ICJ တရားရုံးဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေစောင့်ဆိုင်းနေ

ဓာတ်ပုံ ရင်းမြစ်, Supplied
ICJ ရဲ့အပြီးသတ်စီရင်ချက် ချမှတ်မယ့် နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဟာ တရားရုံးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အုပ်စုလိုက် စုဝေးကြည့်ရှုဖို့ ပြင်ဆင်နေကြတယ်လို့ စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်အရေးလှုပ်ရှားသူတချို့က ဘီဘီစီကို ပြောပါတယ်။
“စခန်းမှာရှိနေတဲ့ လူအများစုက စိတ်ဝင်တစားရှိကြတယ်။ အဖြေဘယ်လိုထွက်လာမလဲဆိုပြီး စိတ်လှုပ်ရှားနေကြတယ်။ ICJ ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ဒီမှာ အားလုံး ကိုယ့်အစုနဲ့ကိုယ် စုကြည့်ကြမယ်” လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်လည်းဖြစ်၊ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုအောင်မြိုင် နဲ့ ကိုအာရ်မာန်ကတော့ ICJ ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေသာမက မြန်မာပြည်သူတွေအတွက်လည်း တရားမျှတမှု ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုအာရ်မာန်က တော့ “မြန်မာနိုင်ငံတော်ကြီးကို စစ်တပ်ကနည်းအမျိုးမျိုးဖြင့် ရတဲ့နည်းလမ်းမျိူစုံဖြင့် မတရားအုပ်ချုပ်လာတာ ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့ပြီ။ ဒီဆုံးဖြတ်ချက်ဟာ စစ်တပ်ရဲ့တရား၀င်မှုအဆုံးသတ်ဖို့ အကောင်းဆုံးလမ်းကြောင်းတစ်ခုဖြစ်တယ်။ ရိုဟင်ဂျာအပါအ၀င် နွေဦးတော်လှန်ရေးအင်အားစု၊ဒီမိုကရေစီအင်အားစု၊တိုင်းရင်းသားတော်လှန်ရေးအင်အားစုနှင့် ပြည်သူတစ်ဦးချင်းအတွက်အခွင့်ကောင်းဖြစ်ပါတယ်” လို့ပြောပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ နောက်ထပ်ရိုဟင်ဂျာ လူငယ်နှစ်ဦးကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်က ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေမယ်လို့ မျှော်လင့်ထားကြပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၂ ခုရှိပြီး ဒုက္ခသည်ဦးရေ ၁၂ သိန်းခန့် ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ICJ ရဲ့ဆုံးဖြတ်ချက် ဘယ်လိုပဲထွက်လာပါစေ လက်ခံသွားမှာဖြစ်ပေမဲ့ ဒီအမှုနဲ့ပတ်သက်ပြီး အမုန်းစကားတွေ လှုံ့ဆော်နေကြတာကိုတော့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ နောက်ထပ် ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က ဘာမှ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မတရားခံခဲ့ရတယ်၊ လူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရတယ်ဆိုတာကို နိုင်ငံတကာတရားရုံးက ဆုံးဖြတ်မယ့်အပေါ် ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးလို့ ဆုံးဖြတ်ရင်လည်း ကျွန်တော်တို့ လက်ခံရမှာပဲ။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အမုန်းစကားတွေ လှုံ့ဆော်နေတာကိုတော့ စိတ်မကောင်းဘူး” လို့ သူက ပြောပါတယ်။
တစ်ဖက်မှာတော့ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ထူးခြားတဲ့ အခြေအနေမရှိပေမဲ့ ဒေသခံတွေက ICJ ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ်လို့ မောင်တောမြို့မှာ ရှိနေတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းက ပြောပါတယ်။


