ကမ္ဘာရဲ့''လငယ်''တစ်စင်း ထွက်ပေါ်လာ

ပုံဖော်ရေးဆွဲထားသော သရုပ်ဖော်ပုံတွင် ကမ္ဘာပတ်လမ်းအတွင်း လှည့်ပတ်နေသော ဂြိုဟ်သိမ်တစ်စင်းကို ပြသထားသည်။
ဓာတ်ပုံ ပုံစာ, ကမ္ဘာနဲ့ အခြားဂြိုဟ်တချို့ဟာ ဂြိုဟ်သိမ်တွေကို သူတို့ရဲ့ပတ်လမ်းထဲကနေ ဆွဲယူပြီး ယာယီလများအဖြစ် ပြောင်းလဲပါတယ်
    • ရေးသားသူ, ဆမ်ဒရင်း လွန်ဂမ်ဘူ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

နက္ခတ္တဗေဒပညာရှင်တွေအပြောအရ ကမ္ဘာမှာ "လငယ်" (mini-moon) အသစ်တစ်စင်း ရရှိလာပြီဖြစ်ပါတယ်။

2026 QQ8 လို့ နာမည်ပေးထားတဲ့ဂြိုဟ်သိမ်ကို ဟန်ဂေရီနိုင်ငံသား နက္ခတ္တဗေဒပညာရှင် Krisztián Sárneczky က ဩဂုတ်လအတွင်း ပထမဆုံး စူးစမ်းတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တွေ့ရှိချက်ကို ပြီးခဲ့တဲ့လမှာမှ နိုင်ငံတကာ နက္ခတ်ဗေဒဆိုင်ရာသမဂ္ဂ(International Astronomical Union) ရဲ့ Minor Planet Center က တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီဂြိုဟ်သိမ်ဟာ အရွယ်အစားအားဖြင့် ၁ မီတာကနေ ၂ မီတာခန့်သာ ကျယ်ဝန်းပြီး ကမ္ဘာကနေ ကီလိုမီတာ ၅၀၀,၀၀၀ ကျော် (မိုင် ၃၂၃,၀၀၀) အကွာမှာ ရှိပါတယ်။ ဒါဟာ လထက်တောင် ကမ္ဘာနဲ့ ပိုဝေးတဲ့အကွာအဝေးဖြစ်ပါတယ်။

လငယ်တွေဆိုတာ ကမ္ဘာရဲ့ဆွဲငင်အားကြောင့် ဖမ်းယူခံရပြီး ကမ္ဘာပတ်လမ်းအတွင်း ယာယီ လှည့်ပတ်နေကြတဲ့ ဂြိုဟ်သိမ်အသေးစားတွေကို ခေါ်တာဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာရှင်တွေက 2026 QQ8 ဟာ ဧပြီလအတွင်း ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ဖမ်းယူခံခဲ့ရတာလို့ ယုံကြည်ထားပေမဲ့ လာမယ့်လအနည်းငယ်အတွင်းမှာတော့ အဲဒီဆွဲငင်အားကနေ လွတ်မြောက်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမဲ့ ကမ္ဘာအတွက်တော့ အာကာသမှာ ယာယီ လည်ပတ်ဖော် လည်ပတ်ဖက်တွေဟာ လငယ်တွေချည်း မဟုတ်ပါဘူး။

အရံလများ

ကမ္ဘာကနေ ကြည့်မယ်ဆိုရင် ''အရံလ'' တွေဟာ လလိုပဲ ကမ္ဘာကို ပတ်နေသလို မြင်ရတာကြောင့် ဒီအမည်ကို ရရှိထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အနီးကပ် လေ့လာကြည့်လိုက်တဲ့အခါမှာတော့ အဲဒါတွေဟာ တကယ်တမ်း ကမ္ဘာနဲ့အတူ နေကို ပတ်လှည့်နေတဲ့ဂြိုဟ်သိမ်တွေဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မကြာသေးခင်က ဥပမာတစ်ခုကတော့ 2025 PN7 ဖြစ်ပါတယ်။ ဒီဂြိုဟ်သိမ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ တွေ့ရှိခဲ့ပြီး ဆယ်စုနှစ်များစွာကြာအောင် ကမ္ဘာနဲ့ လှုပ်ရှားနှုန်း အလွန်နီးစပ်စွာ ခရီးနှင်နေခဲ့ပါတယ်။

"အရံလတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက ကမ္ဘာကို ပတ်သလို ဂြိုဟ်ကို တကယ်ပတ်နေတာ မဟုတ်ဘဲ ကျွန်တော်တို့အနားတဝိုက်မှာပဲ ရှိနေကြတာပါ" လို့ နက္ခတ္တဗေဒပညာရှင် ဒေါက်တာ ဂျနီဖာ မေးလာ့ဒ်က ရှင်းပြပါတယ်။

2025 PN7 ဟာ အရှည် မီတာ ၂၀ ခန့် ရှိပါတယ်။

"အရမ်းကြီးမားတာတော့ မဟုတ်ပါဘူး။ ရုံးအဆောက်အအုံ အသေးတစ်လုံးလောက် အရွယ်အစားပေါ့။ အဲဒါဟာ နှစ်ပေါင်း ၆၀ လောက် ရှိနေခဲ့ပြီလို့ ယူဆထားပြီး လက်ရှိပတ်လမ်းအရ တွက်ချက်ထားတာအရ နောက်ထပ် နှစ်ပေါင်း ၆၀ လောက် ဆက်ရှိနေဦးမယ်" လို့ ဒေါက်တာ မေးလာ့ဒ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီယာယီ "လများ" ဘယ်တစ်စင်းကမှ ကမ္ဘာရဲ့တစ်ခုတည်းသော သဘာဝဂြိုဟ်တုဖြစ်တဲ့ လနဲ့ မယှဉ်နိုင်ပါဘူး။

"သူတို့က နေကို ပတ်နေကြပေမဲ့ အာကာသထဲမှာ ကမ္ဘာနဲ့ အလွန်ဆင်တူတဲ့လမ်းကြောင်းအတိုင်း ရွေ့လျားနေကြပါတယ်။ ကျွန်မတို့ ကမ္ဘာနဲ့ အရမ်းနီးကပ်နေတဲ့အတွက် ကမ္ဘာကို ပတ်နေသလို မြင်ရတာပါ။ တစ်ခါတလေ ကျွန်မတို့ ရှေ့ကို ရောက်သွားတယ်၊ တစ်ခါတလေ နောက်မှာ ကျန်နေတယ်။ ဒါပေမဲ့ သူတို့ဟာ ဆွဲငင်အားနဲ့ ချည်နှောင်ထားတာ မဟုတ်ပါဘူး။ အဲဒါက ကွာခြားချက်ပါ" လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ ဒီဂြိုဟ်သိမ်တွေ ပတ်လမ်းအတိုင်း လှည့်ပတ်နေစဉ်မှာ ကမ္ဘာရဲ့ ဆွဲငင်အား သက်ရောက်မှုကိုလည်း အနည်းငယ် ခံရပြီး ကမ္ဘာနားကို ပိုမိုနီးကပ်လာစေပါတယ်။

လက်ရှိ သိရှိထားသမျှ ကမ္ဘာရဲ့အရံလအားလုံးဟာ ယာယီသာ ဖြစ်ကြပြီး သူတို့ရဲ့ ပတ်လမ်းတွေက ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုကျော်အထိ ကြာမြင့်နိုင်ပါတယ်။

ဖော်ရေးဆွဲထားသော သရုပ်ဖော်ပုံတွင် ကမ္ဘာကို နောက်ခံထားပြီး လဆီသို့ တိုက်မိမည့် လမ်းကြောင်းပေါ် ရှိနေသော သံဓာတ်ကြွယ်ဝသည့် ဂြိုဟ်သိမ်ကြီးတစ်စင်းကို အာကာသထဲမှ မြင်တွေ့ရပုံကို ပြသထားသည်။
ဓာတ်ပုံ ပုံစာ, လက်ရှိ သိရှိထားသမျှ ကမ္ဘာရဲ့အရံလအားလုံးဟာ ယာယီသာ ဖြစ်ကြပြီး သူတို့ရဲ့ ပတ်လမ်းတွေက ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုကျော်အထိ ကြာမြင့်နိုင်ပါတယ်။

လငယ်များ (mini moons)

အခြားတစ်ဖက်မှာတော့ လငယ်ဆိုတာ ဂြိုဟ်တစ်လုံးကို အမှန်တကယ် ပတ်လှည့်နေတဲ့ အရာဝတ္ထုကို ခေါ်တာဖြစ်ပါတယ်။

ကမ္ဘာရဲ့ လငယ်တွေဟာ ကမ္ဘာရဲ့ ဆွဲငင်အားကြောင့် ယာယီ ဖမ်းယူခံထားရတဲ့ ဂြိုဟ်သိမ်အသေးစားတွေ ဖြစ်ပါတယ်။ အဲဒါတွေက နေအဖွဲ့အစည်း စတင်ဖွဲ့စည်းချိန်က ကျန်ရစ်လာတဲ့ အစိတ်အပိုင်းတွေ ဒါမှမဟုတ် တခြား အာကာသအပျက်အစီးတွေ ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် ကမ္ဘာပတ်လမ်းထဲမှာ တစ်နှစ်မပြည့်ခင်သာ နေထိုင်ကြပါတယ်။

အရွယ်အစား အလွန်သေးငယ်ပြီး ရှာဖွေတွေ့ရှိဖို့လည်း ခက်ခဲတာကြောင့် 2026 QQ8 ကို မတွေ့ရှိခင်အထိ လငယ် လေးစင်းသာ တွေ့ရှိဖူးတယ်လို့ အကျိုးအမြတ်မယူတဲ့ အာကာသအဖွဲ့အစည်း (Planetary Society) က ဆိုပါတယ်။ အဲဒီလေးစင်းထဲက ဘယ်တစ်စင်းမှ ယနေ့မှာ ကမ္ဘာကို ပတ်မနေတော့ပါဘူး။

2026 QQ8 မတိုင်ခင် နောက်ဆုံး တွေ့ရှိခဲ့တဲ့ လငယ်ကတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တွေ့ရှိခဲ့တဲ့ 2024 PT5 ဖြစ်ပါတယ်။

အဲဒီဂြိုဟ်သိမ်ဟာ အရှည် ၁၀ မီတာခန့် ရှိပါတယ်။

ဒါဟာ နေကို ပတ်တဲ့ ကမ္ဘာရဲ့ ပတ်လမ်းနဲ့ ဆင်တူတဲ့ ပတ်လမ်းမှာ ရှိနေတဲ့ အာဂျူနာ (Arjuna) ဂြိုဟ်သိမ်ခါးပတ်ကနေ ရောက်ရှိလာတာလို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ ၎င်းရဲ့ ဓာတုဖွဲ့စည်းမှုကို ဆက်လက် လေ့လာဆန်းစစ်မှုတွေအရ 2024 PT5 ဟာ တကယ်တော့ ရှေးတန်းက ဂြိုဟ်သိမ်တစ်စင်း တိုက်မိမှုကြောင့် လကနေ လွင့်ထွက်လာတဲ့ အပိုင်းအစတစ်ခု ဖြစ်နိုင်တယ်လို့ ညွှန်ပြနေပါတယ်။

အဲဒီအရာဟာ ကမ္ဘာအနီးတဝိုက်မှာ လအနည်းငယ်သာ နေထိုင်ခဲ့ပြီးနောက် အာကာသ အနက်ပိုင်းထဲကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

နက္ခတ္တဗေဒပညာရှင် တချို့ကတော့ ၂၀၅၅ ခုနှစ်မှာ ကမ္ဘာအနီးကို ထပ်မံ ဖြတ်သန်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လနားတွင် ရှိနေသော ဂြိုဟ်သိမ်တစ်စင်းကို ပုံဖော်ထားသည့် သရုပ်ဖော်ပုံ။ ဂြိုဟ်သိမ်မှာ ရွှေရောင်တောက်ပနေပြီး ပိုမိုကြီးမားသော မီးခိုးရောင်လထုကြီးဆီသို့ ချဉ်းကပ်နေသည်။
ဓာတ်ပုံ ပုံစာ, 2024 PT5 လငယ်ဟာ ဂြိုဟ်သိမ်တစ်စင်း လကို တိုက်မိပြီးနောက် ဖြစ်ပေါ်လာတာလို့ ယူဆထားကြပါတယ်

သရဲလ (Ghost moons)

သရဲလတွေကတော့ အမည်နဲ့လိုက်အောင် အမျိုးအစားသုံးမျိုးထဲမှာ အလျှို့ဝှက်ဆန်းကြယ်ဆုံး ဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာရဲ့ ပတ်လမ်းကို မျှဝေသုံးစွဲနေတဲ့ ဖုန်မှုန့်တိမ်စိုင်တွေ ဖြစ်နိုင်တယ်လို့ ယူဆထားကြပြီး ကမ္ဘာက နေကို ပတ်နေချိန်မှာ ကမ္ဘာ့ရှေ့ဘက် ဒါမှမဟုတ် နောက်ဘက်မှာ ရှိနေကြပါတယ်။ ဒါပေမဲ့ အဲဒါတွေ တကယ်ရှိ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ သိပ္ပံဆိုင်ရာသဘောတူညီချက် မရသေးပါဘူး။

ဒါပေမဲ့ ဒေါက်တာ မေးလာ့ဒ် ကတော့ ဒီအယူအဆကို ယုံကြည်လက်ခံနိုင်ဖွယ် ရှိတယ်လို့ မြင်ပါတယ်။

"အာကာသထဲမှာ ဖုန်မှုန့်တွေ အများကြီး ရှိပါတယ်" လို့ သူက ဆိုပါတယ်။

"ဂြိုဟ်များအကြား ဖုန်မှုန့်မှုန်ကလေးတွေ ရှိနေတာကြောင့် ကမ္ဘာပတ်လမ်း တဝိုက်က ဆွဲငင်အား တည်ငြိမ်သည့် နေရာတွေမှာ ဖမ်းယူခံထားရတဲ့ ဖုန်မှုန့်တချို့ ရှိနိုင်တာ ကျွန်မအတွက်တော့ မအံ့ဩပါဘူး။"

အရံလတွေ ဒါမှမဟုတ် လငယ်တွေက အန္တရာယ်ရှိသလား

နက္ခတ္တဗေဒအရ ကြည့်မယ်ဆိုရင် အဲဒီအရာတွေဟာ ကမ္ဘာနဲ့ နီးကပ်တယ်လို့ ဆိုနိုင်ပေမဲ့ အန္တရာယ်ဖြစ်စေလောက်အောင် ဘယ်တော့မှ မနီးကပ်ပါဘူး။

အနီးဆုံး ရောက်လာတဲ့အချိန်မှာတောင် လထက် အကြိမ်ပေါင်းများစွာ ပိုဝေးတဲ့ နေရာမှာပဲ ရှိနေကြပါတယ်။

အာကာသဆိုင်ရာ အတိုင်းအတာနဲ့ ဆိုရင်တော့ အဲဒါကို "အနီးအနား" လို့ သတ်မှတ်နိုင်ပေမဲ့ လက်တွေ့မှာတော့ စိုးရိမ်စရာ ဘာမှ မရှိပါဘူး။

"သူတို့က အမှောင်ထဲကနေ အရှိန်အဟုန်နဲ့ ထွက်လာမယ့် အရာမျိုး မဟုတ်ပါဘူး" လို့ ဒေါက်တာ မေးလာ့ဒ် က ရှင်းပြပါတယ်။

"တကယ်လို့ သူတို့က ကျွန်မတို့ ကမ္ဘာနားကို ပိုနီးလာမယ်ဆိုရင်တောင် အရမ်းနှေးကွေးတဲ့ လှုပ်ရှားမှုမျိုး ဖြစ်မှာပါ။ ကျွန်မတို့ မြင်နိုင်မှာဖြစ်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ သတိပေးချိန် အလုံအလောက် ရမှာပါ။"

ဘယ်ဂြိုဟ်တွေမှာ အရံလတွေ ရှိသလဲ



Mars နှင့် Jupiter ကြားတွင် နေကို ပတ်လှည့်နေသော ဂြိုဟ်သိမ်ခါးပတ်ကို ပုံဖော်ထားသည့် သရုပ်ဖော်ပုံ။ ရှေ့ဘက်တွင် အနီရောင်တောက်နေသော Mars ကို မြင်ရပြီး အဝေးတွင် တောက်ပသော လိမ္မော်ရောင် "မျက်စိ" တစ်လုံးကဲ့သို့ ထင်ရှားနေသည့် မီးခိုးရောင်ဂြိုဟ် Jupiter ကို မြင်တွေ့ရတဲ့ဓာတ်ပုံဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, Jupiter၊ Venus၊ Saturn၊ Neptune နဲ့ Pluto တို့ပတ်ဝန်းကျင်မှာ အရံလတွေကို တွေ့ရှိထားပါတယ်

မကြာသေးခင် ဆယ်စုနှစ်များအတွင်းမှာပဲ တယ်လီစကုပ်တွေက ဒီလို မှိန်ဖျော့ပြီး ရှာဖွေရခက်တဲ့ ဂြိုဟ်သိမ်တွေကို တွေ့ရှိနိုင်လောက်အောင် အာရုံခံနိုင်စွမ်း မြင့်မားလာခဲ့ပါတယ်။

ဒီအရာတွေဟာ လက်ရှိနည်းပညာနဲ့ တောက်ပမှုအရ တွေ့ရှိနိုင်တဲ့ နယ်နိမိတ်အစွန်းမှာ ရှိနေကြပါတယ်။

အဲဒီ နည်းပညာတိုးတက်မှုတွေနဲ့အတူ ကွန်ပျူတာ စွမ်းဆောင်ရည် တိုးတက်လာတာကလည်း သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပုံစံထုတ် တွက်ချက်နိုင်စေပြီး ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အရာဝတ္ထုတွေဟာ တကယ်ပဲ အရံလတွေ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်စေခဲ့ပါတယ်။

"ဒါဟာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ရှာဖွေတွေ့ရှိဖို့ အရမ်းခက်တာသာ ဖြစ်ပါတယ်" လို့ ဒေါက်တာ မေးလာ့ဒ် က ဆိုပါတယ်။

"ကမ္ဘာအနီးမှာတောင် ရှာဖွေရခက်ရင် နေအဖွဲ့အစည်းရဲ့ တခြားနေရာတွေမှာ ဘယ်လောက်ခက်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။"

ယခုအချိန်အထိတော့ Jupiter၊ Venus၊ Saturn၊ Neptune နဲ့ Pluto တို့အနီးမှာ အရံလတွေကို တွေ့ရှိထားပြီး အနာဂတ်မှာ ဒီထက်ပိုမို တွေ့ရှိလာနိုင်ဖွယ် ရှိပါတယ်။

"နေအဖွဲ့အစည်းဟာ အခုထိ အလွန်တက်ကြွပြီး အဆက်မပြတ် ပြောင်းလဲလှုပ်ရှားနေတဲ့ နေရာတစ်ခု ဖြစ်နေဆဲပါ" လို့ ဒေါက်တာ မေးလာ့ဒ် က ထပ်လောင်း ပြောပါတယ်။

"ဒါဟာ သေနေတဲ့ ဒါမှမဟုတ် ငြိမ်သက်နေတဲ့ စနစ်တစ်ခု မဟုတ်ပါဘူး။ အရာအားလုံးက အမြဲတမ်း လှုပ်ရှားနေပါတယ်။"