ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ ခေါင်းဆောင်နှစ်ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး၊ သူနဲ့ဆက်စပ်တဲ့ ကုမ္ပဏီနှစ်ခုကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး စောအေဝမ်းတို့ကို ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနှစ်ဦးဟာ အွန်လိုင်းငွေလိမ်စင်တာတွေကို လုံခြုံရေးနဲ့ အကာအကွယ်ပေးနေသလို လူကုန်ကူးခံရပြီး အဲဒီစင်တာတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရသူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
စောအေဝမ်းဟာ ထိုင်း-မြန်မာနယ်စပ်အနီး ဘုရားသုံးဆူဒေသမှာ လုံခြုံရေးကို ကြီးကြပ်နေသူဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့လည်း အမေရိကန်ဘက်က ပြောပါတယ်။
အဲဒီဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အဆောက်အအုံအသစ်တွေ တိုးချဲ့ဆောက်လုပ်လာပြီး အဲဒီလုပ်ငန်းတွေလုပ်ကိုင်သူတွေကို DKBA က ကူညီပေးနော့ အမေရိကန်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။
အခုအရေးယူမှုမှာ ကမ္ဘောဒီးယားနိုင်ငံသား ကျောက်ဟွေ့ နဲ့ သူပိုင်ဆိုင်တဲ့ ကမ္ဘောဒီးယားအခြေစိုက် ကုမ္ပဏီနှစ်ခုလည်း ပါဝင်ပါတယ်။ ကျောက်ဟွေ့ဟာ အွန်လိုင်းငွေလိမ်စင်တာတစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သလို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လူတွေကို ပစ်မှတ်ထားပြီး ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ငွေလိမ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
သူဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ Prince Group ရဲ့ ငွေလိမ်စင်တာတစ်ခုကိုလည်း ငှားရမ်းအသုံးပြုခဲ့ပြီး အဲဒီအဖွဲ့ခေါင်းဆောင် ချန်ကျိကို လုံခြုံရေးအကာအကွယ်အတွက် ငွေပေးခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်စင်တာတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၈ ဒသမ ၂ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီငွေပမာဏဟာ အခုအရေးယူခံရသူတွေကြောင့်သာ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ ဒေသတွင်း ငွေလိမ်လုပ်ငန်းအားလုံးနဲ့ ဆက်စပ်တဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။
အရေးယူမှုအရ သတ်မှတ်ခံရသူတွေရဲ့ အမေရိကန်ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်နိုင်ငံသားတွေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး သူတို့နဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ်လုပ်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း ငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းဖို့၊ အဲဒီလုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ကာကွယ်ပေးသူတွေကို တရားစွဲဆိုဖို့၊ လူကုန်ကူးခံရသူတွေကို ရှာဖွေကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။