ဦးမြင့်စိုး (ခ) ဖိုးလေး - ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးအဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဦးမြင့်စိုးအတွက် ဟင်းချက်ပြုတ်ပေးရတာဟာ သာမန်စားဖိုမှူးတစ်ယောက်ရဲ့ ဟင်းလျာစီမံချက်ပြုတ်မှုထက်ပိုခဲ့ပါတယ်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးလေးစားသူဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနားကိုပါ ရောက်လာသူလို့ ဦးမြင့်စိုးက ဖွင့်ဟပြောဖူးပါတယ်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ အသက် ၇၅ နှစ်အရွယ် ဦးမြင့်စိုး (ခ) ဖိုးလေးဟာ ရန်ကုန်မြို့က ဆည်းဆာရိပ်ဂေဟာမှာ ဦးနှောက်သွေးခဲ နောက်ဆက်တွဲရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ က နေအိမ်အကျယ်ချုပ်ကာလတွေမှာ အနီးကပ်ရှိခဲ့သူ ဦးမြင့်စိုးရဲ့ အတွေ့အကြုံတွေကို သူကိုယ်တိုင်ပြောပြထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ခြေရာကောက်ကြည့်ထားပါတယ်။

နိုဘယ်ဆုရှင်အတွက် ဟင်းတစ်ခွက်

ရင်းနှီးသူတွေကဖိုးလေးလို့ခေါ်ကြတဲ့ ဦးမြင့်စိုးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၉၉၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၁၅ နှစ်ကြာ ဟင်းလျာတွေ ချက်ပြုတ်ပေးခဲ့သူပါ။

ခြေလေးချောင်းသား မစားသုံးဘဲ အချိုမှုန့်နဲ့ ဆီများတဲ့ အစားအစာတွေကို ရှောင်ရှားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို အချိန်မှန် ပြင်ဆင်ချက်ပြုတ်ပေးခဲ့ရပါတယ်။

"သူ (ဒေါ်အောင်ဆန်းစုကြည်) က စားဖိုမှူးအသစ်တစ်ယောက် လိုချင်တယ်လို့ ပြောတဲ့အခါ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်နာမည်ကိုပဲ ပြောကြပါတယ်။ အဲဒီလိုနဲ့ သူ့ရဲ့စားဖိုမှူး ဖြစ်လာခဲ့တာပါ။ ကျွန်တော် ချက်ပြုတ်ပေးတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး သူက ဘယ်တော့မှ မှတ်ချက်မပေးသလို ဘာစားချင်တယ်ဆိုတာကိုလည်း ပြောလေ့မရှိပါဘူး" လို့ ဦးမြင့်စိုးက ဗြိတိန်အခြေစိုက် The Independent သတင်းစာကို ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခြေလေးချောင်းသားလို့ခေါ် ကြတဲ့ အမဲသား၊ ဝက်သားနဲ့ ဆိတ်သားတို့ကိုမစားတတ်ဘဲ ကြက်သား၊ ငါးနဲ့ ပင်လယ်စာတချို့ကိုပဲ ချက်ပြုတ်ပို့ပေးရတယ်လို့ ဆိုပါတယ်။

'' အစ်မက အစားအသောက်ပေါ်မှာ တပ်မက်ခုံမင်တာမရှိဘူး။ သူထမင်းစားမယ်ဆိုရင် ထမင်းလေးက လက်သီးဆုပ်လောက်ပဲရှိတယ်။ အဲ့တာနဲ့တွဲပြီးတော့ ငါးအသီးအရွက် ကြော်တာပဲဖြစ်ဖြစ် ဆက်လက်သုတ်တာပဲဖြစ်ဖြစ် အဲ့တာလေးကတော့ အမြဲပါတယ်၊ နောက် အရည်သောက်တစ်မျိုးမျိုးပါတယ်၊ ဒါပဲသူစားတာ'' လို့ ဘီဘီစီနဲ့ မေးမြန်းခန်းတစ်ခုမှာဖြေကြားဖူးပါတယ်။

''ကျွန်တော်က အစ်မလို့ပဲခေါ် တယ်။ အစ်မ က ကျွန်တော့်ကို ကိုမြင့်စိုးပဲခေါ် တယ်။ အရေးကြီးတဲ့အခါတော့ စာပို့ရင် KMS ဆိုတဲ့စကားလုံးကို သူသုံးတယ်'' လို့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို 7 Day TV နဲ့ တင်မိုးလွင်စကားဝိုင်းမှာ ဦးမြင့်စိုးက ပြောဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီးနောက် စားဖိုမှူးတာဝန်တွေကို အခြားသူတွေနဲ့ ခွဲဝေယူခဲ့ကြပါတယ်။ ဒါပေမဲ့ ဦးမြင့်စိုးကတော့ တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဟင်းချက်ပေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဦးမြင့်စိုးဟာ ၁၉၈၈-၁၉၈၉ ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်က ချုပ်လွတ်ခဲ့တဲ့နောက် ၂၀၀၃ ခုနှစ်မတိုင်ခင်အထိ ခြံအမှတ် ၅၄ ရဲ့ မီးဖိုချောင်မှာ ချက်ပြုတ်ပေးခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရချိန်မှာတော့ အိမ်ထဲမှာ အမျိုးသမီးအဖော်နှစ်ဦးနဲ့အတူ နေထိုင်ရတာကြောင့် ဦးမြင့်စိုးက ပြင်ပမှာနေထိုင်ပြီး စျေးဝယ်ပေးတာ၊ ခြံအမှတ် ၅၄ ကို အစားအသောက်တွေ ချက်ပြုတ်ပို့ဆောင်ပေးတာ ဆက်လုပ်ပေးခဲ့ပါတယ်။

အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေခဲ့သူ အမျိုးသမီးအဖော် နှစ်ဦးက ဒေါ် ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူ မဝင်းမြမြတို့ဖြစ်ပါတယ်။

''ကိုမြင့်စိုးက မနက်ဆိုလာပို့ပြီဆို ကျွန်မက ခြံရှေ့မှာ ထွက်ယူတယ်။ လုံခြုံရေးတွေလည်းရှိတယ်။ သူက ဟင်းဘူးတွေကို ကျွန်မလက်ထဲ အပ်ခဲ့ရတာပေါ့'' လို့ ဒေါ် ခင်ခင်ဝင်းက ဘီဘီစီကိုအစောပိုင်းအင်တာဗျူးတချို့မှာ ဦးမြင့်စိုးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ဖူးပါတယ်။

အပြင်မှာ ချက်ပြုတ်ရတဲ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်သူတွေက အစားအသောက်ထဲ အဆိပ်ခတ်မှာကို သူစိုးရိမ်တဲ့အတွက် မီးဖိုချောင်နေရာကို လူအများမသိအောင် ဟင်းလျာတွေ ပြင်ဆင်ခဲ့ရတဲ့အကြောင်း ဦးဖိုးလေးက သူရေးသားတဲ့ 'သမီးအောင်ဆန်းနှင့် ခြံထဲမှ ကျွန်ုပ်၏မှတ်စာများ' စာအုပ်မှာ ဖော်ပြထားပါတယ်။

၂၀၀၃ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်အထိ ပြင်ပမှာနေထိုင်ပြီး စားဖိုမှူးတာဝန်ယူခဲ့ချိန် နားရက်မရှိ တစ်ရက်မပျက် ၇ နှစ်တာကာလကြာ ချက်ပြုတ်ပို့ဆောင်ပေးခဲ့ပြီး သူ ပျက်ကွက်ခဲ့ဖူးတာ တစ်ရက်ပဲရှိခဲ့ပါတယ်။

"အဲဒီနှစ်တွေတလျှောက် တာဝန်မထမ်းဆောင်နိုင်ခဲ့တာ တစ်ရက်ပဲရှိတယ်။ ၂၀၀၈ ခုနှစ် မေလ ၃ ရက်မှာ နာဂစ်မုန်တိုင်း ရန်ကုန်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နေ့ပါ" လို့ ဦးမြင့်စိုးက ပြောပြလေ့ရှိပါတယ်။

ဒါပေမဲ့ ဦးမြင့်စိုးက သူနဲ့ အတူ သခင်အုန်းမြင့်ရဲ့သားဖြစ်သူ ကိုနီနဲ့ သမ္မတဟောင်းဦးထင်ကျော်တို့လည်း တချို့ရက်မှာ ပေးပို့ခဲ့တာတွေရှိတယ်လို့ ပြောပြဖူးပါတယ်။

ဦးမြင့်စိုးဟာ စားဖိုမှူးသင်တန်း တက်ရောက်ဖူးသူမဟုတ်ပေမဲ့ ငယ်စဉ်ကတည်းက မိခင်ဆီကနေ ဟင်းချက်နည်းတွေ သင်ယူခဲ့တာလို့ ဆိုပါတယ်။ အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်သူအဖြစ် သူ့ရဲ့နာမည်ဟာ ပါတီဝင်တွေကြားမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် မေလ ၁၄ ရက် က အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာခေါ် တဲ့အချိန် နေအိမ်သော့ကို အပ်ခဲ့တာကိုလည်း သူက ဘီဘီစီကို အမှတ်တရပြောဖူးပါတယ်။

'' ကျွန်တော့်ကိုလည်း တွေ့တော့ အစ်က က သူတို့ အင်းစိန်ထောင်ကို အစ်မကို ခေါ်သွားလိမ့်မယ်တဲ့ ဆိုတော့ အဲ့ဒီမှာ နည်းနည်းကျွန်တော်တစ်မျိုးဖြစ်သွားတယ်။ တော်တော်ကြီး စိတ်မကောင်းလည်းဖြစ်သွားတယ်လေ။ အဲ့ဒီမှာ အစ်မကနေပြီးတော့ သော့တွေအပ်တယ်။ အဲ့ဒီမှာ အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့ နောက် တကယ်လို့ အစ်မထောင်ကျသွားလို့ရှိရင်လည်း ကိုမြင့်စိုးကနေဆက်ပြီးတော့ ထောင်ဝင်စာလာပို့ပေးရမယ်ပေါ'' လို့ သူကပြန်ပြောပြခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်တဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ ဦးဖိုးလေးဟာ စားဖိုမှူးတာဝန်အများစုကို လွှဲပြောင်းပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မိုဃ်းလင်း ကလောင်အမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်တဲ့ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့ပြီး ''ကျုပ်အစ်မ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြရဦးမယ်'' နဲ့ ''သမီးအောင်ဆန်းနှင့် ကျွန်ုပ်၏မှတ်စာများ'' စာအုပ်တို့က လူသိများပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခင်လေးစားမှုကတော့ အမြဲရှိနေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဥ်လမ်းကြောင်းလုံခြုံရေးယူခဲ့ဖူးတဲ့ NLD အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ဦးဖိုးလေး လိုက်ပါခဲ့ချိန်က တွေ့ကြုံခဲ့ရတာတွေကို အဲဒီလမ်းကြောင်းလူငယ်အဖွဲ့ဝင်ဟောင်းက ပြန်ပြောပြတာပါ။

"အန်တီ့အနီးအနားမှာ သူ နေတယ်။ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေရဲ့ အပြင်ဘက်မှာပေါ့။ တစ်ခါတလေ အထဲမှာ၊ တစ်ခါတလေ သူသိတဲ့သူတွေကြားထဲမှာ နေတာ။ အန်တီ့ကို အကန့်အသတ်တွေ လုပ်တဲ့သူတွေ အနားကပ်လာရင် ပြူးပြဲပြီး ကြည့်တယ်

"သူများတွေလို တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားတာ မရှိဘူး။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အင်္ကျီတွေ၊ Public Figure တွေ ပေးတဲ့ အင်္ကျီတွေကိုပဲ ဝတ်တာ" လို့ သူက ပြောပါတယ်။

NLD ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ဖိုးလေးကို လေးစားမှုရှိကြတာ တွေ့ရတယ်လို့ အဲဒီအဖွဲ့ဝင်ဟောင်းက ပြောပါတယ်။

ဦးဖိုးလေး ကျန်းမာရေးအခြေအနေ

ဦးမြင့်စိုး ဟာ ဦးနှောက်သွေးခဲထားတဲ့ ရောဂါအခံရှိပြီး အဲဒီရောဂါကိုကုသမှုခံယူနေရင်း ကွယ်လွန်သွားတယ်လို့ ခြံနံပါတ် ၅၄ နဲ့ အဆက်အသွယ်ရှိသူတစ်ဦးက ပြောပါတယ်။

သူဟာ ဒီ ဦးနှောက်သွေးခဲတဲ့ရောဂါနဲ့ပဲ ဆည်းဆာရိပ် ဂေဟာကို လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးကတည်းက ရောက်ရှိနေတာလို့ ရိပ်သာတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲဒီရောဂါနောက်ဆက်တွဲကြောင့် စကားမပြောနိုင်တာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သူ့ကို ပြုစုစောင့်ရှောက်ခဲ့သူကဆိုပါတယ်။

သူမဆုံးခင်မှာ သူ့ရဲ့ အသိမိတ်ဆွေတချို့တော့ ဖိုးလေးကို ရိပ်သာမှာ တစ်ခါတလေလာကြည့်ရှုလေ့ရှိတယ်လို့ ဆိုပါတယ်။

''ဆွေမျိုးတွေက အဝေးမှာချည်းပဲ။ နယ်ဝေးမှာဆိုတော့ မလာနိုင်ကြဘူးထင်တယ်။ ဒီမှာတော့ မရှိဘူး။ ရိပ်သာကနေ ဦးစီးပြီး နာရေးကိုပြုလုပ်ပေးကြတယ်'' လို့ ရိပ်သာနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အခုတော့ သူဟင်းချက်ပြုတ်ပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က ထပ်မံဖမ်းဆီးလို့ အကျဉ်းစံဘဝကို တစ်ကျော့ပြန် ဖြတ်သန်းနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖိုးလေးကွယ်လွန်သွားတာကို သတင်းရနိုင်ဖို့ ခက်ခဲနေဦးမှာပါ။

''ဖိုးလေးကတော့ အစ်မဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်းနှီးတဲ့သူတွေထဲက တစ်ယောက်ပေါ့။ အစ်မအပေါ်ကို လေးစားတယ်။ ချစ်ခင်ယုံကြည်တယ်။ အမေစုရဲ့ နိုင်ငံရေးလောကဓံမှာအတူရှိခဲ့တဲ့သူ။ ကျွန်တော်တို့လည်း လေးစားရသူပါ'' လို့ ဖိုးလေး (ခ) ဦးမြင့်စိုးနဲ့ အတူဖြတ်သန်းခဲ့ဖူးတဲ့ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။