထဲမှာ ပါဝင်ပေမဲ့ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် HIV ကာကွယ်တာ၊ စစ်ဆေးတာနဲ့ ကုသမှုခံယူတာတွေ နှောင့်နှေးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။

HIV ပိုးရှိသူတွေအနေနဲ့ ART ဆေးကို ပုံမှန်သောက်ပြီး ပိုးပမာဏကို မတွေ့နိုင်တဲ့အဆင့်အထိ ထိန်းထားနိုင်ရင် လိင်ဆက်ဆံဖက်ဆီ HIV မကူးစက်နိုင်တဲ့အထိ ထိန်းချုပ်နိုင်ပါတယ်။

HIV ကူးစက်ခံထားရရင်တောင် ART ဆေးပုံမှန်သောက်ရင် ပိုးအရေအတွက်ထိန်းနိုင်ပြီး ကူးစက်မှုလုံးဝ မရှိတော့တဲ့အထိကို ထိန်းနိုင်နေပြီဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းကြီးတွေက အသိပညာပေးထားပါတယ်။

HIV ဟာ ပိုးရှိသူရဲ့သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တချို့ကတစ်ဆင့် ကူးစက်နိုင်ပေမဲ့ တံတွေး၊ ဝမ်း၊ နှာရည်နဲ့ ချွေးကနေ မကူးစက်နိုင်ပါဘူး။ အဓိကကူးစက်နိုင်တဲ့နည်းလမ်းတွေက အကာအကွယ်မဲ့ လိင်ဆက်ဆံမှု၊ ပိုးရှိသူသုံးထားတဲ့အပ်နဲ့ ဆေးထိုးကိရိယာတွေ မျှဝေသုံးစွဲတာနဲ့ HIV ပိုးရှိတဲ့ မိခင်ကနေ သန္ဓေသားဆီ ကူးစက်တာတို့ ဖြစ်ပါတယ်။

ဒါကြောင့် HIV ရှိ မရှိ စောစောစစ်ဆေးပြီး ကုသမှုခံယူနိုင်ဖို့အပြင် HIV နဲ့ နေထိုင်သူတွေအပေါ် လွဲမှားတဲ့အမြင်နဲ့ ခွဲခြားဆက်ဆံမှုတွေ လျှော့ချနိုင်ဖို့လည်း အရေးကြီးတယ်လို့ HIV ကူးစက်မှုဆိုင်ရာ အသိပညာပေးသူတချို့က ပြောပါတယ်။

ရန်ကုန် Night Life က "ဂျက်" ရဲ့စိုးရိမ်ချက်

ဟော်လိုးဝင်းညအတွက် အလှဆင်ထားတဲ့ အနီရောင်မီးတွေနဲ့ ကလပ်တစ်ခု
ဓာတ်ပုံ ပုံစာ, ရန်ကုန်က နိုက်ကလပ်တစ်ခုရဲ့ အတွင်းပိုင်းကို ၂၀၂၂ ခုနှစ်တုန်းက ဓာတ်ပုံရိုက်ယူထားတဲ့ မြင်ကွင်း

"ကျွန်တော်က ဂေး ဖြစ်လို့ ပိုသတိထားဖြစ်တယ်" လို့ အသက် ၂၁ နှစ်အရွယ် ဂျက်(အမည်လွှဲ)က ပြောပါတယ်။

သူက တယ်လီဖုန်းကတဆင့် ဘီဘီစီကို အင်တာဗျူးဖြေဆိုချိန်မှာ သူ့သူငယ်ချင်းတွေနဲ့ KTV တစ်ခုမှာ ရှိနေပြီး Party Drug လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ သုံးထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းနှစ်တွေမှာ Hi ခန်းလို့ခေါ်တဲ့ အခန်းတွေ ပေါ်လာပြီး KTV လို့ အလွယ်တကူခေါ်ကြပါတယ်။

အဲဒီလို ညပိုင်းဖျော်ဖြေရေးနေရာတွေမှာ ကတ်တမင်း(K)၊ အက်စ်တစီ(E)၊ ပျော်ရွှင်ရည်(Happy Water) လိုမျိုး မူးယစ်ဆေးဝါးတွေ သုံးပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံတာကြောင့် HIV ကူးစက်တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ သူက လက်မခံပါဘူး။

"K တွေ E တွေ Happy Water တွေ သုံးပြီး သတိလက်လွတ်လိင်ဆက်ဆံလို့ HIV ကူးတယ်ဆိုတဲ့ အပြောကတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုရင် အဲဒီအချိန်မှာ လိင်ဆက်ဆံဖို့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်သဘာဝအရလည်း မဖြစ်နိုင်ဘူး" လို့ သူက တုံ့ပြန်ပါတယ်။

ဒါပေမဲ့ HIV ကူးစက်နိုင်ခြေရှိတဲ့လိင်ဆက်ဆံမှုတွေကိုတော့ သူက စိုးရိမ်ပါတယ်။ ဂျက်က လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးတယ်လို့ ပြောပါတယ်။ HIV နဲ့ပတ်သက်တဲ့သတင်းတွေ၊ ကူးစက်မှုနှုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ တွေ့ရတဲ့အခါ သူ့အနေနဲ့ ပိုပြီး သတိထားဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါကြောင့် စိတ်ရှင်းအောင် ၆ လတစ်ကြိမ် အမြဲသွေးစစ်တယ်။ ကိုယ်တွေက ရည်းစားဆိုပြီး သတ်သတ်မှတ်မှတ်တစ်ယောက် မရှိတာဆိုတော့ PrEp လည်း စွဲသောက်တယ်" လို့ သူက ပြောပါတယ်။

PrEP ဆိုတာ HIV ပိုးမရှိသေးသူတွေ HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတွေမှာ ကူးစက်မှုကို ကြိုတင်ကာကွယ်ဖို့ သောက်သုံးတဲ့ ဆေးဖြစ်ပါတယ်။ HIV ကူးစက်နိုင်ခြေ သိသိသာသာရှိသူတွေအတွက် PrEP ကို HIV ကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

PrEP ကို နေ့စဉ်သောက်တဲ့နည်းရှိသလို အမျိုးသားချင်းလိင်ဆက်ဆံသူတချို့အတွက် လိင်ဆက်ဆံမယ့်အချိန်နဲ့ ဆက်စပ်ပြီး သောက်တဲ့ 2+1+1 နည်းလမ်းလည်း ရှိပါတယ်။ ဘယ်နည်းလမ်းကို သုံးသင့်တယ်ဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူနဲ့ တိုင်ပင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း HIV ကာကွယ်ရေးအတွက် PrEP အသုံးပြုမှုတွေ ရှိနေပြီး ဂျက်ကတော့ ရန်ကုန်က လမ်းပြကြယ်ရဲ့ကျန်းမာရေးဝန်ဆောင်မှုလက်အောက်က TOP ဆေးခန်းကနေ PrEP ကို အခမဲ့ရယူနေတယ်လို့ ပြောပါတယ်။

လမ်းပြကြယ်က HIV စစ်ဆေးတာနဲ့ ကာကွယ်ရေးအသိပညာပေးတဲ့အပိုင်းကို လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။​ အရင်ကတော့ TOP စင်တာလို့ လူသိများခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နာမည်လမ်းပြကြယ်ဆိုတဲ့နာမည်အသစ်ကို ပြောင်းလဲထားတာပါ။​

PrEP ဟာ HIV ကူးစက်မှုကို ကြိုတင်ကာကွယ်ဖို့ သုံးတာဖြစ်ပြီး HIV ပိုးရှိပြီးသားသူတွေ ပိုးပမာဏကို ထိန်းချုပ်ဖို့ သောက်တဲ့ ART ဆေးနဲ့မတူပါဘူး။ PrEP သောက်နေသူတွေအနေနဲ့ HIV ရှိ၊ မရှိ ပုံမှန်စစ်ဆေးဖို့လည်း လိုပါတယ်။

PrEP က HIV ကူးစက်မှုကို ကာကွယ်ဖို့ဖြစ်ပြီး အခြားလိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံးအသုံးပြုမှုလို အခြားကာကွယ်ရေးနည်းလမ်းတွေ သုံးဖို့လည်း အရေးကြီးပါတယ်။

HIV ကူးစက်နိုင်ခြေရှိတဲ့ထိတွေ့မှု ဖြစ်ပြီးမှ ကာကွယ်ဖို့ လိုအပ်ရင်တော့ PrEP မဟုတ်ဘဲ PEP ကို အသုံးပြုရပါတယ်။ PEP က HIV ကူးစက်နိုင်ခြေရှိတဲ့ထိတွေ့မှုဖြစ်ပြီးနောက် ကူးစက်မှုကို တားဆီးဖို့ အသုံးပြုတဲ့ကုသမှုဖြစ်ပါတယ်။

ဂျက်က HIV စစ်ဆေးတာနဲ့ PrEP သောက်တာလို ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်နေပေမဲ့ သူ့အနေနဲ့ HIV ရှိ၊ မရှိဆိုတာထက် HIV နဲ့ ဆက်စပ်ပြီး ခွဲခြားဆက်ဆံခံရနိုင်တာကို စိုးရိမ်မှုဖြစ်နေပါတယ်။

"မြန်မာမှာက BL၊ GL စာအုပ်လေး ရောင်းရင်တောင် ဖမ်းနေတာဆိုတော့ ကိုယ်က ဂေးဆိုတော့ HIV သယ်တဲ့လူလို ခွဲခြား ဆက်ဆံခံရမှာ စိုးရိမ်တယ်" လို့ သူက ပြောပါတယ်။

ဂျက်က သူ့အနေနဲ့ကိုယ်တိုင် ကာကွယ်တာ၊ ဆေးစစ်တာတွေ လုပ်ပေမဲ့ လိင်ဆက်ဆံဖက်ကို HIV စစ်ထား၊ မထား မေးလေ့ မရှိဘူးလို့ ပြောပါတယ်။

"တဖက်လူကိုတော့ နင် စစ်ထားလားလို့ မမေးဖြစ်ဘူး။ ရန်ကုန် Night life က ကျဉ်းကျဉ်းလေးဖြစ်လို့ ဂေးတွေထက် အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြိုက်တာတွေမှာ အကာအကွယ်မဲ့ဖြစ်နေကြတာ များတယ်" လို့ ညပိုင်းဖျော်ဖြေရေးကမ္ဘာထဲ သူသိထားတဲ့အချက်ကို ပြောပါတယ်။ ဒါပေမဲ့ ဒီအချက်က ဂျက်ရဲ့တစ်ဦးတည်းအမြင်လည်းဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန HIV ကုသမှုဆိုင်ရာလုပ်ငန်းက အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးကတော့ Night Life ကနေ HIV အဓိကကူးစက်တယ်လို့ တိုက်ရိုက်ပြောလို့မရဘဲ ဖြစ်နိုင်ခြေရှိတဲ့အချက်တစ်ခုအဖြစ်သာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

"Night life ကနေ HIV အဓိက ကူးတယ်လို့တော့ ပြောလို့မရဘူး။ ဖြစ်နိုင်ခြေရှိတဲ့အချက်တော့ဟုတ်တယ်။ ဒါကြောင့် ပညာပေးနေကြပါတယ်" လို့ အဲဒီသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးပြီး လိင်ဆက်ဆံတဲ့ Chemsex လို့ခေါ်တဲ့အလေ့အထတွေမှာ HIV ကူးစက်နိုင်ခြေရှိတာကြောင့် တက္ကသိုလ်တွေမှာ အသိပညာပေးပြောဆိုတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

ဂျက်ကတော့ PrEP ကို ရယူနိုင်ပေမဲ့ HIV ပိုးရှိသူတွေအတွက် ART ဆေးရယူရာမှာတော့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

သူ့သူငယ်ချင်းတချို့ဆိုရင် ART ဆေးကို အစိုးရဆေးရုံတွေမှာ သွားရောက်ထုတ်ယူရတဲ့အခါ လူသိသွားမှာကို စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

"အစိုးရ ဆေးရုံကနေ ထုတ်ရရင် နာမည်တွေကို အော်ခေါ် ပြီးပေးတာက ရှက်ကြတယ်။ အပြင်ဆေးခန်းတွေမှာကျတော့ ပိုလုံခြုံတယ်လို့ ခံစားရတယ်" လို့ ဂျက်က ပြောပါတယ်။

ဒီလို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်မှုတွေဟာ HIV နဲ့ နေထိုင်သူတွေအတွက် ဆေးကုသမှုရယူရာမှာ ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုဖြစ်တယ်လို့ ART ဆေးသောက်နေသူတစ်ဦးကလည်း ပြောပါတယ်။

ဂျက်ရဲ့အမြင်လိုမျိုး လိင်အလုပ်သမဖြစ်ခဲ့တဲ့ မနီလာမှာလည်း ရှိပါတယ်။ ရန်ကုန်က အသက် ၃၀ အရွယ် မနီလာက ကိုယ်တိုင်ကလည်း လိင်အလုပ်သမားလုပ်ရင်း ကိုယ်တိုင်ကာကွယ်ရေးလုပ်ရမှာတွေကို သူတနိုင်တပိုင် အဖွဲ့လေးဖွဲ့ပြီး အသိပညာပေးတဲ့အလုပ်ကို လုပ်ကိုင်နေသူပါ။

သူ့ရဲ့ကူညီရေးအပိုင်းကနေ ပြန်ကြားသိရတဲ့အချက်အလက်တွေအရ အစိုးရဆေးရုံတွေမှာ ဆေးထုတ်ယူသူတွေရဲ့ဂုဏ်သိက္ခာကို ထည့်တွက်တာ အားနည်းတယ်လို့ ဆိုပါတယ်။

"အစိုးရဆေးရုံမှာ ဆေးပေးရင် နာမည်အော်ခေါ် ခံရတာက ပုံမှန်လိုတောင်ဖြစ်နေပြီ။ စိတ်ပျက်စရာပါ" လို့ မနီလာက ပြောပါတယ်။

ရန်ကုန်က LGBT အသိုင်းအဝိုင်းအတွင်း HIV/AIDS ကာကွယ်ရေး၊ ကုသရေးနဲ့ အသိပညာပေးလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့အစည်းတွေ နည်းပါးလာတယ်လို့လည်း ပြောကြပါတယ်။

အဲဒီလိုဝန်ဆောင်မှု လျော့နည်းလာမှုတွေထဲမှာ နိုင်ငံတကာအကူအညီနဲ့ ရန်ပုံငွေအပြောင်းအလဲတွေကလည်း အကြောင်းရင်းတစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ အမေရိကန်မှာ သမ္မတထရမ့် အစိုးရတက်လာပြီး USAID ရဲ့အကူအညီတွေ ဖြတ်တောက်တာကလည်း မြန်မာက HIV အသိပညာပေးရေး၊​ စစ်ဆေးရေး၊ ကာကွယ်ရေးနဲ့ ကုသရေး ဝန်ဆောင်မှုတွေအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။

USAID ရဲ့လက်အောက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ''ဝန်ထမ်းမရှိတော့ လူနာတွေအတွက် ဘယ်သူက ဆေးပေးတာ၊ သွေးဖောက်ဆေးစစ်တာတွေ လုပ်မှာလဲ" လို့ ဘီဘီစီကို ပြောထားပါတယ်။​

မြန်မာက HIV ပိုးရှိသူတွေအတွက်ပေးတဲ့USAID ရဲ့ဝန်ဆောင်မှုတွေထဲမှာ ပိုးကူးစက်မှုကနေ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသရေးဝန်ဆောင်မှုတွေကို ဘက်စုံလွှမ်းခြုံတဲ့ပုံစံနဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ရန်ပုံငွေဖြတ်တောက်တာကြောင့် နိုင်ငံတကာ အထောက်အပံ့ နည်းလာတယ် ဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက လက်ခံပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ ရန်ပုံငွေလျှော့ချတာရဲ့နောက်ဆက်တွဲဖြစ်စဥ်ကိုဖြေရှင်းဖို့ စည်းကမ်းတကျ ရပ်တည်ဆောင်ရွက်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေကို ဝန်ကြီးဌာနဘက်က ခွင့်ပြုချက် ထုတ်ပေးနေတယ်လို့ဆိုပါတယ်။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ဆေးဝါးဖြန့်ဝေမှု မလုပ်တော့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဆေးဝါးတွေကို စနစ်တကျမထိန်းသိမ်းတာကြောင့် ဝန်ကြီးဌာနဆေးခန်းတွေမှာ ပြောင်းလဲထုတ်ယူရတာလို့ သူက ဆိုပါတယ်။

"ဒီဆေးခန်းတွေပိတ်ပေမဲ့ ART မရတဲ့သူ မရှိပါဘူး" လို့ပြောပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဆေးဝါးဝယ်ယူရေးရန်ပုံငွေ တစ်ဝက်ခန့် (ကျပ်သန်း ၆၄,၀၀၀) ကျော် ကုန်ကျခံပြီး HIV ဆေးတွေ ဝယ်ယူနေတယ်လို့ သူက တုံ့ပြန်ပါတယ်။

ရောဂါဖြစ်ပွားသူ အကြောင်းပြောမယ်ဆိုရင် အသစ်ကူးစက်ခံရသူနဲ့ လက်ရှိလူနာ စုစုပေါင်းကို ခွဲခြားသိရှိဖို့လိုတယ်လို့လည်း ဒေါက်တာကျော်ကံကောင်းက ရှင်းပြပါတယ်။

"ဆေးကုသမှုကောင်းစွာရလို့ လူနာတွေ အသက်ရှည်လာကြပါတယ်" လို့ သူက ဆိုပါတယ်။

ART ဆေးပုံမှန်ရနိုင်ရင် HIV ပိုးကောင်အရေအတွက်ကို ထိန်းလာနိုင်ပြီး ဆေးသောက်နေသူကနေ တခြားတစ်ဦးကို မကူးနိုင်တော့ဘဲ သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကအရာရှိရဲ့ပြောဆိုချက်အရ မြန်မာက ပြည်သူ့ဆေးရုံနဲ့ အစိုးရ‌ဆေးပေးခန်းတွေမှာတော့ ဆေးရနေတယ်လို့ ဆိုပေမဲ့ စက်တင်ဘာ ဒုတိယပတ်ထဲမှာ နိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှာ ART ဆေးပြတ်လုနီးပါး ဖြစ်နေပါတယ်။ ကချင်ပြည်နယ်မှာ ART ဆေးသုံးနေရသူက သောင်းနဲ့ချီ ရှိပါတယ်။

လိင်အလုပ်သမားတွေကြား ပိုဖိနှိပ်ခံလာရမလား

ရန်ကုန်မြို့ရဲ့ ညမြင်ကွင်း
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ရဲ့ ညမြင်ကွင်း

ဂျက်နဲ့ မနီလာတို့ရဲ့ အတွေ့အကြုံတွေမှာ HIV မကူးစက်အောင် ကိုယ်တိုင်သတိထားတာ၊ ဆေးစစ်တာနဲ့ PrEP သောက်တာတွေရှိပေမဲ့ HIV နဲ့ပတ်သက်တဲ့ခွဲခြားဆက်ဆံမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှု ရယူရာမှာ အခက်အခဲတွေကိုလည်း စိုးရိမ်နေရပါတယ်။

HIV ကူးစက်မှု ကာကွယ်တားဆီးဖို့ဆိုတာနဲ့ လိင်အလုပ်သမားတွေကို ဖမ်းဆီးဖို့ကိုပဲ အာဏာပိုင်တွေက တွဲမြင်ပြီး လုပ်နေကြသလားဆိုတာနဲ့ ပတ်သက်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က ဖြစ်ရပ်တစ်ခုကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတောင်ပိုင်း၊ ထိုင်း-မြန်မာနယ်နယ်စပ်မြို့ မြဝတီမြို့မှာ သြဂုတ်လက လိင်လုပ်ငန်းနေရာနှစ်ခုကို အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၃၂ ဦးနဲ့ အမျိုးသား ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အမျိုးသမီး ၃၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီနဲ့ အမျိုးသား ၄ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဖမ်းဆီးမှုမတိုင်ခင် ရက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မြဝတီမြို့ HIV ကူးစက်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြည့်တန်ဆာလုပ်ငန်းတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီနောက်မှာပဲ လူဆယ်နဲ့ချီကို ဖမ်းဆီးမှုဖြစ်ခဲ့တာပါ။

တဖက်မှာလည်း မြဝတီမှာ HIV ဆေးကုသမှုခံယူနေသူအရေအတွက်ကလည်း နှစ်စဉ် တိုးလာနေပါတယ်။ မြဝတီခရိုင် ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ စာရင်းအရ HIV/AIDS ဆေးကုသမှုခံယူနေသူဟာ ၂၀၂၄ ခုနှစ်မှာ ၁,၆၈၈ ဦး၊ ၂၀၂၅ ခုနှစ်မှာ ၂,၀၅၅ ဦးနဲ့ ၂၀၂၆ ခုနှစ်မှာ ၂,၄၁၉ ဦး ရှိပါတယ်။

ဒါပေမဲ့ မြဝတီမှာ HIV ကူးစက်မှုဟာ လိင်အလုပ်သမားတွေဆီကပဲဖြစ်တယ်လို့ သတ်မှတ်လို့မရဘူးလို့ HIV ကူးစက်မှု တိုက်ဖျက်ရေးလုပ်ငန်းမှာ အတွေ့အကြုံရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"လိင်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ မိန်းကလေးတွေဆီကပဲ ကူးစက်နေတယ်ဆိုတာတော့လည်း မဟုတ်ပါဘူး။ လိင်အလုပ်သမားမဟုတ်တဲ့တချို့မိန်းကလေးတွေဆိုရင်လည်း ကိုယ်ဝန်ဆောင်ချိန် စစ်မှ သိရတာ၊ တရုတ်အလုပ်ဆိုက်မှာ အလုပ်လုပ်ရင်း ပါတနာဆီက ကူးတဲ့သူတွေလည်းရှိတယ်" လို့ သူက ပြောပါတယ်။

မြဝတီက လိင်အလုပ်သမားတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေမှာ HIV ကာကွယ်ရေးနဲ့ ဆေးစစ်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

"တချို့ဆိုင်တွေဆို မိန်းကလေးတွေက သွေးစစ်ချင်ပေမဲ့ ခွင့်မပြုလို့ အပြင်မလွှတ်လို့ မစစ်ရတာရှိတယ်" လို့ ဆိုပါတယ်။

မြဝတီက ဖမ်းဆီးခံရသူတွေထဲမှာ ART ဆေးသောက်နေသူတွေနဲ့ ဆေးစတင်သောက်နိုင်ဖို့ HIV စစ်ဆေးနေသူတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ART ဆေးသောက်နေသူတွေအတွက် ကူညီပေးရေးအဖွဲ့တွေက ဆေးကို အချိန်မီ ရရှိအောင် ဆောင်ရွက်ပေးနိုင်ပေမဲ့ ဆေးစတင်သောက်ဖို့ စစ်ဆေးနေဆဲသူတွေအတွက်တော့ ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

HIV ကူးစက်မှုကို ထိန်းချုပ်ဖို့ လိင်အလုပ်သမားတွေကို ဖမ်းဆီးအရေးယူတဲ့နည်းလမ်းဟာ ထိရောက်တဲ့ ကာကွယ်ရေးနည်းလမ်းမဟုတ်ဘူးလို့ ကျန်းမာရေးပညာရှင် ၃ ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

၂၀၂၁ ခုနှစ် မတိုင်ခင် ကျန်းမာရေးဝန်ကြီးဌာနမှာ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တာဝန်ယူခဲ့တဲ့အရာရှိကြီးတစ်ဦးကလည်း အရင်က HIV ကူးစက်မှုကို ထိန်းချုပ်ရာမှာ အခုလို လိင်အလုပ်သမားတွေကို ဖမ်းဆီးအရေးယူတာမျိုး မလုပ်ခဲ့ဖူးဘူးလို့ ပြောပါတယ်။

လိင်အလုပ်သမားတွေအတွက် HIV နဲ့ လိင်က တဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ရေး၊ ဆေးစစ်ရေးနဲ့ ကုသရေးဝန်ဆောင်မှုတွေ အားနည်းလာတယ်လို့ လိင်အလုပ်သမားအသိုင်းအဝိုင်းနဲ့ ကာကွယ်ရေးလုပ်ငန်းမှာ အတွေ့အကြုံရှိသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာနဲ့ ပြည်တွင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ HIV/AIDS ကာကွယ်ရေး၊ ဆေးစစ်ရေးနဲ့ ကုသရေးလုပ်ငန်းတချို့ကို အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်(NAP)ဘက်ကို လွှဲပြောင်းလုပ်ဆောင်လာရတယ်လို့ သူတို့က ပြောပါတယ်။

"အရင်ကဆို INGO တွေက One-stop service လုပ်ပေးတယ်။ NGO ဝန်ထမ်းတွေက လေ့ကျင့်မှုလည်း ရထားကြတယ်။ အခုနောက်ပိုင်း NAP ကတော့ နိုင်ငံရေးကြောင့် ဝန်ထမ်းအခက်အခဲနဲ့ ရန်ပုံငွေအခက်အခဲကြောင့် အားနည်းချက်တော့ရှိတာပေါ့" လို့ လိင်အလုပ်သမားတွေကို အသိပညာပေးရာမှာ အတွေ့အကြုံရှိသူတစ်ဦးက ပြောပါတယ်။

လိင်အလုပ်သမားတွေကို အုပ်စုတစ်ခုအနေနဲ့ သတ်မှတ်ပြီး HIV ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း ပိုခက်လာတယ်လို့ သူက ပြောပါတယ်။

လိင်လုပ်ငန်းမှာ ပတ်သက်နေသူတွေကြားမှာလည်း အလုပ်လုပ်ပုံတွေ မတူတာကြောင့် ဘယ်သူတွေကို လိင်အလုပ်သမားအဖြစ်သတ်မှတ်ပြီး လက်လှမ်းမီအောင် ဆောင်ရွက်မလဲဆိုတာ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

"လိင်အလုပ်သမားတစ်ခုပဲ မဟုတ်တော့ အလွှာတွေ များပြီး ခွဲခြားရခက်လာတယ်။ အွန်လိုင်းကနေ အလုပ်လုပ်တဲ့သူတွေ၊ ဒိတ်ဂဲလ်တွေ၊ KTV မှာလည်း လုပ်တဲ့အလွှာတွေအမျိုးမျိုးကွဲတော့ ဘယ်အလုပ်က လိင်အလုပ်သမားလဲဆိုပြီး ခွဲရခက်လာတယ်" လို့ သူက ပြောပါတယ်။

မြန်မာကနေ INGO တွေ ထွက်ခွာသွားပြီးနောက် မြေပြင်မှာ HIV ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိလာတယ်လို့ သူက ဆိုပါတယ်။

"INGO တွေ ထွက်သွားပြီး ရှိတဲ့အဖွဲ့တွေကပဲ လုပ်နေတော့ ကာကွယ်ရေး ကောင်းကောင်းမလုပ်နိုင်ဘူးပေါ့။ လုံခြုံရေးအရလည်း အရင်က နေရာတစ်ခုသွားမယ်ဆို ကျန်းမာရေးဝန်ကြီးဌာနနဲ့ နယ်မြေသက်ဆိုင်ရာတွေက MoU ရရှိထားတော့ သွားရတာ အဆင်ပြေတယ်။ အခုက အဲဒီလိုမဟုတ်တော့ဘူး။ ဒီလိုလူတွေပေါ်မှာလည်း အန္တရာယ်ရှိတော့ မြေပြင်သွားဖို့ အခက်အခဲရှိတာပေါ့" လို့ သူက ပြောပါတယ်။

မြဝတီမှာ HIV ကာကွယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေသူတချို့ကတော့ ဖမ်းဆီးအရေးယူတာထက် HIV ရှိ၊ မရှိ ပုံမှန်စစ်ဆေးပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

"လိင်အလုပ်သမား ၁ ယောက်ဖမ်းရင် နောက် ၆ ယောက်က ထပ်ထွက်လာမှာပဲ။ ဘာလို့လဲဆိုတော့ ဖြေရှင်းနည်းက မှားနေလို့ပဲ " လို့ မြဝတီမြို့မှာ HIV နဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် မြဝတီဖြစ်ရပ်ကနေ နိုင်ငံတဝန်းအတွက် ထွက်လာတဲ့အဖြေက HIV ရှိသူတွေကို ဘယ်လိုရှာဖွေ၊ စစ်ဆေး၊ ကုသမလဲဆိုတာသာမက HIV ကူးစက်နိုင်ခြေရှိတဲ့သူတွေ ကျန်းမာရေးဝန်ဆောင်မှုတွေဆီ ရောက်နိုင်အောင် ဘယ်လိုလုပ်ပေးမလဲဆိုတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက သတင်းရင်းမြစ်ကတော့ မြန်မာနိုင်ငံအမျိုးသား အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးစီမံကိန်း (NAP)ကနေ နိုင်ငံတဝန်းမှာ HIV သွေးစစ်ဆေးမှု၊ Viral Load စစ်ဆေးမှုနဲ့ ART ဆေးကုသမှုတွေကို အခမဲ့ပေးနေတယ်လို့ ပြောပါတယ်။

ရန်ကုန်မှာဆိုရင် ART ဆေးထုတ်ယူသူအရေအတွက် များလာတာဟာ နိုင်ငံတဝန်း တိုက်ပွဲကြောင့် စစ်ရှောင်ပြောင်းရွှေ့လာရသူတွေ များလာတာ၊ ပဋိပက္ခတွေကြောင့် ဆေးပေးခန်းနည်းလာတာတွေကနေ မြို့ပေါ်ကို လာရောက်ထုတ်ယူသူတွေ ရှိလာနိုင်တာကို ထည့်တွက်ဖို့ လိုတယ်လို့ ထောက်ပြကြပါတယ်။

ဘီဘီစီက အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ပေမဲ့ ဝင်လို့မရပါဘူး။

ဝန်ကြီးဌာနဘက်ကို မေးခွန်းပေးပို့ထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

ဒီဆောင်းပါးမှာ အင်တာဗျူးဖြေထားတဲ့ဂျက်အပါအဝင် လူငယ် ၃ ဦးကတော့ ရန်ကုန်မှာနေတဲ့ သူတို့အတွက် သွေးစစ်တာ ART ဆေးရယူတာတွေအတွက် လွယ်ကူနိုင်ပေမဲ့ နယ်ဘက်မှာတော့ ခက်ခဲနိုင်တယ်လို့ ပြောကြပါတယ်။

"HIV ရော လိင်ကနေ တဆင့်ကူးတဲ့ဆစ်ဖလစ်တို့ရော ဒါတွေမကူးအောင် ကျွန်တော်တို့လို ဂေးဖြစ်ဖြစ် ယောက်ျားနဲ့ မိန်းမ ချစ်သူတွေပဲဖြစ်ဖြစ် ကွန်ဒုံးသုံးတာတော့ အကောင်းဆုံးပဲ" လို့ ဂျက်က ပြောပါတယ်။