ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၃ ရက် သတင်းများအနှစ်ချုပ် - ဒေါ်လာသန်း ၅၀ ယူပြီး လော်ဘီလုပ်ခဲ့တဲ့ အမေရိကန်အမတ်ဟောင်းတစ်ဦး ထောင် ၁၀ နှစ်ချမှတ်ခံရ
ငွေကြေးခဝါချမှု၊ အမေရိကန်အစိုးရကို အသိမပေးဘဲ ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီတစ်ခုအတွက် လော်ဘီလုပ်ပေးမှုတွေအတွက် အမေရိကန်လွှတ်တော်အမတ်ဟောင်း ဒေးဗစ် ရစ်ဗာရာဟာ ထောင်ဒဏ် ၁၀ နှစ်ကျခံရတော့မှာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီဟာ အမေရိကန်နဲ့ ဆက်ဆံရေးပိုကောင်းဖို့နဲ့ လွှတ်တော်အမတ်တွေကို စည်းရုံးပေးဖို့အတွက် ရစ်ဗာရာပိုင်ဆိုင်တဲ့ စီးပွားရေးအကြံပေးကုမ္ပဏီကို ငှားရမ်းခဲ့တယ်လို့ အမေရိကန်အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။ သူ့ကို ရက်သတ္တပတ်ခုနစ်ပတ်ကြာ ရုံးတင်စစ်ဆေးခဲ့အပြီးမှာတော့ တရားသူကြီးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၆၁ နှစ်အရွယ် ရစ်ဗာရာဟာ ဖလော်ရီဒါပြည်နယ်ဆိုင်ရာ ရီပတ်ဘလီကန်အမတ်ဟောင်းဖြစ်ပါတယ်။ ရစ်ဗာရာနဲ့အတူ အောက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ တက္ကဆပ်ပြည်နယ်လွှတ်တော်အမတ် ပိ ဆက်ရှင်တို့နှစ်ဦးစလုံးဟာ ရုံးတော်မှာ ထွက်ဆိုခဲ့ပြီး ရစ်ဗာရာရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ လုံးဝမသိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ရစ်ဗာရာဟာ ဗင်နီဇွဲလားအစိုးရအတွက်မဟုတ်ဘဲ ရေနံကုမ္ပဏီရဲ့ အမေရိကန်ကုမ္ပဏီခွဲအတွက်သာ အလုပ်လုပ်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေတွေက ထွက်ဆိုခဲ့ပါတယ်။ လွှတ်တော်အမတ်အဖြစ် ၂၀၁၁ ခုနစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရစ်ဗာရာဟာ သူကျခံရမယ့် ပြစ်ဒဏ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖလော်ရီဒါက ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။
ရစ်ဗာရာနဲ့အတူ ရုံးတင်ခံခဲ့ရတဲ့ သူ့လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကြံပေး အက်စ်သာ နူဖာဟာလည်း ဒီအမှုဟာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။
ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA (Citgo) ရဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီခွဲကိုယ်စား သုံးလကြာ လုပ်ကိုင်ခဲ့တဲ့အတွက် ရစ်ဗာရာနဲ့ နူဖာတို့ဟာ ဒေါ်လာ သန်း ၅၀ ရရှိခဲ့ပြီး နိုင်ငံရေးအရလျှို့ဝှက်လွှမ်းမိုးနိုင်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ အစိုးရဥပဒေအရာရှိတွေက ပြောပါတယ်။
၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ အထက်လွှတ်တော်အမတ် ရူဘီရိုနဲ့ အိမ်ဖြူတော်အကြံပေးဟောင်း ကယ်ယန်း ကွန်းဝေးတို့ကို ရစ်ဗာရာနဲ့ နူဖာတို့ဟာ အဲဒီအချိန်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုရဲ့အစိုးရကိုယ်စား စည်းရုံးဖို့ ကြိုးပမ်းခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အမေရိကန်အခြေစိုက်ကုမ္ပဏီနဲ့စာချုပ်ချုပ်ခဲ့တာဖြစ်လို့ နိုင်ငံခြားသားဝန်ထမ်းတွေအဖြစ် မှတ်ပုံတင်ဖို့မလိုအပ်ဘူးလို့ သူတို့ရဲ့ရှေ့နေတွေက လျှောက်ထားခဲ့ပါတယ်။
ဒါပေမယ့် " မာဒူရိုအစိုးရထံကနေ ငွေတွေထွက်လာတယ်ဆိုတာ ငြင်းစရာကိုမရှိဘူး" လို့ တရားသူကြီး မဲလစ်ဆာ ဒေးမီးယန်းက သောကြာနေ့က စီရင်ချက်ချမှုအတွင်း ပြောခဲ့ပါတယ်။
လောင်းလုံ တောကျဲရွာ တောင်မပြိုခင်နဲ့ တောင်ပြိုပြီးအခြေအနေတွေ
စက်တင်ဘာ ၂၆ ရက်ညပိုင်းကစပြီး တောင်ပြိုတာကြုံရတဲ့ လောင်းလုံမြို့နယ် တောကျဲရွာက တောင်မပြိုခင် ပကတိအခြေအနေနဲ့ တောင်ပြိုပြီးနောက်ပိုင်း အခြေအနေကို TSBM ထားဝယ်ဒေသကူညီရေး mission ရဲ့ နည်းပညာအဖွဲ့ က ရိုက်ကူးထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၂၅ ကနေ စရွာလိုက်တဲ့ မိုးရေတွေနဲ့ တောင်ရဲ့ဖြစ်တည်မှု မြေနဲ့အောက်ခံကျောက်၊ သစ်ပင်နဲ့ ရေကြောတွေဟာ အခြေအနေတစ်ခုမှာ ခံနိုင်ရည်ကျော်ပြီး မူလပုံပျက်ကာ မြေပြိုမှုဖြစ်ပွားတာလို့ အဖွဲ့က ဆိုပါတယ်။
ဒီရွာက အိမ်ခြေ ၃၆ လုံးဟာ မြေအောက်ရောက်သွားခဲ့ပြီး ၁၂ လုံးကတော့ မြေအောက်မရောက်ပေမဲ့ ပျက်စီးခဲ့ပါတယ်။
သစ်ပင်တွေဖုံးလွှမ်းနေခဲ့တဲ့ တောင်ကြောတွေနေရာမှာ မြေပြိုမှုကြောင့် အပင်တွေပျောက်ပြီး တောင်ကြောတလျှောက် မြေတွေ အကြောင်းလိုက်ပြိုကျနေတာတွေ့ရပါတယ်။ တောကျဲရွာမှာ မြေပြိုကျတာ ဒါမှမဟုတ် မြေအောက် ဖုံးလွှမ်းသွားတဲ့ဧရိယာ ၂၀.၆ ဟက်တာအထိရှိပါတယ်။ ရွာရဲ့မြောက်ပိုင်း၊ အနောက်ခြမ်းမှာ မြေပြိုရာ လမ်းကြောင်းနှစ်ခုဟာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး လမ်းမအထိ ဖုံးလွှမ်းသွားခဲ့ပါတယ်။
အဲဒီမြေပြိုလမ်းကြောင်းအောက်မှာ အိမ် ၂၉ လုံးက မြေကြီးအောက်ရောက်သွားခဲ့ရပါတယ်။ ဒီမြေပြိုမှုမှာ ၅ ဦးသေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဘက်ကဆိုပါတယ်။
ချင်းပြည်မှာမိုးများပြီး တံတားနဲ့လမ်းပိုင်း ၁၀ နေရာထက်မနည်းပျက်စီး
အမျိုးသား ၁ ဦးရေစီးနဲ့မြောပါသေဆုံး
ချင်းပြည်နယ်ထဲမှာ မိုးရက်ဆက်ရွာသွန်းပြီး ရေတိုက်စားလို့ အရေးကြီး တံတားနဲ့လမ်းပိုင်း ၁၀ နေရာထက်မနည်း ပျက်စီးတယ်လို့ ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"တံတားက ၆ စင်းထက်မနည်းပျက်ပါတယ်။ လမ်းတွေ၊ ဆေးရုံတွေလည်းပါတယ်။ ထန်တလန်နဲ့ ဖလမ်းအစပ်မှာ အမျိုးသားတစ်ယောက်ရေထဲပါသွားပြီ သေဆုံးတာရှိပါတယ်" လို့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရေကြီးရေလျှံတာနဲ့ မြေပြိုတာကို ထန်တလန်နဲ့ ဟားခါးမြို့နယ်က ချင်းပြည်အစိုးရထိန်းချုပ်နယ်မြေတွေမှာ ကြုံနေရတာပါ။
CDF ထန်တလန်ရဲ့ထုတ်ပြန်ချက်အရ ထန်တလန်မြို့နယ်ထဲက လမ်း ၇ လမ်း ပျက်စီးပြီး လမ်းပိတ်ဆို့နေတာ၊ ပျက်စီးတာက ၁၀ နေရာရှိနေတာပါ။
ဒါ့အပြင်ဆေးရုံ၊ဆေးခန်းတွေ၊ လူနေအိမ်၊ စာသင်ဆောင်တွေ၊ ကိုယ်ထူကိုယ်ထလျှပ်စစ်ဓာတ်အားပေးနေရာတွေပါ ပျက်စီးပြီးဒေသခံလူထု ဒုက္ခရောက်နေတယ်လို့ ချင်းပြည်အစိုးရရဲ့ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပြည်ပကထက် ကုန်ဈေးနှုန်း ၃ ဆကနေ ၅ ဆပိုမိုမြင့်မားတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။ ဒီနှစ်မိုးတွင်းမှာ မကွေးနဲ့ချင်းအစပ်က လမ်းပိုင်းတွေပျက်စီးပြီး သယ်ယူပို့ဆောင်ရေးခက်ခဲတာကြောင့် ကုန်ဈေးနှုန်းမနှစ်ကထက် မြင့်တက်နေတယ်လို့လည်း ချင်းတောင်ပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။ ချင်းမြောက်ပိုင်းက ရေဘေးကြောင့် လမ်းနဲ့ တံတားပျက်စီးမှုတွေဟာ ဒေသခံတွေအပေါ် သက်ရောက်မှုများနိုင်တာဖြစ်ပါတယ်။
ရသေ့တောင်မှာ လေကြောင်းဗုံးကြဲခံရ
ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်ကို ဒီမနက်ပိုင်းမှာ စစ်တပ်က လေကြောင်း ဗုံးကြဲသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုကိုတော့ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
အာရက္ခတပ်တော် အေအေရဲ့ထုတ်ပြန်ချက်အရ ရသေ့တောင်မြို့နယ်က ကူတောင်ရွာကို စက်တင်ဘာ ၃၀ ရက်လည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတာကြောင့် လင်မယားနှစ်ဦးမှာ အမျိုးသား သေဆုံးပြီး အမျိုးသမီးက ဒဏ်ရာရပါတယ်။
ဒီရက်ပိုင်းမှာ ဆက်တိုက်ဗုံးကြဲခံနေရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို မနေ့ညတုန်းကလည်း လေကြောင်းဗုံးကြဲသွားတယ်လို့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်နေတဲ့ ဝေဟင်အဖွဲ့ကထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ ထိခိုက်မှုကိုတော့ ပုဏ္ဏားကျွန်းလူငယ်အဖွဲ့ကိုဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။
အဲဒီနေ့ မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ရွာက ကားပြင်ဆိုင်ကို လေကြောင်းဗုံးကြဲခံရလို့ ပိုင်ရှင်ရဲ့ဇနီးနဲ့ အလုပ်သမားတို့ ဒဏ်ရာရတယ်လို့ အေအေကထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ်ထဲမှာ ၆ ရက်အတွင်း မြို့နယ် ၅ ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၁ ဦးသေဆုံးပြီး ၆၉ ဦးထိခိုက်ဒဏ်ရာရတာကို အေအေရဲ့အချက်အလက်အရသိရပါတယ်။
ဒီထဲမှာ အရပ်သား ၅၀ အစုလိုက်သေဆုံးပြီး ၅၇ ဦးထိခိုက်ခဲ့တဲ့ ကျောက်တော်အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်တိုက်ခိုက်မှုဟာ အများဆုံးထိခိုက်သေဆုံးမှု ဖြစ်ပါတယ်။