ထိုင်းရဲ့ ပထမဆုံး မယ်ကမ္ဘာ၊ မယ်ကမ္ဘာရဲ့ ပထမဆုံး ထိုင်း အလှမယ် အိုပယ်ဆူချာတာ

မယ်ကမ္ဘာသရဖူဆောင်းအပြီးမှာ မြင်တွေ့ရတဲ့ ထိုင်းအလှမယ်
ဓာတ်ပုံ ပုံစာ, မယ်ကမ္ဘာသရဖူဆောင်းအပြီးမှာ မြင်တွေ့ရတဲ့ ထိုင်းအလှမယ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃
အလှမယ် အိုပယ် သရဖူ ဆောင်းလိုက်တဲ့အခိုက်အတန့်

မြန်မာ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၈ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ မယ်ကမ္ဘာ (Miss World)ရဲ့ ၇၂ ကြိမ်မြောက်ပြိုင်ပွဲ မှာ အသက် ၂၁ နှစ်အရွယ် ထိုင်းအလှမယ် အိုပယ်ဆူချာတာချောင်ဆရီက မယ်ကမ္ဘာ သရဖူကို သိမ်းပိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်ရဲ့ မယ်ကမ္ဘာ ဖြစ်လာပါတယ်။

အလှမယ် အိုပယ် သရဖူ ဆောင်းလိုက်တဲ့အခိုက်အတန့်
ဓာတ်ပုံ ပုံစာ, အလှမယ် အိုပယ် သရဖူ ဆောင်းလိုက်တဲ့အခိုက်အတန့်

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့ တလီဂန်နာ ပြည်နယ်မှာ တစ်လနီးပါးကြာပြိုင်ပွဲကာလရှိခဲ့ပြီး မေ ၃၁ ရက်မှာ ဖိုင်နယ်ပြိုင်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

တစုတစည်းတည်း မြင်တွေ့ရတဲ့ ၂၀၂၅ မယ်ကမ္ဘာပြိုင်ပွဲဝင်တွေ
ဓာတ်ပုံ ပုံစာ, တစုတစည်းတည်း မြင်တွေ့ရတဲ့ ၂၀၂၅ မယ်ကမ္ဘာပြိုင်ပွဲဝင်တွေ

၂၀၂၅ မယ်ကမ္ဘာသရဖူကို ထိုင်းအလှမယ် အိုပယ် သိမ်းပိုက်ခဲ့တာကြောင့် ၇၂ နှစ်ကြာ မယ်ကမ္ဘာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ထိုင်းနိုင်ငံကိုယ်စားပြု ပထမဆုံးထွက်ပေါ်တဲ့ မယ်ကမ္ဘာဖြစ်လာပါတယ်။

နိုင်ငံကိုယ်စားပြု အလှမယ်က ပထမဆုံး သရဖူ ဆွတ်ခူးတာကြောင့်လည်း အလှမယ်ပြိုင်ပွဲတွေကို အားပေးမြေတောင်မြှောက်တဲ့ ထိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ပွဲခံနေကြပါတယ်။

ထိုင်းနိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ မြင်ရတဲ့အလှမယ်
ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ မြင်ရတဲ့အလှမယ်

၂၀၂၅ ခုနှစ် မယ်ကမ္ဘာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ၄ ဦးမှာ ဥရောပက ပိုလန်၊ အာဖရိတိုက်က မာတီနီ၊ အီသီယိုးပီးယားနဲ့ အာရှက ထိုင်းတို့ ဖြစ်ပါတယ်။

သရဖူဆွတ်ခူးတဲ့အလှမယ်ကို မယ်ကမ္ဘာရဲ့ စီအီးအို ဂျူလီယာမော်လီ ကိုယ်တိုင်ကြေညာပေးခဲ့ပြီး ၂၀၂၄ ခုနှစ် မယ်ကမ္ဘာ ချက် အလှမယ် Krystyna Pyszková က သရဖူကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

၇၂ ကြိမ်မြောက် Miss World ၂၀၂၅ အလှမယ်ဟာ ကရုဏာတရား၊ ယုံကြည်မှုနဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်ရှိခြင်း တို့ကို ကိုယ်စားပြု ဖော်ညွှန်းသူလို့ Miss World က ရေးသားထားပါတယ်။

မယ်ကမ္ဘာရဲ့  စီအီးအို ဂျူလီယာမော်လီ နဲ့ အတူတွေ့ရတဲ့ မယ်ကမ္ဘာ ၂၀၂၅ အိုပယ်ဆူချာတာ
ဓာတ်ပုံ ပုံစာ, ပြိုင်ပွဲကာလတုန်းက မယ်ကမ္ဘာရဲ့ စီအီးအို ဂျူလီယာမော်လီ နဲ့ အတူတွေ့ရတဲ့ မယ်ကမ္ဘာ ၂၀၂၅ အိုပယ်ဆူချာတာ

ကမ္ဘာ့အဆင့် အလှမယ် ပြိုင်ပွဲတွေထဲမှာ အစဥ်အလာနဲ့ သြဇာကြီးတဲ့ မယ်ကမ္ဘာ (Miss World) ဟာ ပြိုင်ပွဲကာလအတွင်း ကမ္ဘာ့တိုက်ကြီးတွေအလိုက် ကိုယ်စားပြုနိုင်ငံ အလှမယ်တွေကို Challenge ပေါင်းစုံနဲ့ အဆင့်ဆင့်ရွေးချယ်တာဖြစ်သလို အလှမယ်တွေရဲ့ လူမှုအကျိုးပြု ပရောဂျက်တွေကိုလည်း အဓိကထား ကြည့်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလှမယ်တွေရဲ့ အရည်အသွေးနဲ့ လူမှုအသိုင်းအဝိုင်းအတွက်အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်မှုပေါ် မူတည်ပြီးလည်း ရွေးချယ်ပါတယ်။

အိုပယ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ သူကိုယ်တိုင်ကြုံတွေ့ ကုသခဲ့ရတဲ့ ရင်သားအဖုအကြိတ်ကြောင့် ရင်သားကင်ဆာကာကွယ်ရေးပရောဂျက်ကို ပြိုင်ပွဲအတွင်း ကြေညာခဲ့ပါတယ်။ ရင်သားကင်ဆာ ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာအသိပညာဖြန့်ဝေဖို့နဲ့ ရန်ပုံငွေများရရှိစေဖို့ ရည်ရွယ်တဲ့ "Opal For Her" ပရောဂျက်ကို Miss World မှာ ထောက်ခံအားပေးမှုအခိုင်အမာရှိခဲ့ပါတယ်။

၂၀၂၅ မယ်ကမ္ဘာသရဖူ ကို ရပြီးနောက် သူ့ရဲ့ ပထမဆုံး စကားထဲမှာတော့ "ဒီအခိုက်အတန့်ဟာ ကျွန်မ တစ်ဦးတည်းရဲ့ အောင်ပွဲတစ်ခုမဟုတ်ပါဘူး။ အပြောင်းအလဲကိုဖန်တီးချင်ပြီး ကိုယ့်လုပ်ဆောင်ချက်တွေကို အများက လက်ခံလာ၊ မြင်လာတာမျိုးကို လိုချင်တဲ့ မိန်းကလေးတိုင်းနဲ့ အတူ မျှဝေတဲ့အိပ်မက်တစ်ခုပါ။ ဒီအောင်မြင်မှုကို ကိုယ်စားပြုပြီး Miss World အဖြစ်နဲ့ လုပ်ဆောင်ရမှာကို ဂုဏ်ယူပါတယ်" လို့ အိုပယ်ကပြောထားပါတယ်။

ဟိုတယ်လုပ်ငန်းလုပ်ကိုင်တဲ့ မိသားစုကနေ မွေးဖွားလာတဲ့ အိုပယ်ဆူချာတာ ဟာ ဖူးခက်မြို့ဇာတိဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းပညာရေးတက္ကသိုလ်ဖြစ်တဲ့ သမားဆက်တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ နိုင်ငံတကာဆက်ဆံရေးပညာကို သင်ယူနေသူလည်း ဖြစ်ပါတယ်။

အနာဂတ်မှာ သူ့ရဲ့ရည်ရွယ်ချက်က ကမ္ဘာနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်လာချင်တဲ့ ပန်းတိုင်ရှိတယ်လို့ ဖြေခဲ့ဖူးပါတယ်။

အခုမယ်ကမ္ဘာဖြစ်လာတဲ့ အိုပယ်ဆူချာတာချောင်ဆရီ ဟာ ၂၀၂၄ ခုနှစ် ထိုင်း မယ်စကြဝဠာ(Miss Universe Thailand ) ဖြစ်သလို မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ Miss Universe ၂၀၂၄ ပြိုင်ပွဲကြီးမှာ 3rd Runner Up ကိုရရှိခဲ့သူဖြစ်ပါတယ်။

Miss Universe ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲဝင် ၅ ဦးထဲမှာ အိုပယ်ဆူချာတာရဲ့ အဖြေက ဒိုင်တွေအတွက် အကောင်းဆုံးဖြစ်ခဲ့သလို ပြိုင်ပွဲကာလတစ်လျှောက်မှာလည်း အကောင်းဆုံးပါဝင်နိုင်ခဲ့ပေမဲ့ 3rd Runner Up သာရရှိတယ်ဆိုတဲ့အပေါ် အဲဒီအချိန်က ဝေဖန်ချက်တွေရှိခဲ့ပါတယ်။

၂၀၂၅ ဧပြီမှာ အိုပယ်ကို မွေးထုတ်ပေးခဲ့တဲ့ အလှမယ်အဖွဲ့အစည်း TPN Global က ထိုင်းနိုင်ငံမှာ လုပ်တဲ့ Miss World ရဲ့ အခမ်းအနားတစ်ခုကို အိုပယ် တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Miss Universe Organization က အိုပယ်ရဲ့ 3rd Runner Up ဆုကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာချက်ထွက်လာပြီး မိနစ်ပိုင်းအကြာမှာပဲ အိုပယ်ရဲ့ မိခင်ကုမ္ပဏီ TPN Global က အိုပယ်ဆူချာတာ ကို ၂၀၂၅ Miss World ပြိုင်ပွဲကိုစေလွှတ်မယ်လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

TPN Global ဟာ Miss World နဲ့ လက်မတွဲခင်က Miss Universe Organization ရဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု လိုင်စင်ရ ကုမ္ပဏီဖြစ်ပါတယ်။

TPN Global အနေနဲ့ ၂၀၂၄ ခုနှစ် Miss Universe ပြိုင်ပွဲကြီးအပြီးမှာတော့ Thailand Miss Universe Organization အဖြစ် ၆ နှစ်ကြာလုပ်ခဲ့တဲ့ လိုင်စင်ကို Miss Universe Organization ကို ပြန်အပ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ Thailand Miss Universe Organization ရဲ့ National Director အဖြစ် လိုင်စင်ကို Miss Grand International က မစ္စတာနဝပ်က ရရှိခဲ့ပါတယ်။

အဲဒီလိုဖြစ်စဥ်တွေနောက်မှာတော့ အလှမယ်မွေးထုတ်တဲ့ TPN Global ၊ Miss Universe Organization နဲ့ Miss Grand International တို့လို့ အလှမယ်မွေးထုတ်တဲ့ အဖွဲ့အစည်းတွေကြား ပြိုင်ဆိုင်မှုတွေပြင်းထန်လာပါတယ်။

Miss Universe ခရီးကစလို့ အိုပယ်ရဲ့ အလှမယ် ခရီးလမ်းဟာ ချောမွေ့မှုမရှိခဲ့သလို Organization တွေရဲ့ ပြိုင်ဆိုင်မှုနဲ့ ရှုပ်ထွေးမှုတွေကြားရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ Miss World သရဖူကို သူ ဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၂၄ Miss Universe ပြိုင်ပွဲတုန်းက သရဖူရ ဒိန်းမတ်အလှယ်မယ်နဲ့အတူ တွေ့ရတဲ့ အိုပယ်
ဓာတ်ပုံ ပုံစာ, ၂၀၂၄ Miss Universe ပြိုင်ပွဲတုန်းက သရဖူရ ဒိန်းမတ်အလှယ်မယ်နဲ့အတူ တွေ့ရတဲ့ အိုပယ်
၂၀၂၅ မှာ မယ်ကမ္ဘာဖြစ်လာတဲ့ အိုပယ်ဆူချာတာ

အိုပယ်ကို မယ်ကမ္ဘာ ၂၀၂၅ ဖြစ်လာစေဖို့အတွက် စင်မြင့်ပေါ်က သူ့ရဲ့ ဖိုင်နယ်အဖြေက အဓိကကျတဲ့နေရာမှာရှိခဲ့ပါတယ်။ ဟောလီးဝုဒ်စတား ရုပ်ရှင်မင်းသား Sonu Sood က ဒိုင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး အိုပယ်ကို မေးခွန်းမေးခဲ့ပါတယ်။

သူ့မေးခွန်းက ''ဖြစ်ကြောင်းကုန်စင်ပြောကြတဲ့အခါမှာ အမှန်တရားနဲ့ ကိုယ့်ရဲ့တာဝန်ယူမှု တာဝန်ခံမှုအပိုင်းမှာ မင်းရဲ့ ဒီအလှမယ်ခရီးကနေ ဘာတွေသင်ခန်းစာရလိုက်ပါသလဲ''   ဖြစ်ပါတယ်။

'' အခု ဒီခန်းမဆောင်ထဲမှာရှိနေကြသူတွေ အားလုံးဟာ တစ်ဦးမဟုတ် တစ်ဦးဟာ ကျွန်မတို့ မော်ကြည့်ရတဲ့ အားကျရသူတွေပါပဲ။ လူတွေကို ဦးဆောင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျက်သရေရှိရှိ၊ အပြောနဲ့အလုပ်ညီအောင်လုပ်တာပါပဲ။ ဒါကပဲ ကိုယ့်ဝန်းကျင်နဲ့ ကိုယ့်ကမ္ဘာမှာ လူတွေအပေါ် အကောင်းဆုံးလုပ်ပေးနိုင်တာပါပဲ''