
ဓာတ်ပုံ ရင်းမြစ်, PPIB
ဓာတ်ပုံ ပုံစာ, စီးပွားရေးဖိုရမ်တက်ခဲ့တဲ့ ဦးမင်းအောင်လှိုင်မလေးရှားနိုင်ငံကို ၂ ရက်တာခရီးရောက်နေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ ဒီကနေ့ အောက်တိုဘာ ၈ ရက်မှာ တွေ့ဆုံကြဖို့ရှိနေပါတယ်။
သမ္မတရာထူးယူထားတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေကြုံနေရတဲ့ မလေးရှားအစိုးရဘက်ကတော့ ဒါက မြန်မာအစိုးရကို အသိအမှတ်ပြုတာ ဒါမှမဟုတ် ထောက်ခံတာမဟုတ်ဘဲ သံတမန်ရေးအရ ဆွေးနွေးထိတွေ့တာလို့ တုံ့ပြန်ထားပါတယ်။
မလေးရှားအစိုးရကတော့ နှစ်ဖက်တွေ့ဆုံချိန်မှာ မလေးရှားမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ရေးနဲ့ မြန်မာ့အရေးမှာ အာဆီယံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေကို ပြန်လည်သုံးသပ်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက်လုပ်ဆောင်ရေးတို့ကို ဆွေးနွေးမယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဖြစ်လာရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်ရရေးတို့အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း မလေးရှားဘက်က ပြောထားပါတယ်။
မလေးရှားအစိုးရရဲ့ အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလကတည်းက မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ လောက်ကို မြန်မာဘက် ပြန်လည်ပို့ဆောင်ထားပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ရေးကလည်း ဒီတွေ့ဆုံမှုမှာ အဓိကဆွေးနွေးမယ့် ကိစ္စတစ်ခုလို့ပြောထားပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တချို့ ကတော့ မလေးရှားရဲ့ ဒီဖိတ်ခေါ်မှု အပေါ် ဝေဖန် ကန့်ကွက်ထားပြီး HRW ( နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့) ကတေ့ာ မလေးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုခံရမှုတွေကို ရပ်တန့်ရေး ဦးမင်းအောင်လှိုင်ကို ဖိအားပေးတောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက်က မလေးရှားကို ရောက်ရှိခဲ့တဲ့ ဦးမင်းအောင်လှိုင်က မလေးရှား-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ခဲ့ပြီး မလေးရှားလုပ်ငန်းရှင်တွေကို မြန်မာ့အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာတွေ့ရပါတယ်။
တဖက်မှာလည်း မလေးရှားဝန်ကြီးချုပ်နဲ့ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံကြမယ့် ဒီကနေ့မှာ Myanmar Affairs Alliance (MAA) ဦးဆောင်ပြီး မလေးရှားရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတွေက ဦးမင်းအောင်လှိုင်ကို ဆန္ဒပြလှုပ်ရှားမှုလုပ်ကြဖို့ ရှိနေပါတယ်။