တိုင်းပြည်စီးပွားရေးမကောင်းချိန် နိုင်ငံ့အသုံးစရိတ်အမြင့်ဆုံးရောက်

ဓာတ်ပုံ ရင်းမြစ်, PPIB
နေပြည်တော်အစိုးရရဲ့ ဒီနှစ်အတွက် အသုံးစရိတ်စုစုပေါင်းက ကျပ်ဘီလျံ ငါးသောင်း ခုနစ်ထောင် (၅၇ ထရီလျံ) ကျော်အထိ ရှိလာမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးလိုက်လို့ပါ။
အစိုးရအသုံးစရိတ်က မနှစ်က ထရီလျံ ၅၀ (တစ်ထရီလျံမှာ ဘီလျံတစ်ထောင်ရှိ) အထက်ကိုရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ၅၇ ထရီလျံ အထိ ရောက်လာနိုင်တာပါ။
ဒီထဲမှာ ကာကွယ်ရေးအသုံးစရိတ်က ကျပ်ဘီလျံ တစ်သောင်းကျော် (၁၀,၅၃၃ ဘီလျံ) အထိရှိလာပြီး သမိုင်းတလျှောက် စံချိန်တင်အမြင့်ဆုံးအသုံးစရိတ် ဖြစ်လာပါတယ်။
လွှတ်တော်က ကာကွယ်ရေးအသုံးစရိတ် မဖြတ်တောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလျံ ရှစ်ထောင်နီးပါးသုံးဖို့ ခွင့်ပြုထားပြီးဖြစ်ပေမဲ့ ဘီလျံ ၂,၅၀၀ ကျော် ထပ်တောင်းလာတာဖြစ်ပါတယ်။
လွှတ်တော်မှာ စိစစ်ရေးပူးပေါင်းအဖွဲ့တွေရှိပေမဲ့ တောင်းခံငွေက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကျိုးကြောင်းဆီလျော်တယ်ဆိုပြီး ခွင့်ပြုခဲ့ပါတယ်။
"ဒီလောက် ဘီလျံနဲ့ချီတဲ့ ထပ်တိုးအသုံးစရိတ်တောင်းခံငွေတွေကို စိစစ်ဖို့ အချိန် တစ်ပတ်ကျော်ပဲ ရခဲ့တယ်"လို့ စိစစ်ရေးအဖွဲ့မှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီနှစ်အတွက် စစ်အသုံးစရိတ်က တစ်နိုင်ငံလုံးအသုံးစရိတ်စုစုပေါင်းရဲ့ ငါးပုံတစ်ပုံဝန်းကျင်အထိ ရှိနေပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တုန်းက ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၅,၆၀၀ ကျော်ရှိခဲ့ရာကနေ နှစ်နှစ်ကျော်အတွင်း ဘီလျံတစ်သောင်းကျော်အထိ ရောက်လာတာဖြစ်ပါတယ်။
ဒီနှစ်အတွက် ပညာရေးအသုံးစရိတ်က ဘီလျံ ၃,၆၀၀ ကျော် ဖြစ်ပြီး ကျန်းမာရေး အသုံးစရိတ်ကိုတော့ ဘီလျံ ၁,၅၀၀ ကျော်ပဲ သုံးထားပါတယ်။
ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ် နှစ်ခုပေါင်းရင်တောင် ကာကွယ်ရေးအသုံးစရိတ်ရဲ့ တစ်ဝက်ဝန်းကျင်ပဲရှိပါတယ်။
မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်မှာ တရုတ်နဲ့ ရုရှားဆီက လက်နက်တွေ ဝယ်လို့ ကုန်ကျစရိတ်တွေလည်း ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ထုတ်ပြန်ခဲ့တဲ့ 'သေမင်းတမန် ကုန်သွယ်မှု' လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဒီအကြောင်းဖော်ပြဖူးပါတယ်။
နှစ်နှစ်ကျော်အတွင်း မြန်မာစစ်တပ်ဟာ အမေရိကန်ဒေါ်လာ တစ်ဘီလျံထက်မနည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့ရာမှာ ရုရှား၊ တရုတ်နဲ့ စင်္ကာပူတို့ဆီက အများဆုံးဖြစ်ပြီး အဲဒီနိုင်ငံတွေနောက်မှာ အိန္ဒိယ နဲ့ ထိုင်းက အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။
လိုငွေ တစ်ထရီလျံကျော်သွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစိုးရရဲ့ဘတ်ဂျက်စာရင်းတွေအရ ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက်လိုငွေပြခဲ့ပြီး ဒီနှစ်ကတော့ အများဆုံးပါ။
လက်ရှိဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စရေးတုန်းက ကျပ်ဘီလျံ ၈,၉၈၅ ကျော်အထိ လိုငွေပြမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အစိုးရသက်တမ်း ၆ လကျော်လာချိန်မှာ လိုငွေပိုပြလာပါတယ်။
နိုဝင်ဘာလမှာ လွှတ်တော်ရဲ့နောက်ဆုံးစိစစ်ချက်အရ ရငွေက ကျပ် ၄၅ ထရီလျံကျော်ရဖို့ မှန်းထားပြီး သုံးငွေက ၅၆ ထရီလျံကျော်သုံးဖို့လျာထားပါတယ်။
ဒါကြောင့် ဒီဘတ်ဂျက်နှစ်အကုန်မှာ လိုငွေက တစ်ထရီလျံကျော် (၁၁,၄၁၈ ဘီလျံ) အထိ ရှိလာနိုင်ပါတယ်။
ငွေသားစာရင်းအရ စုစုပေါင်းလိုငွေကတော့ ငွေကျပ် ၂၁၃ ဘီလီယံ ဖြစ်ပေါ်ခဲ့တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်က နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
မနှစ်ကလည်း ၇,၃၁၁ ဘီလျံကျော်အထိ လိုငွေပြခဲ့ပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာဆိုရင်လည်း လိုငွေက ကျပ် ၄,၃၀၈ ဘီလျံ ရှိခဲ့ပါတယ်။
"ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာတော့ ဘတ်ဂျက်လိုငွေ တွေ့ရမှာပဲ" လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
ငလျင်လို သဘာဝဘေးနဲ့ လူလုပ်ဘေးဒဏ်တွေကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးစရိတ်လိုငွေပြတာက လိုအပ်ချက်အရ သုံးစွဲရတာကြောင့်လို့ သူက ပြောပါတယ်။
ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲမှုကို ထုတ်လုပ်မှု၊ တိုးတက်မှုနဲ့ မချိတ်ဆက်နိုင်ရင် ဈေးနှုန်းတွေအပေါ် ဖိအားဖြစ်စေနိုင်တယ်လို့ မလှိုင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
"ပြည်တွင်းထုတ်လုပ်မှုမတိုးတက်ဘဲ ငွေကြေးလည်ပတ်မှုပဲ တိုးလာရင် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာနိုင်တာကို သတိထားစောင့်ကြည့်ဖို့လိုမယ်" လို့ သူက ဆွေးနွေးခဲ့ပါတယ်။
အရှုံးပေါ်နေတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ

ဓာတ်ပုံ ရင်းမြစ်, PPIB
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက်မှာ စိတ်ဝင်စားစရာတစ်ခုက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အကြောင်းပါ။
ဒီနှစ်ထဲ ဝန်ကြီးဌာန ၈ ခုက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ သုံးငွေက ဘီလျံ ၁၅,၀၀၀ ခွဲကျော်အထိ ရှိနေတာတွေ့ရပါတယ်။ ဒါက ကာကွယ်ရေးအသုံးစရိတ်ထက်တောင် များတဲ့ပမာဏပါ။
တစ်ခုရှိတာက ဒီလုပ်ငန်းတွေက ငွေပြန်ဝင်ပြီး ဘီလျံ ၁၃,၅၀၀ နီးပါးအထိ ပြန်ရဖို့မှန်းထားပါတယ်။
လိုငွေက ဘီလျံ ၁,၆၅၅ အထိ ပြနေပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ ဘတ်ဂျက်စဆွဲကတည်းက လိုငွေပြနေပြီလို့ လွှတ်တော်ကစိစစ်တွေ့ရှိခဲ့ပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအရှုံးပေါ်ရတာက လျှပ်စစ်မီးလုံလောက်အောင်မရတာ၊ ပြည်ပကသွင်းတဲ့ကုန်ကြမ်းပြတ်လပ်တာ၊ စက်ပစ္စည်းတွေခေတ်မမီတော့တာ၊ အမြတ်အစွန်းထက် အများပြည်သူဝန်ဆောင်မှုကို ဦးစားပေးရတာ စတဲ့ အခက်အခဲတွေကြာင့်လို့ လွှတ်တော်က ထောက်ပြပါတယ်။
အလုပ်မဖြစ်တဲ့ စက်ရုံတွေ ရပ်ထားရတာတောင် ဝန်ထမ်းလစာတွေပေးနေရတယ်လို့ တွေ့ရှိရပါတယ်။
ဝန်ကြီးဒေါက်တာကံဇော်ကတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအခု ၃၀ မှာ ၂၂ ခုက မြတ်နေပြီး အခွန်တွေလည်းဆောင်နေတဲ့အကြောင်း တုံ့ပြန်ပါတယ်။
အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေထဲမှာ မြန်မာ့မီးရထား၊ မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့လို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပါဝင်နေတဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက အများဆုံး အရှုံးပေါ်နေပြီး ၈၃၉ ဘီလျံအထိ အရှုံးပေါ်နေပါတယ်။
စက်မှုဝန်ကြီးဌာနလက်အောက်က အကြီးစားစက်မှုလုပ်ငန်း ၃ ခုလည်းအရှုံးပေါ်နေပါတယ်။
မြန်မာ့သစ်လုပ်ငန်းနဲ့ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းလည်း အရှုံးပေါ်နေတဲ့စာရင်းထဲပါနေပါတယ်။
အခွန်တွေ တိုးကောက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိဘဏ္ဍာနှစ်အတွက် ၁၄ ထရီလျံကျော် အခွန်ရဖို့လျာထားရာကနေ ၁၆ ထရီလျံကျော်အထိ ရရှိဖို့ နေပြည်တော်က စီစဥ်နေပါတယ်။
လာမယ့် လေးလအတွင်းမှာ ကျပ် ဘီလျံ ၂,၄၁၆ ကျော်အထိ တိုးမြှင့်ရရှိဖို့ဖြစ်ပါတယ်။
အဓိကတိုးမြှင့်လာတဲ့ အခွန်အမျိုးအစား ၉ မျိုးရှိပြီး ကုန်သွယ်လုပ်ငန်းခွန်၊ မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆု၊ ရုံးခွန်နှင့်တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန်၊ ဝင်ငွေခွန်၊ အကောက်ခွန်၊ ဓာတ်သတ္တုခွန်နှင့်တွင်းဝခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေကနေ အများဆုံးအခွန်ရနေတာ တွေ့ရပါတယ်။
ဝင်ငွေခွန် ၉၃၄ ဘီလျံ တိုးကောက်နိုင်ဖို့ လျာထားပြီး ကုန်သွယ်လုပ်ငန်းခွန်က ၆၆၉ ဘီလျံအထိ တိုးကောက်နိုင်ဖို့ လျာထားတာပါ။
ထပ်တိုးဘက်ဂျက်တောင်းခံငွေထဲမှာ ဗဟိုဘဏ်လည်းပါဝင်ပြီး ငွေစက္ကူရိုက်နှိပ်ခအတွက် ကျပ်ဘီလျံ ၅၀ ကျော် တောင်းခံခဲ့တာဖြစ်ပါတယ်။
ဘဏ်တွေကနေ ငွေထုတ်တဲ့အခြေအနေနဲ့ ဗဟိုဘဏ်ရဲ့ငွေလက်ကျန်အခြေအနေအရ တောင်းခံရခြင်းဖြစ်ပြီး ငွေဘယ်လောက်ရိုက်ထုတ်မယ်ဆိုတာကိုတော့ ထုတ်မပြောသွားပါဘူး။
ဘက်ဂျတ်လိုငွေကို အခွန်နဲ့ မဖြည့်နိုင်ရင် ချေးငွေနဲ့ တခြားဘဏ္ဍာရေးအရင်းအမြစ်တွေအပေါ် မှီခိုလာရနိုင်လို့ ကြွေးမြီတိုးလာနိုင်တယ်လို့ မလှိုင်မဲဆန္ဒနယ်က ဦးအောင်ကျော်သူက သတိပေးပါတယ်။
စစ်ရေးအသုံးစရိတ်ဘက်ကို နေပြည်တော်က အများဆုံးသုံးနေပေမဲ့ စီးပွားရေးကျပ်တည်းမှုကပဲ အစိုးရကို လက်တွေ့အကျပ်ရိုက်စေလိမ့်မယ်လို့ နိုင်ငံရေးနဲ့ စီးပွားရေးကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။

























