ကိုယ်စွယ်စုံ မရတာ မဟုတ်ပါ၊ ဦးနှောက်ဖန်တီးထားသလောက်သာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လာရာ အို၀င်
- ရာထူးတာဝန်, ကမ္ဘာ့သိပ္ပံနဲ့ ရာသီဥတု
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
ပေါ့ကတ်စ် နားထောင်ရင်း အီးမေးလ် ပို့နေတာလား၊ အစည်းအဝေးတက်နေချိန်မှာ မက်ဆေ့တွေ ပြန်နေတာလား၊ ဒါမှမဟုတ် တီဗီ ကြည့်ရင်း ဖုန်းပွတ်နေတာလား။ လူအများစုကတော့ ဒါတွေကို တစ်ကြိမ်တည်းနဲ့ စွယ်စုံ လုပ်နေတာလို့ ထင်ကြပါတယ်။
ဒါပေမဲ့ ဦးနှောက်ကို လေ့လာတဲ့ ပညာရှင်တချို့ကတော့ အဲဒီလို မယူဆကြပါဘူး။
"တကယ်ဖြစ်နေတာကတော့ သင့်ဦးနှောက်က အလုပ်တစ်ခုကနေ နောက်တစ်ခုကို လုပ်ဖို့ အပြောင်းအလဲ လုပ်နေတာပါ... ပစ္စည်းအများကြီးကို လက်နဲ့ပစ် ဖမ်းကစားတဲ့ juggling လုပ်သလိုမျိုးပေါ့" လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်(MIT) က အာရုံကြောသိပ္ပံပညာရှင်နဲ့ Picower Professor of Neuroscience ဖြစ်သူ အားလ် ကေ မစ်လာ က ပြောပါတယ်။
အလုပ်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းတိုင်း လူ့အာရုံကြော ကွန်ရက်တွေမှာ အပြောင်းအလဲ ဖြစ်ပေါ်တယ်လို့ သူက ပြောပါတယ်။
"အဲဒီလို ပြောင်းရတာက အချိန်ယူရသလို အမှားတွေလည်း ဖြစ်စေပါတယ်။ ပြီးတော့ ကိုယ့်ဦးနှောက်က အဲဒီအမှားတွေကို ပြန်ပြင်ရပါတယ်။"
ဦးနှောက်မှာ လုပ်ဆောင်နိုင်စွမ်း ကန့်သတ်ချက်ရှိပြီး အဲဒါက စွယ်စုံလုပ်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာရုံကြောသိပ္ပံဆိုင်ရာပါမောက္ခ မစ်လာကတော့ အလုပ်တစ်ခုကနေ တစ်ခုကို မကြာခဏ ပြောင်းလဲလုပ်ဆောင်တတ်တဲ့အကျင့်ရှိသူဟာ သူ့ဦးနှောက်ထဲက အာရုံကြောလမ်းကြောင်းတွေလည်း ပိုပြီး အလုပ်အလုပ်လာရလို့ အဲဒီအကျင့်ကို ဆက်လုပ်ဖြစ်ဖို့ ပိုများလာစေနိုင်တယ်လို့ ပြောပါတယ်။
"ဒါကြောင့် ခင်ဗျား တစ်ခုခုကို ပိုလုပ်လေလေ၊ ကိုယ့်ဦးနှောက်ကလည်း အဲဒီအရာကို ပိုလုပ်လေလေဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပေါ်အောင် လုပ်ပေးတဲ့ အာရုံကြော ပတ်လမ်းကြောင်းနဲ့ ချိတ်ဆက်မှုတွေကို ပိုခိုင်မာအောင် လုပ်နေတာ ဖြစ်လို့ပါ။"
အဲဒီအစား တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကို အာရုံစိုက်လုပ်တဲ့ monotasking ကို လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
"တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လိုက်ရင် နှစ်ခု လုပ်လို့ မှားတဲ့ အမှားတွေ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ လုပ်မိလို့ မှားတဲ့အချိန် အလဟဿ ကုန်ဆုံးတာကို ဖယ်ရှားနိုင်ပါတယ်။"
ဒါပေမဲ့ အဲဒီကနေ ပိုကျယ်ပြန့်တဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ အလုပ်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလုပ်တာဟာ ဦးနှောက်ကို အလုပ်ကြီးခိုင်းသလို ဖြစ်နေတယ်ဆိုရင် လူ ဦးနှောက်ဟာ တစ်ချိန်တည်းမှာ သတင်းအချက်အလက် ဘယ်လောက်အထိ ကိုင်တွယ်နိုင်ပါသလဲ။
လူ့ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်း
လူသားတွေမှာ "ဦးနှောက်စွမ်းရည်အကန့်အသတ်" ရှိပါတယ်။ ဦးနှောက်အသုံးပြုနိုင်တဲ့စွမ်းအင်အရင်းအမြစ်တွေက အကန့်အသတ်ရှိနေတာကြောင့် ဒီလိုဖြစ်ရတာလို့ ဗြိတိန်နိုင်ငံ လန်ဒန်ကောလိပ်တက္ကသိုလ် (UCL) က ဦးနှောက်သိမှတ်မှုအရေး အာရုံကြောသိပ္ပံပညာရှင် ပါမောက္ခ နီလီ လာဗီက ပြောပါတယ်။
"ဦးနှောက်ထဲမှာ အာရုံကြောစွမ်းအင် အဆက်မပြတ်ရှိနေပေမဲ့ အဲဒီထက်ပိုပြီး မတိုးနိုင်ပါဘူး" လို့ သူက ပြောပါတယ်။ ပါမောက္ခ နီလီ လာဗီဟာ အာရုံစူးစိုက်မှုနဲ့ သိမှတ်မှုထိန်းချုပ်ရေးဆိုင်ရာ Load Theory ကို တီထွင်ခဲ့သူဖြစ်ပါတယ်။
လူ့ ဦးနှောက်ဟာ ပျမ်းမျှ လူတစ်ယောက်ရဲ့ကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပေမဲ့ ခန္ဓာကိုယ်က အသုံးပြုတဲ့အောက်ဆီဂျင်ကနေ ရတဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုတယ်လို့ သူက ပြောပါတယ်။
ပညာရှင်တွေကတော့ တစ်ခါတလေ တစ်ကြိမ်တည်းမှာ အလုပ်တစ်ခုထက်မနည်းလုပ်ဖို့ ကြိုးစားတာဟာ လူတွေရဲ့အာရုံမှာ အနှောင့်အယှက်တွေ ပိုခံရလွယ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MoMo Production via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာဗီရဲ့သီအိုရီအရ အာရုံထွေပြားစရာတွေကို လျစ်လျူရှုပြီး အလုပ်တစ်ခုကို အာရုံစူးစိုက်နိုင်စွမ်းဟာ အဲဒီအလုပ်နဲ့ပတ်သက်ပြီး လူ့ ဦးနှောက်ရဲ့ "အာရုံစိုက်နိုင်တဲ့၀န်အနည်းအများ" အပေါ် မူတည်နေပါတယ်။
အလုပ်တစ်ခုကို လုပ်ဖို့ ကိုယ့်ဦးနှောက်က အာရုံခံတာနဲ့ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေကို ဦးနှောက်က ချိတ်ဆက်သိမှတ်လိုက်ရတဲ့၀န် အတိုင်းအဆကို ဆိုလိုတာဖြစ်ပါတယ်။
အာရုံထွေပြားစေတဲ့ကိစ္စတွေအပေါ် ဦးနှောက်ရဲ့တုံ့ပြန်မှုဟာ ကိုယ်အာရုံစိုက်နေတဲ့အလုပ်မှာ သတင်းအချက်အလက် ဘယ်လောက်အထိ ကိုင်တွယ်ရတယ်ဆိုတာနဲ့ ဆုံးဖြတ်တယ်လို့ ပါမောက္ခလာဗီက ပြောပါတယ်။ ဒါကို လေ့လာချက်ပေါင်းမြောက်မြားစွာက သက်သေပြခဲ့ပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သဘောကတော့ လုပ်တဲ့အလုပ်က ခက်ခဲ ရှုပ်ထွေးနေတယ်ဆိုရင် ဦးနှောက်ဟာ အာရုံစိုက်နိုင်တဲ့၀န် အားလုံးနီးပါးကို သုံးစွဲလိုက်ရပြီဖြစ်လို့ အဲဒါနဲ့မဆိုင်တဲ့ပြင်ပကိစ္စတွေကို သိမှတ်ဖို့ နည်းသွားပြီး သဘာဝအတိုင်း အာရုံပျံ့လွင့်မှု နည်းသွားတယ်လို့ သူက ရှင်းပြပါတယ်။
"ဒီတော့ ကျန်တဲ့ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိနိုင်၊ မကြားနိုင်တော့တာမျိုး ဖြစ်သွားနိုင်တယ်'' လို့ သူက ပြောပြပါတယ်။ ကိုယ့်အာရုံဟာ လုပ်နေတဲ့အလုပ်တစ်ခုအပေါ်မှာပဲ ရောက်သွားလို့ ဘေးနားမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သတိမထားမိတော့တဲ့ဖြစ်စဉ်ကို ရည်ညွှန်းတာပါ။
ဒါပေမဲ့ လုပ်နေတဲ့အလုပ်က အဲဒီလောက် အာရုံမစိုက်ရဘူးဆိုရင် အားအကုန် မသုံးရတာကြောင့် ဘေးပန်းကို အာရုံထားမိ နိုင်ပါတယ်။ ပန်းကန်ဆေးတာမျိုးလို ပေါ့ပေါ့ပါးပါးလုပ်နေချိန်မှာ ဘေးကို အာရုံရောက် လွယ်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ပါမောက္ခ လာဗီရဲ့သုတေသနအရဆိုရင် လူတွေဟာ အလုပ်တစ်ခုထက်မနည်းကို တပြိုင်နက်တည်း လုပ်မယ်ဆိုရင် ပိုပြီး အာရုံပျံ့လွင့်လွယ်ပါတယ်။
ပါမောက္ခ လာဗီကတော့ ဦးနှောက်ကို ''အမှုဆောင်ချုပ်'' တစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး ဦးနှောက်ဟာ အလုပ်တစ်ခု၊ တာ၀န်တစ်ခုကိုပဲ ကြီးကြပ်ဦးဆောင် ထိန်းလုပ်တဲ့အလုပ်ကို လုပ်တယ်လို့ ပြေပါတယ်။
"အဲဒီထိန်းချုပ်တဲ့လုပ်တဲ့အလုပ်ကို ယူထားတဲ့ဦးနှောက်ကို အလုပ်တစ်ခုထက်မနည်း သွားလုပ်ခိုင်းတယ်ဆိုရင် အာရုံထွေပြား ပျံ့လွင့်လွယ်ဖို့ ပိုဖြစ်သွားပါတယ်။''
''အဲဒီအခါမှာ အာရုံစိုက်နိုင်စွမ်း၀န်ဟာ တကယ်လုပ်ရမယ့်အလုပ်ထက် တခြား ဘေးပန်းက အာရုံပျံ့လွင့်စရာတွေဆီကို ရောက်သွားစေတယ်''
ဂေါ်ရီလာလို့ဆိုတဲ့ပြောသံကို မကြားမိခြင်း
လန်းဒန်တက္ကသိုလ်လက်အောက်က Royal Holloway မှာ အာရုံစူးစိုက်မှုအကြောင်းလေ့လာချက်(Attention Lab) ကို ဦးဆောင်နေတဲ့ သိမြင်မှုစိတ်ပညာပါမောက္ခ ပိုလီ ဒေါ်တန်ဟာ မရည်ရွယ်ဘဲ မကြားမိတာ( inattentional deaf)နဲ့ မရည်ရွယ်ဘဲ မမြင်မိတာ(inattentional blindness) နှစ်မျိုးစလုံးကို လေ့လာခဲ့ပါတယ်။
စမ်းသပ်မှုတစ်ခုမှာ ဒယ်လ်တန်က ပါဝင်သူတွေကို ပါတီပွဲအတွက် ပြင်ဆင်နေတဲ့လူတွေ အချင်းချင်း စကားပြောနေတဲ့အသံဖိုင်တစ်ခုကို နားထောင်ခိုင်းခဲ့ပါတယ်။
သူတို့ကို အမျိုးသမီးတစ်ယောက်ရဲ့အသံကိုသာ အာရုံစိုက်ပြီး အမျိုးသားတစ်ယောက်ရဲ့အသံကို လျစ်လျူရှုခိုင်းခဲ့ပါတယ်။
သူတို့ အဲဒီလိုလုပ်နေချိန်မှာ "ကျွန်တော် ဂေါ်ရီလာပါ" လို့ ၁၉ စက္ကန့်ကြာ ထပ်ခါထပ်ခါ ပြောနေတဲ့ အခြားအသံတစ်ခု ဝင်လာခဲ့ပါတယ်။
အမျိုးသမီးရဲ့အသံကို အာရုံစိုက်ထားသူတွေထဲက ၇၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အဲဒီအသံကို သတိမထားမိခဲ့ကြပါဘူး။
ဒါဟာ အာရုံပျံ့လွင့်စေနိုင်တဲ့ ကမ္ဘာကြီးထဲမှာ အာရုံစူးစိုက်နိုင်ဖို့ ဘာကို အာရုံစိုက်မလဲ ဆိုတာ ရွေးချယ်နိုင်စွမ်းက အလွန်အရေးကြီးတယ်ဆိုတာ ပြသနေတယ်လို့ သူက ရှင်းပြပါတယ်။
"ဒါပေမဲ့ တစ်ဖက်မှာလည်း အဲဒီစွမ်းရည်ကြောင့် ပတ်ဝန်းကျင်ထဲက အပြောင်းအလဲတွေကို တစ်ခါတလေ မသိလိုက်ဘဲ ဖြစ်သွားစေပါတယ်" လို့ သူက ပြောပါတယ်။
လူ့ ဦးနှောက်ဟာ ဘယ်အရာက တကယ်အရေးကြီးတဲ့အာရုံအနှောင့်အယှက်လဲ ဆိုတာကို ခွဲခြားဖော်ထုတ်ရာမှာ တစ်ခါတရံ အခက်အခဲ ရှိတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Westend61 via Getty Images
ဒါကြောင့် လူသားတွေအနေနဲ့ ဟန်ချက်ညီမျှအောင် လုပ်ဖို့ လိုတယ်လို့ ဒယ်လ်တန်က ပြောပါတယ်။
"တစ်ခါတလေမှာ အရေးကြီးတာကို အာရုံပျံ့လွင့်ဖို့လည်း လူ့ သဘောအရ လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။
"'ဒါပေမဲ့ ဘယ်ကိစ္စကို ခေါင်းထဲ ထည့်မယ်၊ မထည့်ဘူးလို့ဆိုပြီး ရွေးချယ်လွန်းနေပြန်ပြီဆိုရင်လည်း ကမ္ဘာပေါ်မှာ အရေးကြီးတာတွေ ဘာဖြစ်နေလဲဆိုတာ သတိမထားမိဖြစ်နိုင်ပြန်တယ်"
ဒါပေမဲ့ ပါမောက္ခ လာဗီ ကတော့ ဒါဟာ ဦးနှောက်ကို ခိုင်းတဲ့အလုပ်အမျိုးအစားပေါ် မူတည်တယ်လို့ ဆိုပါတယ်။
"အလုပ်နှစ်ခုစလုံးက ခက်ခဲမှု မရှိဘူးဆိုရင် စွယ်စုံလုပ်တဲ့နေရာမှာ အကျိုးကျေးဇူးရှိပါတယ်။ ဦးနှောက်မှာ သုံးဖို့ပိုနေတဲ့နေရာကို ဘယ်နေရာမှာ သုံးမလဲဆိုတာ ကိုယ့်ဘာသာ ထိန်းချုပ်နိုင်ပြီး တခြား အာရုံအနှောင့်အယှက်တွေဘက် မရောက်သွားအောင် လုပ်လို့ရပါတယ်" လို့ သူက ရှင်းပြပါတယ်။
"ကိုယ်က အလုပ်နှစ်ခုကို အာရုံစိုက်ဖို့ လိုအပ်တယ်၊ နှစ်ခုစလုံးကလည်း အလွန်လွယ်ကူ နေတယ်ဆိုရင်တော့ အာရုံစူးစိုက်မှုကို ထိန်းထားနိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ လုပ်သင့်ပါတယ်" လို့ သူက ပြောပါတယ်။
"လူ့ ဦးနှောက်က ဆင့်ကဲပြောင်းလဲလာတဲ့ပတ်ဝန်းကျင်မှာတော့... သတင်းအချက်အလက် အစအနတစ်ခုချင်းစီတောင် အလွန်အရေးကြီးနိုင်တယ်" လို့ မစ်လာက ပြောပါတယ်။
"ချုံပုတ်ထဲမှာ အသံမြည်တာက ကျားတစ်ကောင်က ကိုယ့်ကို ခုန်အုပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်လည်း ဖြစ်နိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ တစ်ချိန်က အသက်ရှင်ဖို့ အထောက်အကူဖြစ်ခဲ့တဲ့ အဲဒီ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေဖြစ်မှုဟာ အခုအခါ "လူ့အာရုံကို လုပြိုင်နေတဲ့" အရာတွေ များလွန်းတဲ့အတွက် အလွန်အမင်း အလုပ်လုပ်နေတယ်လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ ဦးနှောက်က အသိပညာကို ဆာလောင်တဲ့စိတ်နဲ့ ဆင့်ကဲပြောင်းလဲလာတာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သတင်းအချက်အလက် အရင်းအမြစ်တွေ သိပ်မများခဲ့ပါဘူး။ အခုတော့ များလာပါပြီ။ ဦးနှောက်မှာ အဲဒီ ဆာလောင်မှု ရှိနေတဲ့အတွက် အရာအားလုံးကို အာရုံမစိုက်ဘဲ မနေနိုင်တော့ပါဘူး" လို့ သူက ရှင်းပြပါတယ်။
ဒီအချက်ကို လာဗီ ကလည်း သဘောတူပါတယ်။
"အခု ကျွန်မတို့ဟာ အမြဲတမ်း အသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေအောက်မှာ မနေတော့ပါဘူး။ ဒါကြောင့် နိုတီဖီကေးရှင်းသံ ကလောင်ဆိုပြီး တက်လာတာကို ဦးနှောက်က အရေးကြီးတယ်လို့ ထင်နေပြီ"
အာရုံစူးစိုက်နိုင်ဖို့ ဘာလုပ်နိုင်မလဲ
အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် တက္ကသိုလ် က ပါမောက္ခ ဆိုဖီ လီရွိုင်းက တစ်နေ့တာအတွင်း လု့အာရုံစူးစိုက်နိုင်စွမ်းဟာ အတက်အကျ ရှိတယ်လို့ ပြောပါတယ်။
သူက အာရုံထွေပြားခြင်းက လုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လို သက်ရောက်တယ်ဆိုတာကို လေ့လာနေသူ ဖြစ်ပါတယ်။
"တစ်ခါတလေ ကျွန်မတို့ ကောင်းကောင်း အနားယူထားပြီး ကိုယ်လုပ်နေတဲ့ အရာထဲမှာ အပြည့်အဝ စိတ်ဝင်စားနေတတ်ပါတယ်။ အဲဒီအခါ ပိုမြန်မြန်၊ ပိုကောင်းကောင်း ကိုင်တွယ်နိုင်စွမ်းက ပိုတိုးလာပါတယ်" လို့ သူက BBC podcast CrowdScience ကို ပြောခဲ့ပါတယ်။
မစ်လာကတော့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ "အာရုံလွှဲစရာတွေကို ဖယ်ရှားခြင်း" ဖြစ်တယ်လို့ ပြောပါတယ်။
"အလုပ်တစ်ခုတည်းကို အာရုံစိုက်လုပ်တာကို လေ့ကျင့်နိုင်ပါတယ်။ အချိန်သံပတ် တစ်ခုထားပြီး ၁၀ မိနစ်လောက် ဆက်တိုက် အလုပ်လုပ်နိုင်ပါတယ်" လို့ သူက ရှင်းပြပြီး ငါးမိနစ်စီ တိုးမြှင့်သွားဖို့ အကြံပြုပါတယ်။
ဒယ်လ်တန်ကတော့ တချိန်လုံး မျက်စိကို အနားမပေးတာကို လျှော့ချတာကလည်း တစ်ခါတလေ ဦးနှောက်ကို အခြားခံစားမှုတွေအပေါ် အာရုံပိုစိုက်နိုင်အောင် ကူညီတယ်လို့ ပြောပါတယ်။
"မျက်လုံးမှိတ်လိုက်တာနဲ့ ပိုအားကောင်းလာစေချင်တဲ့အတွေ့အကြုံမျိုးစုံ ရှိနိုင်ပါတယ်" လို့ သူက ရှင်းပြပါတယ်။
အဲဒီအစား သူက ဂီတနားထောင်တာလို ရိုးရှင်းတဲ့နည်းလမ်းကို အကြံပြုပါတယ်။
အာရုံစူးစိုက်ဖို့ မလွယ်တဲ့အလုပ်တွေမှာတော့ ပုံကြမ်းဆွဲတာ ဒါမှမဟုတ် fidget toy အသုံးပြုတာလို နူးညံ့တဲ့ဒုတိယလှုပ်ရှားမှုတစ်ခု ထည့်ပေးခြင်းက လူတချို့အတွက် အာရုံစိုက်မှုကို အထောက်အကူပြုနိုင်တယ်လို့ ဒယ်လ်တန်က ပြောပါတယ်။
ဒါ့အပြင် "အာရုံကို ဂရုစိုက်ထားပြီး လက်ရှိ ကိုယ်နဲ့ သက်ဆိုင်နေတဲ့ သတင်းအချက်အလက်ကို ဦးစားပေး ကိုင်တွယ်၊ မဆိုင်မယ့်ကိစ္စတွေကို နောက်ကိုပို့တဲ့ စွမ်းရည်" ကိုလည်း လေ့ကျင့်နိုင်တယ်လို့ သူက ပြောပါတယ်။
သူက မကြာသေးခင်ကပဲ အီးမေးလ်၀င်သံတွေကို ပိတ်ထားလိုက်ပါတယ်။
"ကျွန်တော်တို့ထဲက လူအတော်များများဟာ နည်းပညာကို ဘယ်လို သတ်မှတ်အသုံးပြုမလဲ၊ ဘယ်လို အပြန်အလှန် ဆက်ဆံမလဲဆိုတာကို ပိုသေချာစဉ်းစားပြီး ဆောင်ရွက်နိုင်ပါတယ်" လို့ သူက အကြံပြုပါတယ်။





















