သြဂုတ် ၂၉ ရက်သတင်းများအနှစ်ချုပ် - သတင်းထောက် ၁၇ ဦး အဖမ်းခံထားရပြီး မီဒီယာဖိနှိပ်ခံရဆဲလို့ AI ပြော

ဓာတ်ပုံ ရင်းမြစ်, Getty
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မြန်မာရဲ့ အကျဥ်း ထောင်တွေမှာ သတင်းထောက် ၁၇ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ လွန်ခဲ့တဲ့ နာရီပိုင်းက ထုတ်ပြန်ပါတယ်။
သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကလည်း မရပ်တန့်သေးဘူးလို့ AI က ပြောပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ အသံကလည်း ၂၀၂၆ ဧပြီကနေ ဇွန်လအထိ သတင်းထောက်တွေ အဖမ်းခံရတာမရှိပေမဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်တာတွေ မရပ်သေးဘူးလို့ သြဂုတ် ၂၁ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအထိ အဖမ်းခံထားရဆဲ သတင်းထောက် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။
သတင်းမီဒီယာ ၂၂ ခုရဲ့ လိုင်စင်တွေလည်း ရုပ်သိမ်းခံထားရဆဲ ဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၂၁၆ ဦးအထိရှိခဲ့ပြီး သေဆုံးသူက ၁၁ ဦးရှိတာပါ။
အချက်အလက်ကောက်ယူထားတဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းထက် ထောင်ကမလွတ်သေးတဲ့ သတင်းထောက်အရေအတွက်က ပိုများနိုင်တယ်လို့ အာဏာသိမ်းကာလအတွင်း နှစ်ကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သတင်းထောက် တွန်အိုးဝေက ဘီဘီစီကိုပြောပါတယ်။
"ထောင်ထဲမှာ သတင်းထောက် ရှိနေတာက သတင်းလွတ်လပ်ခွင့် မဲ့နေသေးတဲ့ အခြေအနေ တစ်ခုကို မီးမောင်းထိုးပြနေတာပါ။ သတင်းထောက်တွေဟာ ပြစ်မှုကျူးလွန်သူတွေ မဟုတ်ပါဘူး။ သူတို့က သတင်းတွေကို အများပြည်သူအတွက် ဖော်ပြပေးနေသူတွေပါ။ ဒီအတွက် သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ တိုက်တွန်းပါတယ်" လို့ သူက ပြောပါတယ်။
စစ်တပ်ဟာ လွတ်လပ်တဲ့သတင်းတွေရဲ့နေရာမှာ နိုင်ငံပိုင် ဝါဒဖြန့်ချိရေးသတင်းတွေနဲ့ စစ်တပ်ထောက်ခံတဲ့ Influencers တွေသုံးပြီး Telegram နဲ့ TikTok မှာ သတင်းအမှားတွေကို တည်ဆောက်ဖြန့်ချိနေတယ်လို့ အသံအဖွဲ့အစီရင်ခံစာက ပြောပါတယ်။
နီပေါ-တိဘက် ရေကြီးမှု လူ ၂၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နီပေါရေကြီးမှု လေးရက်မြောက်ရှိလာချိန်မှာ လူ ၁၉၂၄ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နီပေါသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ပြောဆိုခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ ၅၁၇ ဦးခန့်က နိုင်ငံခြားသားတွေလို့ထုတ်ပြန်ထားပေမဲ့ အခြေအနေတွေက မြန်မြန်ဆန်ဆန်ပြောင်းလဲနေပြီး အာဏာပိုင်တွေက အရေအတွက် မျိုးစုံထုတ်ပြန်နေပါတယ်။
နီပေါမှာ သေဆုံးသူဦးရေဟာ ၆၂၆ ဦးအထိရှိနေပြီလို့ နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရေခဲတောင်ပြိုကျရာကနေ ရုတ်တရက်ရေကြီးရေလျှံမှုကြီးဖြစ်ခဲ့တာလို့ နီပေါက ဒေသဆိုင်ရာအစိုးရအရာရှိတွေက ဘီဘီစီကိုပြောထားပါတယ်။
ရေကြီးရေလျှံမှုကြီးမဖြစ်မီနဲ့ဖြစ်ပြီး ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ သဘာဝဘေးကြောင့် ပတ်ဝန်းကျင်ပျက်စီးသွားပုံနဲ့ နီပေါ-တိဘက်နယ်စပ်တစ်လျှောက် မြစ်ကြောမှာ ဆောက်လုပ်ထားတဲ့ အရောင်စုံအိမ်တွေဟာ အခုဆိုရင် ရွှံ၊ ရေနဲ့အပျက်အစီးတွေ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။
နီပေါမှာ ပျောက်ဆုံးနေတဲ့ ဩစတြေးလျနိုင်ငံသားဦးရေဟာ ၄၁ ဦးအထိ ရှိလာပြီလို့ နီပေါဝန်ကြီးတစ်ဦးက ပြောခဲ့ပါတယ်။
ရေကြီးတဲ့အချိန် ဘုရားဖူးတွေရောက်နေ
နီပေါနဲ့ တိဘက်မှာ ပျောက်ဆုံးနေတဲ့ ခရီးသွား တော်တော်များများက အဲဒီဘက်ကို ဘုရားဖူးသွားကြတဲ့သူတွေ ဖြစ်နေပါတယ်။
အဲဒီနေရာက ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ တော်တော်နာမည်ကြီးပြီး နှစ်တိုင်း လူသောင်းနဲ့ချီ အဲဒီအထွတ်အမြတ် နေရာတွေကို သွားလေ့ရှိကြတယ်။
အခုလို ရုတ်တရက် ရေကြီးလို့ ထိခိုက်ရတဲ့ နိုင်ငံခြားသားတွေထဲမှာ အိန္ဒိယနိုင်ငံသားတွေ အများဆုံးဖြစ်ပြီး သူတို့ထဲက အများစုကလည်း ဘုရားဖူးတွေပါ။ အိန္ဒိယ ခရီးသွား တော်တော်များများက ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တိဘက်က ကိုင်းလာ့ရှ်တောင် (Mount Kailash) ကို နီပေါကနေတစ်ဆင့် သွားလေ့ရှိကြပါတယ်။ ဒီတောင်ကြီးက အမြင့် ၆,၄၀၀ မီတာ (၂၁,၀၀၀ ပေ) တောင် ရှိပါတယ်။
နီပေါဟာ ဘုရားဖူးတွေသွားဖို့ နာမည်ကြီးတဲ့ နေရာတစ်ခု ဖြစ်ရုံတင်မကဘဲ ကမ္ဘာတစ်လွှားက တောင်တက်သမား (hikers) တွေ အများကြီးလာကြတဲ့နေရာ ဖြစ်ပါတယ်။
ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံးခံလိုက်ရတာက မြောက်ပိုင်းနဲ့ အလယ်ပိုင်းကြားမှာရှိတဲ့ ရာဆူဝါ (Rasuwa) ဒေသဖြစ်ပြီး အဲဒီနေရာက တောင်တက်သမားတွေ အများဆုံးသွားလေ့ရှိတဲ့ နေရာပါ။
ဩဂုတ်လက ခရီးသွားအများဆုံးလာတဲ့အချိန် (peak season) မဟုတ်ပေမဲ့ ရေကြီးတဲ့အချိန်မှာ တောင်တက်သမားတချို့ ရှိနေခဲ့တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။
ဘန်ကောက်တရုတ်တန်းအနီးက ခလုံထုံစင်တာ မီးလောင်

ဓာတ်ပုံ ရင်းမြစ်, Fire & Rescue Thailand
ဘန်ကောက်က နာမည်ကြီး တရုတ်တန်းအနီးမှာရှိတဲ့ ခလုံထုံစင်တာ မီးလောင်မှုမှာ ၃ ဦးထိခိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မနေ့က ညပိုင်း ၈ နာရီ ၄၂ မိနစ်ဝန်းကျင်မှာ ဝိုရာချက်လမ်းပေါ်ကမီးလောင်မှုကို မီးသတ်ကစသိရပြီး ၁၁ နာရီ ၁၃ မိနစ်မှာ ထိန်းနိုင်ခဲ့တာပါ။
မီးငြှိမ်းသတ်ရင်း စေတနာ့ဝန်ထမ်း ၁ ဦးနဲ့ မီးသတ်သမား ၂ ဦး ထိခိုက်ပြီး ဆေးရုံပို့ခဲ့ရပါတယ်။
ဒီအဆောက်အဦးရဲ့ မြေညီထပ်မှာရှိတဲ့ ဆိုင်တစ်ခုကနေ မီးစတင်လောင်ကျွမ်းပြီး မိနစ် ၂၀ လောက်အတွင်း မြေညီထပ်တစ်ခုလုံးကို မီးကူးစက်သွားတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
အဲဒီကနေတဆင့် ထပ်ခိုးကိုကူးပြီး ၉ နာရီခွဲဝန်းကျင်မှာတော့ အဆောက်ဦးအပြင် ကနေ မီးညွန့်တွေတွေ့လာရတယ်လို့ဆိုပါတယ်။
မီးလောင်တဲ့ စင်တာဟာ လျှပ်စစ်ပစ္စည်းနဲ့ ပလက်စတစ်ပစ္စည်းတွေလည်း ရောင်းချတဲ့ ဈေးဝယ်စင်တာတစ်ခုဖြစ်ပါတယ်။ စင်တာရဲ့ဘေးဘက်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုကိုပါ မီးစွဲခဲ့ပေမဲ့ အချိန်မီ ထိန်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ခလုံထုံစင်တာမီးကို ထိန်းနိုင်ခဲ့ပြီး နာရီပိုင်းအကြာ ဒီမနက်အစောပိုင်းမှာတော့ အွန်နု ၂၇ လမ်းက ၃ ထပ်တိုက်တစ်လုံးမီးလောင်ပြီး အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ ထိုင်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားက မြန်မာဒုက္ခသည် ၁၅၀၀ ဝန်း ကျင် ပြန်ပို့မယ့်ကိစ္စ ရပ်ဆိုင်းထားသင့်လို့ Fortify Rights ပြော

ဓာတ်ပုံ ရင်းမြစ်, Kementerian Dalam Negeri
ဒုက္ခသည်တစ်ဦးချင်းစီရဲ့ အဆိုပြုချက်တွေနဲ့ ဘက်မလိုက်တဲ့ အကဲဖြတ်ချက်တွေ လုပ်ဆောင်ပြီးတဲ့အထိ မလေးရှားအစိုးရအနေနဲ့ မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို ပြန်လည်ပို့ဆောင်မယ့်အစီအစဥ်ရပ်ဆိုင်းထားသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဆန္ဒအလျောက်နေရပ်ပြန်ရေးအစီအစဥ်ရဲ့ ပထမအသုတ်အနေနဲ့ စက်တင်ဘာ ၂၉ ရက်မှာ မြန်မာအစိုးရက အတည်ပြုစစ်ဆေးပြီးတဲ့ ဒီဒုက္ခသည်တွေကို ပြန်ပို့တော့မယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
ဒီအစီအစဥ်နဲ့ ပြန်ပို့မယ့် ဒုက္ခသည် ၅,၀၀၀ ရှိနေတာဖြစ်ပါတယ်။ ထပ်ပြီး အန္တရာယ်ပြုခံရနိုင်ခြေ၊ ဖိနှိပ် ညှဥ်းပန်းခံရနိုင်ခြေရှိတဲ့ သူတွေကို မလေးရှားအနေနဲ့ အတင်းအကျပ်နေရပ်ပြန်မပို့သင့်ဘူးလို့ Fortify Rights က ဆိုပါတယ်။
"ပြန်လည်ပို့ဆောင်မှုအားလုံးကို စနစ်တကျ၊ အဆင့်ဆင့်နဲ့ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ ဆောင်ရွက်နေပြီး လုံခြုံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုစနစ်ကို အဓိကထား လုပ်ဆောင်နေတယ်" လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက မနေ့က ထုတ်ပြန်ချက်မှာပြောပါတယ်။
ဒါပေမဲ့ ပြန်လည်ပို့ဆောင်မယ့်သူတွေကို ဒုက္ခသည်ဆိုင်ရာ အဆိုပြုချက်နဲ့ အကဲဖြတ်တာတွေ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းကိုတော့ အသေးစိတ်ပြောတာမရှိပါဘူး။
မလေးရှားဘက်က ထုတ်ပြန်ချက်အရ ဒုက္ခသည်တွေကို မြန်မာရေတပ်က စစ်သင်္ဘောနှစ်စင်းနဲ့ မြန်မာရေတပ်ပိုင် ဆေးရုံသင်္ဘောတစ်စင်းအသုံးပြုခေါ်ဆောင်မယ်လို့ သိရပါတယ်။ မလေးရှားကိုရောက်နေတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကဖြစ်ပြီး ၉၅ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြည်ထဲရေးက ဆိုပါတယ်။
ဒီထဲမှာ ရိုဟင်ဂျာအပြင် ချင်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေလည်း ပါဝင်တာပါ။ မလေးရှားအစိုးရရဲ့ ဒုက္ခသည်မှတ်ပုံတင်ခြင်းဆိုင်ရာအစီအစဥ်အရ ဒီနှစ်ထဲမှာ ရိုဟင်ဂျာအများစုပါတဲ့ မြန်မာဒုက္ခသည် ၄,၀၀၈ ဦးကို စိစစ်အတည်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲမှာမပါဘဲ ဆန္ဒအလျောက်နေရပ်ပြန်မယ့်သူက ၅,၀၀၀ ရှိတယ်လို့ မလေးရှား ပြည်ထဲရေးက ပြောတာပါ။ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာလည်း မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိနေပြီး ဒုက္ခသည်ဆိုင်ရာအချက်အလက်တွေ စစ်ဆေးသွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။












