ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ် ၁၅ ရက်သတင်းများအနှစ်ချုပ် - ရန်ကုန်က ပြန်လာတဲ့ မွန်ဒေသခံ ၂ ဦး ပြင်းထန်ဝမ်းရောဂါပိုး ကူးစက်ခံထားရ
ဝမ်းရောဂါကူးစက်လူနာရာကျော်ရှိနေတဲ့ ရန်ကုန်မြို့ကနေ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နဲ့ ရေးမြို့ကို ပြန်လာသူ ၂ ဦးမှာ ပြင်းထန်ဝမ်းရောဂါပိုး စစ်ဆေးတွေ့ ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကျိုက္ခမီမြို့ခံ အမျိုးသမီးကတော့ ရန်ကုန်၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ သရက်တော ဘုန်းကြီးကျောင်းက ပြန်လာသူဖြစ်ပြီး ရေးမြို့က အမျိုးသားကတော့ သန်လျင်မြို့နယ်က ပြန်လာတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းရဲ့ပြောပြချက်အရသိရပါတယ်။
"ရေးကအမျိုးသားကတော့ မနေ့က ညနေပိုင်းမှာ ဝမ်းလျှောလို့ဆေးခန်းလာပြရင်း မေ့လဲသွားလို့ ဆေးရုံပို့လိုက်ရတာ။ သူနဲ့ အတူနေသူငယ်ချင်း ၂ ဦးကိုလည်း ဆေးရုံမှာ သီးသန့်ကွာရန်တင်းထားထားပါတယ်။ ကျိုက္ခမီမှာစတွေ့ပြီဆိုတာနဲ့ ရေး ပြည်သူ့ဆေးရုံမှာ ဝမ်းရောဂါလူနာတွေထားဖို့ သီးသန့်နေရာပြင်ထားပါတယ်" လို့ အောင်မင်္ဂလာလူမှုကူညီရေးအသင်းဦးဆောင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရေးမြို့က အမျိုးသားရဲ့ လုပ်ငန်းခွင်နေရာအပါအဝင် နေရာ ၃ ခုကိုလည်းကျန်းမာရေးဌာနနဲ့ပေါင်းပြီး ဒီမနက်တုန်းက ပိုးသတ်ဆေးဖြန်းထားတယ်လို့ သူကပြောပါတယ်။ ကျိုက္ခမီမြို့က အမျိုးသမီးနဲ့ ထိတွေ့ခဲ့သူ ၉ ဦးကိုလည်း တိုက်နယ်ဆေးရုံမှာ သီးသန့်ခွဲထားတာပါ။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် ရေကိုကျိုချက်ပြီးမှ သောက်ဖို့၊ ဒါမှမဟုတ် ကလိုရင်းခပ်သောက်ဖို့ ယူနီဆက်ဖ်ကသတိပေးထားပါတယ်။
လက်ကိုဆပ်ပြာနဲ့ရေသုံးပြီး အစားမစာခင်နဲ့ အိမ်သာဆင်းလာချိန်မှာ စင်အောင်ဆေးကြောဖို့လည်း လိုပါတယ်။
အစားအစာတွေကိုဖုံးအုပ်ထားဖို့၊ ဝမ်းပျက်ဝမ်းလျှောပြင်းထန်ရင်ဆေးရုံဆေးခန်းသွားဖို့နဲ့ ဓာတ်ဆားရည်သောက်ဖို့လည်း လိုအပ်ပါတယ်။
ဝမ်းရောဂါလူနာရဲ့အဝတ်အစားတွေကို သောက်သုံးရေကန်အနီးမှာ မလျှော်ဖို့လည်း သတိပေးချက်မှာပါဝင်ပါတယ်။
အမြန်လမ်းမှာ ယာဥ်မောင်းတွေ အိပ်ငိုက်နေတယ်လို့ ကြီးကြပ်ရေးအဖွဲ့ထုတ်ပြန်
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ယာဥ်မတော်တဆမှုအများစုဟာ ယာဥ်မောင်းတွေ အိပ်ငိုက်တာကြောင့် လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်းတုန်းက ခရီးသည် ၁၄ ဦးလိုက်ပါလာတဲ့ Elite ခရီးသည်ပို့ဆောင်ရေးယာဥ်တစ်စီး နေပြည်တော်ကနေ ရန်ကုန်ဘက်ပြန်လာချိန် ယာဥ်မတော်တဆမှုဖြစ်တာနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်မှာပြောထားတာပါ။ ဒီခရီးသည်တင်ယာဥ်ကို မောင်းနှင်လာတဲ့ ယာဥ်မောင်းက အိပ်ငိုက်ပြီး လမ်းလည်ကျွန်းကို ဝင်တိုက်ကာ တံတားအောက်ကို ထိုးကျသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ခရီးသည်တွေ ဒဏ်ရာရကြပေမဲ့ မစိုးရိမ်ရဘူး လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။
ဒါကြောင့် ယာဥ်မတော်တဆမှုတွေမဖြစ်အောင် ယာဉ်မောင်းတွေအနေနဲ့ ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းတွေမှာ ခေတ္တနားနေကြဖို့နဲ့ ခရီးသည်အားလုံး ထိုင်ခုံခါးပတ် မဖြစ်မနေသေချာစွာပတ်ထားဖို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းနှင်တာ မလုပ်ဖို့လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသည်တင် ယာဉ်တစ်စီး လမ်းချော်ပြီး ကားလမ်းဘေးကို ထိုးကျခဲ့ပါသေးတယ်။
တရုတ်ရဲ့ သတိပေးမှုကြောင့် ဝ ဒေသ မှာ ဘုရားကျောင်းတချို့ ယာယီပိတ်
တရုတ်နိုင်ငံဘက်က သတိပေးလာမှုနဲ့ အစွန်းရောက် ဘာသာရေး စည်းရုံးလှုံ့ ဆော်မှုတွေကြာင့်"ဝ"တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေထဲက ခရစ္စယာန်ဘုရားကျောင်းတချို့ကို ယာယီ ပိတ်ခိုင်းထားတယ်လို့ ဝ တပ်ဖွဲ့ပြောခွင့်ရ ဦးညီရန်းက လူမှုကွန်ရက်မှာ ပြောထားပါတယ်။
"ဝ"ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ "Wa News Land" က ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်နယ်မြေထဲက ခရစ္စယာန်ဘုရားကျောင်းအားလုံးနီးပါးပိတ်ရတယ်လို့ သတင်းဖော်ပြအပြီးမှာ အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။
ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို "ဝ" တပ်ဘက်က ယာယီပိတ်သိမ်းလိုက်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Wa News Land က ဖော်ပြခဲ့တာပါ။
ဒီလိုခရစ္စယာန်ကျောင်းတွေ ပိတ်ခံရတာအပြင် ဖြိုဖျက်ခံရတာ၊ ဘာသာရေးခေါင်းဆောင်တချို့ဖမ်းဆီးစစ်ဆေးခံရတာနဲ့ နယ်နှင်ခံရတဲ့ ဖြစ်စဥ်ဟာ "ဝ"ဒေသမှာ ၂၀၁၈ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။
အဲဒီတုန်းကတော့ 'ဝ' ပြည် မှာ ကျင့်သုံးနေတဲ့ ဥပဒေ ပြဋ္ဌာန်းချက်အရ စည်းစနစ်ရှိတဲ့ ဘယ်ယုံကြည်မှုမျိုးကိုမဆို ကိုးကွယ်ခွင့်ပြုတယ်တဲ့အတိုင်း ပြန်သုံးသပ်ပြီး ကချင် နဲ့ လားဟူတိုင်းရင်းသားတွေရဲ့ ဘုရားရှိခိုးကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်တယ်လို့ ဦးညီရန်းက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာပြောပါတယ်။
အခုတခါ ခရစ္စယာန်ကျောင်းတွေ ပိတ်သိမ်းတာနဲ့ပတ်သက်လို့ ဦးညီရန်းရဲ့ ပြောဆိုချက် ၄ ချက်မှာလည်း စည်းကမ်းရှိတဲ့ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေပြဋ္ဌာန်းထားရှိတယ်လို့ ဆိုထားပြီး အစွန်းရောက်တဲ့ ဘာသာရေး ကင်းရှင်းရင် ပြန်ဖွင့်ခွင့်ပေးမယ်လို့ ပြောပါတယ်။
"ဝ"ပြည်ပြင်ပကနေ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးတာကို ခွင့်မပြုထားဘူးလို့ UWSA ပြောခွင့်ရက လူမှုကွန်ရက်မှာပြောထားပါတယ်။
ရိုဟင်ဂျာ ၁ သန်း ကျော်ပမာဏ နေပြည်တော်ငြင်းဆို
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေတယ်လို့ နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာ ငြင်းဆိုပါတယ်။
၂၀၁၇ တုန်းက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးရချိန်မှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာနေထိုင်သူ ရိုဟင်ဂျာ ၇၄၀,၀၀၀ ဦးရှိပြီး နေရပ်စွန့်ခွာသူက ၅၄၀,၀၀၀ ကျော်ဖြစ်တယ်လို့ နိုင်ငံခြားရေးကဆိုပါတယ်။
နေပြည်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာလို့မသုံးဘဲ ဘင်္ဂါလီလို့သာ သုံးပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လာတဲ့ မြန်မာက နေရပ်စွန့်ခွာသူတွေရဲ့စာရင်းကိုလည်း နေပြည်တော်က စိစစ်နေတယ်လို့ ဆိုပါတယ်။
ပေးပို့လာတဲ့ ၈ သိန်း ၂ သောင်းကျော်ထဲက ထက်ဝက်ကျော်ရဲ့ အမည်စာရင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စိစစ်ပြီးဖြစ်တယ်လို့ နေပြည်တော်က ပြောပါတယ်။
စိစစ်ပြီးစာရင်းအရ ၃၀၈,၇၉၇ ဦးသာ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ အထောက်အထားရှိပြီး ၁၁၃,၅၀၇ ဦးက အထောက်အထားမတွေ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့အပြင် အဲဒီစာရင်းထဲက ၄,၂၄၁ ဦးက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီအထောက်အထားတွေကို ကိုးကားပြီး "ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာ နေထိုင်သူအားလုံးကို မြန်မာနိုင်ငံမှ လာရောက်သူဟု စွပ်စွဲပြောဆိုချက်တွေအပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်" လို့ နေပြည်တော်က ဆိုပါတယ်။
အလားတူ လှေစီးဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးအမည်နဲ့ရောက်ရှိနေသူတွေကို မြန်မာနိုင်ငံကလို့ စွပ်စွဲဖော်ပြနေတာတွေကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။
မြန်မာဘက်က စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူတွေကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက လုံခြုံရေးအခြေအနေကောင်းရင် ညှိနှိုင်းပြီး ပြန်လက်ခံသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအရေအတွက်ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဟာ လူနည်းစုဖြစ်တဲ့အတွက် တရားဝင်တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ် ပြုမခံရဘဲ ၁၉၈၂ ခုနှစ်ကတည်းက နိုင်ငံသားအဖြစ်ငြင်းပယ်ခံရကာ ကမ္ဘာပေါ်မှာ အများဆုံး နိုင်ငံမဲ့လူဦးရေဖြစ်လာတယ်လို့ UNHCR က ဆိုပါတယ်။
နေပြည်တော်ထုတ်ပြန်လာတဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာဦးရေကိန်းဂဏန်းကွာဟချက်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီဝင် ဦးအောင်ကျော်မိုးက ဒီလူဦးရေကို စီစစ်တဲ့နည်းလမ်းကို သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
"UNHCR ရဲ့ ကနဦးမှတ်တမ်းအရ ၇ သိန်းနဲ့ ၈ သိန်းကြားမှာရှိတယ်။ ၁၉၇၈ နဲ့ ၉၂တုန်းက ပြန်လည်ပို့ဆောင်တဲ့အစီအစဥ်နဲ့ ပြန်လာဖို့ စီစဥ်ထားပေမဲ့ မပြန်လာနိုင်ဘဲ ကျန်ခဲ့တဲ့သူတွေအများကြီးတယ်။ ဒါအပြင် ဆော်ဒီတို့ဘာတို့ကနေ ရခိုင်ပြည်နယ်မှာအခြေအနေပြောင်းလဲသွားလို့ ပြန်မသွားတော့ဘဲ အဲဒီဘက်က ပြန်လာတဲ့သူတွေလည်းရှိတယ်။
ဒီ တစ်သန်းကျော်ဆိုတာက ဒါတွေအားလုံးပေါင်းပြီး တစ်သန်းကျော်ဖြစ်လာတာပါ။ ဒီလူတွေ အားလုံးက ရခိုင်ပြည်နယ်မှာမွေးဖွားခဲ့တဲ့ ဘိုးဘွားစဥ်ဆက်နေထိုင်ခဲ့တဲ့သူတွေဖြစ်တယ်" လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
ဒုက္ခသည်တွေကို စိစစ်လက်ခံထားတဲ့ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အချက်အလက်ကသာ အမှန်ဖြစ်တယ်လို့ သူကပြောပါတယ်။
လေကြောင်းပစ်ခတ်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေပြန်လည် ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထားတခုဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။
အင်ဒိုနီးရှားမှာ အင်အား ၇.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်
အင်ဒိုနီးရှားမှာ အင်အား ၇.၇ မဂ္ဂနီကျုရှိတဲ့ ငလျင် ဒီမနက်လှုပ်သွားလို့ လူတစ်ယောက် သေဆုံးပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက ဖလောရက်စ်ကျွန်းအနီးမှာ လှုပ်ခဲ့တာဖြစ်ပြီး အစောပိုင်းမှာ ဆူနာမီသတိပေးချက် ထုတ်ခဲ့ပြီးမှ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဖလောရက်စ်ကျွန်းရဲ့ အဓိကမြို့ဖြစ်တဲ့ မော်မီရီမှာ လူတွေ အလန့်တကြားနဲ့ လမ်းတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။
ဆိပ်ကမ်းမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေအရ သင်္ဘောစောင့်နေတဲ့ ခရီးသည်တွေအပေါ်ကို အဆောက်အအုံတစ်ခုဆီက ကွန်ကရစ်တုံးကြီးတွေ ပြုတ်ကျလာတာ တွေ့ရပါတယ်။ ဆိပ်ခံလူကူးတံတား ပြိုကျသွားတဲ့အချိန်မှာ ပင်လယ်ထဲပြုတ်ကျသူ တချို့တောင် ရှိခဲ့ပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မော်မီရီမြို့မှာ ရောက်နေကြပြီး ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ပြောဆိုချက် စိတ်မသက်မသာဖြစ်ရတယ်လို့ နေပြည်တော်တုံ့ပြန်
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ကတောင်းဆိုတဲ့အပေါ် စိတ်မသက်မသာဖြစ်ရတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသံရုံးက တုံ့ပြန်ပါတယ်။
ဒီတောင်းဆိုချက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နဲ့ ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူတွေအပေါ် သက်ရောက်မှုရှိစေတယ်လို့ သြဂုတ် ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖော်ပြချက်တွေကို အသိအမှတ်ပြု မှတ်သားထားပေမဲ့ အပြုသဘောမဆောင်တဲ့ တောင်းဆိုချက်တွေ အပေါ် စိတ်မသက်မသာ ဖြစ်ရတယ်လို့ ပြောထားတာပါ။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးထားပေမဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိစ္စက တရားဥပဒေနဲ့အညီသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့ရဲ့ ပြောဆိုချက်တွေကို သံရုံးက တုံ့ပြန်လာတာဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်းမှာ အကျဥ်းသား ၁ သိန်း ၂ သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပေးထားပြီး သမ္မတ ဦးဝင်းမြင့်ကိုလည်း လွတ်ငြိမ်းပေးခဲ့တယ်ဆိုတဲ့ အချက်တွေကိုလည်း သံရုံးထုတ်ပြန်ချက်ထဲ ထည့် သွင်းထားတာတွေ့ရပါတယ်။
အမေရိကန်နိုင်ငံက ထုတ်ပြန်တောင်းဆိုချက်ဖြစ်တဲ့ ချက်ချင်း၊ ခြွင်းချက်မရှိလွှတ်ပေးရေးအပေါ်ကို တုံ့ပြန်ထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်တွေ ရရှိနိုင်ရေးနဲ့ မိသားစုဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ သွားရောက်တွေ့ဆုံခွင့် ရရှိနိုင်ရေးကို အာမခံပေးဖို့ တိုက်တွန်းချက်ကိုတော့ နေပြည်တော်က တစုံတရာပြောထားတာမတွေ့ရပါဘူး။
မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးလွှတ်ပေးဖို့၊ မြန်မာကပဋိပက္ခတွေအဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ဆိုင်တဲ့ တိုက်တွန်းချက်ကိုလည်း သံရုံးထုတ်ပြန်ချက်မှာ ထည့်သွင်း တုံ့ပြန်တာမရှိပါဘူး။