"ပိုက်ဆံပေးမှ ထွက်နိုင်တယ်" - ရန်ကုန်လေဆိပ်က ခရီးသည်တွေရဲ့အတွေ့အကြုံ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၉

လူငယ်တွေ နိုင်ငံခြားထွက်ခွာခွင့်နဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ရန်ကုန်လေဆိပ်အဝင် အထွက်တွေမှာ တာ၀န်ကျသူတွေက ပုံစံမျိုးစုံနဲ့ ငွေကြေးတောင်းခံတာတွေ ရှိလာတယ်လို့ ခရီးသွားတွေက ဆိုကြပါတယ်။

"ထိုင်း၊ မလေးရှားတို့မှာ လူငယ်လူကြီးမရွေး လွတ်လွတ်လပ်လပ်သွားလာခွင့်ရနေတဲ့အချိန်မှာ ကိုယ်တွေအတွက် ပိုက်ဆံပေးမှ ထွက်နိုင်မယ့်အခြေအနေဖြစ်တာကတော့ ရှက်ဖို့ စိတ်ပျက်ဖို့ ကောင်းတယ်" လို့ လူငယ်တစ်ဦးဖြစ်တဲ့ကိုဘုန်းကပြောပါတယ်။

ကိုဘုန်းအပါအဝင် မြန်မာနိုင်ငံသား ၈ ဦးရဲ့အတွေ့အကြုံကို ဘီဘီစီက မေးမြန်းတဲ့အခါမှာ ရန်ကုန်လေဆိပ်ကနေ ပြည်ပထွက်ခွာနိုင်ဖို့ အနည်းဆုံးမြန်မာငွေ ၁၀,၀၀၀ ကျပ်ကနေ သိန်း ၄၀ အထိ လေဆိပ်တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းတွေကို ပေးခဲ့ရတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကာလအတွင်း အရင်ကလောက် ခရီးသည် မများတော့ပေမဲ့ အရေးပါနေဆဲဖြစ်တဲ့မြန်မာက ပင်မအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာ ကြုံရနိုင်တဲ့အခြေအနေတွေကို ခရီးသည်တွေရဲ့စကားသံကနေတဆင့် သိနိုင်အောင် ဘီဘီစီက မေးမြန်းထားပါတယ်။​

တရစ်ရစ်ကျပ်လာတဲ့ ပြည်ပထွက်ခွာခွင့်နဲ့ လေဆိပ်ဌာနဆိုင်ရာတွေရဲ့ရပေါက်ရလမ်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ပြည်ပက ပြန်လာကြတဲ့နိုင်ငံသားတွေအတွက် နွေးနွေး ထွေးထွေးခံစားရမယ့်အိမ်အဝင်ဝဖြစ်သလို ထွက်ခွာမယ့်သူတွေအတွက် လွမ်းလွမ်းဆွေးဆွေးနဲ့ အမှတ်ရနေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ဒီနှစ်ပိုင်းတွေမှာတော့ ဒီလေဆိပ်နဲ့ပတ်သက်တဲ့မြန်မာနိုင်ငံသားတွေရဲ့ခံစားချက်က ပြောင်းလဲသွားပါပြီ။

ဘီဘီစီနဲ့စကားပြောခဲ့သူ ၈ ဦးထဲက ပြည်ပထွက်ခွာတဲ့သူ ၅ ဦးကတော့ စစ်မှုထမ်းဥပဒေ၊ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(PJ)၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC)နဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေကြောင့် ငွေပေးမှ လေဆိပ်အဝင်အထွက် ချောမွေ့နိုင်မယ်လို့ ဆိုကြပါတယ်။

လေဆိပ်ကတဆင့် ပြည်ပထွက်ခွာမယ့်မြန်မာနိုင်ငံသားတွေထဲမှာ ဒီအမျိုးအစား ၄ ခုက လွယ်လွယ်ကူကူထွက်ဖို့ ခက်ခဲကြတဲ့အုပ်စုတွေဖြစ်နေတာကို အခက်အခဲကြုံခဲ့တဲ့ခရီးသွားတွေရဲ့ ပြောဆိုချက်အရ တွေ့မြင်ရပါတယ်။

  • စစ်မှုထမ်းဥပဒေပါ သတ်မှတ်အသက်အကျုံးဝင်တဲ့ လူငယ်တွေ
  • ခရီးသွားမှတ်တမ်းမရှိဘဲ PV စာအုပ်အသစ်နဲ့ နိုင်ငံထွက်မယ့်သူတွေ
  • နိုင်ငံရေး၊ CDM စာရင်းထဲပါဝင်နေသူတွေ
  • အလုပ်အကိုင် ပတ်ပို့စ် (PJ) ကိုင်ဆောင်သူတွေ

စစ်မှုထမ်းဥပဒေပါ အသက်ကန့်သတ်ချက်ထဲဝင်တဲ့လူငယ်တွေရဲ့ပြည်ပထွက်ခွာခွင့်က ၂၀၂၄ ဖေဖော်ဝါရီနောက်ပိုင်းမှာ ပိုပြီး တင်းကျပ်ခံလိုက်ရတာကို အလုပ်အကိုင်အေဂျင်စီတွေနဲ့ လူငယ်တချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အမိန့်စာ ရရှိသူဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရလို့ ထည့်သွင်းပြဋ္ဌာန်းထားတာပါ။

ဒီလူငယ်တွေနဲ့ နိုင်ငံကူးလက်မှတ်အသစ်ကိုင်ဆောင်ပြီး ပထမဆုံးအကြိမ် နိုင်ငံကနေ ထွက်ခွာမယ့်လူငယ်တွေကို ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခွင့်မပေးဘဲ လှည့်ပြန်ခိုင်းတဲ့ဖြစ်စဥ်တချို့ရှိပါတယ်။

ဒါပေမဲ့ လှည့်မပြန်ရဘဲ အစစ်အဆေး အမေးအမြန်းနည်းနည်းနဲ့ထွက်သွားနိုင်သူတွေလည်း ရှိပါတယ်။ အသက် ၂၄ နှစ်အရွယ် ကိုဘုန်းနဲ့ ကိုဖြိုးဆိုတဲ့လူငယ် ၂ ဦးက လေဆိပ်ကနေ ထွက်နိုင်ဖို့ သူတို့ လုပ်ခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောပြပါတယ်။

"လမ်းကြောင်းရှင်းခ" ကြိုပေးထားရင် "ဘယ်နိုင်ငံထွက်ဖို့လဲ၊ ဘာလုပ်ဖို့လဲနဲ့ ဗီဇာပြပါ" ဆိုတဲ့ မေးခွန်း ၃ ခု လောက်ဖြေပြီးရင် ထွက်ခွင့်ရပြီလို့ ကိုဘုန်းက ပြောပါတယ်။

သူက နိုင်ငံပြင်ပကို ကျောင်းကိစ္စနဲ့ထွက်ခွာဖို့ လမ်းကြောင်းရှင်းခ တနည်း VIP လမ်းကြောင်းလို့ လည်းခေါ်တဲ့ ကြားခံလူကနေတဆင့် ကျပ်သိန်း ၂၀ ပေးပြီး ထွက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မှာနေတဲ့ကိုဘုန်းက ၂၀၂၅ ဒီဇင်ဘာမှာ အင်္ဂလန်မှာ တက္ကသိုလ်ဆက်တက်ဖို့ ပြည်တွင်းကနေ ထွက်လာခဲ့သူဖြစ်ပါတယ်။​

မထွက်ခင် နှစ်လ ဝန်းကျင်လောက် ကြိုတင်ပြီး လမ်းကြောင်းရှင်းပေးမယ့်သူနဲ့ ချိတ်ဆက်ခဲ့တယ်လို့ သူကပြောပါတယ်။​ အကျိုးဆောင်ပွဲစားရဲ့အကူအညီနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့နိုင်ပေမဲ့ လေဆိပ်က ဘယ်သူတွေဆီ ငွေကြေးစီးဆင်းတယ်ဆိုတာကိုတော့ သူ မသိရှိခဲ့ရဘူးလို့ ပြောပါတယ်။

ကိုဖြိုးကတော့ သိန်း ၄၀ ပေးခဲ့တယ်လို့ ပြောပါတယ်။ ဘီဘီစီက မေးမြန်းခဲ့တဲ့ VIP လမ်းကြောင်းသုံးသူ နောက်တစ်ဦးကလည်း သူလည်း ကျပ်ငွေ ၃၅ သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒါကလည်း (ပွဲစားလုပ်နေသူ)လူတစ်ဦးစီရဲ့အချိတ်အဆက်ပေါ် မူတည်ပြီး စျေးကွာတာပါ။ လေဆိပ်မှာ ရာထူးရှိတဲ့သူကို တိုက်ရိုက်သိကြတာမျိုး ဒါမှမဟုတ် အဲဒီလေဆိပ်က တာဝန်ရှိသူတစ်ဦးဦးကို ဖုန်းလှမ်းဆက်ပြီး ပြောနိုင်သူ၊ အာဏာရှိသူတစ်ဦးဦးနဲ့ ဆက်နွှယ်မှုကို လိုက်ပြီး စျေးကွာသွားတာမျိုးပါ" လို့ ကိုဘုန်းက ပြောပါတယ်။

ကိုဖြိုးက ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကျောင်းကိစ္စ၊ အလုပ်ကိစ္စအတွက် နိုင်ငံ အဝင် အထွက် ၃ ကြိမ်ထက်မနည်း လုပ်ဖူးသူပါ။ ထိုင်ဝမ်နဲ့ ထိုင်း(နိုင်ငံလွှဲ)နိုင်ငံတွေကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

သူ့ပြောပြချက်အရ ထိုင်ဝမ်ကို ကျောင်းကိစ္စအတွက် သွားခဲ့တာဖြစ်ပြီး ထိုင်းကိုတော့ ၂၀၂၄ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းအပြီးမှာ သွားခဲ့တာပါ။

"၂၀၂၁ ကနေ ၂၀၂၃ အထိ ကျောင်းတက်တုန်းက ကျောင်းသားကတ်လည်းရှိနေတော့ ပြဿနာကြီးကြီးမားမား မကြုံခဲ့ပေမဲ့ လဝကက လက်ဖက်ရည်ဖိုး တစ်သောင်းခွဲကတော့ အမြဲပေးရတယ်" လို့ ကိုဖြိုးက ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင် စေလွှတ်ခံရနိုင်တဲ့ စစ်မှုထမ်းခေါ်ဆောင်တာကို ရှောင်ရှားဖို့ ထိုင်းကို ထွက်ဖို့ လုပ်ချိန်မှာတော့ လူငယ်ဖြစ်နေတာနဲ့ စာရွက်စာတမ်း မစုံလင်တာကြောင့် နှစ်နာရီဝန်းကျင် လေဆိပ်လက်မှတ်အရောင်းကောင်တာမှာ စစ်ဆေးမေးမြန်းခံရတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ငွေ(show money)နည်းတာ၊ တည်းမယ့်ဟိုတယ် ကြိုမချိတ်တာ၊ လေယာဥ်လက်မှတ် အသွားတစ်ကြောင်းစာပဲ ပြနိုင်တာနဲ့ အလည်အပတ်နိုင်ငံကူးလက်မှတ်(PV) ဖြစ်တာကြောင့် စစ်ခံရတာပါ။

ဒီအချက်အလက်တွေဟာ တဖက်နိုင်ငံလူဝင်မှုကြီးကြပ်ရေးက မြန်မာနိုင်ငံသားတွေကို စစ်ဆေးလေ့ရှိတဲ့အထောက်အထားတွေဖြစ်ပေမဲ့ အဲဒီကာလတုန်းက လူငယ်တွေကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးပါတယ်။

"ကျွန်တော်က မိသားစုကိစ္စနဲ့ သွားတယ်ဆိုပြီး ရှင်းပြတယ်။ နှစ်နာရီလောက်ကြာလာတော့ MAI လက်မှတ်ရောင်းတဲ့လူတွေကို အော်ပြောတော့ သူတို့ထဲက အကြီးအကဲရောက်လာပြီး သွားခွင့်ပေးခဲ့တာ" လို့ ကိုဖြိုးက ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီမှာ ပြဋ္ဌာန်းလိုက်ပြီးနောက်မှာတော့ နိုင်ငံအထွက်မှာ ပေးရတဲ့ လက်ဖက်ရည်ဖိုးက သုံးသောင်းဖြစ်သွားပြီလို့ သူက ပြောပြပါတယ်။

ပြည်ပမှာ တစ်နှစ်ကျော်နေထိုင်ပြီး ၂၀၂၅ ခုနှစ်မှာ သူနိုင်ငံထဲကို ပြန်ဝင်လာချိန်မှာတော့ "လဝကက လေဆိပ်မှာ အချိတ်အဆက် ရှိလား မေးတယ်။ မရှိဘူးပြောတော့ ဒေါ်လာ ၁၀၀ လို့ စတောင်းတာပဲ" လို့ ကိုဖြိုးက ပြောပါတယ်။

နိုင်ငံထဲက ထွက်ခွင့်ရဖို့ ၃၅ သိန်း ပေးခဲ့ရသူရဲ့မိသားစု၀င် တစ်ဦးပြောပြချက်အရ နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ပွဲစားလို ကြားခံပွဲစားကနေတဆင့် ငွေကြိုပေးပြီး လမ်းကြောင်းရှင်းခဲ့တာလို့ ပြောပါတယ်။

"အိမ်က ညီမလေးက အလုပ်အတွက် ထွက်တာ။​ လေဆိပ်အရာရှိကို ပိုက်ဆံပေးရတာ မဟုတ်ဘူး။ ပတ်စ်ပို့ ပွဲစားလို ပွဲစားကို ပေးရတာ။ ကျန်တာ မသိဘူး။​ ဒီလိုပဲ ဘယ်သူလုပ်ပေးနိုင်လဲလိုက်မေးရင်း သိတာပေါ့" လို့ မိသားစုဝင်က ပြောပါတယ်။​​

သူတို့အနေနဲ့ ကြားခံလူ(ပွဲစား)တွေကနေတဆင့် ငွေကြေးပေးလိုက်ရတာကြောင့် လေဆိပ်က ဘယ်အရာရှိက လာဘ်ငွေယူတာလဲဆိုတာကိုတော့ အတိအကျမသိကြပါဘူး။

လူမှုကွန်ရက်မှာ VIP လမ်းကြောင်းနဲ့ခေါ်ပေးတယ်လို့ ကြေညာထားသူတွေ၊ ပတ်စ်ပို့ အကျိုးဆောင်တွေ၊ နီးစပ်သူတွေကို အချင်းချင်းမေးမြန်းရင်း လေဆိပ်လမ်းကြောင်း ရှင်းပေးတဲ့သူနဲ့ချိတ်ဆက်ရင်းနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

VIP လမ်းကြောင်းသုံးသူတွေက တခြားသူတွေလောက် စစ်ဆေးမေးမြန်းတာ၊ လှည့်ပြန်ခိုင်းတာမရှိဘဲ နိုင်ငံပြင်ပ ထွက်ခွင့်ရကြတာဖြစ်ပါတယ်။

ဒီလို လေဆိပ် VIP လမ်းကြောင်း ပွဲစားလုပ်ကိုင်နေသူနဲ့ နီးစပ်သူတစ်ဦးက‌တော့ "ဒီလမ်းကြောင်းနဲ့က ပိုက်ဆံယူတဲ့အရာရှိ တာဝန်ကျတဲ့ရက်နဲ့တိုက်ပြီး အဲဒီရက်မှာ ထွက်ကြတာ။ ပွဲစားတဆင့်ခံ ထားတော့ ယူတဲ့သူက လက်သည်မပေါ်ဘူးပေ့ါ" လို့ ဆိုပါတယ်။

နိုင်ငံခြားမှာနေခဲ့တဲ့ကာလ၊ လာတဲ့နိုင်ငံအပေါ် မူတည်ပြီး နိုင်ငံအဝင်မှာ အချက်အလက် စစ်ဆေးတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းက ပိုက်ဆံတောင်းတာကို ကြုံခဲ့ရတယ်လို့ ကိုဖြိုးအပြင် ဘီဘီစီနဲ့ စကားပြောခဲ့သူ ၃ ဦးက ပြောပြပါတယ်။

"မပေးရင် ရုံးခန်းထဲ ရှင်းရမယ်။ မရှင်းနိုင်ရင် ပတ်စ်ပို့ သိမ်းမယ်" လို့လည်း တာဝန်ကျလူဝင်မှုကြီးကြပ်ရေးဝန်ထမ်းက ပြောတာကြောင့် ပိုက်ဆံခပ်မြန်မြန်ပဲ ပေးလိုက်တော့တယ်လို့ သူတို့တွေက ဆိုပါတယ်။

ခရီးစဥ်အကြောင်း မေးမြန်းတာထက် အရင်ပိုက်ဆံတောင်းတာကို ကြုံခဲ့ရတဲ့ ကိုဖြိုးက "ဒီလိုလုပ်နေတာတွေက ဘယ်နိုင်ငံမှာမှ မကြုံဖူးဘူး။ သူတို့လုပ်တာတွေက သာမန်နိုင်ငံသားတွေအတွက်ပဲ ပိုခက်ကုန်တယ်"လို့ပြောပါတယ်။

နိုင်ငံထဲကနေ ပြန်ထွက်ချိန်မှာလည်း စာရွက်စာတမ်းအားလုံးစုံလင်ပေမဲ့ လူငယ်ဖြစ်နေတာကြောင့် အရင်လို လက်ဖက်ရည်ဖိုးနဲ့ မရတော့ဘဲ သိန်း ၄၀ ကုန်ခဲ့ပါတယ်။

"မင်းတို့က လူငယ်တွေ စစ်မှုထမ်းအကျုံးဝင်နေပြီဆိုပြီး ပေးမထွက်တော့လို့ တရုတ် ပွဲစားတစ်ယောက်နဲ့ ချိတ်လိုက်တယ်။ အပြီးအစီးသိန်း ၄၀ နဲ့ပေါ့" လို့ ကိုဖြိုးက ပြောပြပါတယ်။

သူ ပြောတဲ့တရုတ်ပွဲစားဆိုတာ တရုတ်နွယ်ဖွား မြန်မာပွဲစားဖြစ်ပါတယ်။ သူက ကိုဖြိုးကို လေဆိပ်ကနေ ထွက်ခွာမယ့်နေ့မှာ သေသေသပ်သပ်ဝတ်စားလာဖို့မှာသလို ထွက်မယ့်ရက်မှာလည်း ဓာတ်ပုံကြိုတင် ပို့ခိုင်းပါတယ်။

"ကျွန်တော့် တရုတ်ပွဲစားက သွားလို့ရပြီလို့ စာလှမ်းပို့မှပဲ သွားရတာ။ ပြည်ပထွက်ခွာက စက်လှေကားပေါ်ကို ကျွန်တော်ကြည့်တာ တခါဖြတ်ရင် နှစ်ယောက်သုံးယောက် အများဆုံးပဲ" လို့ VIP လမ်းကြောင်းသုံးပြီး ထွက်ရတဲ့နေ့က အတွေ့အကြုံကို ကိုဖြိုးက ပြောပြပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ခရီးသည်ပေါင်း တစ်နှစ်ကို ၃ သန်းကျော်ဝင်ထွက်သွား လာနေတာကို လေဆိပ်ရဲ့တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနှစ်စကနေ ဧပြီလအထိ ပထမ လေးလပတ်အတွင်း ခရီးသည် ၁ ဒသမ ၁ သန်းကျော်ဝင်ထွက်ခဲ့တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားပါတယ်။

ဒီထဲမှာ ပညာရေးအတွက်သွားလာတဲ့လူငယ်တွေအပြင် အလုပ်အကိုင်နဲ့ သွားရသူတွေလည်း အများအပြားရှိပါတယ်။

အသက် ၂၄ နှစ်ဝန်းကျင်အရွယ်တွေ ဖြစ်ကြတဲ့ မဖြူဖြူနဲ့ မကြည်ပြာကတော့ ထွက်ခွာခွင့်ရဖို့ လေဆိပ်က ရဲကို ငွေပေးခဲ့ရတယ်လို့ပြောပါတယ်။

သူတို့က ရန်ကုန်လေဆိပ်ရဲ့ပြည်တွင်းထွက်ခွာဘက်မှာ ဒီလိုငွေတောင်းတာကို ကြုံခဲ့ကြတာပါ။

လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးတဲ့ဂိတ်ကို ကျော်ပြီး boarding gate သွားတဲ့လမ်းမှာ ရှိနေတဲ့ ရဲတွေက စစ်ဆေးပြီး ငွေတောင်းကြတာလို့ သူတို့က ပြောပါတယ်။

သူတို့ ၂ ဦးကို အလုပ်ခေါ်ယူထားတဲ့ပြည်ပနိုင်ငံကို ထွက်ခွာခါနီးမှာ အလုပ်သမားဝန်ကြီးဌာနက OWIC ကတ်ထုတ်ပေးတာကို ဆိုင်းငံ့ထားချိန်နဲ့ တိုက်ဆိုင်သွားခဲ့ပါတယ်။

ပြည်ပအလုပ်ရှင်က သတ်မှတ်ထားတဲ့ရက်မှာ အရောက် မသွားနိုင်ရင် အလုပ်ခန့်အပ်တာကို ဖျက် သိမ်းနိုင်တာကြောင့် အမြန်ဆုံးထွက်ခွာနိုင်မယ့်လမ်းကို သူတို့ ရွေးကြရပါတယ်။

မဖြူဖြူနဲ့အတူ ဂျပန်ကို ထွက်ခွာမယ့် မြန်မာအလုပ်သမား ၂၀ ဝန်းကျင်ဟာ ထိုင်း- မြန်မာ နယ်စပ်မြို့ တာချီလိတ်ကနေတဆင့် ထိုင်းနိုင်ငံကို ကူးပြီး အဲဒီက‌နေ ဂျပန်ကို လေကြောင်းနဲ့ခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ကို အလုပ်ချိတ်ဆက်ပေးတဲ့အေဂျင်စီကနေ လေဆိပ်က တာဝန်ရှိသူတစ်ဦးနဲ့ ချိတ်ဆက်ပြီး ထွက်ခွာဖို့ လုပ်ခဲ့ကြတာပါ။

"အလုပ်သမားတွေက မထွက်ခင် လေဆိပ်မှာ ဌာန လေးငါးခုလောက် စာလိုက်တင်ရတယ်။ ပိုက်ဆံ ၅ ထောင်စီ ညှပ်ပေးရတယ်။ အေဂျင်စီက ချိတ်ထားတဲ့ရဲက တစ်ယောက် ၃ သောင်းကောက်ပြီး လေဆိပ်ထဲမှာ သူက ရှေ့ကနေ အလုပ်သမားတွေကို ခေါ်သွားပေးတာ" လို့ မဖြူဖြူက သူကြုံခဲ့ရတာကို ပြောပါတယ်။

ရန်ကုန်ကနေ တာချီလတ်ကို သွားတဲ့အချိန်မှာ မဖြူဖြူနဲ့အတူ ထွက်ခွာတဲ့မြန်မာအလုပ်သမားအားလုံး ကျပ် ၃ သောင်းစီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားထွက် အလုပ်လုပ်မယ့် မကြည်ပြာကလည်း မဖြူဖြူလိုပဲ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

"ဓာတ်လှေကား တက်တက်ချင်းက ရဲနဲ့ လဝကတော့ မဟုတ်ဘူး။ အဲဒီကို ကျော်ပြီးမှ တွေ့တဲ့ရဲက နင်တို့ အလုပ်သွားလုပ်မှာ သိတယ်ဆိုပြီး ၃ သောင်းခွဲတောင်းလို့ ပေးလိုက်တယ်" လို့ မကြည်ပြာက ပြောပါတယ်။

လူငယ်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေ ပြည်ပထွက်ခွာခွင့် ကန့်သတ်တဲ့ အစီအမံတွေက လေဆိပ်အပါအဝင် နိုင်ငံထွက်ပေါက်တွေမှာ တာဝန်ကျအရာရှိ၊ ဝန်ထမ်းတွေကို လာဘ်ပေးလာဘ်ယူအခြေအနေဖြစ်အောင် ဖန်တီးပေးနေတယ်လို့ ဘီဘီစီ မေးမြန်းခဲ့တဲ့ ခရီးသည်တွေက ထောက်ပြပါတယ်။

ဒီနှစ်စပိုင်းမှာ မြန်မာနိုင်ငံထဲပြန်လည်ဝင်ရောက်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးလည်း လေဆိပ်ကနေ ပြန်ထွက်ရင် ဘတ် ၁၀,၀၀၀ ပေးရမယ်လို့ တောင်းခံရဖူးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"အဝင်တုန်းက သိပ်မရစ်ဘူး။ အထွက်ကျမှ ရစ်တာ။ လေဆိပ်က လဝကမဖြတ်ခင် အပြင်ဘက်က အခန်းမှာ အပြာရောင် ယူနီဖောင်းနဲ့ အရာရှိ ၂ ယောက်၊ အသက်ငယ်ငယ် ၁ ယောက်က စစ်တာ" လို့ ဒီလူငယ်က ပြောပါတယ်။

နိုင်ငံရေးလှုပ်ရှားတာကြောင့်မဟုတ်ဘဲ သူ့ နိုင်ငံကူးလက်မှတ်မှာ ထိုင်းမှာနေထိုင်တဲ့အခြေခံအလုပ်သမားဗီဇာအပြင် ဂျာမနီကို သွားထားတဲ့ဗီဇာတုံးပါ ထုထားတာကြောင့်ပါ။

"မင်းသွားလို့ မရတော့ဘူးဆိုပြီး ပတ်စ်ပို့ရော လေယာဥ်လက်မှတ်ရော သိမ်းသွားတယ်။ အမျိုးမျိုး လှည့်ပတ်ပြောပြီး ထွက်ချင်ရင် ဘတ် တစ်သောင်းကုန်မယ်လို့ စကားကို ညှပ်ညှပ်ပြောတယ်။ ၄၅ မိနစ်လောက်ရစ်ပြီး ကျွန်တော့်ဆီကနေ ဘာမှမရနိုင်တော့ဘူးဆိုမှ ငါတို့ပေးသွားလည်း လဝကက ပြန်လွှတ်မှာပဲဆိုပြီး လွှတ်ပေးလိုက်တယ်" လို့ မြန်မာနိုင်ငံထဲ ပြန်ဝင်ခဲ့ဖူးတဲ့လူငယ်က ပြောပါတယ်။

ရန်ကုန်လေဆိပ်လို့ ပြောတာနဲ့ စိတ်ထဲ ပထမဆုံးတွေးမိတာက "ပြန်ထွက်မရတဲ့ထောင်‌ချောက်လိုပဲ" လို့ ကိုဘုန်းက ပြောပါတယ်။

ပြည်ပထွက်ခွာတဲ့ခရီးသည်တွေပဲ ဒီလိုမျိုး လာဘ်ငွေပေးပြီးမှ ထွက်ခွင့်ရတာ မဟုတ်ပါဘူး။မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေလည်း ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူအချို့က ပြောပါတယ်။

"ဒေါ်လာ ၁၀၀ ပေးမှ လေဆိပ်ကနေ အပြင်ကို ပေးထွက်မယ်တဲ့"

ကမ္ဘောဒီးယားကနေ ရန်ကုန်ကို ပြန်လာတဲ့ မမော်မော်ကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက ထွက်ဖို့ အချက်အလက်စစ်ဆေးတဲ့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းကို ဒေါ်လာ ၁၀၀ ပေးခဲ့ရပါတယ်။

"မြန်မာငွေရှိလို့ ညှပ်ထားရင် မရဘူး။ ဒီလောက်က ဘာလုပ်ရမလဲဆိုပြီး လေဆိပ်က ပေးမထွက်ဘဲ စီနေတဲ့လူတန်းနောက်မှာ နောက်တစ်ခါ ပြန်စီခိုင်းတယ်။ ကိုယ်လည်း စကားမများချင်တာနဲ့ပေးလိုက်တယ်" လို့ မမော်မော်က ပြောပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သမား မမော်မော် အလုပ်ဝင်နေတဲ့စက်ရုံပိုင်ရှင်က ကမ္ဘောဒီးယားမှာအထည်ချုပ်အလုပ်အတွက် လွှတ်လို့ သွားခဲ့တာလို့ ဆိုပါတယ်။

"ထွက်တုန်းကလည်း စက်ရုံသူဌေးကနေ လေဆိပ်နဲ့ညှိပြီး လုပ်‌ပေးတာ။ အခု ဗီဇာပြည့်လို့ ပြန်လာတော့ ကိုယ့်ဘာသာ ပေးရတာ" လို့ မမော်မော်က ပြောပါတယ်။

ကမ္ဘောဒီးယားမှာ အလုပ်ဝင်ဖို့ အလုပ်ရှင်က နေစားငြိမ်း တစ်လကို ဒေါ်လာ ၂၅၀ နဲ့ ညှိနှိုင်းခဲ့ပေမဲ့ ရောက်သွားချိန်မှာ သဘောတူညီထားတဲ့အတိုင်း မစီစဥ်ပေးတာကြောင့် စာချုပ် ၂ နှစ်ပြည့်ချိန်မှာ ပြန်လာခဲ့တာလို့ မမော်မော်က ပြောပါတယ်။

မြန်မာကနေ ကမ္ဘောဒီးယားနိုင်ငံကို အလုပ်သမားတရားဝင်စေလွှတ်တာ မရှိသေးသလို PV နဲ့ အလုပ်ထွက်လုပ်သူတွေ အခွင့်အရေးချိုးဖောက်ခံရရင် ကူညီဖို့ခက်ခဲတာကြောင့် PJ နဲ့ ထွက်ဖို့ဆိုပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မမော်မော်ကတော့ PV နဲ့ ပြည်ပ ထွက်ခဲ့တာဖြစ်သလို ကမ္ဘောဒီးယားမှာ အလုပ်လုပ်ပြီး ရန်ကုန်လေဆိပ်ကို ပြန်၀င်တဲ့အခါ ဒေါ်လာ ၁၀၀ ပေးမှ လေဆိပ်ထဲကနေ အပြင်ကို ထွက်ခွင့်ရတယ်လို့ ပြောပါတယ်။

မမော်မော်လိုပဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ အခြေခံအလုပ်သမား ဦးထူးအောင်ကလည်း နိုင်ငံ အဝင်အထွက်တွေမှာ လေဆိပ်က တာဝန်ကျဝန်ထမ်းတွေကို ပိုက်ဆံပေးရတယ်လို့ ပြောပါတယ်။

၂၀၂၁ နောက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ အဝင်အထွက် ၃ ကြိမ် လုပ်ဖူးတယ်လို့ ဦးထူးအောင်က ပြောပါတယ်။

"၂၀၂၃ အဝင်တုန်းက လေဆိပ်အဝင်မှာ လဝကဝန်ထမ်းက နိုင်ငံက ပြန်ထွက်ဦးမှာလား ပြန်ထွက်ရင် ဘတ် ၁၀၀ ပေးခဲ့လို့ ပေါ်တင်ပဲ တောင်းတယ်။ ထိုင်းကို ပြန်ထွက်တဲ့ရက်ကျတော့ ကျပ် ၁ သောင်း ထပ်တောင်းတယ်" လို့ ပြောပါတယ်။

နောက်နှစ်ကြိမ်မှာလည်း လေဆိပ်အဝင်တွေမှာ ငွေကြေးတောင်းခံရနဲ့ ထပ်ကြုံရတယ်လို့ သူက ပြောပါတယ်။ "ဒီနှစ်ထဲ လေဆိပ်ကနေ ပြန်ထွက်တော့ စာအုပ်ကြားထဲ ဘတ် ၁၀၀ ညှပ်ပေးတာကို မှတ်ပုံတင်က အတုလားဆိုပြီး ရစ်သေးတယ်" လို့ သူက ပြောပါတယ်။

အခုတစ်ခေါက်မှာ သူ့အိတ်မှာလည်း ကြိုးအနီအချည်ခံရပါတယ်။ အခွန်ဆောင်ဖို့ လိုအပ်တဲ့တစ်ကိုယ်ရည်သုံးထက် ကျော်လွန်တဲ့ နိုင်ငံခြားပစ္စည်းပါ၀င်တယ်လို့ သံသယရှိတဲ့အိတ်တွေကိုအကောက်ခွန်၊ ရဲနဲ့ စစ်တပ် ပူးပေါင်းတဲ့ X Ray အဖွဲ့က ကြိုးအနီချည်လေ့ရှိပါတယ်။

လေဆိပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးကတော့ လေယာဥ်ပေါ်က ချလာတဲ့အိတ်အားလုံးကို X Ray အဖွဲ့က စစ်ဆေးပြီးတော့မှ လေဆိပ်ထဲ သွင်းရတာလို့ ဘီဘီစီကို ပြောပါတယ်။

တကိုယ်ရည်သုံးသတ်မှတ်ချက်ထက် ကျော်လွန်တဲ့အိတ်တွေကို အရင်ကတည်းက မြေဖြူ၊ ဆော့ပင်တွေနဲ့ မှတ်လေ့ရှိပြီး အခုတော့ ကြိုးနီသုံး မှတ်သားလိုက်တာလို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ သတ်မှတ်ပမာဏထက်ကျော်လွန် သယ်ယူ ထည့်သွင်းလာတာမဟုတ်တဲ့အိတ်တွေလည်း ကြိုးနီအချည်ခံရပြီး တာဝန်အရ ဖွင့်ဖောက်စစ်ဆေးတာမလုပ်ဘဲ ငွေကြေးတောင်းခံတာရှိနေတယ်လို့ ခရီးသွားအချို့က ပြောပါတယ်။

ဦးထူးအောင်က ဒီလိုဖြစ်စဉ်မျိုး ကြုံခဲ့ရသူပါ။

"အိတ်ထုတ်ပြီး ထွက်လာတော့ အဝနားမှာ ရဲက အကောက်ခွန်ဝန်ထမ်းဆီ ခေါ်သွားတယ်။ ဟိုရောက်တော့ အိတ်ထဲမှာ ပေါင်းအိုးတစ်လုံးပဲ တွေ့မှ ပြန်လွှတ်ပေးလိုက်တယ်" လို့ ဦးထူးအောင်က ပြောပါတယ်။

နိုင်ငံခြားခရီးစဥ်ကနေ သာမန်ခရီးသည်အဖြစ် ပြန်လာတဲ့လေယာဥ်မှူးတစ်ဦးကလည်း ကြိုးနီချည်ထားတဲ့အိတ်တွေကို လေဆိပ်ဝန်ထမ်းတွေက အမှန်တကယ်စစ်ဆေးတာ မဟုတ်ဘဲ ပိုက်ဆံပေးရင် ကြိုးဖြတ်ပေးလိုက်တာကို တွေ့ခဲ့တယ်လို့ သူ့အတွေ့အကြုံကို ဖေ့ဘွတ်ခ်ပေါ် ရေးခဲ့ဖူးပါတယ်။

စစ်ကော်မရှင် လက်ထက် ပြီးခဲ့တဲ့နှစ်သြဂုတ်လမှာ ထိုင်းကုန်ပစ္စည်းတွေ တင်သွင်းတာကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း ပြည်တွင်းပြန်ဝင်လာသူတွေရဲ့အိတ်ထဲမှာ အခွန်ဌာနက သတ်မှတ်ပမာဏထက်ပါ မပါကို တင်းကျပ်စစ်ဆေးတာ ပိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

"တကိုယ်ရည်သုံးနဲ့ စီးပွားဖြစ်ဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်။ စီးပွားဖြစ်ထဲ ဝင်သွားရင် အကောက်ခွန်က သိမ်းမှာပဲ။ အခွန်ဆောင်ပြီး ပြန်ထုတ်ပေါ့။ စီးပွားဖြစ်က သွင်းကုန်လိုင်စင်လျှောက်ရတယ်။ သွင်းခွင့်(ပါမစ်)မရှိရင် ဒဏ်ကြေးပေးရတာကလည်း နဂိုတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေပဲ" လို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၁ ခုနှစ်မတိုင်ခင်ကနဲ့ ကွာခြားတာက နိုင်ငံခြားငွေ ချွေတာသုံးစွဲဖို့ဆိုပြီး မြဝတီကုန် သွယ် ရေးဂိတ်ကနေ ထိုင်းတင်သွင်းကုန်ကန့်သတ်တာက လေကြောင်းကနေ တနိုင်တပိုင် တင်သွင်းသူတွေ တိုးလာပါတယ်။

"ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)ရှိရင် ထိုင်းကို အသွားအပြန်နဲ့ ကီလို သယ်နေတဲ့သူတွေက ရုပ်ပျက် ဆင်းပျက်ကို သယ်နေကြတာရှိတယ်။ ဒီလိုလူတွေရဲ့အိတ်တွေ စစ်ခံရတာ များပါတယ်" လို့ ဒီအခြေအနေကိုသိရှိသူက ပြောပါတယ်။

လူမှုကွန်ရက် ဖေ့ဘုတ်တွေမှာလည်း ထိုင်း-မြန်မာ ကာဂို(Air Cargo) အုပ်စုတွေမှာ ဒီလိုကီလိုရောင်းချသယ်နေသူတွေက ထိုင်းကုန်ပစ္စည်းတွေကို တစ်ကီလို ထိုင်းဘတ်ငွေ ၂၀၀ ကနေ ၃၀၀ အတွင်း သတ်မှတ်ပြီး သယ်ပေးမယ်လို့ ‌ရေးသားကြော်ငြာတာတွေ တွေ့ရပါတယ်။

မြဝတီက ထိုင်း-မြန်မာကုန်သွယ်ရေး ဂိတ် စပိတ်တုန်းက အဲကာဂိုဆိုပြီး ဒီလို ကီလို ရောင်းချ သယ်နေသူတွေက "အိတ်တွေ အစစ်အဆေးမရှိဖြတ်ဖို့ တစ်အိတ်ကို တစ်သိန်း ပေးရတယ်။ ခု နောက်ပိုင်းတော့ တစ်အိတ် သုံးသိန်း ဖြစ်သွားပြီ" လို့ အဲကာဂို သယ်ယူနေတဲ့သူတွေနဲ့နီးစပ်သူက ပြောပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ ''လေဆိပ်ဝန်ထမ်းတွေအပါအဝင် မည်သူတစ်ဦး တစ်ယောက်ကိုမှ အပိုဆောင်းငွေကြေးနဲ့ ပစ္စည်းပေးစရာမလို'' လို့ မေ ၁၃ ရက်မှာ ကြေညာပါတယ်။

ခရီးသည်တွေအနေနဲ့ မှတ်ချက်ပေးဖို့ကိုလည်း QR ကုတ်ကို ကြေညာချက်မှာ ထည့်ပေးထား တာ တွေ့ရပါတယ်။

ရန်ကုန်လေဆိပ်မှာ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ငွေကြေးတောင်းခံတာနဲ့ပတ်သက်လို့ ဘီဘီစီက သက်ဆိုင်ရာဌာနတွေကို ပြန်ကြားရေးဝန်ကြီးဌာနကနေတဆင့် မေးမြန်းထားဆဲ ဖြစ်ပါတယ်။

လေဆိပ်မှာ ငွေကြေးတောင်းခံတဲ့ကိစ္စမှာလည်း ဒီလိုအထောက်အထားနဲ့တိုင်ကြားဖို့ ပြောလာရင် လာဘ်စားတာတွေ ပပျောက်ဖို့ လက်တွေ့ကျတဲ့ဖြေရှင်းချက်ဖြစ်မလားဆိုတဲ့ဘီဘီစီရဲ့ မေးမြန်းချက်ကို ကိုဖြိုးကတော့ တိုင်ကြားဖို့တောင် လူတွေမှာ စိုးရိမ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။

"ပိုက်ဆံတောင်းခံရတာ၊ မမှန်မကန်လုပ်တာမျိုးကို ပြောလိုက်ရင် နောက်ဆက်တွဲပြဿနာကို စိုးရိမ်ကြတယ်။ ကိုယ်တိုင်ကြုံရတာတောင် မပြောရဲဘဲ ကျွန်တော့်လိုပဲ ပြဿနာမဖြစ်ချင်လို့ ပိုက်ဆံပေးပြီး ရှောင်တဲ့လူ ပိုများပါတယ်" လို့ ကိုဖြိုးက ပြောပါတယ်။

အခုဆောင်းပါးမှာ သတင်းရင်းမြစ်တွေရဲ့လုံခြုံရေးကြောင့် နာမည်တွေကို ပြောင်းလဲဖော်ပြထားပါတယ်။