ကျွန်မ ''သား'' အိမ်ပြန်ရောက်မှ သက်ပြင်းချနိုင်မယ် - မလေးရှားအကျဥ်းစခန်းက ပြန်လာသူတွေကို စောင့်နေသူများ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

"ကိုယ့်သားသမီး ဒုက္ခရောက်နေတဲ့နေရာကနေ ပြန်လာရမှာဆိုတော့ ပျော်တာပေါ့ရှင်။"

အသက် ၆၀ ကျော်အရွယ် မကွေးတိုင်း၊ ပွင့်ဖြူမြို့က ဒေါ်မြင့်စိန်ဟာ မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ရှိနေတဲ့ အသက် ၂၁ နှစ်အရွယ် သားဖြစ်သူ ကိုဖြိုး မြန်မာနိုင်ငံကို ပြန်လာခွင့်ရပြီဆိုတဲ့ သတင်းကြောင့် ဝမ်းသာနေပါတယ်။

၂၀၂၄ ခုနှစ်က မိသားစုပိုင် အိမ်ဝိုင်းကို ရောင်းချပြီး ရတဲ့ ငွေ သိန်း ၇၀ နဲ့ သားကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ခဲ့တာလို့ ဒေါ်မြင့်စိန်က ပြောပါတယ်။

''စီးပွားရေးလည်းမပြေလည်တော့ သားကို ရှိတာပေါင်ပြီး နိုင်ငံခြားပို့လိုက်တာပါ''

ထိုင်းနိုင်ငံမှာ ငါးလလောက် အလုပ်ရှာပေမဲ့ အလုပ်မရခဲ့တဲ့ ကိုဖြိုးဟာ မလေးရှားနိုင်ငံမှာ ရှိတဲ့ ဦးလေးတွေဆီ ဆက်သွားခဲ့ပါတယ်။

"မနှစ်က ၁၁ လပိုင်းလောက်က ကျွန်မသား ဖမ်းခံရတာပါ။ သူ့အလုပ်နားက ထမင်းဆိုင်မှာ ထိုင်နေတုန်း မလေးရှားရဲတွေ ဝင်ဖမ်းတော့ ပါသွားတယ်။ အဲဒီကနေ လေးလလောက် ဘယ်သူက ဘယ်ကို ခေါ်သွားမှန်းမသိဘဲ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။ နောက်ပိုင်း ထောင်ထဲရောက်မှ သူဖမ်းခံရတာ သိတာပါ" လို့ ဒေါ်မြင့်စိန်က ပြောပြပါတယ်။

ကိုဖြိုးဟာ တရားမဝင်နေထိုင်မှုနဲ့ ထောင်ဒဏ် ငါးလခန့် ကျခံခဲ့ရပြီးနောက် မလေးရှားနိုင်ငံ ကီဒါပြည်နယ်၊ ဆစ်ခ်မြို့နယ်မှာရှိတဲ့ ဘလန်တစ်ခ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

အခုတော့ မလေးရှားအစိုးရက နေရပ်ပြန်ပို့တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးထဲမှာ ကိုဖြိုးလည်း ပါဝင်လာခဲ့တယ်လို့ ကနဦးသတင်းတွေအရ ဒေါ် မြင့်စိန် သိထားပါတယ်။

ဘီဘီစီက ဖုန်းဆက်မေးမြန်းချိန်မှာ သားဖြစ်သူ ပြန်လာတော့မယ်ဆိုတဲ့အတွက် ဝမ်းသာကြောင်းပြောရင်း ဒေါ်မြင့်စိန်ရဲ့ ငိုသံကိုလည်း ကြားရပါတယ်။

''ကျွန်မမှာ ဆုံးရှုံးတာတွေရှိခဲ့လည်း သားသမီးဆိုတော့ သူ တစ်နေ့ တစ်နေ့ ပြန်လာရဖို့ စောင့်နေတာပါ။ မရှိ ရှိရှိ မိသားစုအတူနေကြဖို့ပဲ''

မလေးရှားက လွှဲသူတွေကို စစ်တပ်သင်္ဘောနဲ့ပြန်ခေါ်

မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တင်ဆောင်လာတဲ့ မြန်မာရေတပ်သင်္ဘော သုံးစင်းဟာ အောက်တိုဘာ ၁ ရက်မှာ မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်နေပြီလို့ နေပြည်တော်က ကြေညာချက်ထုတ်ထားပါတယ်။ အောက်တိုဘာ ၄ ရက်မနက်မှာ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကိုဆိုက်ကပ်မှာဖြစ်ပါတယ်။

ရေတပ်သင်္ဘောနဲ့ ပါဝင်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုအပါအဝင် တခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့နောက် ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူတွေလို့ ဆိုပါတယ်။

စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နဲ့ စစ်ရေယာဉ် ဆင်ဖြူရှင်တို့က စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့က ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်မှာ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံသားတွေကို လွှဲပြောင်းလက်ခံခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြန်ပို့ခံရသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။ အထူးသဖြင့် စစ်မှုထမ်းဖို့ ခေါ် ဆောင်ခံရနိုင်တာမျိုး ရှိနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။

မလေးရှားအစိုးရကတော့ ဒီနေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ သက်ဆိုင်သူတွေရဲ့ ဆန္ဒအလျောက် ပြန်ကြတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ အခု သင်္ဘောနဲ့ ခေါ်ဆောင်လာသူတွေဟာ မလေးရှားမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အထိကို နေရပ်ပြန်ပို့ဖို့ စီစဉ်ထားတဲ့ အစီအစဉ်ရဲ့ ပထမဆုံးအုပ်စုဖြစ်တယ်လို့ နားလည်ရပါတယ်။

အစောပိုင်းကတော့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မလေးရှားရောက် ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသား ၅,၀၀၀ ကိုပြန်ပို့မယ်လို့ပြောထားပါတယ်။ ဒါပေမဲ့ အခု သင်္ဘောနဲ့ ပြန်လာမယ့် ၁,၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ ပါ မပါကိုတော့ မလေးရှားနဲ့ မြန်မာအစိုးရတွေက တရားဝင် ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

မြန်မာရေတပ်သင်္ဘော သုံးစင်းပေါ် ပါလာသူတချို့နဲ့ မလေးရှားထိန်းသိမ်းစခန်းမှာနေထိုင်တဲ့ကာလမှာ သိကျွမ်းခဲ့ပြီး အဆက်အသွယ်ရှိထားတဲ့ မြန်မာတချို့ကတော့ သူတို့ ရရှိထားတဲ့အချက်အလက်အရ ရိုဟင်ဂျာအချို့ပါဝင်တယ်လို့ ပြောပါတယ်။

''ရိုဟင်ဂျာတွေလည်းပါလာတယ်လို့ သိထားပါတယ်။ ဒါပေမဲ့ ပြောမယ်ဆို မှတ်ပုံတင်ရထားတဲ့ မွတ်ဆလင်တွေပါ။ မြန်မာသံရုံးက လာစစ်တဲ့အချိန်မှာ မှတ်ပုံတင်ပြနိုင်တယ်၊ အထောက်အထားတွေပြောနိုင်တဲ့ ရိုဟင်ဂျာတွေရှိပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ပြောပြီး ၊ မြန်မာသံရုံးကတော့ မြန်မာက မွတ်ဆလင်တွေလို့ ပြောပါတယ်။ အဲဒီကွဲလွဲမှုတော့ ရှိနေပါတယ်'' လို့ သင်္ဘောနဲ့ ပြန်လာသူတွေရဲ့ အခြေအနေကိုသိထားတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

မလေးရှားရဲ့ အခုလိုပို့ဆောင်မှုမျိုး ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်ကလည်းရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံတစ်ဝန်းမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၂၀ ရှိပြီး မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ အဲဒီစခန်းတွေမှာ နိုင်ငံခြားသား ၂၂,၁၆၆ ဦး ထိန်းသိမ်းခံထားရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားက ၁၁,၁၉၄ ဦးနဲ့ အများဆုံးပါဝင်ပါတယ်။

စခန်းတစ်ခုချင်းစီမှာ ထိန်းသိမ်းခံနေရသူ အရေအတွက် ကွာခြားပေမဲ့ စုစုပေါင်းအရေအတွက်နဲ့ တွက်မယ်ဆိုရင် စခန်းတစ်ခုကို ပျမ်းမျှ လူ ၁,၁၀၀ ကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားက ပျမ်းမျှ ၅၆၀ ဦးလောက် ရှိပါတယ်။

မြန်မာသံရုံးရဲ့ ဇွန်လထုတ်ပြန်ချက်မှာတော့ မလေးရှားနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၅ ခုမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နေရပ်ပြန်ရေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ထောင်ကနေ အကျဥ်းစခန်းရောက်ရသူတွေ

ကိုဖြိုး နေရတဲ့ ကီဒါပြည်နယ်၊ ဆစ်ခ်မြို့နယ်က ဘလန်တစ်ခ် - Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှာ လွတ်မြောက်လာတဲ့ ကိုစန်းကတော့ အခု မြန်မာနိုင်ငံကို ပြန်ရောက်နေပါပြီ။

အသက် ၃၄ နှစ်အရွယ် ကိုစန်းဟာ မလေးရှားနိုင်ငံမှာ လူသတ်မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ပေးတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသူပါ။

၂၀၁၆ ခုနှစ် အသက် ၂၄ နှစ်အရွယ်တုန်းက ပီနန်မြို့မှာ အလုပ်လုပ်နေတုန်း မြန်မာနိုင်ငံသားအချင်းချင်း အချင်းများရာကနေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ကြိုးစားရင်း လူသတ်မှုဖြစ်ခဲ့တာလို့ ကိုစန်းက ပြောပါတယ်။

၁၀ နှစ်တာ ထောင်ဒဏ်ကာလအတွင်း မလေးရှားနိုင်ငံက ထောင်သုံးခုကို ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ထောင်က လွတ်ရက်စေ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဘလန်တစ်ခ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းခံခဲ့ရပါတယ်။

မကွေးဇာတိဖြစ်တဲ့ ကိုစန်းက ကိုဖြိုးနဲ့ ဘလန်တစ်ခ် စခန်းမှာ သိကျွမ်းခင်မင်ခဲ့သူဖြစ်ပြီး အဲဒီစခန်းမှာ ရှစ်လခန့် နေခဲ့ရပါတယ်။

ကိုစန်းဟာ မလေးရှားမှာရှိတဲ့ သူ့အစ်ကိုဝမ်းကွဲတွေရဲ့ အကူအညီနဲ့ မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ်ဖိုးရှိခဲ့တာကြောင့် လေကြောင်းကနေ မြန်မာနိုင်ငံကို စောစောပြန်လာခွင့် ရခဲ့ပါတယ်။ ကိုဖြိုးကတော့ စခန်းထဲမှာ ဆက်ကျန်ခဲ့ပါတယ်။

"ကျွန်တော့်ကို မလေးရှားက အစ်ကိုဝမ်းကွဲတွေက ကူညီတော့ လေယာဉ်လက်မှတ်ဖိုး ပေးနိုင်တယ်။ မြန်မာသံရုံးရဲ့ စာရင်းထဲလည်း ပါတယ်ဆိုတော့ ကျွန်တော်က စောပြီး ပြန်ခွင့်ရတာ။ ကိုဖြိုးကတော့ ကျန်ခဲ့တာပေါ့။ ကျွန်တော် ပြန်ရောက်တော့ သူ့အမေကို သူနဲ့တွေ့ခဲ့တာ၊ သူကျန်းမာတာ ပြောပြလိုက်တော့ သူတို့လည်း ဝမ်းသာကြတယ်" လို့ ကိုစန်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ နိုင်ငံခြားသားတွေဟာ ထောင်ကလွတ်လာပြီးနောက် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကို လွှဲပြောင်းခံရပါတယ်။ အဲဒီစခန်းတွေမှာ နိုင်ငံသားဖြစ်မှုနဲ့ ခရီးသွားအထောက်အထားတွေ စစ်ဆေးတာ၊ သက်ဆိုင်ရာသံရုံးတွေနဲ့ ညှိနှိုင်းတာ၊ ပြန်ပို့ရေးအစီအစဉ်တွေ ဆောင်ရွက်တာတွေ လုပ်ဆောင်ပါတယ်။

"ဘယ်သူမဆို ထောင်ကလွတ်တာနဲ့ အိမ်ပြန်ချင်တယ်ဗျာ။ သူများနိုင်ငံဆိုတော့ တန်းပြန်ခွင့်မရှိတော့ လဝကအကျဉ်းစခန်းကို လွှဲတယ်။ အကျဉ်းစခန်းကနေ ပြန်ဖို့အတွက်က သံရုံးထောက်ခံချက်၊ စစ်ဆေးချက်တွေ လုပ်ရတယ်။ သံရုံးအဖွဲ့တွေက အကျဉ်းစခန်းတွေကို တစ်လတစ်ခါ လာပြီး စာရင်းကောက်တယ်။ အဲဒီမှာ ကိုယ့်နာမည်ပါသွားဖို့လိုတယ်။ အဲဒါဆို ပြန်လို့ရတာပေါ့" လို့ ကိုစန်းက ရှင်းပြပါတယ်။

ဒါပေမဲ့ ကိုစန်းကတော့ ဘလန်တစ်ခ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ငရဲခန်းလို့ သုံးနှုန်းပါတယ်။ သူ ထောင်သုံးထောင်ပြောင်းခဲ့ရပြီး ထောင်ထဲ ၁၀ နှစ်နေခဲ့ရပေမဲ့ လဝက အကျဥ်းစခန်းလောက်မဆိုးရွားဘူးလို့ သူ့ အမြင်ကိုပြောပါတယ်။

လဝက ထိန်းသိမ်းရေးစခန်းမှာ ဘာကြောင့် "ငရဲခန်း" လို့ သုံးနှုန်းရတာလဲလို့ ဘီဘီစီက မေးတဲ့အခါ ကိုစန်းက သူ အပါအဝင် အကျဥ်းစခန်းရောက်သူတိုင်းကြုံရတဲ့ အဓိကအခက်အခဲတွေကို ပြောပြပါတယ်။

  • အကျဥ်းသားလူဦးရေများလွန်းပြီး အခန်းတွေထဲပြည့်ကျပ်နေတာ
  • ကာလကြာရှည် ထိန်းသိမ်းခံထားရတာ
  • အစားအစာ၊ ရေ၊ သန့်ရှင်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ
  • မိသားစုနဲ့ အဆက်အသွယ်ရဖို့ ကန့်သတ်မှုရှိတာ
  • မသေချာတဲ့ စောင့်ဆိုင်းကာလတွေကိုဖြတ်သန်းနေထိုင်ရတာ

"ဘယ်တော့ ပြန်လွှတ်မလဲ၊ ဘယ်တော့ ပြန်ပို့ပေးမလဲ မသိဘဲ စောင့်နေရတာက စိတ်ဓာတ်ကျလာတယ်၊ စိတ်ပျက်လာတယ်။ ကျွန်တော် ထောင်မှာ ၁၀ နှစ်ကို စိတ်မပျက်ဘူး၊ အကျဉ်းစခန်း ရှစ်လက ရူးမလိုဘဲ ဖြစ်လာတယ်၊ အစားအသောက်၊အနေအထိုင်၊သန့်ရှင်းရေးဘာမှအဆင်မပြေဘူး" လို့ ကိုစန်းက ပြောပါတယ်။

ကိုစန်းပြောတဲ့ ပြဿနာတွေကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ထောက်ပြထားပါတယ်။

မလေးရှား လူ့အခွင့်အရေးကော်မရှင် SUHAKAM ကလည်း ၂၀၂၆ ခုနှစ်မှာ ထိန်းသိမ်းရေးစခန်းတွေကို စောင့်ကြည့်လေ့လာပြီးတဲ့နောက် အဲဒီပြဿနာတွေကို စိုးရိမ်စရာအဖြစ် ထောက်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကလည်း ဘယ်လန်တစ်ခ်အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပြဿနာတွေ ရှိတယ်လို့ ပြောထားပါတယ်။

ကိုစန်းလိုပဲ ဘယ်လန်တစ်ခ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ နေခဲ့ရတဲ့ ကိုကျော်ကျော်ကလည်း သူ့အတွေ့အကြုံကို ဘီဘီစီကို ပြောပြပါတယ်။

မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်အလုပ်လုပ်ခဲ့တဲ့ ကိုကျော်ကျော်ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ မလေးရှားနိုင်ငံအတွင်း တရားမဝင်အလုပ်အကိုင်ရှာဖွေပေးတဲ့အေဂျင်စီ လုပ်ကိုင်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ လန်ကာစီမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ကျခံခဲ့ရပါတယ်။

ထောင်ကလွတ်ပြီးတဲ့နောက်မှာ ဘယ်လန်တစ်ခ် ထိန်းသိမ်းရေးစခန်းမှာ ၄၅ ရက် နေခဲ့ရပါတယ်။

သူ့အတွက်လည်း ထောင်ထက် ထိန်းသိမ်းရေးစခန်းကာလက ပိုဆိုးဝါးခဲ့တယ်လို့ပြောပါတယ်။

"ထိန်းသိမ်းရေးစခန်းမှာ ၄၅ ရက်ပဲ နေခဲ့ရတာတောင် ကျွန်တော့်အတွက်ဆို ထောင်မှာ နှစ်နှစ်ကျော် နေခဲ့ရတာထက် ဆိုးပါတယ်။ ထောင်က လွတ်မယ့်ရက် အတိအကျ သိရတယ်။ အကျဉ်းစခန်းက မသိရဘူး''

''စခန်းမှာဆို အခန်းတစ်ခန်းထဲမှာ လူ ၁၂၀ ကျော် ထည့်ထားတယ်။ ပြွတ်ကျပ်နေတယ်။ အိမ်သာ၊ ရေချိုးခန်းက တစ်ခန်းတည်း ထားပေးတယ်။ သမံတလင်းမှာ သစ်သားခင်း ခင်းပြီး အိပ်ကြရတယ်။ အင်္ကျီတစ်ထည်၊ ကိုယ်တစ်ခုနဲ့ နေရတယ်" လို့ ကိုကျော်ကျော်က ပြောပါတယ်။

ကိုကျော်ကျော်က ၂၀၂၆ စက်တင်ဘာလမှာ သူ့အစီအစဥ်နဲ့ မြန်မာနိုင်ငံကိုပြန်ခွင့်ရခဲ့ပါတယ်။

လဝက ထိန်းသိမ်းရေးစခန်းမှာ ကြန့်ကြာနေရသူတွေထဲမှာ မလေးရှားကနေ ပြန်ဖို့အတွက် လိုအပ်တဲ့ အထောက်အထားတွေ မစုံလင်တာ၊ မြန်မာသံရုံးရဲ့ စာရင်းထဲ မပါသေးတာ ဒါမှမဟုတ် လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်တာကြောင့် ဆက်လက်စောင့်နေရသူတွေ ရှိတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။

"စခန်းထဲမှာလည်း ပိုက်ဆံရှိရင် အိပ်ဖို့၊ နေဖို့ နေရာကောင်းရတယ်။ အစားအသောက်ကအစပေါ့။ ဖုန်းပြောချင်တာဆိုလည်း ပိုက်ဆံရှိမှ ရမယ်" လို့ ကိုကျော်ကျော်က ပြောပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကြမ်းဖျင်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေဆိုပြီး ခွဲကြည့်နိုင်ပါတယ်။

မလေးရှားအစိုးရရဲ့ တရားဝင်စာရင်းအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမား ၂၁ သိန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁၆၆,၂၅၉ ဦး ရှိပါတယ်။

တရားဝင်အထောက်အထားမရှိဘဲ မလေးရှားမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားအရေအတွက်ကိုတော့ အစိုးရအနေနဲ့ တိတိကျကျ မသိနိုင်ဘူးလို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောထားပါတယ်။

အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့တွေကတော့ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၅ သိန်းကျော်ရှိနိုင်တယ်လို့ ပြောထားကြပါတယ်။ ဒါပေမဲ့ တရားဝင်အထောက်အထားမရှိဘဲ နေထိုင်နေသူတွေလည်းရှိလို့ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတချို့ဟာ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားတွေ မပြည့်စုံတာ၊ သက်တမ်းကုန်ဆုံးသွားတာ ဒါမှမဟုတ် အလုပ်ရှင်နဲ့ အလုပ်သမားကြားက အခြေအနေတွေကြောင့် တရားမဝင်နေထိုင်သူအဖြစ် သတ်မှတ်ခံရပြီး ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာဘက်ခြမ်းရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးရင်း မလေးရှားရောက်ချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလည်းရှိနေပါတယ်။

အဲဒီစခန်းတွေမှာ ရိုဟင်ဂျာတွေပါ ထိန်းသိမ်းခံနေရပြီး အုပ်စုနှစ်ခုကြား တင်းမာမှုတွေ ရှိတယ်လို့ စခန်းမှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတချို့နဲ့ မလေးရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတချို့က ပြောပါတယ်။

ကိုစန်းနဲ့ ကိုကျော်ကျော်တို့ကတော့ ထိန်းသိမ်းရေးစခန်းထဲမှာ မြန်မာတွေနဲ့ ရိုဟင်ဂျာတွေအကြား အချင်းများတာ၊ ရန်ပွဲတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီရန်ပွဲတွေနဲ့ အချင်းများမှုတွေက စခန်းမှာရှိသူတွေအတွက် စိတ်ပိုင်းဆိုင်ရာပြဿနာပိုဆိုးစေတယ်လို့ ပြောကြပါတယ်။

"စခန်းအရာရှိတွေက ရိုဟင်ဂျာတွေကို တန်းစီးသဘောခန့်ထားတယ်ဗျာ။ အဲဒီမှာ မြန်မာတွေနဲ့ ရိုဟင်ဂျာတွေရန်ပွဲက အမြဲလိုရှိနေတယ်။ ရန်ဖြစ်ကြရင်လည်း အကျဉ်းစခန်းအရာရှိတွေက တော်ရုံဆို ဘာမှဝင်မပြောဘူး။ ဒီတိုင်းကြည့်နေတာပဲ။ တစ်ခါတလေ သိပ်ဆိုးလွန်းမှသာ ရေပိုက်နဲ့ထိုးပြီး လူစုခွဲတယ်၊ တုတ်နဲ့ရိုက်ပြီး လူစုခွဲတယ်" လို့ ကိုစန်းက သူကြုံခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။

ကွာလာလမ်ပူအခြေစိုက် မြန်မာလုပ်သားအရေး လှုပ်ရှားနေတဲ့ ကိုသက်ထွန်းကတော့ ဒီလိုတင်းမာမှုတွေ ဖြစ်ရတဲ့အကြောင်းရင်းက စခန်းထဲမှာ ကြာရှည်နေထိုင်ရတဲ့ ရိုဟင်ဂျာတွေနဲ့ အသစ်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အကြား ဘာသာစကားအခက်အခဲနဲ့ နေထိုင်မှုအခြေအနေ ကွာခြားချက်တွေ ကြောင့်လို့ သုံးသပ်ပါတယ်။

ကိုသက်ထွန်းဟာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေအရေး ကိုယ်တိုင်သွားရောက် ကူညီပေးနေသူ ဖြစ်ပါတယ်။

"ရိုဟင်ဂျာတွေကျတော့ အဲဒီစခန်းတွေမှာ ကာလရှည်၊ နှစ်ရှည်နေပြီးတဲ့သူတွေ ဖြစ်တယ်။ သူတို့ကို ဘယ်သူမှ သွားတွေ့ခွင့်မရှိဘူး။ အပြင်လည်းထွက်ခွင့်မရဘူး။ အဲဒီလို နှစ်ရှည်နေထိုင်သူတွေ ဖြစ်လာပြီး ဘာသာစကားအရ တတ်လာတော့ စခန်းအာဏာပိုင်တွေက သူတို့ကို တန်းစီးသဘော ပြန်ခန့်တယ်" လို့ ကိုသက်ထွန်းက ပြောပါတယ်။

အဲဒီအခြေအနေမှာ စခန်းကို အမြဲလိုအသစ်ရောက်လာတဲ့ မြန်မာတွေနဲ့ ဘာသာစကားအခက်အခဲတွေ၊ တချို့ရိုဟင်ဂျာတွေအပေါ် အာဏာပိုင်တချို့ရဲ့ လုပ်ပိုင်ခွင့်ပေးထားမှုတွေကလည်း တင်းမာမှုတွေ ဖြစ်လာစေတယ်လို့ သူက ဆက်ပြောပါတယ်။

"အဲဒီမှာ မြန်မာတိုင်းရင်းသားတွေကျတော့ စခန်းမှာရောက်တယ်ဆိုတာ အများဆုံးမှ ခြောက်လ၊ ရှစ်လပဲနေကြရတာဆိုတော့ သူတို့က ဘာသာစကား မတတ်ဘူး။ အကျဥ်းစခန်းအာဏာပိုင်တွေကလည်း မြန်မာစကားမတတ်၊ အာဏာပိုင်တွေကလည်း မြန်မာတွေ ဘယ်လိုနေဆိုတာပြောဖို့ ရိုဟင်ဂျာတွေကို ပြောပေးဖို့ ဖိအားပေးကြတယ်။ အဲဒီမှာ ရိုဟင်ဂျာတွေကလည်း မြန်မာစကားကောင်းကောင်းမတတ်တော့ မြန်မာတွေကို ဖိနှိပ်တယ်ဖြစ်လာရော" လို့ ဆိုပါတယ်။

ဒါတင်မက အကျဥ်းစခန်းထဲမှာ ကြာရှည်နေထိုင်ရတာကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကလည်း နှစ်ဖက်အကြား တင်းမာမှုတွေကို ပိုဖြစ်စေနိုင်တယ်လို့ ကိုသက်ထွန်းက သုံးသပ်ပါတယ်။

"နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ ကျဉ်းကျပ်နေကြတော့ နှစ်ဖက်က သည်းမခံနိုင်ကြတာလည်း ရှိတယ်။ အမြဲတမ်းဖြစ်နေတာတော့ မဟုတ်ပါဘူး" လို့ ကိုသက်ထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ Kelley E. Currie (ကယ်လီ အီး ကာရီ) ကတော့ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေမှုကို ရပ်တန့်ပြီး မြန်မာဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဖြေရှင်းဖို့ က မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။

မလေးရှားအစိုးရကတော့ ဒီအစီအစဉ်ဟာ မြန်မာအစိုးရနဲ့ သဘောတူညီပြီး တစ်ဦးချင်းရဲ့ သဘောတူညီချက်နဲ့ ဆန္ဒအလျောက် ပြန်လည်ပို့ဆောင်တာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ စခန်းထဲကလူတွေကို စာရင်းကောက်ယူပြီး ပြန်ပို့တဲ့ လုပ်ငန်းစဥ်မှာ ကုလသမဂ္ဂအဖွဲ့ကို ပါဝင်ခွင့်မပြုခဲ့ဘူးလို့လည်း မလေးရှားမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာရုံးက ထုတ်ပြန်ထားပါတယ်။

အစီအစဉ်ရဲ့ ပထမအဆင့်အဖြစ် စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၅,၀၀၀ အထိ အဆင့်ဆင့် ပြန်ပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကြောင့် ပြန်လည်ပို့ဆောင်ခံရသူတွေဟာ ဖိနှိပ်ညှဉ်းပန်းခံရတာ၊ နှိပ်စက်ခံရတာ ဒါမှမဟုတ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ မစ္စ ကာရီက သတိပေးထားပါတယ်။

ဒါကြောင့် မလေးရှားအစိုးရအနေနဲ့ လူတွေကို အန္တရာယ်ရှိနိုင်တဲ့ နေရာကို ပြန်မပို့ရေးဆိုင်ရာ နိုင်ငံတကာဥပဒေမူကို လိုက်နာဖို့လည်း သူက တောင်းဆိုထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အဓမ္မစစ်မှုထမ်းစေတဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် ပြန်လည်ပို့ဆောင်ခံရသူတွေထဲက အသက်အရွယ်နဲ့ အခြေအနေအလိုက် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရနိုင်တဲ့ အပေါ်လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

'' စိုးရိမ်စိတ်တွေဘာတွေတော့ ရှိတာပေါ့၊ ဒါပေမဲ့ဟိုမှာလည်း ဆက်မနေနိုင်တော့ဘူး။ သေရင်တောင်ကိုယ်အိမ် ကိုယ့်နိုင်ငံမှာသေမယ်ဆိုပြီး ပြန်လာရတာပဲ'' လို့ ကိုစန်းကပြောပါတယ်။

ကိုဖြိုးရဲ့ မိခင် ဒေါ်မြင့်စိန်ကတော့ သားဖြစ်သူ မလေးရှား လဝကထိန်းသိမ်းရေးစခန်းကနေ ပြန်လာမယ်လို့ သိထားပေမဲ့ အိမ်ကို တကယ်ရောက်လာတဲ့အချိန်အထိ စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။

သားဖြစ်သူ ဖမ်းဆီးခံရပြီးတဲ့နောက် လအတော်ကြာ အဆက်အသွယ်ပြတ်ခဲ့ရသလို၊ ထောင်ကနေ လဝက ထိန်းသိမ်းရေးစခန်းကို ပြောင်းရွှေ့ခံရပြီး ဘယ်တော့ ပြန်လာနိုင်မလဲဆိုတာ မသေချာဘဲ စောင့်ခဲ့ရတဲ့ မိခင်တစ်ယောက်အတွက်တော့ အခုအချိန်ဟာ သားဖြစ်သူကို ပြန်တွေ့ရဖို့ နီးလာတဲ့အချိန် ဖြစ်ပါတယ်။

"ကျွန်မသား အိမ်ရောက်ခါမှပဲ သူ အိမ်ပြန်ရောက်တယ်လို့ ကျွန်မ သက်ပြင်းချနိုင်မှာပါ။"