သြဂုတ်လ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နီပေါ-တိဗက်နယ်စပ် ရေကြီးမှု လူ ၉၅ ဦးထက်မနည်း သေဆုံး၊ နိုင်ငံခြားသားခရီးသွား ရာနဲ့ချီ ပျောက်ဆုံးတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
သြဂုတ်လ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
Update (မြန်မာစံတော်ချိန် ည ၁၀ နာရီ) - နီပေါ-တိဗက်နယ်စပ် ရေကြီးမှု လူ ၉၅ ဦးထက်မနည်း သေဆုံးပြီး နိုင်ငံခြားသားခရီးသွား ရာနဲ့ချီ ပျောက်ဆုံးနေပါတယ်။
နီပေါနိုင်ငံ ခရီးသွားဘုတ်အဖွဲ့ရဲ့ အဆိုအရ ပျောက်ဆုံးနေတဲ့ ခရီးသွားတွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်၊ အမေရိကန်နိုင်ငံသား ၄၇ ဦးနဲ့ ဗြိတိန်နိုင်ငံသား ၃၃ ဦး ပါဝင်ပါတယ်။ အဲဒီဒေသဟာ ဘုရားဖူးခရီးသွားတွေနဲ့ တောင်တက်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
နီပေါနဲ့ တိဗက် နယ်စပ်မှာ ရုတ်တရက်ရေကြီးပြီး မြေပြိုမှုဖြစ်လို့ အနည်းဆုံး လူ ၃၁ ဦးသေဆုံးပြီး ခရီးသွားရာချီ ပျောက်ဆုံးနေပါတယ်။
ပျောက်ဆုံးနေတဲ့ခရီးသွားတွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၀၀ ကျော်နဲ့ ဗြိတိန်နိုင်ငံသား ၁၂ ဦးလည်း ပါ၀င်တယ်လို့ နီပေါနိုင်ငံ ခရီးသွားဘုတ်အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာကလည်း တရုတ်ထိန်းချုပ်ထားတဲ့တိဗက်မှာ ထိခိုက်သေဆုံးသူ များတယ်လို့ သတင်းဖော်ပြနေပါတယ်။
တိဗက်အခြမ်းက လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ ရေလုံးကြီးနဲ့ ရွှံ့လုံးကြီး အဆောက်အဦတွေကို ရိုက်ခတ်သွားတာ မြင်ရသလို ရေတက်လာလို့ လူတွေ ဥဒဟို ပြေးလွှားနေကြတာ မြင်ရပါတယ်။
နီပေါ နိုင်ငံခြားရေး၀န်ကြီးကတော့ ငလျင်ကြောင့် မြေပြိုပြီး ရေကြီးတာဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) အကြီးအကဲဟာ မကြေညာဘဲ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို သွားခဲ့တယ်လို့ ဘီဘီစီရဲ့အမေရိကန် မိတ်ဖက်သတင်းဌာန စီဘီအက်စ်က သတင်းဖော်ပြပါတယ်။
စီအိုင်အေ အကြီးအကဲ ဂျွန် ရက်ဖ်ကလစ်ဟာ ရုရှားကို အင်္ဂါနေ့ မနက်အစောပိုင်းမှာ ရောက်တယ်လို့လည်း သတင်းတွေ ထွက်ပေမဲ့ သူ ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေဆွေးနွေးမယ်ဆိုတာကို ၀ါရှင်တန်ဘက်ကရော၊ မော်စကိုဘက်ကပါ အတည်မပြုပါဘူး။
ဒါပေမဲ့ အမေရိကန်နဲ့ ရုရှားထိပ်ပိုင်းအရာရှိတွေကြားမှာ လူချင်းတွေ့ဆုံဆွေးနွေးတယ်ဆိုတာကတော့ ရှားတောင့်ရှားပါး ဖြစ်စဉ်ဖြစ်ပါတယ်။
လေကြောင်းပျံသန်းမှုအချက်အလက်ကို စောင့်ကြည့်တဲ့စနစ်တွေအရဆိုရင်လည်း လာဗီတာကနေ စတင်ပျံသန်းတဲ့အမေရိကန်စစ်တပ်လေယာဉ်ကြီးတစ်စီးဟာ ရုရှားကို အင်္ဂါနေ့မှာသွားခဲ့တယ်လို့ ဖော်ပြပြီး နေ့တွင်းချင်းမှာပဲ ပြန်လည် ပျံသန်းလာတယ်လို့ ပြသနေပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက စီအိုင်အေ၊ အိမ်ဖြူတော်နဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ဆီ မှတ်ချက်တစုံတရာရဖို့ ဆက်သွယ်ထားပြီးဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ တက်လာတဲ့ရုပ်သံမှာတော့ C-17 အမျိုးအစား သယ်ပို့လေယာဉ်ဟာ မော်စကိုမြို့က နျူကိုဗိုနိုင်ငံတကာလေဆိပ်ကို ချဉ်းကပ်သွားတာတွေ့ရပါတယ်။
အဲဒီနောက် လူမှုကွန်ရက်မှာ တက်လာတဲ့ရုပ်သံတွေမှာလည်း သံတမန်ယာဉ်တန်းတစ်ခု မော်စကိုမြို့ကို ဖြတ်သန်းမောင်းနှင်နေတာ တွေ့ရပါတယ်။
အဲဒီခရီးမတိုင်ခင်မှာတော့ အမေရိကန်ဟာ အကြီးတန်းကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ကို ခရီးသွားဖို့ရှိလို့ ဒီိကိုယ်စားလှယ်အဖွဲ့ မော်စကိုကနေ မထွက်ခွာခင်အထိ လေကြောင်း တိုက်ခိုက်တာ ရပ်ထားဖို့ ကိယက်ဗ်ဘက်ကို တောင်းဆိုခဲ့တယ်လို့ စီဘီအက်စ် သတင်းက ဆိုပါတယ်။
ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးရဲ့အပြောကို ကိုးကားပြီး စီဘီအက်စ်က သတင်းဖော်ပြတာဖြစ်ပါတယ်။
မြန်မာကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနိုင်ငံတကာစောင့်ကြည့်အဖွဲ့(FATF) က တန်ပြန်အရေးယူမှုတွေ ချမှတ်သင့်တယ်လို့ သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်နဲ့ နိုင်ငံတကာအရေးလေ့လာသုံးသပ်သူ ဒန်ဆွဇ်တို့က ဝါရှင်တန်ပို့စ်က သူတို့ရဲ့ဆောင်းပါးမှာ ထည့်ပြောလိုက်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ FATF ရဲ့အမည်ပျက်စာရင်းမှာရှိနေပြီး လာမယ့် အောက်တိုဘာလအစည်းအဝေးမှာ တန်ပြန်အရေးယူမှုတွေ ချမှတ်သင့်၊ မသင့် ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ရှောင်တာနယ်နဲ့ ဒန်ဆွဇ်တို့ကတော့ FATF ရဲ့အရေးယူမှုတွေဟာ မြန်မာစစ်တပ်အနေနဲ့ စစ်လက်နက်ဝယ်ယူရေးနဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့နေရာမှာ အသုံးပြုမယ့် နိုင်ငံခြားငွေတွေကို ရပ်တန့်နိုင်တဲ့အထိ သက်ရောက်မှုကြီးတယ်လို့ သူတို့နှစ်ဦးက ရေးသားပါတယ်။
ဒါဟာ စစ်တပ်အတွက် အကျပ်ရိုက်နိုင်ပေမဲ့ သူနဲ့တိုက်ပွဲတွေဖြစ်နေတဲ့တော်လှန်ရေးအင်အားစုတွေအတွက်တော့ အားသာမှုရစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာငွေကြေးခဝါချမှု တိုက်ဖျက်ရေးစောင့်ကြည့်အဖွဲ့ (FATF)အနေနဲ့ အမည်ပျက်စာရင်း(Blacklist) သွင်းထားတဲ့ နိုင်ငံတစ်နိုင်ငံအပေါ် နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို အဆင့်ဆင့် သုံးသပ်ဆုံးဖြတ်လေ့ရှိပါတယ်။
အဲဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာနိုင်ငံက FATF ရဲ့သတ်မှတ်ချက်တွေနဲ့ အစီအမံတွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်ထားလဲဆိုတာကို စိစစ်သုံးသပ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား ဘုံသဘောတူညီချက်ရယူကာ နောက်ဆုံးဆုံးဖြတ်ချက် ချမှတ်တာဖြစ်ပါတယ်။
အောက်တိုဘာအစည်းအဝေးမတိုင်ခင် အမေရိကန်အစိုးရအနေနဲ့ FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် တိကျတဲ့အရေးယူမှုတွေ ချမှတ်နိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်တယ်လို့ ရှောင်တာနယ်နဲ့ ဒန်ဆွဇ်တို့က တိုက်တွန်းထားပါတယ်။
တဖက်မှာလည်း မြန်မာဗဟိုဘဏ်နဲ့ နေပြည်တော်အစိုးရဘက်ကတော့ FATF ရဲ့ တန်ပြန်အရေးယူမှုတွေ မခံရရေး အပူတပြင်းကြိုးစားနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက ပြင်သင်နိုင်ငံ ပဲရစ်မှာ လုပ်ခဲ့တဲ့ FATF အစည်းအဝေးမှာ မြန်မာနိုင်ငံက FATF ရဲ့ အကြံပြုချက်တချို့ကို လိုက်နာခဲ့တာကြောင့် တန်ပြန်အရေးယူမှု ချမှတ်တာကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်လက်ထက်က ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေရာမှာ အသွင်ပြောင်းအစိုးရဖြစ်လာပြီးနောက် ဒေါက်တာခင်နိုင်ဦးကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး FATF အမည်ပျက်စာရင်းကနေ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်တာဝန်ယူရတဲ့အနေအထား ဖြစ်လာပါတယ်။
ဗဟိုဘဏ်ရဲ့အချက်အလက်တွေအရ ဒေါ်သန်းသန်းဆွေဟာ FATF အမည်ပျက်စာရင်းကနေ လွတ်မြောက်ဖို့ အဓိကကြိုးပမ်းခဲ့သူအဖြစ် ရှုမြင်ခံရပါတယ်။
ဒါကြောင့် တဖက်မှာလည်း လာမယ့်အောက်တိုဘာ အစည်းအဝေးမှာတော့ မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌကို ခေါ်ယူဆွေးနွေးရုံနဲ့ မလုံလောက်တော့ဘဲ တိကျခိုင်မာတဲ့ တန်ပြန်အရေးယူမှုတွေ ချမှတ်သင့်တယ်လို့ ဆော်သြနေကြတာဖြစ်ပါတယ်။
FATF က အရေးယူမှု ချမှတ်ခဲ့ရင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေအပေါ် ပိုမိုတင်းကျပ်တဲ့ စိစစ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေအပါအဝင် နိုင်ငံတကာဘဏ်စနစ်ကို အသုံးပြုရတဲ့ မြန်မာနိုင်ငံသားအများစုဟာ အဲဒီအကျိုးသက်ရောက်မှုကို တိုက်ရိုက်ခံစားရမယ် လို့ စီးပွားရေးပညာရှင်တချို့ကပြောထားပါတယ်။
မြန်မာနိုင်ငံဟာ FATF အဖွဲ့ဝင်မဟုတ်ပေမဲ့ FATF ရဲ့ဒေသတွင်းမိတ်ဖက်အဖွဲ့ဖြစ်တဲ့ အာရှ-ပစိဖိတ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် FATF ရဲ့စံနှုန်းတွေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာရပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို FATF က အမည်ပျက်စာရင်း(Blacklist) သတ်မှတ်ထားပြီး နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို လာမယ့် အောက်တိုဘာလအစည်းအဝေးမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။
အမေရိကန်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ချမှတ်နိုင်ဖို့ ဒီအစည်းအဝေးမတိုင်ခင် FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ်ထူထောင်ထားသင့်ပြီလို့ သူတို့ နှစ်ဦးက တိုက်တွန်းထားပါတယ်။
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ဟာ ကမ္ဘာတဝန်းက ငွေကြေးခဝါမှုတွေရှိနေတဲ့နိုင်ငံတွေကို စောင့်ကြည့် အရေးယူမှုတွေ လုပ်နေတဲ့အဖွဲ့ပါ။
အမေရိကန်၊ ယူကေ၊ တရုတ်အပါအဝင် အဖွဲ့ဝင် နိုင်ငံ ၄၀ လောက် ပါဝင်ဖွဲ့စည်းထားတာပါ။ FATF က ချမှတ်လိုက်တဲ့အရေးယူမှုတွေကို အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာရတာဖြစ်ပါတယ်။
FATF က မြန်မာအပေါ် တန်ပြန်အရေးယူမှုတွေ ချမှတ်ခဲ့ရင် နေပြည်တော်ရဲ့မဟာမိတ်နိုင်ငံ တရုတ်အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ငွေကြေးလုပ်ငန်းတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးကန့်သတ်ရမှာဖြစ်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်း ဝဲတူးရေနံမြေ (Well 2 ရေနံမြေ) အနီးက တဲကြီးကျေးရွာကို အင်အား ၄၀၀ နီးပါးပါတဲ့စစ်တပ်စစ်ကြောင်းရောက်လာပြီလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ဒီရေနံမြေအနီးတ၀ိုက်ကို ထိန်းချုပ်ဖို့ အင်အား ၄၀၀ နီးပါးပါတဲ့ စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက စစ်ကြောင်းထိုးနေတာလို့ သူကဆိုပါတယ်။
“အခု တဲကြီးရွာကို စစ်တပ်ရောက်နေပါပြီ” လို့ သူက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ထပ်ပြီးတိုးလာနေလို့ ဒီနေ့မနက် အစောပိုင်းကစပြီး မြိုင်နဲ့ ပေါက်ကို ဆက်သွယ်ထားတဲ့အာဆီယံလမ်းမကြီးတလျှောက်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့တစ်ရက်တည်းမှာပဲ စစ်တပ်က အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
“ဒီမနက် Mi-35 ရဟတ်ယာဉ်နဲ့ လာပစ်သွားတယ်။ အခုလည်း ဂျိုင်ရိုကော်ပတာ (Gyrocopter) လေးစီး ထပ်လာနေပါတယ်” လို့ မြိုင်ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ဝဲတူးရေနံမြေအနီးက တဲကြီးရွာကို မဝင်ရောက်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက ရွာရဲ့အနီးတဝိုက်ကို မြေပြင်စစ်ကြောင်းရော လေကြောင်းအကူအညီတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၂၄ ရက် တစ်ရက်တည်းမှာပဲ မြိုင်မြို့နယ်အနောက်ခြမ်းက ဝဲတူးရေနံမြေနဲ့ တဲကြီးရွာ အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ခန့်ပြုလုပ်ခဲ့တာလို့ မြိုင်ပကဖ ဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ပေါက်အစပ်မှာ ရှိတဲ့ရေနံမြေတွေကို ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း “အညာတမာစစ်ဆင်ရေး” အနေနဲ့ ပြန်လည်ခုခံနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာမှာ နျူကလီးယားစက်ရုံဆောက်လုပ်ရေးလုပ်ငန်းကို လာမယ့် ၂၀၂၇ ခုနှစ် နှစ်စပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားတဲ့အကြောင်း ရုရှားနိုင်ငံပိုင် နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေးကော်ပိုရေးရှင်း(Rosatom) ဘက်က သတင်းထွက်လာပါတယ်။
နျူစက်ရုံဆောက်ဖို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကနဦးစစ်တမ်းကောက်တာကို အခု နှစ်ကုန်ပိုင်းမှာ ပြုလုပ်ပြီး ဆောက်လုပ်ရေးကိုတော့ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်နိုင်ဖို့ Rosatom ဘက်က မျှော်လင့်နေပါတယ်။
အခုအခြေအနေကို ကော်ပိုရေးရှင်း ညွှန်ကြားရေးမှူး အဲလက်ဆီ လီဟာချက်ဗ်ကရဲ့အပြောကို ကိုးကားပြီး Rosatom ရဲ့သတင်းဌာန Strana Rosatom မှာ ဖော်ပြတာဖြစ်ပါတယ်။
‘‘စီမံကိန်းအခြေအနေကိုတော့ ကျွန်တော်တို့တင် မဟုတ်ဘူး။ ဖောက်သည်တွေဘက်ကလည်း လက်ခံထားပါတယ်။ အစိုးရအချင်းချင်း သဘောတူညီချက်လည်း လက်မှတ်ထိုးထားပြီးပါပြီ။ အခုဆိုရင် စက်ရုံနေရာရွေးတဲ့အဆင့်ရောက်ဖို့ သဘောတူပြီးဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းစဖို့ဖြစ်ပါတယ်။’’လို့ Rosatom ညွှန်ချုပ်က ပြောတယ်လို့ သတင်းက ဆိုပါတယ်။
မြန်မာမှာ နျူကလီးယားစက်ရုံ ဆောက်မယ့်သဘောတူညီချက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ တုန်းက ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
အသေးစားဓာတ်ပေါင်းဖို ၂ ဖိုသုံးမယ့်အဲဒီစက်ရုံကနေ ဓာတ်အား မဂ္ဂါ၀ပ် ၁၁၀ အထိ ကနဦးထုတ်ပြီး နောက်ပိုင်းမှာ မဂ္ဂါ၀ပ် ၃၃၀ အထိ အဆင့်မြှင့်သွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
မြန်မာမှာ ဆောက်လုပ်မယ့်စက်ရုံအတွက် ရေဖိအားသုံးပြီး ရေနွေးငွေ့အပူကနေ စွမ်းအင်ထုတ်တဲ့ RITM-200N ဓာတ်ပေါင်းဖို အမျိုးအစားကို အသုံးပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီဓာတ်ပေါင်းဖိုဟာ ရုရှားရဲ့နျူကလီးယားစွမ်းအင်သုံး ရေခဲပြင်ခွဲသင်္ဘောတွေမှာ သုံးတဲ့ဓာတ်ပေါင်းဖို အမျိုးအစား RITM-200 ကို အခြေခံထားတာဖြစ်ပါတယ်။
နျူကလီးယားစက်ရုံတည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က အများပြည်သူသိရှိအောင် အသေးစိတ် သတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။
အဲဒီစီမံကိန်းနဲ့ဆက်နွှယ်တဲ့သတင်းအချက်အလက်တွေကို ရုရှားဘက်က ထုတ်ပြောမှသာ စီမံကိန်းနောက်ဆုံးအခြေအနေကို သိနိုင်တာဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ပြီးခဲ့တဲ့တစ်ပတ် ရုရှားခရီးစဉ်မှာလည်း နျူကလီးယားစက်ရုံအရေး ပြောဆိုဆွေးနွေးမှုရှိခဲ့တယ်လို့ ပြောပေမဲ့ အဲဒီထက် သတင်းထုတ်ပြန်ပြောဆိုတာမျိုးမရှိပါဘူး။
ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်က PIMS ဆေးရုံက မိခင်နဲ့ကလေးကုသဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေး အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။
မီးဟာ လေအေးပေးစက်ယူနစ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆေးရုံမှာ အသုံးပြုနေတဲ့ အောက်ဆီဂျင်ဆက်သွယ်မှုတွေကြောင့် မီးအရှိန်မြန်မြန်ကူးစက်ခဲ့တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူက ဘီဘီစီ ကို ပြောပါတယ်။
မီးလောင်ချိန်မှာ အဲဒီ အဆောင်ထဲမှာရှိတဲ့ မွေးကင်းစကလေး ၁၅ ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ဆေးရုံအပြင်ဘက်မှာ ကလေးတွေရဲ့ မိသားစုဝင်တွေ စုဝေးနေကြပြီး အများအပြား ငိုကြွေးနေကြတယ်လို့ မြေပြင်ရောက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မိဘတစ်ဦးက သူ့ရဲ့ သုံးရက်သားအရွယ်ကလေး မီးလောင်မှုအတွင်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ရှက်ဘက် ရှာရစ်ဖ်က ဖြစ်စဉ်အပေါ် “အလွန်ဝမ်းနည်းရကြောင်း” ပြောပြီး ချက်ချင်းစုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့စည်းထားပြီး ၂၄ နာရီအတွင်း အစီရင်ခံစာတင်ပြဖို့ ညွှန်ကြားထားပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ နွားတွေ တစ်ကောင်ပြီး တစ်ကောင် ဆက်တိုက်သေဆုံးတာတွေဖြစ်နေတယ်လို့ အာရက္ခတပ်တော်(အေအေ)ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဩဂုတ် ၂၅ ရက်က ထုတ်ပြန်ပါတယ်။
စစ်တပ်လေကြောင်းဗုံးကြဲခဲ့တဲ့နေရာတွေနဲ့အနီးတဝိုက်ကို နွားစာလွှတ်တဲ့အချိန်မှာ အခုလို နွားတွေဆက်တိုက် သေဆုံးမှုဖြစ်နေတာလို့ ဆိုပါတယ်။
အရင်က ဗုံးကြဲခဲ့တဲ့နေရာတွေမှာ နွားစာလွှတ်တာတွေရှိပေမဲ့ အခုလိုသေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆိုပါတယ်။
စစ်တပ်ကြဲလိုက်တဲ့ဗုံးသီးတွေထဲမှာပါတဲ့ယမ်းမှုန့်တွေဟာ မိုးရာသီဖြစ်လို့ ရေစီးနဲ့အတူမျောပါပြီး နွားတွေ ယမ်းအဆိပ်သင့်တာ ဖြစ်နိုင်တယ်လို့ အေအေ ကျန်းမာရေးဌာနက ကနဦး ယူဆပါတယ်။
ဒါကြောင့် အေအေရဲ့ မှုခင်းဆေးပညာဌာနခွဲက အခုလို နွားတွေသေဆုံးနေတာကို မသင်္ကာဖွယ်ရာဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ဗုံးကြဲခံရတဲ့နေရာတွေမှာ ကျွဲ၊ နွား၊ ဆိပ်၊ ဝက် တိရစ္ဆာန်တွေကို အစာမကျွေးဖို့ တိုက်တွန်းထားပါတယ်။
ဒေသခံတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကျွဲ၊ နွား တိရစ္ဆာန်တွေ သေဆုံးနေတာတွေ့ရင် အေအေ အုပ်ချုပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့ (DLEPS)ကို ချက်ချင်းအကြောင်း ကြားဖို့ကိုလည်း အသိပေးထားပါတယ်။
မြန်မာမှာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက် ထိုင်းကိုရွှေ့ပြောင်းနေထိုင်သူ တိုးလာတာနဲ့ အမျှ ထိုင်းမှာ မြန်မာမိခင်တွေ ကလေးမွေးဖွားနှုန်းက နှစ်စဉ်မြင့်တက်နေပြီး ၅ နှစ်အတွင်း ကလေးငယ် အယောက် ၁ သိန်း ၃ သောင်းကျော်မွေးဖွားထားတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ထိုင်းမှာမြန်မာကလေးငယ် တစ်သောင်းကျော်မွေးခဲ့ပြီး ၂၀၂၂ ခုနှစ်ကစလို့ နှစ်စဉ် ကလေးငယ် ၂ သောင်းကျော်အထိ မွေးဖွားနှုန်းမြင့်တက်လာတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ အမြင့်ဆုံးကို ရောက်လာပြီး မြန်မာကလေးငယ် ၂၈,၈၆၅ ဦးအထိမွေးဖွားထားတာ တွေ့ရပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ်မှာတော့ သြဂုတ်လ ၂၁ ရက်နေ့အထိဆိုရင် ထိုင်းမှာမွေးတဲ့မြန်မာကလေးငယ် ၁၆,၁၁၇ ဦး အထိရှိနေပြီလို့ အဲဒီအချက်အလက်အရ သိရပါတယ်။
ဒီအချက်အလက်တွေကိုစုစည်းဖော်ပြတဲ့ ထိုင်းသတင်းဌာန The Thaiger ကတော့ အခုကလေးမွေးဖွားနှုန်းဟာ မိခင်ဖြစ်သူရဲ့နိုင်ငံသားဖြစ်မှုကို အခြေတည်ပြီး တွက်ချက်တာဖြစ်ပေမဲ့ မွေးတဲ့ကလေးငယ်တွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့မဆက်နွယ်ဘူးလို့ သတင်းထဲရေးထားပါတယ်။
တဖက်မှာလည်း မြန်မာမိခင်တွေရဲ့ဒီကလေးမွေးဖွားနှုန်း နှစ်စဉ်အချက်အလက်တွေကို ကြည့်ရင် မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းကို ရွှေ့ပြောင်း၀င်ရောက်သူ မြင့်တက်နေတဲ့အခြေအနေကိုလည်း ထင်ဟပ်နေပါတယ်။
မြဝတီမြို့တောင်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်ခတ်ရွာ ဟာ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ အမေရိကန်က ဆုကြေးထုတ်ထားရတဲ့နယ်မြေတစ်ခုဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒီရွာမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာခဲ့ပြီး ဒီရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက် စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။
တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ DKBA လက်တွဲ လုပ်ကိုင်ချိန်ကစလို့ ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေ တဖြည်းဖြည်းများလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဥ်ရင် တပ်ဖွဲ့အင်အား ငါးဆကျော်များလာပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မှာ DKBA အင်အားဘယ်လောက် ကြီးထွားလာခဲ့သလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဘက်ခြမ်း မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသထဲက ကျားဖြန့် ( အွန်လိုင်းငွေလိမ်ဂိုဏ်း) အဆောက်အဦတွေကို မြန်မာစစ်တပ်က ဖြိုချရှင်းလင်းဖို့ ပြင်နေလို့ DKBA ခေါင်းဆောင်တွေက ညှိနှိုင်းနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း က မြဝတီမြို့နယ်က အာဏာပိုင်တွေက ကျောက်ခက်ဒေသထဲ ကနဦးသွားရောက်ပြောဆိုတာတွေရှိနေပြီး DKBA ဘက်ကတော့ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးတာအစား တခြားနည်းလမ်းနဲ့ပြောင်းသုံးဖို့ ဆွေးနွေးခဲ့တယ်လို့ DKBA သတင်းရင်းမြစ်ကပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်မှာ နှစ်နိုင်ငံနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ နောက် မြဝတီဒေသထဲ အခုလိုနှိမ်နင်းရေးအစီအစဥ် ပေါ်လာတာပါ။
“ကျားဖြန့်အဆောက်အဦတွေကို ရှင်းမယ်လို့ပြောသွားတယ်။ DKBA ဘက်ကတော့ ဒီအဆောက်အဦးတွေကို ဖြိုချဖျက်ဆီးမယ့်အစား ငွေကြေးမတတ်နိုင်သူတွေကို ပြန်နေရာချပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်ဘက်ကဘာဆုံးဖြတ်မလဲ အခြေအနေတော့စောင့်ကြည့်ရမယ်” လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။
နောက်ထပ် အမည်မဖော်လိုတဲ့ DKBA သတင်းအရင်းအမြစ်ကလည်း “ စစ်တပ်က ကျောက်ခတ်ရွာကို ရှင်းလင်းမှာတော့ သေချာပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဘယ်အချိန် ကျောက်ခတ်ကျေးရွာထဲက အဆောက်အဦတွေလာရောက်ရှင်းလင်းမလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ တဖက်မှာလည်း ကျောက်ခက်နဲ့ မဝေးလှတဲ့ မင်းလက်ပံဒေသထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျောက်ခတ်ရွာနဲ့ ၆ မိုင်အကွာမှာ ရှိနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU/PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။
DKBA သတင်းအရင်းအမြစ်ကတော့ အဲဒီစစ်ကြောင်းဟာ ကျောက်ခတ်ရွာကို ဝင်ပြီး ကျားဖြန့်အဆောက်အဦးတွေ တပါတည်း ရှင်းလင်းသွားနိုင်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဒီမတိုင်ခင်က မြဝတီနယ်ထဲက BGF လက်အောက် ရွှေကုက္ကိုမြို့က ကျားဖြန့်အဆောက်အဦတွေကိုဖြိုချဖျက်ဆီးခဲ့ပြီးပြီလို့ ကြေညာထားပါတယ်။ အခုတခေါက်မှာတော့ DKBA ရဲ့ အဓိကစီးပွားရေးနယ်မြေထဲ ရောက်လာတာလို့ နားလည်ရပါတယ်။
တဖက်မှာလည်း တရုတ်နဲ့ ထိုင်းအစိုးရဘက်ကဖိအားတွေ ရှိနေလို့ DKBA နယ်ထဲက ကျားဖြန့်တွေကို ဆက်ရှင်းတာဖြစ်နိုင်ပေမဲ့ DKBA နဲ့ စစ်တပ်က နီးကပ်တဲ့ဆက်ဆံရေးရှိတာကြောင့် နှိမ်နင်းရေးလုပ်ခဲ့ရင်တောင် အယောင်ပြဖြိုချမှုတွေပဲဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
ဇူလိုင် ၂၅ ရက်ကလည်း စစ်တပ်က ကျောက်ခတ်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၆၀၀ ကျော်အပါအဝင် ၇၇၇ ဦးကို ဖမ်းမိခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာကျော် အမေရိကန် ကန်ထရီး ကျေးလက်ဂီတ အဆိုတော်ကြီး ဒေါ်လီပါတန် အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အကြောင်း သူ့မိသားစုက သူ့ဆိုရှယ်မီဒီယာကနေ ရေးသားကြေညာပါတယ်။
ဒေါ်လီပါတန်ဟာ သူ့ဂီတသက်တမ်း အနှစ် ၆၀ ကျော်မှာ သီချင်းပေါင်း ၃,၀၀၀ ကျော်ကို ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝန်း ဓာတ်ပြားချပ်ရေ သန်း ၁၀၀ ကျော်လည်း ရောင်းချခဲ့ရသူပါ။
၁၉၇၂ မှာ သူရေးခဲ့တဲ့ Jolene နဲ့ I Will Always Love You တို့ဟာ ဒေါ်လီပါတန်ကို ဂီတဘက်က ကြယ်ပွင့်တစ်ပွင့်အဖြစ်တွန်းတင်ပေးလိုက်တဲ့သီချင်းတွေပါ။
အဲဒီ သီချင်းနှစ်ပုဒ်ကို ရက်ပိုင်းအတွင်းမှာ ရေးဖွဲ့တာလို့ ဆိုပါတယ်။ ၁၉၈၀ မှာ ဂျိန်းဖောင်ဒါ သရုပ်ဆောင်တဲ့ ရုပ်ရှင် 9-5 ရဲ့အဓိက ဇာတ်ဝင်တေးကိုလည်း ဒေါ်လီပါတန်ပဲ ရေးသားသီဆိုခဲ့ပါတယ်။
ဒေါ်လီပါတန်ရဲ့ ပါရမီ၊ အဆိုရော အရေးပါ ထိပ်တန်းနေရာမှာ နှစ်ပေါင်းများစွာ နေရာယူထားနိုင်မှုတွေအတွက် ဂီတနယ်ပယ်ရဲ့ အကြီးဆုံးကြယ်ပွင့်ကြီးတွေထဲက တစ်ပွင့်အဖြစ် သူ့ကို ရည်ညွှန်းဂုဏ်ပြုကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒေါ်လီပါတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတွင်းမှာ အမေရိကန်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တိုင်တစ်ဝက် တစ်ပတ်ကြာ လွှင့်ထူသွားမယ်လို့ အသိပေးကြေညာခဲ့ပါတယ်။
ဒေါ်လီပါတန်ရဲ့ နှစ်ပေါင်း ၆၀ ကျော်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည် ကားလ်ဒီးန်ကလည်း မနှစ်က အသက် ၈၂ နှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။
သူတို့မှာ သားသမီး မထွန်းကားခဲ့ပါဘူး။
အနောက်အာဖရိကက ဆိုက်ဘာရာဇ၀တ်မှုတွေနဲ့ဆက်နွှယ်တဲ့သူတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဖမ်းဆီးနှိမ်နင်းမှုအတွင်း လူပေါင်း ၆၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။
အမှတ် ၄ ဂျက်ကယ် စစ်ဆင်ရေး(Operation Jackal IV) လို့ နာမည်ပေးထားတဲ့ ဒီနှိမ်နင်းမှုကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ချစ်မှုရေးရာလိမ်လည်လှည့်ဖျားတဲ့ ကျားဖြန့်လုပ်ရပ်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီစုံစမ်းဖော်ထုတ်မှုအတွင်း မသင်္ကာသူ လူပေါင်း ၂၆၀ ကျော်ကို အင်တာပိုက သိရှိထားပြီးဖြစ်ပါတယ်။
အင်တာပိုကတော့ အခုဖမ်းဆီးမှုတွေဟာ နိုင်ဂျီးရီးယားပုဆိန်မည်း(Nigerian Black Axe) ကျားဖြန့်လို ရာဇ၀တ်ကွန်ရက်တွေကြောင့်ဖြစ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်မြင့်တက်လာတာကို တုံ့ပြန်ဖို့ အခုလိုဖမ်းဆီးတာတွေလုပ်ခဲ့တာလို့လည်း ပြောပါတယ်။
အခုစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ်၊ နို၀င်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းလုပ်ခဲ့တာဖြစ်ပြီး ကျားဖြန့်ကနေ ရတဲ့ငွေကြေးတွေကို ဘယ်လိုခ၀ါချနေလဲဆိုတာကိုလည်း စုံစမ်းခဲ့တယ်လို့ အင်တာပိုက ပြောပါတယ်။
ကျားဖြန့်ကွန်ရက်တွေဟာ အင်္ဂလိပ်လိုပြောတဲ့နိုင်ငံတွေက ပင်စင်စားအရွယ်တွေကို မကြာခဏ ပစ်မှတ်ထားလေ့ရှိပေမဲ့ နောက်ပိုင်းမှာ အသက် ၁၄ နှစ်လောက်ကလေးတွေကိုပါ ပစ်မှတ်ထားတာမျိုး တွေ့ရတာကြောင့် ဒီအခြေအနေကို ဆန်းစစ်ပြီး အခုဖမ်းဆီးမှုတွေကို လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
အခုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်တဲ့ ဂျက်ကယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ၄ ကြိမ်မြောက် ပြုလုပ်တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တုန်းကတော့ အမှတ် ၃ ဂျက်ကယ်စစ်ဆင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ Black Axe အပါအ၀င် သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့တွေကိုပါ နှိမ်နင်းခဲ့ပြီး အဲဒီတုန်းက လူ ၃၀၀ ကို ဖမ်းဆီးခဲ့ပါတယ်။
Black Axe အဖွဲ့ဟာ ကမ္ဘာတလွှား လူကုန်ကူးမှု၊ လိင်ကုန်ကူးမှုနဲ့ သတ်ဖြတ်မှုတွေနဲ့ဆက်နွှယ်တဲ့ရာဇ၀တ်ကွန်ရက်ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ အဲဒီကွန်ရက်ရဲ့မြေပြင်မှာ စုဆောင်းတဲ့ကွန်ရက်ဖြစ်ပြီး သူ့ကွန်ရက်အဖွဲ့၀င်အများစုဟာ တက္ကသိုလ်ဘွဲ့ရတွေဖြစ်ပါတယ်။
ပြည်ပကနေ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေကို အားကိုးနေလို့မရဘဲ ပြည်တွင်းကုန်ထုတ်လုပ်မှု နဲ့ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်ရမယ်လို့ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဩဂုတ် ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး မှာ သူက အခုလို ပြောခဲ့တာပါ။
နေပြည်တော်ဟာ ပြည်တွင်းက ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံ့စီးပွားရေး တိုးတက်အောင်လုပ်နေပေမဲ့ ပြည်ပနိုင်ငံတချို့က စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးနေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အခုလို နိုင်ငံရေးနဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကိုလည်း နိုင်ငံ့စီးပွားရေးတိုးတက်စေမယ့်အကောင်းဆုံးနည်းလမ်းတွေနဲ့ ကျော်လွှား နေတယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ အရှေ့အလယ်ပိုင်း အီရန်မှာဖြစ်နေတဲ့ပဋိပက္ခနဲ့ မြန်မာပြည်တွင်းက အခြေအနေတွေကြောင့် မြန်မာ့စီးပွားရေး အကျဘက်ကို ဆက်ရှိတယ်လို့ ခန့်မှန်ထားပါတယ်။
နောက်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်က ချမှတ်ကျင့်သုံးနေတဲ့ ပို့ကုန်သွင်းကုန် မူ၀ါဒတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းရှားပါးပြတ်လပ်တာနဲ့ စျေးနှုန်းကြီးမြင့်တာတွေ ဆက်ဖြစ်နေပါတယ်။
ပို့ကုန်သွင်းကုန် ပြုလွယ်ပြောင်းလွယ်ဖြစ်အောင်လုပ်ဖို့ မြန်မာနဲ့ နှစ်စဉ်ကုန်သွယ်မှု ထိုင်းဘတ်ငွေ ဘီလျံဆယ်ချီ ရှိတဲ့ ထိုင်းဘက်ကလည်း မြန်မာကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ နေပြည်တော်ဟာ ဒီမူ၀ါတွေကို ဖြေလျော့ဟန်မပြသေးပါဘူး။
ပြည်တွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ သဘာ၀ဘေးတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေချိန်မှာ နိုင်ငံ့စီးပွားရေးကို ပြည်ပအကူအညီမလိုဘဲ လုပ်မယ်လို့ ဦးမင်းအောင်လှိုင်က ပြောလာတာပါ။
တဖက်မှာလည်း နေပြည်တော်ဟာ အမေရိကန်ဒေါ်လာ အပေါ်မှီခိုမှု လျှော့ချတဲ့အနေနဲ့ တရုတ် ယွမ်ငွေ၊ အိန္ဒိယ ရူပီး၊ ရုရှား ရူဘယ် တွေနဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်ငွေလဲလှယ်နိုင်တဲ့ သဘောတူညီမှုတွေလည်း ပြုလုပ်ထားပါတယ်။
ဒါဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်ပငွေကြေးစီးဆင်းမှုတွေကို နိုင်ငံတကာ ရဲ့ စောင့်ကြည့်မှု ရေဒါပေါ်ကနေ ရှောင်လွှဲသလိုလည်း ဖြစ်သွားစေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
ဩစတေးလျနိုင်ငံအခြေစိုက်တဲ့ အလုပ်သမားအရေးနဲ့ ဘဏ်လုပ်ငန်းအရေးတက်ကြွလှုပ်ရှားတဲ့ ဘဏ္ဍာနယ်သမဂ္ဂ(Finance Sector Union) ကတော့ မြန်မာနိုင်ငံဗဟိုဘဏ်ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဩစတေးလျအစိုးရကို ဩဂုတ် ၁၃ ရက်ကပဲ တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆက်ကြုံနေပြီး ဩစတေးလျအစိုးရ အနေနဲ့ ဒါကို ရပ်တန့်ဖို့ မြန်မာနိုင်ငံဗဟိုဘဏ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။
ဦးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကို အမေရိကန်၊ ယူကေ၊ ဥရောပသဂ္ဂ(အီးယူ) အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ အခုချိန်အထိ မရှိသေးပါဘူး။
မင်္ဂလာပါ။ ဩဂုတ် ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။