ဘီဘီစီနဲ့ အင်တာဗျူးမှာ ထရမ့်နဲ့ ပူတင်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဇလန်းစကီး ဝေဖန်

    • ရေးသားသူ, ဆာရာ ရိန်းစ်ဖို့ဒ်
    • ရာထူးတာဝန်, ဥရောပတောင်ပိုင်းနဲ့ အရှေ့ပိုင်းဆိုင်ရာ သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ကိဗ်ယက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အမေရိကန်အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တရုတ်မှာတုန်းက "ကျွန်တော့်မိတ်ဆွေ" လို့ ခေါ်ဆိုတာကို ဝေဖန်ခဲ့သလို၊ ဒုံးကျည်ရန်ကာကွယ်ရေးအတွက် အရေးပါတဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ဖို့ နှောင့်နှေးနေတာကြောင့် ယူကရိန်းပြည်သူတွေ အသက်ဆုံးရှုံးနေရတယ်လို့လည်း ပြောပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်မြို့လယ်က သူ့ရုံးခန်းမှာ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဇယ်လန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမေရိကန်ဟာ ရုရှားအပေါ် လုံလောက်တဲ့ ဖိအားပေးမှု မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်က ပူတင်ကို ဖက်ထားတဲ့ ဓာတ်ပုံတစ်ပုံ တင်ခဲ့တာဟာ "ထူးဆန်းတယ်" လို့လည်း ပြောပါတယ်။

"ဒါက အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပါပဲ။ ဒါပေမဲ့… ထူးဆန်းပါတယ်" လို့ ဇလန်းစကီးက အင်္ဂလိပ်ဘာသာနဲ့ ပြောပါတယ်။

"သူက ကျူးကျော်တိုက်ခိုက်သူတစ်ယောက်ဖြစ်သလို လူသတ်သမားလည်း ဖြစ်တယ်။ သူ့ကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်လို့ မရပါဘူး။ လုံးဝ မရပါဘူး" လို့ သူက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အဒေါ့ဖ် ဟစ်တလာနဲ့ မိတ်ဆွေဖြစ်တယ်လို့ ပြောတာနဲ့ အတူတူပဲလို့လည်း ဇလန်းစကီးက နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ်က အိမ်ဖြူတော်က ဘဲဥပုံခန်းမမှာ ထရမ့်နဲ့ အခြေအတင် ပြောဆိုခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း ဇလန်းစကီးဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို ကိုင်တွယ်ရာမှာ သတိထားလာခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကြောင့် လူအမြောက်အမြား အသက်ဆုံးရှုံးနေရတာကို ရပ်တန့်နိုင်ဖို့ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်နှစ်ဦးက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေး ကြားဝင်ညှိနှိုင်းပေးနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ ယူကရိန်းဘက်ထက် မော်စကိုရဲ့ သဘောထားနဲ့ ပိုပြီး နီးစပ်နေပုံရလေ့ရှိပါတယ်။

ဒီလအစောပိုင်းက အဘူဒါဘီမြို့မှာ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သိသာတဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။

"ဆွေးနွေးလေလေ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုများလာလေလေပါပဲ" လို့ ဇလန်းစကီးက အဲဒီဆွေးနွေးပွဲအခြေအနေကို ပြောပါတယ်။

ဆွေးနွေးပွဲတွေကို ဒီဇင်ဘာလမှာ ပြန်လည်စတင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။

ကြာသပတေးနေ့မှာတော့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံမှာ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ရုရှားအနေနဲ့ "ဥရောပတစ်ဝန်းရှိ နယ်မြေတွေကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်နေတာအားလုံး ရပ်တန့်ဖို့" တိုက်တွန်းခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ခြေက "အတော်လေးရှိတယ်" လို့လည်း သူက ယုံကြည်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်တွေကို ကြည့်ရင်တော့ ဆွေးနွေးမှုအားလုံးနီးပါးမှာ အစပိုင်းကတည်းက တောင်းဆိုထားတဲ့ တင်းမာတဲ့ သဘောထားတွေဆီ ပြန်လည်ရောက်ရှိသွားပုံရပါတယ်။

ဒါ့အပြင် အမေရိကန်ကိုယ်စားလှယ်တွေက ကြေညာထားသလို ဥရောပဘက်က ညှိနှိုင်းရေးကိုယ်စားလှယ်တွေ ဆွေးနွေးပွဲမှာ ပါဝင်မလားဆိုတာလည်း မသေချာသေးကြောင်း ဇလန်းစကီးက ပြောပါတယ်။

ကရင်မလင်နန်းတော်ဘက်ကတော့ ဥရောပကိုယ်စားလှယ်တွေ ပါဝင်လာမယ့်အရေးကို လက်ခံဖို့ တွန့်ဆုတ်နေပုံရပါတယ်။

ယူကရိန်းအနေနဲ့ ရုရှားရဲ့ အပြည့်အဝ ကျူးကျော်စစ် ငါးနှစ်နီးပါးကြာမြင့်လာတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်တိုးတက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။

ယူကရိန်းတစ်နိုင်ငံလုံးကို ရုရှားရဲ့ တိုက်ခိုက်မှုတွေက ပိုတိုးဖြစ်ပွားလာသလို လူသေဆုံးမှုလည်း ပိုများလာပါတယ်။ အရပ်သားသေဆုံးမှု အရေအတွက်ဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။

ဒါကြောင့် ရလဒ်ထွက်လာအောင် ရုရှားကို ဖိအားပေးနိုင်မယ့် "တကယ်အကူအညီပေးနိုင်တဲ့ မဟာမိတ်တွေ" လိုအပ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။ ဒါ့အပြင် အင်အားနဲ့ လေးစားမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်ရဲ့ ဂုဏ်သတင်းနဲ့အညီ လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

"ကျူးကျော်သူနဲ့ ကျူးကျော်ခံရသူကြားမှာ ကြားနေဖို့ ကြိုးစားတာဟာ ကျူးကျော်ခံရသူကိုရော ကျူးကျော်သူကိုပါ တစ်ပြိုင်နက်တည်း ထောက်ခံနေသလို ဖြစ်ပါတယ်။ ဒါဟာ မမှန်ပါဘူး" လို့ ဇလန်းစကီးက ပြောပါတယ်။

အမေရိကန်ဘက်ကတော့ နှစ်ဖက်စလုံး လက်ခံနိုင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိဖို့ ရှုပ်ထွေးတဲ့ ကြိုးပမ်းမှုတွေကြားမှာ သူတို့ဟာ ကြားနေတဲ့ သဘောထားကို ကိုင်စွဲထားတယ်လို့ ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းဟာ သူ့ရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထွက်ပေါ်နေတာဟာ အခုဆိုရင် ယူကရိန်းပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ပင်ပန်းစရာ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။

ရုရှားက ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေသလို အင်ဂျင်တပ် ဒရုန်းတွေကိုလည်း ကိယက်ဗ်မြို့လယ်နဲ့ တခြားမြို့ကြီးတွေကို နေ့စဉ် ပစ်လွှတ်နေပါတယ်။

ယူကရိန်းဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို ဒရုန်းရာနဲ့ချီ ပစ်လွှတ်နေပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ အမြန်ဆုံးဒရုန်းတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ကို အခု ဖျက်ဆီးနိုင်နေပြီဖြစ်ပြီး ဒီအချိုးအစားဟာ တိုးတက်လာနေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ဒါပေမဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ အသုံးပြုတဲ့ ကြားဖြတ်ဒုံးကျည် (interceptor missiles) တွေ အလွန်အမင်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။ အမေရိကန်က ပေးပို့ရမယ့် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလည်း နှောင့်နှေးနေတယ်လို့ ပြောပါတယ်။

"အမေရိကန်က အရှေ့အလယ်ပိုင်းကို ပိုပြီး ဦးစားပေးနေပြီး အဲဒီဒေသကို ပိုကူညီနေတာ စိတ်မကောင်းစရာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မေးခွန်းတွေ အများကြီးရှိပါတယ်" လို့ ဇလန်းစကီးက ပြောပါတယ်။

"ဒီဒုံးကျည်တွေ မလုံလောက်တာဟာ လူတွေရဲ့ အသက်တွေနဲ့ သက်ဆိုင်နေပါတယ်" လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ် Starlink နဲ့ စစ်ဘက်သုံးဗားရှင်း Starshield တို့ကို ယူကရိန်းသိမ်းပိုက်ခံနယ်မြေတွေမှာ အသုံးပြုခွင့် ကန့်သတ်ထားဆဲဖြစ်တယ်လို့လည်း သူက အတည်ပြုပါတယ်။

ရုရှားရဲ့ Shahed ဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်ဖို့ ယူကရိန်းက အသုံးပြုတဲ့ ကြားဖြတ်ဒရုန်းတွေဟာ အခုအခါ အဲဒီရုရှားဒရုန်းတွေကို အမီမလိုက်နိုင်တော့တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း ယူကရိန်းဒရုန်းတပ်ဖွဲ့တွေက ဘီဘီစီကို ပြောပြထားပါတယ်။ အဲဒီအတွက် ရုရှားဒရုန်းတွေဟာ အတားအဆီးမရှိဘဲ ယူကရိန်းနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းတဲ့ နေရာတွေအထိ ပျံသန်းဝင်ရောက်နိုင်နေပါတယ်။

ဒါဆိုရင် ဒီကန့်သတ်ချက်ကို ဘယ်သူက ဆုံးဖြတ်ခဲ့တာပါလဲ။

"နည်းပညာပိုင်းအရတော့ SpaceX ကပါ။ နိုင်ငံရေးပိုင်းအရ ဘယ်သူ့ဆုံးဖြတ်ချက်လဲဆိုတာ ကျွန်တော်မသိပါဘူး။ တကယ်လည်း မသိပါဘူး။ ဘောလုံးကို ဟိုဘက်ဒီဘက် ပုတ်ပေးနေသလိုပါပဲ။ ကျွန်တော်တို့က တစ်ဖက်ကို မေးရင် သူတို့က နောက်တစ်ဖက်ကို လွှဲချပါတယ်" လို့ ဇလန်းစကီးက ပြန်ဖြေပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီ

ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို ယူကရိန်းရဲ့ တာဝေးပစ်တိုက်ခိုက်မှုတွေဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း ပိုမိုများပြားလာပါတယ်။ အဲဒီတိုက်ခိုက်မှုတွေထဲမှာ ရေနံချက်စက်ရုံတွေနဲ့ လက်နက်၊ လောင်စာဆီတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေလည်း ပါဝင်ပါတယ်။

ကြာသပတေးနေ့မှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျာ မယ်လိုနီက ဒီသီတင်းပတ်အတွင်း လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ဆိုက်ကပ်ထားတဲ့ ရုရှားစစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်နစ်မြုပ်စေခဲ့တာဟာ စစ်ပွဲကို မြေထဲပင်လယ်ဒေသအထိ ပျံ့နှံ့သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

ဇလန်းစကီးကတော့ အဲဒီတိုက်ခိုက်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး Merkury အမည်ရှိ ရုရှားစစ်သင်္ဘောဟာ "လုံးဝ တရားဝင်တဲ့ ပစ်မှတ်" ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ "အလွန်အန္တရာယ်များတယ်" ဆိုတာကို လက်ခံပေမဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ မဟာမိတ်တွေနဲ့ ညှိနှိုင်းခြင်းမရှိဘဲ "ဘယ်တော့မှ တိုက်ခိုက်လေ့မရှိဘူး" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်မဟာမိတ်တွေနဲ့ ဘယ်လိုညှိနှိုင်းခဲ့သလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းအနေနဲ့လည်း ခက်ခဲပြီး အန္တရာယ်များတဲ့ ဆောင်းရာသီတစ်ခုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရတယ်လို့ သူက ဝန်ခံပြောဆိုပါတယ်။

မကြာသေးခင်က ကိယက်ဗ်မြို့ကို ရုရှားတိုက်ခိုက်မှုတွေမှာ ဒနီပရိုမြစ်ကြီးကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်တာဟာ မြို့ကို နှစ်ခြမ်းခွဲထားနိုင်ဖို့ ကြိုးစားတာလို့ ယူဆရပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကို တိုက်ခိုက်ခံရမှုတွေကြောင့် လုပ်ငန်းလည်ပတ်စရိတ်တွေ အဆမတန် မြင့်တက်လာပြီး မထိန်းနိုင်တော့တဲ့အတွက် မြို့ခံတချို့ဟာ ဆောင်းရာသီအတွက် မြို့ကနေ ထွက်ခွာသွားကြသလို စီးပွားရေးလုပ်ငန်းတချို့လည်း ပိတ်ထားကြပါတယ်။

တိုက်ခိုက်မှုတွေကြောင့် မြို့ရဲ့ နေရာအများအပြားမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။

"ကျွန်တော်တို့ ထွက်ပြေးသွားစေချင်တာပေါ့။ ဒါက ရုရှားရဲ့ ရည်ရွယ်ချက်ပါ" လို့ ဇလန်းစကီးက ပြောပါတယ်။

"လူတွေ ထွက်သွားချင်ရင် သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြို့တော်ကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အတွက် မြို့တော်က လိုအပ်ပါတယ်။ မြို့တော်မရှိရင် နိုင်ငံလည်း မရှိတော့ပါဘူး" လို့ သူက ပြောပါတယ်။