သြဂုတ် ၁၅ ရက်သတင်းများအနှစ်ချုပ် - ရိုဟင်ဂျာ ၁ သန်း ကျော်ပမာဏ နေပြည်တော်ငြင်းဆို

၂၀၂၅ ခုနှစ် ဇွန်လအတွင်းတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဇွန်လအတွင်းတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေတယ်လို့ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာ ငြင်းဆိုပါတယ်။

၂၀၁၇ တုန်းက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးရချိန်မှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာနေထိုင်သူ ရိုဟင်ဂျာ ၇၄၀,၀၀၀ ဦးရှိပြီး နေရပ်စွန့်ခွာသူက ၅၄၀,၀၀၀ ကျော်ဖြစ်တယ်လို့ နိုင်ငံခြားရေးကဆိုပါတယ်။

နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာလို့မသုံးဘဲ ဘင်္ဂါလီလို့သာ သုံးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လာတဲ့ မြန်မာက နေရပ်စွန့်ခွာသူတွေရဲ့စာရင်းကိုလည်း နေပြည်တော်က စိစစ်နေတယ်လို့ ဆိုပါတယ်။

ပေးပို့လာတဲ့ ၈ သိန်း ၂ သောင်းကျော်ထဲက ထက်ဝက်ကျော်ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စိစစ်ပြီးဖြစ်တယ်လို့ နေပြည်တော်က ပြောပါတယ်။

စိစစ်ပြီးစာရင်းအရ ၃၀၈,၇၉၇ ဦးသာ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ အထောက်အထားရှိပြီး ၁၁၃,၅၀၇ ဦးက အထောက်အထားမတွေ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါ့အပြင် အဲဒီစာရင်းထဲက ၄,၂၄၁ ဦးက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအထောက်အထားတွေကို ကိုးကားပြီး "ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာ နေထိုင်သူအားလုံးကို မြန်မာနိုင်ငံမှ လာရောက်သူဟု စွပ်စွဲပြောဆိုချက်တွေအပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်" လို့ နေပြည်တော်က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလားတူ လှေစီးဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးအမည်နဲ့ရောက်ရှိနေသူတွေကို မြန်မာနိုင်ငံကလို့ စွပ်စွဲဖော်ပြနေတာတွေကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။

မြန်မာဘက်က စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူတွေကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လုံခြုံရေးအခြေအနေကောင်းရင် ညှိနှိုင်းပြီး ပြန်လက်ခံသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအရေအတွက်ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ လူနည်းစုဖြစ်တဲ့အတွက် တရားဝင်တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ် ပြုမခံရဘဲ ၁၉၈၂ ခုနှစ်ကတည်းက နိုင်ငံသားအဖြစ်ငြင်းပယ်ခံရကာ ကမ္ဘာပေါ်မှာ အများဆုံး နိုင်ငံမဲ့လူဦးရေဖြစ်လာတယ်လို့ UNHCR က ဆိုပါတယ်။

အင်ဒိုနီးရှားမှာ အင်အား ၇.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်

အင်အား ၇.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အခြေအနေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, အင်အား ၇.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အခြေအနေမြင်ကွင်း

အင်ဒိုနီးရှားမှာ အင်အား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင် ဒီမနက်လှုပ်သွားလို့ လူတစ်ယောက် သေဆုံးပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက ဖလောရက်စ်ကျွန်းအနီးမှာ လှုပ်ခဲ့တာဖြစ်ပြီး အစောပိုင်းမှာ ဆူနာမီသတိပေးချက် ထုတ်ခဲ့ပြီးမှ ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဖလောရက်စ်ကျွန်းရဲ့ အဓိကမြို့ဖြစ်တဲ့ မော်မီရီမှာ လူတွေ အလန့်တကြားနဲ့ လမ်းတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။

ဆိပ်ကမ်းမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေအရ သင်္ဘောစောင့်နေတဲ့ ခရီးသည်တွေအပေါ်ကို အဆောက်အအုံတစ်ခုဆီက ကွန်ကရစ်တုံးကြီးတွေ ပြုတ်ကျလာတာ တွေ့ရပါတယ်။ ဆိပ်ခံလူကူးတံတား ပြိုကျသွားတဲ့အချိန်မှာ ပင်လယ်ထဲပြုတ်ကျသူ တချို့တောင် ရှိခဲ့ပါတယ်။

ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မော်မီရီမြို့မှာ ရောက်နေကြပြီး ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ပြောဆိုချက် စိတ်မသက်မသာဖြစ်ရတယ်လို့ နေပြည်တော်တုံ့ပြန်

အပြာရောင် ချည်ရင်ဖုံးအင်္ကျီ၊ ပုလဲဆွဲကြိုးနဲ့ ပန်းအနီရောင်ပန်ပြီး ပြုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် စင်္ကာပူနိုင်ငံကို သွားရောက်တဲ့ ခရီးစဥ်မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်(ပုံဟောင်း)

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ကတောင်းဆိုတဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသံရုံးက တုံ့ပြန်ပါတယ်။

ဒီတောင်းဆိုချက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နဲ့ ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူတွေအပေါ် သက်ရောက်မှုရှိစေတယ်လို့ သြဂုတ် ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖော်ပြချက်တွေကို အသိအမှတ်ပြု မှတ်သားထားပေမဲ့ အပြုသဘောမဆောင်တဲ့ တောင်းဆိုချက်တွေ အပေါ် စိတ်မသက်မသာ ဖြစ်ရတယ်လို့ ပြောထားတာပါ။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးထားပေမဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိစ္စက တရားဥပဒေနဲ့အညီသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့ရဲ့ ပြောဆိုချက်တွေကို သံရုံးက တုံ့ပြန်လာတာဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်းမှာ အကျဥ်းသား ၁ သိန်း ၂ သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးထားပြီး သမ္မတ ဦးဝင်းမြင့်ကိုလည်း လွတ်ငြိမ်းပေးခဲ့တယ်ဆိုတဲ့ အချက်တွေကိုလည်း သံရုံးထုတ်ပြန်ချက်ထဲ ထည့် သွင်းထားတာတွေ့ရပါတယ်။

အမေရိကန်နိုင်ငံက ထုတ်ပြန်တောင်းဆိုချက်ဖြစ်တဲ့ ချက်ချင်း၊ ခြွင်းချက်မရှိလွှတ်ပေးရေးအပေါ်ကို တုံ့ပြန်ထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်တွေ ရရှိနိုင်ရေးနဲ့ မိသားစုဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ သွားရောက်တွေ့ဆုံခွင့် ရရှိနိုင်ရေးကို အာမခံပေးဖို့ တိုက်တွန်းချက်ကိုတော့ နေပြည်တော်က တစုံတရာပြောထားတာမတွေ့ရပါဘူး။

မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးလွှတ်ပေးဖို့၊ မြန်မာကပဋိပက္ခတွေအဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ဆိုင်တဲ့ တိုက်တွန်းချက်ကိုလည်း သံရုံးထုတ်ပြန်ချက်မှာ ထည့်သွင်း တုံ့ပြန်တာမရှိပါဘူး။