ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွာရှင်းခွင့်၊ ဖုန်းပိတ်ပင်မှုနဲ့ ထိန်းချုပ်မှု - တာလီဘန်တွေ အာဖဂန်ကိုဘယ်လိုအုပ်ချုပ်နေသလဲ
- ရေးသားသူ, ကာဝွန် ခါမူးရှ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ရေးသားပေးပို့သည့်နေရာ, ရှီဘာဂန်၊ ကဘူးလ်၊ ကန်ဒါဟာ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
ပြည်နယ်အုပ်ချုပ်ရေးမှူး အဘ်ဒူလာ ဆာဟာဒီ တစ်ယောက် လက်ကျိုးသွားတဲ့ကလေးတစ်ယောက် ဆေးကုသနိုင်အောင် ငွေထုတ်ပေးနေသလို၊ ဗလီတစ်လုံးဆောက်ဖို့လည်း ငွေကြေးပေးအပ်နေပါတယ်။
အဲဒီနောက် အာဖဂန်နစ္စတန်မြောက်ပိုင်းက သူ့ရုံးခန်းထဲမှာတော့ မယုံနိုင်စရာ စကားဝိုင်းတစ်ခု ဖြစ်လာပါတယ်။
အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်က မုတ်ဆိတ်ဖြူဖြူနဲ့ တာလီဘန်တပ်မှူးဟောင်းဖြစ်တဲ့အုပ်ချုပ်ရေးမှူးကို သူ့ခင်ပွန်းနဲ့ ကွာရှင်းချင်တယ်လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူဟာ လပေါင်းများစွာ သူ့ကို အနိုင်ကျင့်ရိုက်နှက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
သူကတော့ အုပ်ချုပ်ရေးမှူးက ဘယ်လိုပဲ ငြင်းငြင်း လက်မလျှော့မယ့်ပုံပါ။
အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေကို အလယ်တန်းအဆင့်ကနေစပြီး ကျောင်းတက်ခွင့် ပိတ်ပင်ထားတဲ့အချိန်မှာ ဒီအသက် ၁၈ နှစ်အရွယ် မိန်းကလေးက သူ့အမှုကို တည်တည်ငြိမ်ငြိမ်နဲ့ ယုံယုံကြည်ကြည် ပြောပြပါတယ်။ သူ့မျက်နှာကိုတော့ မျက်နှာအပြည့်ဖုံးထားပြီး နေကာမျက်မှန်တပ်ထားပါတယ်။
"သူနဲ့ တစ်မိုးအောက်တည်း ဆက်နေလို့ရမယ့်နည်းလမ်း တစ်နည်းနည်းရှိမယ်ဆိုရင်တောင် ကျွန်မ ဒီအထိ လာမှာမဟုတ်ဘူး … ကျွန်မ ဆုံးဖြတ်ပြီးပါပြီ" လို့ သူက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးက ကွာရှင်းမယ့်အစား ခင်ပွန်းနဲ့ ပြန်ညှိပြီး ဆက်နေဖို့ အရင်ကြိုးစားဖျောင်းဖျခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေဟာ "အတွေးအခေါ်မရှိဘူး"၊ "ဉာဏ်ရည်ချို့တဲ့တယ်" လို့ ပြောခဲ့ပြီး သူ့အနားက အမျိုးသားအရာရှိတွေ၊ ကိုယ်ရံတော်တွေနဲ့ ရပ်မိရပ်ဖတွေက ရယ်မောခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်က ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်မှာ အမေရိကန်ကျောထောက်နောက်ခံပြု အစိုးရကို ဖြုတ်ချပြီး တာလီဘန်တွေ အာဏာပြန်ရလာတာ ငါးနှစ်အကြာ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက် လူတွေရဲ့နေ့စဉ်ဘဝ ဘယ်လိုရှိနေသလဲဆိုတာကို ရှားရှားပါးပါး မြင်တွေ့ခွင့်ရစေတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။
ဒီကာလအတွင်း အမျိုးသမီးတွေဟာ အလုပ်အကိုင်အများစုမှာ လုပ်ကိုင်ခွင့်မရတော့သလို တက္ကသိုလ်တက်ခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။ တစ်ယောက်တည်း ခရီးသွားတာ၊ ပန်းခြံတွေ၊ အပန်းဖြေစခန်းတွေကို သွားတာတွေလည်း ခွင့်မပြုပါဘူး။
ဘီဘီစီကလည်း ဒီ၂ နှစ် တာကာလအတွင်း တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ပြီး တာလီဘန်အဖွဲ့ထဲက သြဇာရှိတဲ့သူတွေကို ပုံမှန်ထက် ပိုမိုနီးကပ်ပြီး လေ့လာခွင့်ရခဲ့ပါတယ်။ တစ်ချိန်က အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ စီစဉ်ခဲ့ဖူးသူတွေ၊ မြေအောက်ပုန်းခိုရာနေရာတွေမှာ နှစ်နဲ့ချီ ပုန်းနေခဲ့သူတွေဟာ အခုတော့ အစိုးရအရာရှိတွေ၊ စစ်သားတွေအဖြစ် တာဝန်ယူနေကြတာပါ။
တာလီဘန်တွေ အာဏာပြန်ရလာချိန်မှာ သူတို့ ပြောင်းလဲသွားပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုကျင့်သုံးနေတဲ့ မူဝါဒအများစုဟာ ၁၉၉၀ ပြည့်နှစ်တွေတုန်းက သူတို့ချမှတ်ခဲ့တဲ့ ရှာရီယာဥပဒေ (အစ္စလာမ်ဘာသာရေးဥပဒေ) ကို တင်းတင်းကျပ်ကျပ် အဓိပ္ပာယ်ဖွင့်ဆိုပြီး ကျင့်သုံးခဲ့တဲ့ပုံစံနဲ့ ဆင်တူနေဆဲ ဖြစ်ပါတယ်။
ဘီဘီစီက တွေ့ဆုံခဲ့တဲ့ တာလီဘန်အမျိုးသားတွေကတော့ သူတို့ကိုယ်သူတို့ အကျိုးအကြောင်းလျော်ညီ နားလည်ပြီး ဆင်ခြင်တတ်တဲ့သူတွေပုံစံ ပြချင်ကြပေမဲ့ အရင်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း ပြောဖို့တော့ သိပ်စိတ်မဝင်စားကြပါဘူး။
တစ်ဖက်မှာလည်း အုပ်ချုပ်နေသူတွေနဲ့ အုပ်ချုပ်ခံနေရသူတွေကြား အဆင်မပြေမှုတွေ၊ မသက်မသာဖြစ်နေတဲ့အခြေအနေတွေကို ဘီဘီစီက တွေ့မြင်ခဲ့ရပါတယ်။
အုပ်ချုပ်ရေးမှူး ဆာဟာဒီက တူဘာ လို့ခေါ်တဲ့အမျိုးသမီး (နာမည်အရင်းမဟုတ်ပါ) ကို ခင်ပွန်းနဲ့ ဆက်ပြီး အိမ်ထောင်ရေးကို ထိန်းသိမ်းထားသင့်တယ်လို့ ပြောပါတယ်။
"မင်း ကွာရှင်းပြီးသွားရင် 'ငါ့ကို ဘယ်သူက လက်ထပ်မှာလဲ' ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ" လို့ ဆာဟာဒီက တူဘာကို ပြောပါတယ်။ " မင်း အများကြီး အလျှော့ပေးရလိမ့်မယ်။ မဟုတ်ရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အရိုအသေကို ဆုံးရှုံးသွားနိုင်တယ်" လို့လည်း ပြောပါတယ်။
တူဘာကတော့ "အုပ်ချုပ်ရေးမှူးကြီး ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ အရိုအသေက ပျက်ပြားခဲ့ရပြီးဖြစ်နေပါပြီ" လို့ ပြန်ပြောပါတယ်။သူ့ ရဲ့ ခင်ပွန်းကတော့ ဘာမှမပြောသေးဘဲ သူ့အလှည့်ကို စောင့်ရင်းနားထောင်နေပါတယ်။
ရှာရီယာဥပဒေအရ ခင်ပွန်းဖြစ်သူကို ကွာရှင်းပေးဖို့ တောင်းဆိုတဲ့အမျိုးသမီးဟာ လက်ထပ်တုန်းက ခင်ပွန်းဖြစ်သူ ပေးထားတဲ့ငွေကြေးတချို့ ဒါမှမဟုတ် အားလုံးကို ပြန်ပေးရတာမျိုး ရှိနိုင်ပါတယ်။ အများအားဖြင့်လည်း နှစ်ဖက်သဘောတူ ငွေကြေးပေးချေမှုတစ်ခု သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးရဲ့ခင်ပွန်းကတော့ မူလပေးထားတဲ့ငွေရဲ့လေးဆ ပြန်ပေးစေချင်တယ်လို့ ပြောပါတယ်။ အမျိုးသမီးရဲ့မိသားစုကတော့ အဲဒီငွေပမာဏကို ပေးဖို့ ငြင်းဆိုပါတယ်။
အုပ်ချုပ်ရေးမှူးကတော့ အမျိုးသမီးကို သူ့အတွက် သီးသန့်အခန်းတစ်ခန်း ပေးထားသင့်တယ် လို့ ပြောပါတယ်။ သူ့ခင်ပွန်းကိုလည်း "သူ့ ကို မရိုက်ဖို့ အာဏာပိုင်တွေက သတိပေးထားမယ်၊ မဟုတ်ရင် ထောင်ချခံရလိမ့်မယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ တူဘာရဲ့မိသားစုကတော့ ဒီဖြေရှင်းချက်နဲ့ မကျေနပ်ပါဘူး။ တရားရုံးကနေတစ်ဆင့် ကွာရှင်းခွင့်ရအောင် ဆက်လက်ကြိုးစားသွားမယ်လို့ တူဘာရဲ့ဖခင်က နောက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ တာလီဘန်တွေရဲ့ တရားရုံးစနစ်အောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ သဘောတူညီချက်မရှိဘဲ အမျိုးသမီးတစ်ဦးအနေနဲ့ ကွာရှင်းခွင့်ရဖို့ အလွန်ခက်ခဲပါတယ်။
ဆာဟာဒီဟာ တာလီဘန်တွေ ပထမအကြိမ် အာဏာရခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်တပ်တပ်မှူးတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက တာလီဘန်တွေကို အာဏာကနေ ဖယ်ရှားခဲ့ချိန်မှာ လက်နက်ချခဲ့တဲ့ တာလီဘန်တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာထဲမှာ သူလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်တို့ရဲ့ ဂွါတာနာမိုပင်လယ်အော် အကျဉ်းစခန်းမှာ နှစ်အတော်ကြာ ထိန်းသိမ်းခံခဲ့ရပေမဲ့ နောက်ဆုံးမှာ ပြန်လွတ်လာခဲ့ပါတယ်။
တာလီဘန်တွေ အာဏာပြန်ရလာတဲ့အခါ ဆာဟာဒီဟာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ ပထမဆုံး ဗာမီယန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့ပြီး ဘီဘီစီက သူနဲ့ ၂၀၂၆ ခုနှစ် ဇွန်လနှောင်းပိုင်းမှာ တွေ့တဲ့အချိန်မှာတော့ ဂျော်ဇ်ဂျန်ပြည်နယ်၊ ရှီဘာဂန်မြို့မှာ အုပ်ချုပ်ရေးမှူး ဖြစ်နေပါတယ်။ အခုနောက်ပိုင်းမှာတော့ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်မှာရှိတဲ့ စစ်တပ်တပ်ဖွဲ့တစ်ခုရဲ့ ဒုတိယတပ်မှူး ဖြစ်လာပါတယ်။
သူက စခရင်သေးသေးလေးပါတဲ့ ရိုးရိုးမိုဘိုင်းဖုန်းဟောင်းတစ်လုံးကို လက်နဲ့တို့ရင်း အရာရှိတွေအတွက် စမတ်ဖုန်းအသုံးပြုခွင့် မကြာသေးခင်က ပိတ်လိုက်တာကြောင့် အလုပ်တွေ နှေးကုန်တယ် လို့ ပြောပါတယ်။
"အရင်ကဆို မက်ဆေ့ချ်တစ်စောင်ကို ချက်ချင်းပို့လို့ရတယ်… စာရွက်စာတမ်းတွေ ပို့ပြီး အဖြေကိုလည်း မြန်မြန်ပြန်ရတယ်" လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစမတ်ဖုန်းပိတ်ပင်မှုအကြောင်း ထပ်ပြောရင်တော့ "ပြဿနာဖြစ်လိမ့်မယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ တခြားအပိုင်းတွေမှာတော့ သူ့ရဲ့အမြင်နဲ့ ခံယူချက်တွေက လွန်ခဲ့တဲ့ ၂၅ နှစ်က တာလီဘန်တွေရဲ့ ရပ်တည်ချက်နဲ့ သိပ်ပြီး ပြောင်းလဲသွားပုံမရပါဘူး။ အဲဒီအချိန်တုန်းက သူဟာ ဗာမီယန်မှာ တာလီဘန်တပ်မှူး ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာပဲ တာလီဘန်တွေက ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာမှာ အံ့အားသင့်မှုနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အစပိုင်းမှာတော့ ဆာဟာဒီက အဲဒီရှေးဟောင်းနေရာနဲ့ပတ်သက်တဲ့ဘီဘီစီရဲ့မေးခွန်းတွေကို ရှောင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ "ကျွန်တော် ကိုယ့်လက်နဲ့ကိုယ် ဖျက်ဆီးခဲ့တာပါ။
ကျွန်တော်တို့ အရင်ကလုပ်ခဲ့တာပဲဖြစ်ဖြစ်၊ အခုလုပ်နေတာပဲဖြစ်ဖြစ် အားလုံးက "အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်နဲ့ ဥပဒေအတိုင်းပါပဲ… ရုပ်တုတွေကို ရောင်းမယ့်အစား ကျွန်တော်တို့က ချိုးဖျက်ပစ်တာပါ။ ဘာကြောင့် နောင်တရရမှာလဲ။ ဒါက "အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်ပဲ" လို့ ပြောပါတယ်။
မြို့တော် ကဘူးလ်မှာတော့ အရင်က အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ပြီး အခု အာဏာရအစိုးရအဖွဲ့မှာ တာဝန်ယူနေတဲ့ တာလီဘန်အကြီးတန်းအရာရှိတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဟာဘီဘူလာ ဘာဒရ်က ကျွန်တော်တို့ကို သံချပ်ကာကားနဲ့ ကဘူးလ်မြို့လမ်းတွေအတိုင်း လိုက်ပို့ပါတယ်။ သူက အရင်တုန်းက "ကဘူးလ်မှာ အသေခံတိုက်ခိုက်သမားတွေရဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူခဲ့သူ" ဖြစ်တယ်လို့ ပြောပါတယ်။
"လမ်းတွေနဲ့ လမ်းသွယ်တွေ အားလုံးကို ကျွန်တော် ကောင်းကောင်းသိတယ်… ကဘူးလ်မြို့နဲ့ လမ်းသွယ်တွေ အကြောင်း ကျွန်တော်တို့ လိုအပ်သမျှ အချက်အလက်အားလုံး ရှိခဲ့တယ်" လို့ သူက ပြောပါတယ်။
"အချို့နေရာတွေမှာတော့ တိုက်ခိုက်ဖို့ အချိန်အကြာကြီး စီစဉ်ရတယ်" လို့လည်း ဆိုပါတယ်။
တာလီဘန်တွေရဲ့အသေခံတိုက်ခိုက်မှုတွေကြောင့် အာဖဂန်နစ္စတန်မှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အရပ်သားတွေလည်း အများအပြား ပါဝင်ပါတယ်။
ဒါပေမဲ့ ဘာဒရ်က သူ့ရဲ့ အတိတ်အကြောင်းကို ပြောတဲ့အခါ သတိထားနေပုံရပါတယ်။ အဲဒါတွေကို ပြန်ပြောရင် "လူတွေ စိတ်ထိခိုက်သွားနိုင်တယ်"၊ "ဒဏ်ရာဟောင်းတွေ ပြန်ဆွလိုက်သလိုဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။
အရပ်သားတွေ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာတော့ တာလီဘန်တွေဟာ အမေရိကန်တပ်ဖွဲ့တွေရဲ့ယာဉ်တန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားတွေကိုလည်း နိုင်ငံခြားတပ်စခန်းတွေနဲ့ ဝေးဝေးနေဖို့ သတိပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အရပ်သားတွေနေထိုင်ရာနေရာတွေမှာ ဖြစ်ခဲ့တဲ့ တိကျတဲ့ တိုက်ခိုက်မှုတွေ အကြောင်း မေးတဲ့အခါတိုင်းမှာတော့ သူက မေးခွန်းကို ရှောင်လွှဲသွားပါတယ်။
အခုလက်ရှိမှာတော့ ဆေးကုသမှုခံယူနေရတာကြောင့် အစိုးရတာဝန်တွေကနေ ခဏနားထားပါတယ်။ ဒါပေမဲ့ အရင်ကတော့ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေကို ကြီးကြပ်တဲ့ ဒုတိယအကြီးအကဲ ဖြစ်ခဲ့ပြီး အရင်အစိုးရလက်ထက်မှာ သူကိုယ်တိုင် သေဒဏ်ကျခံပြီး အကျဉ်းချခံထားရတဲ့ထောင်ကိုတောင် ပြန်ပြီး အုပ်ချုပ်ခဲ့သူပါ။
ဘာဒရ်က ဘီဘီစီကို မျိုးနွယ်စုတွေ စုဝေးတဲ့ပွဲတစ်ခု ကို လိုက်ခဲ့ဖို့ ဖိတ်ပါတယ်။ အဲဒီပွဲမှာ ပရဟိတဖောင်ဒေးရှင်းတစ်ခုရဲ့ အကြီးအကဲ ဆူလ်တန် မိုဟာမက် တာလေး က သူ့ကို ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။
"မစ္စတာ ဘာဒရ်ဟာ အာဖဂန်နစ္စတန်အတွက် ဂုဏ်ယူစရာလူတစ်ယောက်ဖြစ်ပြီး အရမ်းတော်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ" လို့ ဆူလ်တန် မိုဟာမက် တာလေးက ပြောပါတယ်။
"ဒါပေမဲ့ ကျွန်တော် ပြောချင်တာတစ်ခုရှိပါတယ်။ ကျောင်းတွေနဲ့ ပညာရေးကို လူတိုင်းအတွက် ဖွင့်ပေးထားမယ်ဆိုရင် အာဖဂန်နစ္စတန်အတွက် အရမ်းကောင်းတဲ့အရာ ဖြစ်မှာပါ။ ဒီလိုပြောတာ မစ္စတာ ဘာဒရ်ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် ပွဲမှာ အတော်လေး မသက်မသာဖြစ်စရာ တိတ်ဆိတ်မှု ဖြစ်သွားပါတယ်။ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်နေကြတဲ့ပရိသတ်တွေကြားမှာ တာလေးရဲ့ မိုက်ခရိုဖုန်းကို ချက်ချင်းဖြုတ်ယူသွားပါတယ်။
"မိန်းကလေးတွေအတွက် ကျောင်းတွေ ပြန်ဖွင့်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့တာပါ… အစ္စလာမ်ဘာသာမှာ ပညာသင်ယူတာဟာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ တာဝန်တစ်ရပ်လို့ ဆိုထားပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော် ပြောချင်တဲ့ တခြားအကြောင်းအရာတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ထပ်ပြီး ပြောခွင့်မပေးကြဘူး" လို့ ဆူလ်တန် မိုဟာမက် တာလေးက ဘီဘီစီကို ပြောပါတယ်။
အများအားဖြင့်တော့ အခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့သူတွေဟာ ဒီထက်ပိုပြီး ပြင်းထန်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတတ်ပါတယ်။
အမျိုးသမီးတွေက ဘီဘီစီကို သူတို့ရဲ့ပညာရေးအိပ်မက်တွေ အကန့်အသတ်တွေနဲ့ ပျက်စီးသွားရတဲ့အတွက် အရမ်းစိတ်ပျက်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားရတယ်လို့ ပြောကြပါတယ်။ ဆန္ဒပြခဲ့လို့ အဖမ်းခံရတဲ့သူငယ်ချင်းတွေအကြောင်းကိုလည်း ပြောပြကြပါတယ်။
ဘီဘီစီက တွေ့ဆုံခဲ့တဲ့သတင်းထောက်အများစုကလည်း တာလီဘန်တွေရဲ့ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ Estikhbaraat က သူတို့ကို ခေါ်ယူမေးမြန်းတာ ဒါမှမဟုတ် စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။
ဘီဘီစီက အခုလို စိုးရိမ်စရာအခြေအနေတွေအကြောင်းကို တာလီဘန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကို မေးမြန်းခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်ကတည်းက တာလီဘန်အစိုးရရဲ့ လူသိများတဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်ပါတယ်။ တာလီဘန်တွေရဲ့လက်နက်ကိုင်တော်လှန်ရေးကာလတုန်းက နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ကလောင်နာမည်ကို အခုထိ ဆက်သုံးနေဆဲပါ။ ဒါပေမဲ့ သူ့ရဲ့ နာမည်အရင်းက တာဟီယာ ရှား တက်ဟီကီ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပြခဲ့ပြီး ဒီနာမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အရင်အစိုးရလက်ထက် အမေရိကန်တွေက ငွေကြေးထောက်ပံ့ပြီး ဆောက်လုပ်ပေးခဲ့တဲ့ ခမ်းနားတဲ့ သတင်းစာရှင်းလင်းပွဲခန်းမတစ်ခုမှာ သူနဲ့ တွေ့ဆုံပါတယ်။ တာလီဘန်တွေ နိုင်ငံကို ထိန်းချုပ်ပြီး နှစ်ရက်အကြာမှာ သူ အဲဒီနေရာမှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့အကြောင်းကို မေးမြန်းခဲ့ပါတယ်။
အဲဒီတုန်းက သူက တာလီဘန်အစိုးရအနေနဲ့ အမျိုးသမီးတွေကို "ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဘောင်အတွင်း" အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့် ပေးသွားမယ်လို့ ကမ္ဘာကို ပြောခဲ့ပါတယ်။ အမျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းထဲမှာ "အရမ်းတက်ကြွစွာ ပါဝင်ကြလိမ့်မယ်" လို့လည်း ဆိုခဲ့ပါတယ်။ ဒါဆို ဘာကြောင့် အဲဒီကတိကို မတည်ခဲ့တာလဲလို့ မေးပါတယ်။
"အမျိုးသမီးအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တခြားအခွင့်အရေးတွေကို ရှာရီယာဥပဒေအတွင်း ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်။ အရာအားလုံးကို ရှာရီယာဥပဒေရဲ့ ရှုထောင့်ကနေ ကြည့်ရမှာပါ" လို့ သူက ပြန်ဖြေပါတယ်။
ရုံးတွေမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်ပေးတာဟာ "အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ဖြစ်လာစေနိုင်တယ်" လို့ ပြောပြီး "အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်" လို့လည်း ဆိုပါတယ်။
အမျိုးသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ "ဆွေးနွေးနေဆဲဖြစ်ပါတယ်… ရှာရီယာဥပဒေနဲ့ ကိုက်ညီတဲ့ ဖြေရှင်းချက်တစ်ခု လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။
တာလီဘန်တွေက မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်နေတဲ့အကြောင်း မေးမြန်းတဲ့အခါမှာတော့
"အာဖဂန်နစ္စတန်လို လူ့အဖွဲ့အစည်းမျိုးမှာ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကန့်သတ်ချက်တွေ ရှိပါတယ်။ မီဒီယာတွေကို သူတို့လိုချင်တဲ့ ဝါဒဖြန့်ချိမှုမှန်သမျှ လုပ်ခွင့်ပေးလို့ မရပါဘူး… အစ္စလာမ်ဘာသာရဲ့ ဥပဒေတွေနဲ့ အစဉ်အလာတွေကို ဆန့်ကျင်ပြီး ထုတ်လွှင့်လို့ မရပါဘူး" လို့ ဖြေပါတယ်။
တာလီဘန်အစိုးရရဲ့ ရုံးစိုက်ရာက ကဘူးလ်မှာ ဖြစ်ပေမဲ့ မူဂျာဟစ်ကတော့ တာလီဘန်တွေရဲ့ အဓိကအမာခံနယ်မြေဖြစ်တဲ့ တောင်ပိုင်း ကန်ဒါဟာမြို့မှာ အချိန်အများကြီး ကုန်ဆုံးလေ့ရှိပါတယ်။ အခုဆိုရင် ကန်ဒါဟာကို တာလီဘန်တွေရဲ့လက်တွေ့အာဏာပိုင်မြို့တော်လို့တောင် တချို့က သတ်မှတ်လာကြပါတယ်။
ကန်ဒါဟာမှာ အခြေစိုက်နေတဲ့ တာလီဘန်တွေရဲ့ အမြင့်ဆုံးခေါင်းဆောင် ဟီဘတ်တူလာ အာခွန်ဇာဒါနဲ့ တွေ့ခွင့်ရဖို့ ဘီဘီစီက တောင်းဆိုခဲ့ပါတယ်။ သူဟာ လူမြင်ကွင်းထဲ သိပ်မထွက်သလို မီဒီယာနဲ့လည်း အင်တာဗျူးတစ်ခါမှ မလုပ်ဖူးပါဘူး။ အခုအချိန်မှာတော့ တွေ့ဆုံဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်ပြောခံခဲ့ရပါတယ်။
ဘီဘီစီ သတင်းထောက်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ကန်ဒါဟာကို နောက်ဆုံးသွားခဲ့တုန်းကထက် အခု ပိုပြီး ကန့်သတ်ချက်တွေ တင်းကျပ်လာတာကို တွေ့ရပါတယ်။ အခုဆိုရင် အမျိုးသားတွေဟာ မုတ်ဆိတ်ထားရပါပြီ။ ရေဒီယိုတွေမှာလည်း သီချင်းဖွင့်ခွင့် မရှိသလို အမျိုးသမီးတွေရဲ့ အသံကိုလည်း ထုတ်လွှင့်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ကိုလည်း မြို့ထဲမှာ ဗီဒီယိုရိုက်ခွင့် မပေးခဲ့ပါဘူး။
ကန်ဒါဟာကနေ ကားနဲ့ ၂ နာရီလောက် သွားရတဲ့ ဖုန်ထူထူလမ်းတွေအတိုင်း သွားရင်တော့ တစ်ချိန်က တာလီဘန်တွေရဲ့ အလွန်အမင်း သစ္စာရှိခဲ့တဲ့ တိုက်ခိုက်ရေးသမားဟောင်းတချို့က သူတို့ လက်နက်ကိုင်တော်လှန်ရေးကာလမှာ လျှို့ဝှက်အသုံးပြုခဲ့တဲ့ မြေအောက်ဂူကွန်ရက်ဟောင်းကို ဘီဘီစီကို လိုက်ပြခဲ့ပါတယ်။
အရင်က တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး အခုတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် လုံခြုံရေးတပ်ဖွဲ့မှာ စစ်ဆေးရေးဂိတ်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အဘစ် လာလိုင်က သူတစ်ချိန်က ပစ်ခတ်ခဲ့တဲ့ ကျည်ပေါက်တွေ၊ ကိုရမ်ကျမ်းစာထားခဲ့တဲ့နေရာတွေနဲ့ AK-47 သေနတ်တွေ ချိတ်ထားခဲ့တဲ့နေရာတွေကို ပြသပါတယ်။
သူ့အထက်အရာရှိ အဘ်ဒူလ် ဆာမတ်ကတော့ အမှတ်အသားမရှိတဲ့ သင်္ချိုင်းတစ်ခုကို လိုက်ပြပါတယ်။ သူ့အဖေဟာ တာလီဘန်တွေအတွက် တိုက်ပွဲဝင်ရင်း သေဆုံးခဲ့ပြီး ဒီနေရာမှာ မြှုပ်နှံထားတယ်လို့ ပြောပါတယ်။
ဒီဒေသဟာ အာဖဂန်နစ္စတန်မှာ အဆင်းရဲဆုံးဒေသတွေထဲက တစ်ခုပါ။ ကုလသမဂ္ဂရဲ့ အဆိုအရ အာဖဂန်နစ္စတန်မှာ လူ ၄ ယောက်မှာ ၃ ယောက်ဟာ အခြေခံလိုအပ်ချက်တွေကိုတောင် မဖြည့်ဆည်းနိုင်ကြပါဘူး။ ဒေသခံတွေဟာ ရေ၊ လမ်းနဲ့ ဆေးခန်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆာမတ်က ပြောပါတယ်။
"အီမရိတ် (တာလီဘန်) အာဏာပိုင်တွေက ကျွန်တော်တို့ကို မမေ့ကြပါဘူး" လို့ ဆာမတ်က ပြောပါတယ်။ ခေါင်းဆောင်တွေဟာ တခြားအရေးကြီးကိစ္စတွေနဲ့ အလုပ်များနေတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
"တစ်နေ့နေ့မှာ ကျွန်တော်တို့ကို သူတို့ ပြန်ကြည့်ရှုပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
တာလီဘန်တွေ ဒုတိယအကြိမ် အာဏာပြန်ရလာပြီး ငါးနှစ်ကြာလာတဲ့အချိန်မှာတောင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့မှုနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေက အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေအဖြစ် ဆက်ရှိနေပါတယ်။
ဘီဘီစီက တွေ့ဆုံခဲ့တဲ့ တာလီဘန်အရာရှိတွေကတော့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တာလီဘန်အဖွဲ့ကိုယ်တိုင်ကပဲ အာဖဂန်နစ္စတန်ရဲ့ အဓိကပြဿနာ ဖြစ်နေတယ်လို့ ယုံကြည်တဲ့သူတွေနဲ့လည်း ဘီဘီစီ က တွေ့ဆုံခဲ့ပါတယ်။
တာလီဘန်တွေ ပထမဆုံး အာဏာပြန်ရလာချိန်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဟိုဒါ (နာမည်လွှဲ) က "လူတွေရဲ့ တကယ့် ဘဝအကြောင်း ဘာမှနားမလည်တဲ့ အဖွဲ့တစ်ဖွဲ့က ရုတ်တရက် အာဏာရလာတာက ဘယ်လိုဖြစ်လာတာလဲဆိုတာ ပြောစရာတောင် စကားလုံးမရှိတော့ဘူး" လို့ ပြောပါတယ်။
"အမျိုးသမီးတွေက ဒီအခြေအနေကို လက်မခံနိုင်ပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။ "သူတို့က ကန့်သတ်ချက်တွေကို ပိုတိုးချင်တိုးလာနိုင်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးက အမြဲတမ်းတော့ ရှိနေမှာမဟုတ်ဘူး" လို့ ဆိုပါတယ်။
"တာလီဘန်တွေက ပညာတတ်အမျိုးသမီးတွေကို ကြောက်နေတယ်လို့ ကျွန်မထင်တယ်" လို့ သူက ဆက်ပြောပါတယ်။
"ဒါကြောင့် အမျိုးသမီးတွေကို ကန့်သတ်ထားတာပါ။ အမျိုးသမီးတွေ ပညာမတတ်စေချင်တာကသူတို့ဉာဏ်ရှိတဲ့ ယောက်ျားလေးတွေကို ပျိုးထောင်ပေးနိုင်မှာ မဟုတ်အောင်ပါ။ ဉာဏ်ရှိတဲ့ ယောက်ျားလေးတွေ ပေါ်လာရင် တာလီဘန်တွေရဲ့ အာဏာ အဆုံးသတ်သွားနိုင်တယ်လေ"
ဟာဖီဇူလာ မာရူးဖ် လည်း ပါ၀င်ရေးသားပါတယ်။