အန္တရာယ်များပေမဲ့ အမျိုးသားတွေကြီးဆေးထိုးကြတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိမ်းစ် ဂါလာဂါ
- ရာထူးတာဝန်, Inside Health တင်ဆက်သူ၊ BBC Radio 4
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ဂျေဆင်တစ်ယောက် ''အချိုရည်ဗူး'' လောက် မဖြစ်ချင်ခဲ့ပါဘူး။ ဒီအသုံးက အမျိုးသားတွေ လိင်ကြီးဆေးထိုးလွန်းလို့ ကြီးလာတဲ့အရွယ်ကို ပြောင်ပြီး ခေါ်တဲ့နာမည်ပါ။
''တချို့လူတွေဆိုရင် တကယ့်အလွန်အကျွံကို ဆေးတွေ ထိုးကြတာ'' လို့ ဂျေဆင်က မန်ချက်စတာမြို့မှာ ကျွန်တော်တို့ဆုံတော့ ပြောပြပါတယ်။
သူလည်း ဆေးထိုးထားပါတယ်။ ၁၆ ရာခိုင်နှုန်းလောက် လုံးပတ်ပိုကြီးလာအောင် ထိုးထားတာဖြစ်ပြီး ဒီအရွယ်ဟာ သူရော၊ သူ့ လက်တွဲဖော်အတွက်ပါ အဆင်ပြေတဲ့အနေအထားလို့ သူက ပြောပါတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု တိုးလာတယ်လို့ ပြောပါတယ်။
ဂျေဆင်ကတော့ အခုအထိ ''အားလုံးပုံမှန်အတိုင်းပဲ'' အလုပ်လုပ်ပါတယ်လို့ ရှင်းပြပြီး ''နည်းနည်း ပိုထွားသွားတာတော့ရှိတယ်'' လို့လည်း ဆိုပါတယ်။
ဂျေဆင်လိုမျိုးပဲ ကြီးဆေးထိုးကြတဲ့အမျိုးသား ဘယ်လောက်အထိ များနေလဲဆိုတာ စာရင်းဇယား မရှိပါဘူး။ ဒါမျိုးက အမျိုးသမီးတွေကြား သိပ်အကြိုက်များနေတဲ့ နှုတ်ခမ်းထူထူ စူစူလေးဖြစ်ဖို့ ဆေးထိုးထားမျိုးလို မြင်သာတဲ့ကိစ္စတစ်ခုလည်း ဟုတ်မနေပါဘူး။
လုပ်ထုံးလုပ်နည်းအရ စည်းကမ်းချထားတာလည်း နည်းပါးလို့ ဘယ်သူမဆို ဒီလိုဆေးမျိုးထိုးပေးနိုင်တဲ့အတွက် ဘယ်သူက ဘယ်နှယောက်ကို ထိုးပေးထားတယ်ဆိုတာမျိုး တရား၀င် မှတ်တမ်းမှတ်ရာလည်း မရှိပါဘူး။
လိင်ကြီးဆေးကိစ္စက ပြီးခဲ့တဲ့ဆောင်းရာသီ အိုလံပစ်မှာတောင် ပြောစရာအထိ ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသားစကိတ်စီးမောင်တွေဟာ ခပ်၀ေး၀ေးခုန်နိုင်ဖို့ သူတို့အ၀တ်တွေ ပွတက်နေအောင် ကြီးဆေးထိုးထားတာမျိုး လုပ်ကြတယ်ဆိုတဲ့ကောလာဟလတွေလည်း ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ တချို့အမျိုးသားတွေဟာ ဆေးထိုးအပြီးမှာ လိင်တံညိုမည်းလာတာ၊ အရေပြားတွေလန်ကုန်တာမျိုးဖြစ်လို့ အရေးပေါ်ဌာနကို ရောက်သွားရတဲ့ဖြစ်စဉ်အချို့လည်း ရှိပါတယ်။ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဗြိတိသျှခွဲစိတ်ကုဆရာ၀န်များအသင်းကတော့ အမျိုးသားတွေ ဒီလိုဆေးထိုးတာကို သတိပေးချက် ထုတ်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတော့ အန္တရာယ်များတဲ့ကြားက အမျိုးသားတွေ ဘာကြောင့်ကြီးဆေးထိုးကြတာလဲ။ ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်ပါသလဲ။
ဂျေဆင်ကတော့ သူ ဘာလို့ ကြီးဆေးထိုးလဲဆိုတာကို ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်။ ဒီနေရာမှာ သူ ဘယ်သူဖြစ်တယ်ဆိုတာကို မဖော်ပြပါဘူး။
သူကတော့ သူ့မှာရှိတဲ့အရှည်ကို အဆင်ပြေပေမဲ့ ပိုကြည့်ကောင်းအောင် ''ဖြောင့်စင်းဖို့'' နဲ့ ''အလုံးအထည်ရှိဖို့'' လုပ်ချင်ခဲ့တာလို့ ပြောပါတယ်။
''ကိုယ့်မှာ အဲဒီအပိုင်းတွေလိုနေသေးတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ လုပ်လိုက်တာပဲပေါ့'' လို့ ဂျေဆင်က ပြောပါတယ်။
ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အတွေးလွန်ဆွဲနေတာ တစ်နှစ်လောက်အကြာမှာတော့ သူ ခွဲစိတ်ဖို့ အထိ စိတ်မကူးတော့ပါဘူး။ အဲဒီအစား သူ ဟိုင်ယာလူရောနစ် အက်ဆစ် အမျိုးအစား ဆေးထိုးဖို့ ရွေးချယ်ပါတယ်။ ဒီဆေးရည်က ထိုးပြီးရင် နောက်ပိုင်းမှာ ''တဖြည်းဖြည်းအရည်ပျော်သွား'' မှာဆိုတော့ ဆေးထိုးပြီး ရလာမယ့်ပုံကို မကြိုက်ရင်လည်း အချိန်တစ်ခုမှာ သူ့ မူရင်းပုံစံ ပြန်မြင်ရမှာကို ဂျေဆင် သိနေလို့ပါ။
ဒါပေမဲ့ အားကောင်းမောင်းသန် ယောက်ျားဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးနဲ့ ဂျေဆင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ''ကိုယ် ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်မှ ယောက်ျားပီသမလဲဆိုတာမျိုးတွေကို ကျွန်တော်က လက်ခံသူ မဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။ အဲဒီအစား အမျိုးသားတွေလည်း သန့်ခန့်ရမယ်ဆိုတဲ့အမြင်တွေကြောင့်သာ အခုလို လုပ်ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
''အမျိုးသမီးတွေချည်းပဲ အလှအပရေးရာကို အမီလိုက်ဖို့လိုတာ မဟုတ်ဘူး။ အမျိုးသားတွေလည်း လိုက်မီဖို့ လိုတယ်'' လို့ သူက ပြောပါတယ်။
"ပြောရရင် လူမှုအသိုက်အ၀ိုင်းကိုက ပြောင်းလဲနေတာ။ မီဒီယာတွေမှာ ပုံဖော်တာကလည်း လူတိုင်းရဲ့နေ့စဉ်ဘ၀ကို ကြီးမားတဲ့ရိုက်ခတ်မှုရှိတယ်။ ဘယ်နေရာသွားသွား လုံးဝကြည့်ကောင်းနေတဲ့ လူမျိုးကို တွေ့ကိုတွေ့နေရတာမျိုး ဖြစ်လာတယ်။"
တစ်ဖက်မှာလည်း လိင်ကြီးဆေး ၀န်ဆောင်မှုပေးတဲ့ဆေးခန်းတွေရဲ့အင်တာနက်စာမျက်နှာတွေကိုကြည့်လိုက်ရင် မေးတဲ့မေးခွန်းက ''ကိုယ့်မှာရှိတဲ့အရွယ်အစားကြောင့် အရှက်ရ စိတ်မလုံခြုံ ဖြစ်နေလား'' ဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ အဲဒီလိုမေးခွန်းမျိုးနဲ့ လူတွေရဲ့လိုအပ်ချက်ဆိုတာမျိုးကို အသုံးချနေကြတာ မြင်သာပါတယ်။
လိင်ကြီးဖို့ဆိုပြီး လုပ်နိုင်တဲ့ရွေးချယ်စရာတွေ များပါတယ်။ ခွဲစိတ်မလား၊ မခွဲစိတ်တဲ့နည်းနဲ့ လုပ်မလား။ လိင်တံထဲ ထိုးတဲ့ဆေးကလည်း စုံလို့ပါ။
လက်ရှိမှာတော့ အများစုအသုံးများတာက ဂျဲလ်လိုပုံစံရှိတဲ့ ဟိုင်ယာလူရောနစ် အက်ဆစ် ထိုးဆေးဖြစ်ပါတယ်။ ဒါကို နှုတ်ခမ်းထိုးဆေးတွေမှာလည်း အဓိကပါ၀င်ပစ္စည်းအဖြစ် သုံးပါတယ်။
ဟိုင်ယာလူရောနစ် အက်ဆစ်က ခန္ဓာကိုယ်ထဲမှာ သကြားမော်လီကျူးအဖြစ် သဘာ၀အတိုင်းရှိတာမျိုးပါ။ ခန္ဓာကိုယ်ထဲ ရေဓာတ်ကို စုပ်ယူထားလို့ "အစိုဓာတ်ယူတဲ့သံလိုက်" လို့တောင် တင်စားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/James Gallagher
ဗြိတိန်က ဂရိတ်တား မန်ချက်စတာ၊ ပရက်စ်၀ှစ်ချ်မြို့မှာနေတဲ့ ဒေါက်တာ ဂျာဗက် ဟူစိန်ဟာ သူ့ဆေးခန်းမှာ အမျိုးသားတွေအတွက် ကြီးဆေးထိုးပေးတဲ့ ကုထုံး၀န်ဆောင်မှု ပေးနေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။
ဒေါက်တာ ဟူစိန်ဟာ အစောပိုင်းက ဆေးကုတဲ့ဆရာ၀န်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အလှအပရေးရာ ကုသမှုပိုင်းကို ပြောင်းခဲ့သူပါ။ လိင်ကြီးဆေးထိုးတဲ့၀န်ဆောင်မှု လုပ်ဖို့ကတော့ ဥပဒေအရ နောက်ထပ် ဆေးသင်တန်းတက်ရတာမျိုးလုပ်ဖို့ မလိုပါဘူး။
သူကတော့ ၀န်ဆောင်မှု လိုချင်တဲ့သူ တိုးလာတယ်လို့ပြောပြီး အသက်အရွယ်စုံ အမျိုးသားတွေကို ဒီကုသမှုကို ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲ အသက် ၂၀ ၀န်းကျင်အရွယ်တွေ ပါ၀င်သလို အသက်အကြီးဆုံးအမျိုးသားဟာ ၇၂ နှစ်လို့ ဆိုပါတယ်။
ကုသမှုမလုပ်ခင် အရင်ဆုံး လူနာရဲ့ကျန်းမာရေးအခြေအနေ၊ ဘာကြောင့် ဒီကုသမှုလုပ်ချင်တာလဲ၊ ဘယ်လိုရလဒ်မျိုး မျှော်လင့်ထားသလဲ၊ နောက်ပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ဘာတွေရှိနိုင်သလဲဆိုတာကို ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် ကုသမှုပေးတဲ့နေ့ရောက်တဲ့အခါမှာ လိင်တံထဲကို ဟိုင်ယာလူရောနစ် အက်ဆစ်ကို သုံးကြိမ် ထိုးပါတယ်။ ထိပ်ကိုတစ်ချက် ဘေးတစ်ဖက်တစ်ချက်စီကို တစ်ချက်စီ ထိုးတာပါ။ ပြွန်ကိုသုံးပြီး ဆေးရည်က လိင်တံချောင်းတလျှောက်ရောက်သွားတဲ့နည်းလမ်းပါ။

ဓာတ်ပုံ ရင်းမြစ်, BBC/James Gallagher
အဲဒီနောက် ထိုးလိုက်တဲ့ဆေး ညီညီညာညာပြန့်သွားအောင် နှိပ်နယ်ပေးရပါတယ်။ လူနာဟာ အိမ်ပြန်ရောက်ရင်လည်း အဲဒီလိုဆက်ပြီး နှိပ်ပေးနေရပါတယ်။
ကုသမှုဟာ ပေါင်ငွေ ၃,၅၀၀ လောက်အထိ ကျနိုင်ပါတယ်။ ဒေါက်တာဟူစိန်ကတော့ အမျိုးသားအများစုဟာ ၆ လကနေ ၈ လလောက်အထိ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လိင်တံကြီးနေတာမျိုး ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
ဒါနဲ့အတူ အန္တရာယ်တွေလည်း ကပ်ပါလာပါတယ်။ အဲဒါတွေက နာကျင်တာ၊ ဒဏ်ဖြစ်တာနဲ့ ဆေးမညီတာမျိုးတွေလို အနည်းငယ်အပိုင်းကနေ ပိုး၀င်တာမျိုးလို ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးထိုးတဲ့ကုသမှုတိုင်းမှာ ဖြစ်တတ်တာတွေပါ။
ဒါပေမဲ့ ဒီနေရာမှာတော့ အမျိုးသားတွေ ပန်းလန်းဖို့ အရေးပါတဲ့သွေးကြောတွေနဲ့ အတွင်းထဲကဖွဲ့စည်းပုံတွေ ပျက်စီးသွားနိုင်တဲ့အန္တရာယ်တွေလည်း ရှိပါတယ်။
ခွဲစိတ်ဆရာ၀န်တွေ စိုးရိမ်ကြတဲ့အပိုင်းနဲ့ ကုသမှုပေးတဲ့အပိုင်း ချိန်ထိုးစဉ်းစားကြည့်မိလားလို့ ဟူစိန်ကို မေးတော့ သူက တချို့တွေ ဘာလို့စိုးရိမ်ကြလဲဆိုတာကို သူ ''လုံး၀နားလည်ပါတယ်'' လို့ ပြောပါတယ်။
''ဆရာ၀န်တွေဆိုတော့ ဒီစိုးရိမ်စိတ်တော့ ရှိတတ်တာ သဘာ၀ပါပဲ'' လို့သူက ပြောပြီး ''တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ရလဒ်တွေ ထွက်နေတယ်ဆိုတာ သက်သေတွေ ထွက်ပေါ်လာနေတာပဲလေ။ အမျိုးသားတွေအတွက် အကျိုးရှိစေမယ့်အရာပေါ့'' လို့ ဆိုပါတယ်။
ဟူစိန်ကတော့ ဆေးထိုးလို့ တစ်ခုခုအတိမ်းအစောင်းဖြစ်တဲ့အခါ ဆေးပျော်သွားအောင် လုပ်မယ့်ဆေးမျိုး အသင့်ဖြစ်နေအောင် ပြင်ထားတာမျိုးလို ''ချက်ချင်းလုပ်နိုင်မယ့် လုပ်ငန်းအစီအစဉ်'' စီမံထားတယ်လို့ ပြောပေမဲ့ ဒီလိုဖြစ်ရပ်မျိုး မကြုံဖူးဘူးသေးဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒီပြောဆိုချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ တခြားတစ်နေရာမှာ ကုသမှုခံယူပြီး အခြေအနေ မျှော်မှန်းသလိုမဖြစ်လို့ သူ့ဆီ ကုသမှု အကြံဉာဏ် လာတောင်းဖူးသူ လူနာတစ်ဦးတော့ ရှိဖူးတယ်လို့ သူက ပြောပါတယ်။
အဲဒီလူနာဟာ သူ အထိုးခံလိုက်တဲ့ဆေး မမှန်ကန်လို့ လိင်တံက မည်းသွားတာမျိုးဖြစ်နေပြီလို့ သူက ပြောပါတယ်။ ဆေးထိုးချိန် သွေးကြောတွေ ပျက်စီးသွားပြီး အရေပြား ပုပ်စပြုလာလို့ အဲဒီအမျိုးသားဟာ အရေးပေါ်ကို တန်းပြီး သွားလိုက်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/James Gallagher
မန်ချက်စတာ အမျိုးသားကျန်းမာရေးဌာန (NHS)မှာ အမျိုးသားလိင်ပိုင်းဆိုင်ရာကျန်းမာရေး အထူးကုနဲ့ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာခွဲစိတ်ကု ဆရာ၀န်အဖြစ် တာ၀န်ထမ်းနေတဲ့ပါမောက္ခ ဗိုင်ဘပ် မော့ဂင်းလ်က လိင်ကြီးဆေးထိုးပြီး အဆင်မသင့်လို့ ဆေးရုံရောက်လာတဲ့အမျိုးသားတွေကို ကုပေးခဲ့ရဖူးတယ်လို့ ပြောပါတယ်။
"အဲဒီလိုဖြစ်တဲ့အခါ လူနာအတွက် တကယ်ကို ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။
သူ့အနေနဲ့ "အရေပြားတစ်နေရာ ကွက်ပြီး သေနေတဲ့ လူနာတွေကိုလည်း တွေ့ဖူးတယ်'' လို့ သူက ပြောပြီး ''အဲဒီနေရာက အရေပြားက မည်းပြီး နောက်ဆုံးမှာတော့ ကွာကျသွားတာမျိုး ဖြစ်တတ်တယ်" လို့ ပြန်ပြောပြပါတယ်။
"အမျိုးသားတွေက 'ဒီလိုကြီးဆေးထိုးလိုက်ရင် အရမ်းကောင်းသွားမယ်' လို့ ထင်ပြီး လုပ်ကြတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီး ထွက်လာတဲ့အခါ မလုပ်ခင်ကထက်တောင် ကိုယ့်ကိုယ်ကို မကျေနပ်တာ ပိုဖြစ်လာနိုင်တယ်" လို့ သူက ဆိုပါတယ်။
အဲလက်စ် (နာမည်ရင်း မဖော်ပြချင်သူ) ကတော့ လိင်တံအရွယ်ကြီးအောင် ဂျာမနီကို သွားပြီး အခြားနည်းလမ်းတစ်မျိုးနဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။
သူက လိင်တံကို ပိုရှည်သလို မြင်ရစေဖို့ လိင်တံကို ဆီးခုံရိုးနဲ့ ချိတ်ဆက်ထားတဲ့အရွတ်ကို ဖြတ်တဲ့ခွဲစိတ်မှု လုပ်ခဲ့သလို ကိုယ့်ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေကို ထုတ်ယူပြီး လိင်တံထဲ ပြန်ထိုးသွင်းလို့ အရွယ်အစားကြီးလာအောင်လည်း လုပ်ခဲ့ပါတယ်။
ခွဲစိတ်ပြီး သတိပြန်ရလာချိန်မှာတော့ နာကျင်လွန်းလို့ မတ်တပ်တောင် မရပ်နိုင်ဘူးလို့ အဲလက်စ်က ပြောပါတယ်။
"ကိုယ်မှာ အညိုအမည်းစွဲတာ တော်တော်များများဖြစ်ခဲ့တယ်။ ပေါင်အပေါ်ပိုင်း တစ်လျှောက်လုံးလည်း အဝါရောင် ပြောင်းသွားတယ်။ တစ်လလောက်အထိ ပုံမှန်လမ်းတောင် မလျှောက်နိုင်ခဲ့ဘူး" လို့ သူက ပြောပါတယ်။
နောက်ပိုင်းမှာ အဲလက်စ်ဟာ ဒေါက်တာ မော့ဂင်းလ်ရဲ့ဆေးခန်းမှာ ကုသမှု ဆက်လုပ်ခဲ့ရပြီး နောက်ဆုံးတော့ ပြန်သက်သာသွားပါတယ်။
"လူတိုင်းတော့ ဒီလိုကံမကောင်းကြဘူး" လို့ အဲလက်စ်က ပြောပါတယ်။ "ကျွန်တော်ကတော့ ကံကောင်းလို့ သက်သာသွားတာပါ" လို့ ဆိုပါတယ်။
အဲလက်စ်က သူ့ကိုယ်သူ မူလကတည်းက သေးငယ်တဲ့သူ မဟုတ်ဘူးဆိုတာ သိပေမဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အပြာကားတွေကြောင့် ကြီးတာဟာ "ယောကျ်ားပီသမှုရဲ့အကောင်းဆုံးသင်္ကေတ" လို့ သူ့ကို မြင်လာအောင် ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါမောက္ခ မော့ဂင်းလ်ကတော့ လိင်တံကြီးအောင် ဆေးထိုးတာတွေရဲ့အချက်အလက် တရား၀င် မရှိသေးပေမဲ့ အွန်လိုင်းမှာ လူတွေ ရှာဖွေတာ၊ ကြော်ငြာတွေထွက်နေတာနဲ့ လူမှုကွန်ရက်ပေါ်က ဆွေးနွေးမှုတွေကို ကြည့်ရင် ဒီလိုကုသမှုလုပ်တဲ့လူဦးရေက တိုးလာနေတယ်ဆိုတာ သိသာတယ်လို့ ပြောပါတယ်။
အဲဒီအခြေအနေကြောင့် ဗြိတိန်ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်များအသင်းက ဒီလိုကုသမှုတွေ မလုပ်သင့်တဲ့အကြောင်း အကြံပြုချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။
"မကြာသေးခင်က ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့လမ်းညွှန်ချက်အရ ဒီလိုကုသမှုတွေကို ခံယူဖို့အကြံပြုလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကုသမှုတွေက အန္တရာယ်ကင်းရှင်းပြီး ထိရောက်တယ်ဆိုတာကို ထောက်ခံပေးနိုင်တဲ့သက်သေအထောက်အထားတွေက အရမ်းနည်းနေပါသေးတယ်" လို့ မော့ဂင်းလ်က ပြောပါတယ်။
အသင်းကတော့ အမျိုးသား ၃,၇၅၀ ဦးပါဝင်တဲ့ သုတေသန ၃၆ ခုကို လေ့လာခဲ့ပေမဲ့ ဒီကုသမှုတွေရဲ့"လုံခြုံစိတ်ချရမှုအဆင့်"ကို အခုချိန်ထိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီလိုဖြစ်ရတာက ဖေလာ ပစ္စည်းတွေဟာ ရေရှည်အနေနဲ့ လိင်တံကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတဲ့အချက်အလက် မလုံလောက်သေးတာကလည်း တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်း ထူဆေးတွေလိုပဲ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ တရားဝင်ကျွမ်းကျင်မှု လက်မှတ်မျိုးမရှိလည်း လုပ်နိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။
မော့ဂင်းလ်က ဒီလိုကုသမှုတွေကို အပြီးတိုင် ပိတ်ပင်လိုက်တာက "အရမ်းပြင်းထန်လွန်းတဲ့ လုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်တယ်"လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ ဆက်ပြီးရှိနေမယ်ဆိုရင်တော့ "တင်းကျပ်တဲ့စည်းမျဉ်းကြပ်မတ်တာတွေရှိဖို့ အလွန်အရေးကြီးတယ်" လို့ ဆိုပါတယ်။
သူက လိင်တံ ကြီးဆေးထိုးတဲ့ကုသမှုတွေလုပ်တဲ့အခါ မှတ်တမ်းတင်ထားမယ့် နိုင်ငံအဆင့် မှတ်ပုံတင်စနစ် တစ်ခု ထားရှိဖို့နဲ့ ရေရှည်မှာ နောက်ဆက်တွဲအချက်အလက်တွေ စုဆောင်းဖို့ တောင်းဆိုပါတယ်။ ဒါမှ အမျိုးသားတွေက အကျိုးကျေးဇူးနဲ့ အန္တရာယ်တွေကို သေချာသိပြီး အသိဥာဏ်နဲ့ယှဥ်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဆိုပါတယ်။
ဂျေဆင်ကတော့ သူထိုးထားတဲ့ဆေးတွေ အာနိသင်လျော့သွားတဲ့အခါ ဆေးထပ်အထိုးခံဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။















