''နေပြည်တော်ဟာ ICJ ဆုံးဖြတ်ချက်ကိုလိုက်နာဖို့ လိုအပ်ပါတယ်'' - မြန်မာ့အရေးအထူးအစီရင်ခံစာတင်သွင်းသူ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁၁

မြန်မာဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာထောင်ချီအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က နို၀င်ဘာလ ၁၉ ရက်မှာ စီရင်ချက် ချမှတ်ပါတယ်။

ဒီအမှုကို အာဖရိက နိုင်ငံငယ်ဖြစ်တဲ့ ဂမ်ဘီယာက တိုင်ကြားခဲ့တာဖြစ်ပြီး ၇ နှစ်အကြာမှာ အခုစီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အီး ကာရီကတော့ နေပြည်တော်ဟာ ICJ ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ့်တာ၀န်ရှိတယ်လို့ ပြောပါတယ်။

သူဟာ မြန်မာပြည်တွင်းကို ၀င်ရောက်ဖို့ နေပြည်တော်က ခွင့်မပြုသေးလို့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေနဲ့သွားတွေပြီးအပြန်မှာ ICJ ဆုံးဖြတ်ချက်ထွက်လာတာပါ။

နေပြည်တော်နဲ့ ဆက်ဆံရေးနီးကပ်တဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကိုရောက်နေတဲ့ အထူးအစီရင်ခံစာတင်သွင်းသူကို ထိုင်းနိုင်ငံမှာ ခရီးတစ်ထောက်နားချိန် ဘီဘီစီက ICJ အမိန့်နဲ့ဆက်စပ်ပြီး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ ဘီဘီစီကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံး မေးချင်တာကတော့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သလို အဲဒီလိုဖြစ်ရပ်တွေကို တားဆီးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်နဲ့ နိုင်ငံတကာတရားမျှတမှုအတွက် ဘယ်လောက်အထိ အရေးပါပါသလဲ။

ကယ်လီ။ ။ ဒါက တကယ်ကို အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

အဓိကအချက်တွေကို ခြုံငုံကြည့်ရင် ဒီစီရင်ချက်ဟာ အားပြင်းပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ရှင် ပြောခဲ့သလိုပဲ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ၊ ရိုဟင်ဂျာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက် မမြောက်၊ အဲဒီလုပ်ရပ်တွေကို ကျူးလွန်ချိန်မှာ မြန်မာနိုင်ငံ၊ အထူးသဖြင့် မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေမှာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ရည်ရွယ်ချက် ရှိ၊ မရှိဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရမယ့် တာဝန်ကို ပျက်ကွက်ခဲ့သလားဆိုတာလည်း ပါဝင်ပါတယ်။

အဲဒီအဓိကမေးခွန်းတွေမှာ တရားရုံးက ဂမ်ဘီယာနိုင်ငံဘက်က အဆုံးအဖြတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် သူတို့ကြုံတွေ့ခဲ့ရတာတွေကို တရားဝင်အသိအမှတ်ပြုပေးလိုက်တဲ့ ကြီးမားတဲ့အတည်ပြုချက်တစ်ခု ဖြစ်ပါတယ်။

ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ စိတ်ပျက်မိနိုင်ဆုံးအချက်တစ်ခုကတော့ ကုစားပေးမှုဆိုင်ရာ အပိုင်းမှာ နိုင်ငံသားဖြစ်ခွင့်ကိစ္စကို တရားရုံးက ပေးနိုင်တဲ့ ကုစားမှုတွေရဲ့ အတိုင်းအတာထဲမှာ မပါဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း တရားရုံးက အလွန်အရေးပါတဲ့ တခြားကုစားမှုတွေကို ခွင့်ပြုခဲ့ပါတယ်။ အဲဒီထဲမှာ မူလအခြေအနေ ပြန်လည်ရရှိရေးနဲ့ နစ်နာကြေးပေးလျော်ရေးတို့ ပါဝင်ပါတယ်။

ဒီအချက်က မြေယာတွေ ဆုံးရှုံးခဲ့ရသူတွေ၊ နေအိမ်တွေ ဆုံးရှုံးခဲ့ရသူတွေ၊ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရသူတွေကို သူတို့အပေါ် ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအတွက် လျော်ကြေးရရှိဖို့ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို တောင်းဆိုနိုင်မယ့် အခွင့်အရေးတစ်ခု ပေးနိုင်ပါတယ်။

ဒီလုပ်ငန်းစဉ်အတွက် အများကြီး လုပ်ဆောင်ရပါဦးမယ်။ မူလပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိဖို့နဲ့ နစ်နာကြေးရဖို့ ဘယ်သူတွေ အကျုံးဝင်တယ်ဆိုတာ သတ်မှတ်နိုင်ဖို့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ နစ်နာသူတွေကို စာရင်းသွင်းပြီး မှတ်တမ်းတင်တဲ့ လုပ်ငန်းစဉ်တစ်ခု လိုအပ်ပါလိမ့်မယ်။

မြန်မာနိုင်ငံကိုယ်တိုင်လည်း အဲဒီလုပ်ငန်းစဉ်မှာ တိုက်ရိုက်ပါဝင်ရမှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ကုစားပေးရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ ရှင်းပြဖို့ မြန်မာနိုင်ငံမှာ ၂ နှစ် အချိန်သတ်မှတ်ထားပါတယ်။

ခြုံငုံကြည့်ရင်တော့ ဒါဟာ အလွန်အားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ တရားရုံးရဲ့ ပြတ်သားခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဆယ်စုနှစ်များစွာ ပြဿနာဖြစ်နေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ယဉ်ကျေးမှုကို အဆုံးသတ်ဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ နစ်နာသူတွေအတွက် တရားမျှတမှုရရှိစေဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစီရင်ချက်က အခုထိ မြန်မာစစ်အုပ်စုနဲ့ ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ စစ်ရေးဆက်ဆံမှုတွေ ဆက်လက်ထိန်းသိမ်းထားတဲ့ နိုင်ငံတွေကိုလည်း သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီအမှုမှာ မင်းအောင်လှိုင်ကို အမည်နဲ့တကွ အထူးဖော်ပြခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို လှုံ့ဆော်ခဲ့သူအဖြစ် ဖော်ပြခဲ့ပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လုပ်ရပ်တွေကိုလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်အတွက် သက်သေအထောက်အထားတွေထဲမှာ ထည့်သွင်းကိုးကားခဲ့ပါတယ်။

အဲဒီလိုလူတစ်ယောက်က သူ့ကိုယ်သူ နေပြည်တော်အာဏာပိုင်တွေရဲ့ သမ္မတအဖြစ် ခန့်အပ်ပြီး သမ္မတတစ်ယောက်လို ပြုမူနေသလို နိုင်ငံအများအပြားကလည်း သူ့ကို လက်ခံတွေ့ဆုံနေကြတာဟာ အထူးသဖြင့် အာရှပစိဖိတ်ဒေသက နိုင်ငံတွေအနေနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ပြန်လည်ဆန်းစစ်သင့်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ကျွန်မ အခု ထိုင်းနိုင်ငံမှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံဟာ အဲဒီလိုနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ တခြားနိုင်ငံတွေလည်း ရှိပါတယ်။ တရုတ်နဲ့ အမေရိကန်တို့လည်း ပါဝင်ပါတယ်။

ဘီဘီစီ။ ။ ICJ တရားရုံးက ရိုဟင်ဂျာတစ်သောင်းဝန်းကျင် သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း တွေ့ရှိဆိုပါတယ်။ ရိုဟင်ဂျာလူဦးရေရဲ့ အတော်များများကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့အတိုင်းအတာ ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာ ဒီဆုံးဖြတ်ချက်က ဘာကိုပြသနေပါသလဲ။

ကယ်လီ ။ ။ တရားရုံးရဲ့တွေ့ရှိချက်တွေအရ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာလူဦးရေရဲ့ အတော်များများကို ပစ်မှတ်ထားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုသူတွေ မကြာခဏ အသုံးပြုလေ့ရှိတဲ့ အငြင်းအခုံတစ်ခုကတော့ ပစ်မှတ်ထားခံရတဲ့ လူမျိုးစုထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတယ်၊ ဒါမှမဟုတ် အဲဒီလူမျိုးစုဝင်အားလုံးကို တစ်ပုံစံတည်း ပစ်မှတ်ထားတာ မဟုတ်ဘူးဆိုရင် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ဘူးဆိုတဲ့ အယူအဆပါ။

ဒါပေမဲ့ ကွန်ဗင်းရှင်းမှာ အဲဒီလို သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး တရားရုံးကလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

တရားရုံးဟာ အရင်က ချမှတ်ခဲ့တဲ့ စီရင်ထုံးတွေကို အသုံးပြုပြီး ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။

ကျွန်မ တရားရုံးရဲ့ ဆုံးဖြတ်ချက်တစ်ခုလုံးကို နားထောင်ခဲ့ပါတယ်။ အခုတော့ ပြန်ပြီး သေချာဖတ်ရှုလေ့လာသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေကို ဒီအမှုမှာ တာဝန်ရှိတယ်လို့ ဆုံးဖြတ်နိုင်ဖို့ တရားရုံးအနေနဲ့ ဥပဒေသီအိုရီအသစ်တွေ ဖော်ထုတ်ဖို့ လိုမလား၊ အရင်ကနဲ့မတူတဲ့ နည်းလမ်းအသစ်တွေ အသုံးပြုဖို့ လိုမလားဆိုတဲ့ မေးခွန်းတွေ ရှိခဲ့လို့ပါ။

ဒါပေမဲ့ တရားရုံးက အဲဒီလို လုပ်ဖို့ မလိုခဲ့ပါဘူး။ ရှိပြီးသား စီရင်ထုံးတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုပဲ အခြေခံပြီး ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီစီရင်ချက်ဟာ အဲဒီအချက်အရလည်း အလွန်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။

ဘီဘီစီ။ ။ နောက်တစ်ချက်ကတော့ ICJ တရားရုံးက ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ သီးခြားလူမျိုးစုတစ်ခုဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ အဲဒီလို အသိအမှတ်ပြုမှုဟာ ရိုဟင်ဂျာတွေအတွက် ဘယ်လောက်အရေးပါပါသလဲ။

ကယ်လီ။ ။ နိုင်ငံသားဖြစ်ခွင့်ကို ကုစားမှုအဖြစ် ထည့်သွင်းပေးဖို့ မဆုံးဖြတ်ခဲ့တာကလွဲရင် တရားရုံးဟာ ရိုဟင်ဂျာတွေကို သီးခြားလူမျိုးစုတစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုခဲ့ပါတယ်။

ကွန်ဗင်းရှင်းအရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ အုပ်စုတစ်ခုဖြစ်ကြောင်း သတ်မှတ်ဖို့အတွက် သူတို့ဟာ သီးခြားလူမျိုးစုတစ်ခုဖြစ်တယ်ဆိုတာ အရေးကြီးပါတယ်။ အဲဒီလို သီးခြားလူမျိုးစုတစ်ခုဖြစ်တဲ့အတွက် သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း တရားရုံးက ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

ဒါကြောင့် ဒီအသိအမှတ်ပြုမှုဟာ ရိုဟင်ဂျာတွေအတွက် အလွန်အရေးကြီးတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

မြန်မာအစိုးရအဆက်ဆက်ဟာ ဆယ်စုနှစ်များစွာအတွင်း သူတို့ရဲ့ လူမျိုးစုဖြစ်တည်မှု၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ငြင်းပယ်ခဲ့သလို သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုပိုင်ခွင့်ကိုတောင် ငြင်းပယ်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ဒီလိုလုပ်ဆောင်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုပိုင်ခွင့်ရှိကြောင်း အသိအမှတ်ပြုခံရတာဟာ အနာဂတ်အတွက် အလွန်အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ICJ တရားရုံးက မြန်မာနိုင်ငံဟာ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ထိရောက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့လည်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာ စစ်တပ်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားတဲ့အခြေအနေမှာ ဒီဆုံးဖြတ်ချက်က တာဝန်ခံမှုအတွက် ဘာအဓိပ္ပာယ်ရှိပါသလဲ။

ကယ်လီ။ ။ ဒီကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နိုင်ငံတိုင်းမှာ အဲဒီလို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကွန်ဗင်းရှင်းရဲ့ပြဋ္ဌာန်းချက်တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာ လိုအပ်တဲ့ ဥပဒေမူဘောင်နဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်တွေ ရှိရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီနှစ်ခုစလုံး မရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးဖို့ အတော်လေး ခက်ခဲခဲ့ပါတယ်။

စစ်တပ်ဘက်ကတော့ လူအနည်းငယ်သာ အမှားကျူးလွန်ခဲ့တာဖြစ်ပြီး သူတို့ထဲက ကျူးလွန်သူတွေကို ထုတ်ပယ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ သဘောသဘာဝ၊ အတိုင်းအတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေရဲ့ အကျယ်အဝန်းကို နှိုင်းယှဉ်ကြည့်တဲ့အခါ အဲဒီလိုလုပ်ဆောင်မှုတွေဟာ လုံလောက်မှုမရှိဘူးလို့ တရားရုံးက ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဘီဘီစီ။ ။ အောက်တိုဘာ ၂၉ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ ပြောကြားခဲ့တဲ့ မှတ်ချက်တွေထဲမှာ ဒီစီရင်ချက်ထွက်လာပြီးနောက် အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပွားလာနိုင်ခြေကို သတိပေးခဲ့ပါတယ်။ အခု စီရင်ချက်ထွက်လာပြီဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပွားလာနိုင်ခြေနဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခုကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေအပေါ် ဘယ်လောက် စိုးရိမ်ပါသလဲ။ လက်ရှိမှာ ဘယ်အသိုင်းအဝိုင်းတွေက အန္တရာယ်အများဆုံး ကြုံတွေ့နေရပါသလဲ။

ကယ်လီ။ ။ အာရက္ခတပ်တော် (AA) ကတော့ ဥပဒေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသွားမယ်၊ ဖြစ်နိုင်သမျှ အတိုင်းအတာအထိ ဒီဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတဲ့ သဘောထားကို အတော်လေး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ရခိုင်အသိုင်းအဝိုင်းထဲက လူအများအပြားကလည်း ဒီစီရင်ချက်ကို ကြိုဆိုကြတယ်လို့ ကျွန်မ နားလည်ထားပါတယ်။ ဒါကို ကြားရတာ ကျွန်မအတွက် စိတ်ဝင်စားစရာပါပဲ။

ဒါပေမဲ့ အောက်တိုဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ ကျွန်မ သတိပေးခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုက လှုံ့ဆော်နေတဲ့ အမုန်းစကားတွေအပေါ် ကျွန်မရဲ့ စိုးရိမ်မှုက ပိုပြီး ကြီးထွားလာပါတယ်။

သူတို့ဟာ အမုန်းစကားနဲ့ လှုံ့ဆော်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ သူတို့ရဲ့ အတုအယောင်လွှတ်တော်လို့ ခေါ်တဲ့နေရာမှာ ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေက ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ ခေါ်ဆိုပြီး နိုင်ငံကို ကာကွယ်ရမယ်ဆိုတဲ့ ပြောဆိုချက်တွေ ထည့်သွင်းပြောဆိုနေကြပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာဖို့ ကြိုးစားရင် သူတို့ကို တားဆီးကာကွယ်သွားမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ပါဝင်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ မပိုင်ဆိုင်ဘူး၊ သူတို့ဟာ ရိုဟင်ဂျာတွေလည်း မဟုတ်ဘူးဆိုတဲ့ ဇာတ်ကြောင်းကို ဆက်လက်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက မွတ်ဆလင်အသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ကြိုဆိုလက်ခံစရာမလိုတဲ့သူတွေ၊ မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်တဲ့သူတွေအဖြစ် ပုံဖော်ပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီလိုဇာတ်ကြောင်းမျိုးတွေ ပိုမိုများပြားလာတာဟာ အလွန်စိုးရိမ်စရာပါပဲ။

လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိ၊ မရှိ ဆုံးဖြတ်တဲ့အခါ ဒီလိုလှုံ့ဆော်မှုတွေ၊ ပြောဆိုချက်တွေနဲ့ မူဝါဒတွေကို တရားရုံးက ထည့်သွင်းစဉ်းစားခဲ့တာပါ။ အခုလည်း စစ်အုပ်စုက အဲဒီလိုပုံစံမျိုးတွေကိုပဲ ထပ်မံလုပ်ဆောင်နေပါတယ်။ ဒါဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မွတ်ဆလင်တွေအပေါ် ခြိမ်းခြောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေဆီကနေ ကျွန်မ သတင်းအချက်အလက်တွေ ရရှိထားပါတယ်။ သူတို့လည်း အလွန်စိုးရိမ်နေကြပါတယ်။ မြန်မာမွတ်ဆလင်တစ်ဦးချင်းစီကိုတောင် ခြိမ်းခြောက်မှုတွေ ရှိနေပါပြီ။

အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို စစ်အုပ်စုထိန်းချုပ်ထားတဲ့ နေရာတွေမှာ ရိုဟင်ဂျာမဟုတ်တဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေလည်း ရှိနေပါတယ်။ အဲဒီအသိုင်းအဝိုင်းတွေဟာ လက်ရှိမှာ အန္တရာယ်အလွန်များတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် အာဆီယံအပါအဝင် စစ်အုပ်စုနဲ့ တိုက်ရိုက်ဆက်ဆံနေတဲ့ အဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံက တခြားမွတ်ဆလင်အသိုင်းအဝိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ လှုံ့ဆော်နေတာကို ရပ်တန့်ဖို့ စစ်အုပ်စုကို တိုက်တွန်းကြဖို့ ကျွန်မ တောင်းဆိုထားပါတယ်။

ဘီဘီစီ။ ။ တရားရုံးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို နားထောင်ကြည့်တဲ့အခါ မင်းအောင်လှိုင်ရဲ့ အမုန်းစကားပြောဆိုမှုတွေကိုလည်း တရားရုံးက ထည့်သွင်းဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လာမယ့်ကာလမှာ ဘယ်လိုသတိပေးလက္ခဏာတွေကို အထူးစောင့်ကြည့်သင့်ပါသလဲ။

ကယ်လီ။ ။မဘသအဖွဲ့ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပိုမိုတက်ကြွလာတာကို တွေ့ရပါတယ်။ အရင်ကလို ဇာတ်ကြောင်းတွေ ဖန်တီးဖြန့်ဝေတဲ့ အခန်းကဏ္ဍကို ပြန်လည်လုပ်ဆောင်လာကြပါတယ်။

သူတို့ဟာ အာဏာပိုင်တွေကို ပိုမိုဖိအားပေးနေသလို နေပြည်တော်အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းပြီး ဒီလိုဇာတ်ကြောင်းတွေကို ဖြန့်ဝေဖို့နဲ့ အမုန်းစကားတွေကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်နေကြပါတယ်။

သူတို့ ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဒီလိုကိစ္စတွေကို ရဲရဲဝံ့ဝံ့ မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေ ရှိပါတယ်။ သူတို့ရဲ့ အသံကို နားထောင်ဖို့ လိုပါတယ်။ သူတို့ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အကူအညီတွေပေးပြီး ထောက်ပံ့ပေးဖို့လည်း လိုပါတယ်။

အရေးအကြီးဆုံးကတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့ရင် ခြိမ်းခြောက်ခံနေရသူတွေကို လက်ခံနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေက ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတာမျိုး၊ မွတ်ဆလင်ဒုက္ခသည်တွေ ဒါမှမဟုတ် မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာတာမျိုးကို ဘယ်သူမှ မမြင်ချင်ကြပါဘူး။

ကျွန်မတို့အားလုံးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုလားကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ စစ်အုပ်စုကတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို ပိုမိုလုပ်ဆောင်ဖို့ပဲ ရည်ရွယ်နေသလို ဖြစ်နေပါတယ်။

ဘီဘီစီ။ ။ နောက်တစ်ခုကတော့ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကုလသမဂ္ဂအစီရင်ခံစာအတွက် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရဖို့ တောင်းဆိုခဲ့ပါသလား။ မြန်မာဘက်က ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတာလား။

ကယ်လီ။ ။ ဒီနှစ် မေလမှာ ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်စတင်ယူပြီးနောက် မြန်မာနိုင်ငံကို သွားရောက်ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

ပထမဆုံး တောင်းဆိုခဲ့တာကတော့ စစ်အုပ်စုနဲ့ စစ်အုပ်စုမထိန်းချုပ်တဲ့ နယ်မြေတွေမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီကိုပါ။

ရှင်လည်း သိတဲ့အတိုင်း ကုလသမဂ္ဂဟာ မင်းအောင်လှိုင်နဲ့ သူ့အဖွဲ့ကို တရားဝင်အာဏာပိုင်တွေအဖြစ် အသိအမှတ်မပြုပါဘူး။ ဒါကြောင့် ဒီအခြေအနေမှာ တခြားသက်ဆိုင်သူတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

နေပြည်တော်စစ်အုပ်စုဘက်ကတော့ သူတို့ရဲ့ အစိုးရဖွဲ့စည်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ကျွန်မကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါက စိတ်ဝင်စားစရာပါပဲ။ သူတို့က တိတိကျကျ ငြင်းပယ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ခရီးစဉ်တောင်းဆိုချက်ကို ဆိုင်းငံ့ထားဆဲလို့ သတ်မှတ်ထားပါတယ်။

ဇန်နဝါရီလမှာ နောက်တစ်ကြိမ် နိုင်ငံတစ်နိုင်ငံကို သွားရောက်ခွင့်တောင်းနိုင်တဲ့အချိန်ရောက်ရင် ထပ်မံတောင်းဆိုသွားမှာပါ။

စစ်အုပ်စုမထိန်းချုပ်တဲ့ နယ်မြေတွေကို သွားရောက်နိုင်မယ့် နည်းလမ်းတွေကိုလည်း အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်။ အဲဒီလိုသွားရောက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင် တခြားနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်မလဲဆိုတာ စဉ်းစားနေပါတယ်။ ကုလသမဂ္ဂအတွက်တော့ သိပ်မရိုးစင်းတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် ရိုဟင်ဂျာတွေနဲ့ အခြားထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေကို လက်တုံ့ပြန်မှုနဲ့ နောင်ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပေါ် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ကယ်လီ။ ။ ဒါဟာ ကျွန်မရဲ့ လုပ်ပိုင်ခွင့်တာဝန်ရဲ့ အဓိကအကျဆုံး အပိုင်းတစ်ခုပါပဲ။

ကျွန်မ ကြိုးစားလုပ်ဆောင်နေတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားပြီးမှ တုံ့ပြန်တာ၊ အစီရင်ခံတာမျိုးထက် အကြမ်းဖက်မှုအဆင့်ကို လျှော့ချနိုင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်ပွားခင် ကြိုတင်တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်မ တိုက်တွန်းထားတာက နေပြည်တော်စစ်အုပ်စုတစ်ခုတည်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ဘဲ တခြားသက်ဆိုင်သူတွေနဲ့လည်း ဆက်ဆံဖို့ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ဖို့လည်း လိုပါတယ်။ အရပ်သားတွေကို ကာကွယ်ပေးနိုင်မယ့် ကြိုတင်သတိပေးစနစ်တွေ အပါအဝင် အရပ်သားတွေကိုယ်တိုင် အကူအညီရှာဖွေနိုင်ဖို့နဲ့ ခံနိုင်ရည်ရှိလာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။

တစ်ဖက်မှာတော့ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ၊ တိုက်ခိုက်ခံနေရတဲ့ ဒေသတွေမှာ ရှိနေတဲ့ အရပ်သားတွေကို ပိုမိုကာကွယ်ပေးနိုင်ဖို့ ကြိုးစားရမှာပါ။

နောက်တစ်ဖက်မှာတော့ စစ်အုပ်စုက သူ့နိုင်ငံသားတွေကို စစ်ဆင်နွှဲနိုင်စွမ်း လျော့နည်းသွားအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

အဲဒီအတွက် စစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ဖိအားပေးဖို့ လိုပါတယ်။

ကျွန်မရဲ့ နောက်ဆုံးအစီရင်ခံစာမှာလည်း ဒီကိစ္စကို ပြောထားပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးတွေဟာ အခြေခံမူတွေနဲ့ ကိုက်ညီမှုရှိပုံမရသလို အကြမ်းဖက်မှုလျှော့ချရေးနဲ့လည်း ဆက်စပ်မှုမရှိသလို ဖြစ်နေပါတယ်။

ဒီအပတ်မှာ အာဆီယံက စစ်အုပ်စုနဲ့ ချိန်ညှိဆက်ဆံရေးမူဘောင်တစ်ခု ထုတ်ပြန်ဖို့ ကြိုးစားခဲ့တာကိုလည်း စိုးရိမ်စရာအဖြစ် မြင်ပါတယ်။

အဲဒီနောက်တစ်ရက်မှာပဲ မင်းအောင်လှိုင်က အာဆီယံဟာ သူ့ရဲ့ အခြေခံမူငါးချက်ကို တစ်စိတ်တစ်ပိုင်း စွန့်လွှတ်နေတယ်၊ အပြည့်အဝတော့ မစွန့်လွှတ်သေးဘူးဆိုပြီး အာဆီယံကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ သူတို့ရဲ့ အခြေခံမူငါးချက်ကို လိုက်နာသလားဆိုတာကို မင်းအောင်လှိုင်က သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်တယ်လို့ ထင်နေတဲ့အပြင် သူနဲ့ ဆက်ဆံနေတဲ့ နိုင်ငံတွေကိုလည်း အရှက်ခွဲနေတဲ့အခြေအနေဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။

21:23- ဒါကြောင့် နိုင်ငံတွေအနေနဲ့ သူတို့ ဘာလုပ်နေကြသလဲ၊ ဘယ်သူတွေနဲ့ ဆက်ဆံနေကြသလဲဆိုတာကို သေချာပြန်စဉ်းစားဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆီသွားတဲ့ လမ်းကြောင်းဟာ နေပြည်တော်ကို ဖြတ်သန်းသွားတာ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်မယ့်သူ မဟုတ်ပါဘူး။ သူဟာ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူလည်း မဟုတ်ပါဘူး။ ဒါကို ကျွန်မတို့ မြင်နေရပါတယ်။

ငြိမ်းချမ်းရေးကို တကယ်စိတ်ဝင်စားတယ်ဆိုရင် သူ့နိုင်ငံသားတွေကို တိုက်ခိုက်နေတာ ရပ်တန့်ရမှာပါ။ အာဏာသိမ်းမှုကိုလည်း အစကတည်းက လုပ်ဆောင်ခဲ့မှာ မဟုတ်ပါဘူး။

သူဟာ ငြိမ်းချမ်းရေးအတွက် မိတ်ဖက်ဖြစ်လာမယ်၊ တခြားနိုင်ငံတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မိတ်ဖက်ဖြစ်လာမယ်ဆိုတဲ့ အယူအဆဟာ လက်ခံနိုင်စရာမရှိပါဘူး။

သူဟာ စီးပွားရေးကို ပျက်စီးစေပြီး မြန်မာနိုင်ငံအတွင်းမှာသာမက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်မ အခုရောက်နေတဲ့ ထိုင်းနိုင်ငံအထိပါ တရားမဝင်လုပ်ငန်းတွေ အမျိုးမျိုး ရှင်သန်ကြီးထွားလာအောင် ခွင့်ပြုနေပါတယ်။

ဘီဘီစီ။ ။ ရခိုင်တပ်တော်ဟာ ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားပြီး အဲဒီပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဒီစီရင်ချက်အပြီး ရိုဟင်ဂျာတွေအပေါ် ရခိုင်တပ်တော်အနေနဲ့ ဘယ်လိုဆက်ဆံသင့်တယ်လို့ ထင်ပါသလဲ။ လက်ရှိအခြေအနေမှာ ရခိုင်တပ်တော်က ဘာတွေလုပ်ဆောင်သင့်ပါသလဲ။

ကယ်လီ။ ။ အကောင်းဆုံးအခြေအနေကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် နိုင်ငံရေးမူဘောင်တစ်ခု ဖော်ဆောင်နိုင်မယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ရှိလာဖို့ပါပဲ။

အဲဒီလုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေအပါအဝင် အဓိကသက်ဆိုင်သူအားလုံး ပါဝင်ဖို့ လိုပါတယ်။ အဲဒီမူဘောင်အတွင်းမှာ ရိုဟင်ဂျာတွေရဲ့ သီးခြားပြဿနာတွေ၊ သူတို့ရဲ့ မူလနေအိမ်နဲ့ နေရပ်ဒေသတွေကို ပြန်လာနိုင်ရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံရေးလုပ်ငန်းစဉ် မရှိသေးတဲ့အခြေအနေမှာတော့ ရခိုင်တပ်တော်နဲ့ ဆက်ဆံဆွေးနွေးဖို့၊ ဒီစီရင်ချက်အကြောင်း ပြောဆိုဖို့နဲ့ ကြားကာလမှာ သူတို့ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ၊ ရေရှည်တည်တံ့စွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို မြေပြင်မှာ ဖန်တီးပေးဖို့ လိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ဒီအခြေအနေမှာ ရခိုင်ပြည်နယ်အတွင်း ဘယ်သူ့အတွက်မှ ဘေးကင်းလုံခြုံတယ်လို့ ကျွန်မ မထင်ပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ ပဋိပက္ခတွေ ဘယ်လိုဆက်ဖြစ်လာမလဲ၊ ရခိုင်တပ်တော်နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် မူတည်ပြီး မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာ ကြည့်ဖို့ အရေးကြီးပါတယ်။

နောက်တစ်ချက်ကတော့ ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်ကို ပြန်လာခွင့်ရရေးတစ်ခုတည်းကိုပဲ စဉ်းစားနေလို့ မရပါဘူး။ သူတို့အနေနဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့နဲ့ အဲဒီအခွင့်အရေးတွေကနေတစ်ဆင့် လုံခြုံမှုရရှိနိုင်ဖို့ ဥပဒေမူဘောင်တွေကိုလည်း ပြောင်းလဲဖို့ လိုပါတယ်။

ဒါ့အပြင် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေနဲ့ နှစ်ပေါင်းများစွာ ဥပဒေကို လက်နက်သဖွယ် အသုံးပြုပြီး ဖိနှိပ်ခဲ့မှုတွေကြောင့် သူတို့ နိုင်ငံမဲ့ဖြစ်သွားရတဲ့ အခြေအနေကိုလည်း အဆုံးသတ်ပေးဖို့ လိုပါတယ်။

နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် ဒီအချက်တွေကို အချိန်တိုအတွင်း လုပ်ဆောင်နိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။

ဘီဘီစီ။ ။ မြန်မာနိုင်ငံ၊ အထူးသဖြင့် နေပြည်တော်အာဏာပိုင်တွေအနေနဲ့ ဒီစီရင်ချက်ကို လိုက်နာဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ မလိုက်နာခဲ့ဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ။

ကယ်လီ။ ။ နေပြည်တော်အာဏာပိုင်တွေဟာ ဒီအမှုကို စတင်စစ်ဆေးချိန်ကတည်းက ပါဝင်ခဲ့ကြပါတယ်။ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကိုလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။ သူတို့ရဲ့ ရှေ့နေတွေ စေလွှတ်ခဲ့တယ်၊ အမှုကို ခုခံချေပခဲ့တယ်၊ ကိုယ့်ဘက်က အကြောင်းပြချက်တွေကိုလည်း တင်ပြခဲ့ပါတယ်။

တချို့အချက်တွေမှာ သူတို့ဘက်က အောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ ဂမ်ဘီယာဟာ အချက်တိုင်းမှာ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ဂမ်ဘီယာဘက်က သက်သေပြဖို့ လိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးကို မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့ အချက်တချို့လည်း ရှိပါတယ်။ မြန်မာဘက်ကလည်း အဲဒီအချက်တွေမှာ ဂမ်ဘီယာဘက်ရဲ့ သက်သေပြနိုင်မှု မလုံလောက်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် အခုမှ ဒီအမှုမှာ သူတို့ မပါဝင်ခဲ့သလိုမျိုး၊ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုတော့သလိုမျိုး ဟန်ဆောင်လို့ မရပါဘူး။

ကျွန်မအမြင်အရ သူတို့ဟာ အဲဒီအခြေအနေကြောင့် ဒီစီရင်ချက်ကို လိုက်နာရမယ့် အနေအထားမှာ ရှိနေပါတယ်။ တကယ်တော့ သူတို့မှာ ဒီဆုံးဖြတ်ချက်ကို လိုက်နာရမယ့် တာဝန်ရှိပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ သူ့အဖွဲ့ဟာ ကတိကဝတ်တွေကို လိုက်နာဖို့ သိပ်စိတ်ဝင်စားသူတွေ မဟုတ်ဘူးဆိုတာလည်း ကျွန်မတို့ သိထားပါတယ်။ တစ်မျိုးပြောပြီး တစ်မျိုးလုပ်တာမျိုး လုပ်လေ့ရှိပါတယ်။ ဥပဒေစိုးမိုးရေးဆိုတာလည်း ပြည်သူတွေကို ဖိနှိပ်ဖို့ ဒါမှမဟုတ် အကျိုးအမြတ်ထုတ်ယူဖို့ အသုံးချနိုင်တဲ့အခါကလွဲရင် သူတို့အတွက် သိပ်အရေးမကြီးပါဘူး။

ဒါကြောင့် ဒီကိစ္စဟာ တကယ့်စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။ အမှန်အတိုင်းပြောရရင် ဒီကိစ္စကို စိုးရိမ်စရာမလိုတော့လောက်အောင် သူတို့ဟာ အဲဒီအချိန်မတိုင်ခင် အာဏာမှာ မရှိတော့ဖို့ ကျွန်မ မျှော်လင့်ပါတယ်။

ဒီစီရင်ချက်ကို အသုံးချပြီး သူတို့အပေါ် ကုန်ကျစရိတ်တစ်ခု ဖြစ်လာစေဖို့၊ ပြည်သူတွေကို ဆက်လက်စစ်ဆင်နွှဲဖို့ သူတို့အားကိုးနေရတဲ့ ဝင်ငွေနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့သိမ်းဆည်းခြင်းအားဖြင့် သူတို့ကို ပိုမိုအားနည်းသွားစေနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ရှိပါတယ်။

အဲဒီလိုလုပ်ဆောင်တာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ လုပ်ဆောင်တာ မြင်ချင်ပါတယ်။

နောက်ပြီး သူတို့က ဒီဆုံးဖြတ်ချက်ကို လက်ခံပြီး ကျွန်မတို့ မှားခဲ့ပါတယ်၊ အခုကစပြီး သဘောထားပြောင်းလဲပါမယ်လို့ ပြောလာမယ်ဆိုရင်တော့ ကျွန်မအတွက် အံ့ဩစရာဖြစ်ပါလိမ့်မယ်။

အခုအချိန်အထိ နေပြည်တော်စစ်အုပ်စုဘက်က ထွက်ပေါ်လာတဲ့ ပြောဆိုချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင်တော့ အဲဒီလိုဖြစ်လာမယ့်အစား ဆန့်ကျင်ဘက်အခြေအနေကိုပဲ ပြသနေပါတယ်။