နိုင်ငံပေါင်းစုံ နှိမ်နင်းနေပေမဲ့ မြန်မာမှာ ကျားဖြန့်ဆိုက်တွေပေါ်နေဆဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေက ပူးပေါင်းနှိမ်နင်းနေပေမဲ့ မြေပြင်မှာတော့ ကျားဖြန့်လုပ်ငန်းတွေက မပျောက်ဘဲ နေရာအသစ်တွေမှာ တွေ့လာနေရပါတယ်။

၂၀၂၆ ခုနှစ်ကုန်ခါနီးမှာပဲ မြဝတီမြို့တောင်ဘက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းခွင် ၃ ခုထက်မနည်း တိုးလာတယ်လို့ အဲဒီနေရာက ဒေသခံတချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။

မြဝတီက ကျားဖြန့်လုပ်ကိုင်နေတဲ့နေရာတချို့ကို စစ်တပ်က စီးနင်းလို့ ထိုင်းနိုင်ငံသား ရာနဲ့ချီ ဖမ်းဆီးခံရတာတွေရှိနေပေမဲ့ မြို့နယ်ထဲက တခြားနေရာတွေမှာ ကျားဖြန့်လုပ်ငန်းတွေက ခေါင်းပြန်ထောင်ပြီး လည်ပတ်နေပါတယ်။

မြဝတီမြို့နယ်ရဲ့ဘယ်နေရာမှာ ကျားဖြန့်လုပ်ငန်းအသစ်တွေ တိုးလာလဲ။ ဒီကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ် မနှိမ်နင်းနိုင်တာ ဘာကြောင့်လဲ။

ဆုံဆည်းမြိုင်မှာ ဆုံဆည်းနေကြတဲ့ ကျားဖြန့်တွေ

မြဝတီမြို့နဲ့ မိုင် ၃၀ ကျော်ပဲ ဝေးတဲ့ ဆုံဆည်းမြိုင်ရွာ၊ တောင်နီနဲ့ ဝါးမီထရွာတို့မှာ ကျားဖြန့်လုပ်ငန်းခွင်အသစ်တွေ ပိုတိုးလည်ပတ်လာတယ်လို့ မြေပြင်ဒေသခံတချို့က အတည်ပြုပြောပါတယ်။

တောင်နီနဲ့ ဆုံဆည်းမြိုင်ရွာဟာ ၈ မိုင်ဝန်းကျင်လောက်ပဲ ကွာဝေးပါတယ်။ မြဝတီမြို့ဘက်က‌သွားမယ်ဆိုရင် ဖလူးနဲ့ မင်းလက်ပံဒေသတို့ကို ဖြတ်သန်းပြီးမှ အဲဒီရွာတွေကို ရောက်ပါတယ်။

ကျားဖြန့်လုပ်ငန်းခွင်အသစ်တွေ တိုးလာတဲ့ ဒီရွာတွေဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိပါတယ်။

"ဗိုလ်ချုပ်စိုင်းကျော်လှ ကြီးကြပ်နေတဲ့ နယ်မြေပေါ့" လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

တောင်နီရွာက မြေကွက်လပ်အကျယ်ကြီးတွေမှာ တစ်ထပ်နဲ့ ၂ နှစ်ထပ်တိုက် အဆောက်အဦအသစ်တွေ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဆောက်နေတဲ့ တိုက်အသစ်တွေအနီးက မြေနေရာလွတ်တွေမှာလည်း"ဖုန်တွေကြားထဲ အမိုးအကာရရုံ မိုးကာစ၊ တာလဘတ်တွေနဲ့ အုပ်ပြီး ကွန်ပျူတာတွေ ဖုန်းတွေနဲ့ လူငယ်တွေ ကျားဖြန့်လုပ်နေကြတာ" လို့ သူက ဆိုပါတယ်။

အလားတူ ဝါးမီထရွာအပြင်ဘက် နေရာတွေမှာလည်း ကျားဖြန့်ခြံဝင်းအသစ်တွေ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အလားတူ ဆုံစည်းမြိုင်ရွာနဲ့ မြဝတီ၊ ဝေါလေမြို့တို့ကြားက စုကလိရေတံခွန်အနီးတဝိုက်နဲ့ မုလအိတောင်ခြေ တလျှောက်မှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ခြံဝင်းအသစ်တွေကို တွေ့လာရတယ်လို့ သူက ပြောပါတယ်။

တစ်တော့ လူမှုကွန်ရက်ပေါ်မှာလည်း ဆုံစည်းမြိုင်နဲ့ တောင်နီက ကျားဖြန့်လုပ်ငန်းဆိုက်အသစ်တွေမှာ လုပ်ကိုင်ဖို့ ကျားဖြန့်ဝန်ထမ်းခေါ်ယူနေတဲ့ အလုပ်ခေါ်စာတွေကိုလည်း နိုဝင်ဘာ ၂၈ ရက်အထိ တွေ့နေရပါတယ်။

DKBA ကတော့ သူတို့ ထိန်းချုပ်နယ်ထဲမှာ ကျားဖြန့်လည်ပတ်ခွင့် မပေးဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။

ကျားဖြန့်လုပ်ငန်းတစ်ခုရဲ့ အလုပ်ခေါ်စာမှာဆိုရင် ကွန်ပျူတာသုံးစွဲနိုင်မှု အခြေခံမရှိတဲ့သူတွေကို ကွန်ပျူတာ စာစီစာရိုက်သင်တန်း အရင်လေ့လာစေပြီးမှ လုင်ငန်းခွင်ထဲမှာ လုပ်ကိုင်ရမယ့်အကြောင်း အလုပ်ခေါ်စာထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဘီဘီစီကနေ အလုပ်ရှာဖွေနေသူတစ်ဦးအဖြစ် အသွင်ယူပြီး မေးမြန်းကြည့်ရာမှာလည်း "လုပ်ငန်းအတွက် စာစီစာရိုက်ကျွမ်းအောင် ကွန်ပျူတာလက်ကွက်ကို အရင်သင်ပေးတာ။ တတ်သွားပြီဆိုမှ လိမ်လည်ဖို့ လူရှာတဲ့အပိုင်း(Finding)အဖွဲ့ထဲမှာ အလုပ်လုပ်ခိုင်းမှာ" လို့ ကျားဖြန့်ဝန်ထမ်းတစ်ဦးက ပြန်ဖြေထားပါတယ်။

ဦးနင်း ပဲ့ထောင်

ဆုံစည်းမြိုင်ဒေသက ကျားဖြန့်လုပ်ငန်းအများစုဟာ ကျောက်ခတ်ဒေသ၊ ကေကေပါ့ခ်(KK Park)နဲ့ ရွှေကုက္ကိုမြို့သစ်ကနေ ပြောင်းရွှေ့လာကြတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေလို့ သတင်းရင်းမြစ်က ပြောပါတယ်။

"၂၀၂၆ နှစ်စပိုင်းမှာ ရွှေ့လာကြတယ်၊ တစ်နှစ်လောက်လည်း ကြာရော(၂၀၂၆ နိုဝင်ဘာ) ခြံဝင်းကြီး၊ ငယ်တွေနဲ့ ကျားဖြန့်ဆိုက်တွေ ပိုများလာတာပေါ့"လို့ သူက ဆက်ပြောပါတယ်။

ကျောက်ခတ်ဒေသကိုတော့ DKBA က ထိန်းချုပ်ထားတာဖြစ်ပြီး ရွှေကုက္ကိုနဲ့ KK Park တို့ကတော့ ကရင်နယ်ခြားစောင့်တပ်(BGF/ KNA) ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိတာဖြစ်ပါတယ်။

စစ်တပ်က မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)နဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေ လည်ပတ်ခဲ့တဲ့ ကေကေပါ့ခ်(KK Park) ကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စီးနင်းချိပ်ပိတ်ခဲ့လို့ အဲဒီထဲက ကျားဖြန့်နဲ့လောင်းကစားလုပ်ငန်းတွေ အကုန်ထွက်ခွာခဲ့ရပါတယ်။

ကျားဖြန့်လုပ်ငန်းတချို့ကတော့ မြဝတီမြို့နယ် ဒေါနတောင်ခြေမှာရှိတဲ့ သစ်ကတေကျေးရွာဘက်မှာ ပြောင်းရွှေ့ကျက်စားနေကြတာလို့ သတင်းရင်းမြစ်တချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

သစ်ကတေကျေးရွာကတော့ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(KNA) ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်း ထိန်းချုပ်ထားတဲ့ အမှတ် ၂ စစ်ဒေသထဲမှာရှိတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ကတော့ ကေကေပါ့ခ်နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)နဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေ လည်ပတ်ခဲ့တဲ့အဆောက်အဦတွေကို ဖြိုချရှင်းလင်းနေဆဲလို့ဆိုပြီး ကြေညာနေပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က ဖြိုချရှင်းလင်းတာတွေ လုပ်လာတဲ့နောက်ပိုင်း ကျားဖြန့်လုပ်ငန်းခွင်အသစ်တွေရဲ့အခြေတည်တဲ့ ပုံစံတွေက ပြောင်းလဲလာတယ်လို့ ဆုံဆည်းမြိုင်ရွာခံတစ်ဦးက ပြောပါတယ်။

"အထပ်မြင့်အဆောက်အဦတွေထက် အမြင့်ဆုံး ၂ ထပ်လောက်ပဲ ဆောက်တော့တာ၊ တချို့နေရာတွေမှာကျ ဂိုဒေါင်လိုမျိုးပဲ ဆောက်ကြတော့တယ်" လို့ သူက ရှင်းပြပါတယ်။

ရွှေကုက္ကိုမြို့သစ်ထဲက စစ်တပ်ဖြိုချခဲ့တဲ့ကျားဖြန့်အဆောက်အဦဆိုရင် ၁၁ ထပ်အမြင့်အထိတောင်ရှိခဲ့ပါတယ်။

အလားတူ ဆုံစည်းမြိုင်နဲ့ အနီးနားက ရွာတွေမှာလည်း ရွာထဲနဲ့ အနီးတဝိုက်နေရာက မြေနေရာလွတ် အကျယ်ကြီးတွေကို ငှားရမ်းလာကြတယ်လို့ ရွာခံတစ်ဦးက ထုတ်ပြောပါတယ်။

"လုပ်ငန်းရှင် တရုတ်သူဌေးတွေလောက်ပဲ အိမ်ကောင်းကောင်းဆောက်တယ်။ လုပ်ငန်းလုပ်ဖို့ ဂိုဒေါင်ဆောက်တယ်၊ ခြံဝင်းခတ်တယ်၊ တိုက်အပုလေးတွေပဲ အဆင်ပြေသလို ဆောက်ကြတယ်၊ ပုံစံအစုံပဲ"လို့ သူက ပြောပါတယ်။

အရင်ကတော့ ကျားဖြန့်လုပ်ငန်းတွေဟာ လူသူအရောက်အပေါနည်းတဲ့ နေရာတွေမှာပဲ အဆောက်အဦအခိုင်အခံ့နဲ့ လည်ပတ်ခဲ့ကြပေမဲ့ အခုတော့ လူထူထပ်တဲ့ မြို့၊ ရွာတွေအနီးထိ ကျားဖြန့်လုပ်ငန်းတွေ အခြေချလာတာကို ဒီလှုပ်ရှားမှုတွေကနေ မြင်နိုင်ပါတယ်။

ကျားဖြန့်နှိမ်နင်းရေးတွေက ထိရောက်လား

မြဝတီမြို့နယ်ထဲက ကျားဖြန့်အဆောက်အဦတွေကို ဖြိုချရှင်းလင်းရေးတွေလုပ်နေတာ တစ်နှစ်နီးပါးရှိပြီး ဆက်လည်းဖြိုဖျက်နေတယ်လို့ စစ်တပ်ဘက်က ပြောပါတယ်။

ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေက ပျောက်ကွယ်သွားတာ မတွေ့ရပါဘူး။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း မြဝတီမြို့ပေါ် အမှတ် ၅ ရပ်ကွက်ထဲက ကျားဖြန့်ဝင်း ၂ ခုကို စစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တို့ ပူးပေါင်းစီးနင်းမှုတွေလုပ်ခဲ့တယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(KNA)ရဲ့ အမည်မဖော်လိုတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ စီးနင်းခံရတဲ့ ခြံဝင်းတွေထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တာတွေ မရှိဘူးလို့ ဘီဘီစီကို နိုဝင်ဘာ ၂၈ ရက်မှာ ဖြေကြားပါတယ်။

"တရားမဝင် အွန်လိုင်းလောင်းကစားလုပ်နေကြတာတော့ ဟုတ်တယ်။ လိမ်လည်တဲ့အလုပ် Scam တော့ မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။

မြေပြင်သတင်းရင်းမြစ်နဲ့ ဒေသခံတချို့ကတော့ ဝင်စီးခံရတဲ့ ခြံဝင်းတွေထဲမှာ ကျားဖြန့်(အွန်လိုင်းလိမ်လည်)နဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း နှစ်ခုစလုံး လုပ်ကိုင်နေကြတာလို့ တညီတည်းဖြေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အရေးကို အမေရိကန်နဲ့ တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံတွေကပါ ပူးပေါင်းနှိမ်နင်းနေဖြစ်ပါတယ်။

အမေရိကန်ကလည်း DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခတ်ဒေသထဲက တိုင်ချန်ကျားဖြန့်လုပ်ငန်းရဲ့ ငွေကြေးလမ်းကြောင်းနဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ သတင်းအချက်အလက် ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မယ်လို့ ၂၀၂၆ ခုနှစ်ထဲမှာပဲ ကြေညာထားပါတယ်။

ဆိုက်ဘာ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ဆိုပြီး DKBA နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို ိအမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

၂၀၂၆ နိုဝင်ဘာ ၁၉ ရက်တုန်းကလည်း အမေရိကန်က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ ဗိုလ်မှူးကြီး စောအေဝမ်း တို့ ၂ ဦးကိုလည်း ကျားဖြန့်တွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။

KK park နဲ့ နယ်မြေဆက်နေတဲ့ Tai Chang ဝင်းနဲ့ နောက်ထပ် ငွေလိမ်စင်တာ တစ်ခုတို့ကိုလည်း အမေရိကန်ရဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ကို အမေရိကန်က ၂၀၂၅ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့မှာ ရာဇဝဝတ်မှုနှိမ်နင်းရေး ဌာနခွဲတစ်ခုဖြစ်တဲ့ FBI နဲ့ US Secret Service(USSS) တို့လည်း ပါဝင်နေပါတယ်။

အလားတူ အမေရိကန်ထောက်လှမ်းရေးအဖွဲ့(FBI) ဟာ သူ့ရဲ့အေးဂျင့်တွေကို ဘန်ကောက်မြို့ကို စေလွှတ်ပြီး ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကျားဖြန့်နှိမ်နင်းရေးတွေ ပြုလုပ်နေပါတယ်။

တရုတ်ကလည်း မြဝတီဒေသထဲက ကျားဖြန့်စင်တာတွေကို အမြစ်ပြတ်ဖြိုခွင်းဖို့ဆိုပြီး မြန်မာ၊ ထိုင်းတို့နဲ့အတူ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေပါတယ်။

ထိုင်း - မြန်မာနယ်စပ် မြန်မာဘက်က ကျားဖြန့် နှိမ်နင်းမှုတွေအတွင်း တရုတ်နိုင်ငံသားတွေအပါအ၀င် ကမ္ဘာတလွှားက လူပေါင်း သောင်းချီကို ထိုင်းကနေ တဆင့်သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့နေပါတယ်။

ဒါပေမဲ့ မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းခွင်တွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေရှိနေသေးတယ်လို့ ဒီအရေးဆောင်ရွက်နေသူတွေက အသံထုတ်နေကြပါတယ်။

ဒါကိုကြည့်ရင် ကျားဖြန့်လုပ်ငန်းတွေက မြဝတီမြို့နယ်ထဲမှာပဲ ခိုအောင်းပြီး လည်ပတ်နေဆဲဆိုတာလည်း မြင်သာပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ ဘာလို့ အမြစ်မပြတ်တာလဲ

ကျားဖြန့်လုပ်ငန်းဟာ အင်တာနက် ရှိတဲ့ ဘယ်နေရာမှာမဆို ဖြန့်ကြက်လုပ်ကိုင်လို့ရနေတာကြောင့် နှိမ်နင်းရတာ ခက်ခဲတယ်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတစ်ခုကို ဝင်စီးနင်းပြီး အဆောက်အဦတွေကို ဖြိုချလိုက်တာဟာ အဖြေမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းကြီးတစ်ခုမှာ လက်ဝေခံ ကျားဖြန့်ကုမ္ပဏီအခွဲတွေ ဆယ်ချီရှိတယ်လို့ ကျားဖြန့်လုပ်ငန်းမှာ နှစ်နဲ့ချီ လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားဖူးပါတယ်။

ဒီလုပ်ငန်းတွေရဲ့ ငွေကြေးစီးဆင်းမှုကွန်ရက်တွေကလည်း ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေ အဓွန့်ရှည်နေတာဟာ ပြည်တွင်းထဲက နိုင်ငံရေးပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး ဒေသခံလက်နက်ကိုင်အဖွဲ့တချို့နဲ့ အကျင့်ပျက်ခြစားတဲ့ အာဏာပိုင်တချို့တို့က ကျားဖြန့်ရုံတွေကို လုံခြုံရေးပေးပြီး အကျိုးအမြတ်ခွဲဝေ ယူနေကြတာကြောင့်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ဒါတင်မက ကျားဖြန့်လုပ်ငန်းတွေရဲ့ နည်းပညာသာလွန်မှုအပိုင်းကလည်း ဒီလုပ်ငန်းတွေအတွက် အသက်ရှည်စေတယ်လို့ ကျားဖြန့်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ငွေကြေးအလွှဲအပြောင်းလုပ်ရာမှာလည်း နိုင်ငံတကာက အစိုးရ အာဏာပိုင်တွေနဲ့ ဘဏ်စနစ်ဘက်က ခြေရာခံဖို့ ခက်ခဲလွန်းတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေကို အသုံးပြုနေတာလို့ သူက ဆိုပါတယ်။

"ဖုန်းတွေနဲ့ ကွန်ပျူတာတွေရဲ့ အိုင်ပီ လိပ်စာတွေကို ပြောင်းလဲတယ်။ ဘစ်ကွိုင်လို ဒစ်ဂျစ်တယ်ငွေကြေးသုံးတယ်၊ ကျားဖြန့်လုပ်ငန်းတိုင်းမှာ နည်းပညာပိုင်းကိုင်တဲ့အဖွဲ့က သက်သက်ရှိပါတယ်" လို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တင်မက ရန်ကုန်၊ မန္တလေးလို လူနေထူထပ်တဲ့ မြို့ကြီးတွေအထိပါ ခြေဆန့်နေပြီဖြစ်ပါတယ်။

အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာပဲ ရန်ကုန်နဲ့ မန္တလေးက ကျားဖြန့်နဲ့ အွန်လိုင်းတရားမဝင်လောင်းကစားလုပ်ကိုင်တဲ့ နေရာတချို့ကို အာဏာပိုင်တွေက စီးနင်းမှုတွေ လုပ်ထားပါတယ်။

ဒီစီနင်းမှုတွေအတွင်း လူပေါင်း ရာချီကိုလည်း ဖမ်းဆီးထားပြီး တရုတ်ပြည်သူ့လုံခြုံရေးဌာနက အလိုရှိနေသူတောင် ပါ၀င်နေပါတယ်။

"လုပ်ငန်းတစ်ခုရဲ့ နောက်ကွယ်က ဦးဆောင်လည်ပတ်သူတွေ၊ ငွေအရင်းအနှီးထုတ်ပေးထားတဲ့ လုပ်ငန်းရှင်တွေအပြင် ငွေစီးဆင်းမှုကွန်ရက်တွေကို ခြေရာခံဖော်ထုတ်ပြီး အရေးယူတာတွေ မလုပ်နိုင်သရွေ့ ကျားဖြန့်တွေက ဆက်ရှိနေဦးမှာပဲ" လို့ ကျားဖြန့်လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။