ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရခိုင်၀င်ပေါက် တိုင်း ၃ တိုင်းမှာ အေအေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

ရခိုင်၀င်ပေါက် ပဲခူး၊ ဧရာ၀တီနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်တဲ့သတင်းအပါအဝင် ဩဂုတ် ၂၄ ရက် နိုင်ငံနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အညာဒူဘိုင်းလို့ခေါ် ကြတဲ့ ရေနံအဓိကထွက်​တဲ့​နေရာတချို့ကို စစ်တပ်ကရရှိထား
  • ဂီတပညာရှင် ကိုင်ဇာ နာရေး
  • ယူကေ၀န်ကြီးချုပ်တာ၀န် ထမ်းဆောင်ပြီးတဲ့နောက် ပထမဆုံးပြည်ပခရီးစဉ်
  • ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပြင်ကဒုက္ခသည်စခန်းတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား
  • မြဝတီမြို့က နှစ်စဥ်ရေဘေးအဆိုးဆုံးကြုံရတဲ့မြို့ဖြစ်လို့ မြို့ခံတွေကလည်းပိုသတိထားစောင့်ကြည့်နေကြ
  • မြန်မာသင်္ဘောသားအချို့လိုက်တာတဲ့ သံရိုင်းတင်သင်္ဘော အိန္ဒိယကမ်းလွန်မှာ မြုပ်လို့ ပျောက်ဆုံးနေတဲ့သင်္ဘောသား ၂၀ ကျော်ကို အိန္ဒိယ ကမ်းခြေစောင့်တပ်ရှာဖွေရေးလုပ်နေ
  • မြန်မာ့ထောပတ်သီးကို အဓိက၀ယ်ယူနေတဲ့ထိုင်းက ထောပတ်သီးတင်ပို့မှုကို ပိတ်လိုက်တာဟာ တောင်သူတွေအတွက် စျေးကွက်ပျောက်နိုင်တဲ့အခြေလို့ ထောပတ်သီးတင်ပို့သူတွေပြော
  • ရခိုင်ပြည်နယ်ထဲ အေအေ သိမ်းထားတဲ့နယ်မြေတွေဆီ ၀င်ဖို့ စစ်တပ်က အင်အားဖြန့်ကြက်နေတာကြောင့် ရခိုင်နဲ့ဆက်နေတဲ့ ဧရာ၀တီ၊ မကွေးနဲ့ ပဲခူးအစပ်တို့မှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်နေ
  • ဗြိတိန်၀န်ကြီးချုပ် အင်ဒီ ဘာနမ်ဟာ ၀န်ကြီးချုပ်တာ၀န် ထမ်းဆောင်ပြီး ၁ လအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ကို ရောက်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သြဂုတ်လ ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မကွေး၊ မြိုင်ရေနံမှော်ဒေသတွေကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်

    မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရေနံမှော်တွေကို စစ်တပ်က အင်အားရာဂဏန်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ မြေပြင် စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

    ‘’ တော်လှန်ရေးအဖွဲ့​တွေလည်း ဝိုင်းကာ​နေကြတာ၊ တိုက်ပွဲက​တော့ လက်ရှိဖြစ်​နေတုန်းပဲ။ ​လေ​ကြောင်းကနေလည်း ​တောက်​လျှောက်ချ​နေတုန်းပဲ’’ လို့ တိုက်ပွဲအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မြိုင်မြို့နယ်တောင်ပိုင်းက ကျောက်ခွက်နဲ့ ဝဲတူးရေနံမြေတွေကို စစ်တပ်ကသိမ်းပိုက်လိုက်ပြီလို့ပြောနေကြပါတယ်။

    တော်လှန်ရေးအင်အားစုတွေဘက်က အဲဒီလိုပြောဆိုချက်တွေကို ငြင်းဆိုကြပြီး အလုံးစုံသိမ်းပိုက်နိုင်တဲ့အခြေအနေမဟုတ်ဘဲ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ တုံ့ပြန်ထားပါတယ်။

    ဒါပေမဲ့‌ အညာဒူဘိုင်းလို့ခေါ် ကြတဲ့ ရေနံအဓိကထွက်​တဲ့​နေရာတချို့ကိုတော့ စစ်တပ်ကရရှိထားပြီးတချို့​နေရာ​တွေအနီးကို ဆက်ပြီးထိုးစစ်ဆင်လာတဲ့အနေအထားလို့ ကနဦးသိထားရပါတယ်။

    မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တောင်စုံရွာကိုရရှိပြီးနောက် အဲဒီရွာမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စခန်းချထားပြီး ဝဲတူးရေနံမြေထဲ စစ်ကြောင်းဝင်နိုင်ဖို့အတွက် ကြိုးစားနေတာလို့ စစ်ရေးစောင့်ကြည့်နေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောပါတယ်။

    တောင်စုံရွာနဲ့ စစ်တပ်ထိန်းချုပ်ဖို့ပြင်‌နေတဲ့ ဝဲတူးရေနံမြေက မိုင်အနည်းငယ်သာကွာဝေးပြီး ဆိုင်ကယ်နဲ့ဆိုရင် ၁၅ မိနစ်ဝန်းကျင်အတွင်းရောက်ရှိနိုင်တဲ့ အကွာအဝေးလို့ သိရပါတယ်။

    အခုနှစ် ဇွန်လဆန်းပိုင်းကစလို့ မြိုင်မြို့နယ် တွင်းမ ပြည်သူ့စစ်ရွာ (ပျူစောထီး) စခန်းကနေ စစ်တပ် စစ်ကြောင်းတွေစထွက်လာခဲ့ပြီး ကိုင်းတောမ - ဝက်ပုတ် - ဘောတုံ- ဘောင့်ဘင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း စတဲ့ လမ်းကြောင်းတလျှောက်စစ်ကြောင်းထိုးခဲ့တာပါ။

    မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ပေါက်အစပ်မှာရှိတဲ့ ရေနံမြေတွေကို ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်တာကို တော်လှန်ရေးအဖွဲ့တွေဘက်က “အညာတမာစစ်ဆင်ရေး” အနေနဲ့ ခုခံနေကြောင်း မကွေး PDF က သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    အဲဒီအညာတမာစစ်ဆင်ရေးမှာ မကွေးတိုင်းအခြေစိုက် PDF တွေအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA )၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) စတဲ့ တပ်ဖွဲ့တွေပါ ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်။

    လက်ရှိ သြဂုတ် ၂၄ ရက်အထိ နောက်ဆုံးအခြေအနေကိုတော့ စစ်တပ်ရော တော်လှန်ရေးတပ်ဖွဲ့ တွေဘက်ကပါ တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

  3. ထင်ရှား တေးရေး၊တေးဆို ဂီတပညာရှင် ကိုင်ဇာ နာရေးမြင်ကွင်း

    ၁၉၇၇ နှောင်းပိုင်းနဲ့ ၁၉၈၀ ဝန်းကျင်ကာလတွေကစလို့ ထင်ရှားခဲ့တဲ့ တေးရေး/တေးဆို တေးသံရှင် ကိုင်ဇာ (ခေါ် ) ဦးညီညီဝင်းရဲ့ ဈာပနကို ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ်ပိုင်း ပြုလုပ်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

    အဆုတ်ထဲကိုပိုးဝင်တာကြောင့် အထူးကြပ်မတ်ကုသ‌ဆောင်မှာ ဆေးရုံတက်ရောက်ကုသမှုခံယူရင်း အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သြဂုတ် ၂၂ ရက် ညပိုင်းမှာကွယ်လွန်ခဲ့ပြီး မနေ့တုန်းက သက်ပျောက်ဆွမ်းကပ်အလှူပြုလုပ်ခဲ့ပါတယ်။

    ၁၉၇၇ ခုနှစ်က ''အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ'' တေးသီးချင်းခွေက စတင်လို့ အနမ်းပန်း၊ သီချင်းရှင်ကိုကြင်နာပါ၊ မနိုးပါစေနဲ့မိုးရယ်နဲ့ တူနှစ်ကိုယ်တိုင်းပြည်၊ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် အစရှိတဲ့ နာမည်ကျော် ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေ သီဆိုရေးသားသူ တေးသံရှင် ကိုင်ဇာဟာ တေးသီချင်းခွေပေါင်း မြောက်များစွာ ထွက်ရှိထားသူ ဖြစ်ပြီး ဒီကနေ့အချိန်အထိ လူငယ်၊ လူကြီးအားလုံး ကြိုက်နှစ်သက်တဲ့ တေးသံရှင်ဖြစ်ပါတယ်။

    ဈာပနကို ကို‌လူမောင် ဆေး (၁)၊ ကိုတွက်ကီ၊ မေခလာစတဲ့ တေးရေးတေးဆိုတွေအပြင် ဂီတအသိုင်းအဝိုင်းကထင်ရှားသူတွေ လာရောက်တာကိုလည်း တွေ့ရပါတယ်။

  4. ဗြိတိန် ၀န်ကြီးချုပ် အင်ဒီ ဘာနမ် ပထမဆုံးပြည်ပခရီးအဖြစ် ကိယက်ဗ်မြို့ကိုရောက်

    ဗြိတိန်၀န်ကြီးချုပ် အင်ဒီ ဘာနမ်ဟာ ပြီးခဲ့တဲ့လမှာ ၀န်ကြီးချုပ်တာ၀န် ထမ်းဆောင်ပြီးတဲ့နောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ကို ရောက်နေပါတယ်။

    ယူကရိန်းအရေး ''ဆန္ဒတူညွန့်ပေါင်းနိုင်ငံများအဖွဲ့'' အစည်းအ၀ေးကိုလည်း သူ ပထမဆုံးအကြိမ် ဦးဆောင် ပြုလုပ်ဖို့ရှိပြီး ယူကရိန်းအနေနဲ့ တာ၀ေးပစ်ဒုံးကျည်တွေကို သူ့ဘာသာသူ ထုတ်နိုင်အောင် နည်းပညာလွှဲပြောင်းပေးဖို့လည်း ရှိနေပါတယ်။

    ယူကရိန်းမှာ လွတ်လပ်ရေးနေ့ ကျရောက်ဖို့ ရှိနေချိန်၊ နောက်ပြီး ယူကရိန်းမှာ ဗြိတိန် ဒရုန်းတွေကို အသုံးပြုတာနဲ့ပတ်သက်ပြီး ''အကျိုးဆက်တွေရှိလိမ့်မယ်'' လို့ မော်စကိုဘက်က ပြီးခဲ့တဲ့တစ်ပတ်တုန်းက သတိပေးပြီးနောက် ၀န်ကြီးချုပ်ရဲ့ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ကိယက်ဗ်ဟာ မော်စကိုနဲ့ ရုရှားက တခြားဒေသတွေအထိ ခပ်၀ေး၀ေးရောက်တဲ့ တာ၀ေး ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်နေပါတယ်။ ရုရှားရဲ့ရေနံချက်စက်ရုံတွေ၊ ရုရှားနိုင်ငံထဲအကြီးဆုံးအွန်လိုင်းလက်လီလုပ်ငန်းကြီးဖြစ်တဲ့ Wildberries ဂိုထောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။

    ဒီအတောအတွင်းမှာပဲ ယူကရိန်းနဲ့ ရုရှားဟာလည်း တစ်ဖက်နဲ့တစ်ဖက် ညလုံးပေါက် တိုက်ခိုက်နေပါတယ်။

    လက်နက်အပျက်အစီးတွေကျလို့ ရုရှားအနောက်တောင်ပိုင်းမှာ လူ ၂ ဦးသေဆုံးတယ်လို့ နိုင်ငံပိုင် တက်စ်သတင်းဌာနက သတင်းဖော်ပြပါတယ်။

    ရုရှားကာကွယ်ရေး၀န်ကြီးဌာနကလည်း သူ့တပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ပင်လယ်နက်ဆိပ်ကမ်းရှိတဲ့ အိုဒဲဆာ ဒေသက ဆိပ်ကမ်း အခြေခံအဆောက်အဦနဲ့ ရေယာဉ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းဘက်က တစ်စုံတရာ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။

  5. ရခိုင်ဝင်ပေါက် တိုင်း ၃ တိုင်းမှာ အေအေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်

    အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေကို ဝင်ရောက်နိုင်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတို့နဲ့ ထိစပ်နေရာတွေကို မြန်မာစစ်တပ်က အင်အားသုံး ထိုးစစ်ဆင်လာတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တချို့ဆီကနေ သိရပါတယ်။

    “၂၂ရက်နေ့ ညက တင့်ကားအပါအဝင် ကားအစီး ၃၀ လောက် ရခိုင်ရိုးမကို ဖြတ်တက်လာတယ်။ အခုအချိန်ထိ တိုက်ပွဲဖြစ်နေတုန်း။ အဲဒါကြောင့် လေယာဥ်တွေအများကြီး ရခိုင်ကမြို့တွေပေါ် လှည့်ပျံနေတယ်” လို့ အေအေစစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ရခိုင် - ဧရာဝတီအစပ်မှာရှိတဲ့ ဂွမြို့နယ်က ရိုးမတကြော၊ ရခိုင် - ပဲခူးအစပ်က တောင်ကုတ် - ပန်းတောင်းတကြောနဲ့ ရခိုင် - မကွေးအစပ်က အမ်း - ပဒါန်းတဝိုက်ကို စစ်တပ်က တပြိုင်နက် ထိုးစစ်မြှင့်လာလို့ နှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

    မြန်မာစစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ခဲ့တဲ့ အမ်းမြို့နယ်ဝင်ပေါက် မကွေးတိုင်းနဲ့အစပ်ကို မင်းတုန်းမြို့နယ်ဘက်ကနေ အင်အားဖြည့်လာတာပါ။

    “အမ်း - ပဒါန်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ပြောလို့ မရသေးပါဘူး” လို့ PDF သတင်းရင်းမြစ်ကလည်း ပြောပါတယ်။

    ပဲခူး၊ မကွေးနဲ့ ဧရာဝတီစတဲ့ရခိုင်ဝင်ပေါက်တွေအပြင် ချင်းပြည်နယ်တောင်ပိုင်းကနေပါ စစ်တပ်က ထိုးဖောက်ဝင်ရောက်နိုင်ဖို့ကြိုးစားနေကြောင်း အေအေဘက်က အခုသြဂုတ်လအစပိုင်းကတည်းက ထုတ်ပြောထားပါတယ်။

    အေအေရဲ့ထုတ်ပြန်ချက်အရရော သတင်းရင်းမြစ်တွေရဲ့အပြောအရပါဆိုရင် အခုသြဂုတ်လအတွင်း အေအေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကိုတွေ့ရပါတယ်။

    တိုက်ခိုက်မှုတွေမှာ လေယာဉ်တွေကို အုပ်စုဖွဲ့ သုံးသလို ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲချတာကိုလည်း တွေ့ရပါတယ်။

    အခုသြဂုတ်လထဲမှာပဲ သံတွဲ၊ ငပလီ၊ ဂွ၊ ကျိန္တလီ၊ ရသေ့တောင်၊ အမ်း၊ မြောက်ဦးအပါအဝင် ပလက်ဝမြို့နယ်တွေကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ လည်းရှိခဲ့ကြောင်း အေအေက ထုတ်ပြန်ထားပါတယ်။

    မြန်မာစစ်တပ်ဘက်ကတော့ အေအေနဲ့တိုက်ပွဲတွေအကြောင်း ဒီနေ့ နေ့လယ် ၂ နာရီအချိန်အထိ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

  6. ရခိုင်၊ စစ်တွေက ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

    စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပြင်ကဒုက္ခသည်စခန်းတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သက္ကယ်ပြင်၊ ဘောဒူဘနဲ့ အုန်းတောကြီးတို့လို မွတ်ဆလင်ဒုက္ခသည်စခန်းတွေထဲက ၄ ဦး သေဆုံးထားတယ်လို့ စခန်းတွေထဲ စာရေရိက္ခာထောက်ပံ့ရေးလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ဒါအပြင် စစ်တွေမြို့ပေါ်မှာလည်း ဖြစ်ခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ဖြစ်ပွားမှုကျဆင်းလာတယ်လို့ မြို့ ပေါ်မှာနေထိုင်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “လွန်ခဲ့တဲ့ ၃ရက်လောက်က စစ်ရှောင် တစ်ယောက် သေတယ်လို့ ကြားမိတယ်။ အခု ၁ယောက် ထပ်သေတယ်” လို့ ရခိုင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    ဒါပေမဲ့ အသွင်ပြောင်းအစိုးရရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးကတော့ သြဂုတ် ၂၂ ရက်အထိ စစ်တွေဆေးရုံမှာ ဝမ်းပျက်ဝမ်းလျှော လူနာ ၃ ဦးရှိတယ်လို့ သိရပေမဲ့ လူသေဆုံးမှုရှိ၊ မရှိကိုတော့ မသိရှိထားဘူးလို့ ဖြေပါတယ်။

    “မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေမျိုးပါ။ မြို့ပြင်က IDP Camp (ဒုက္ခသည်စခန်း) တွေနဲ့ သက္ကယ်ပြင်ရွာဘက်မှာ ဖြစ်တာပါ။ ပြည်နယ်ကျန်းမာရေးမှူးတွေ ပုံမှန်စစ်ဆေးမှုတွေ လုပ်ပေးနေပါတယ်၊ ဆေးဝါးလည်းလုံလုံလောက်လောက်ရှိပါတယ်။ ဝမ်းပြဿနာ စိုးရိမ်စရာ မရှိဘူး” လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးက ပြောပါတယ်။

    စစ်တွေမြို့ပြင်မှာ ဒုက္ခသည်စခန်း ၁၃ ခုရှိပြီး အနည်းဆုံး စခန်း ၃ ခုနဲ့ ရွာတချို့ မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေ ပုံမှန်ထက်များနေတယ်လို့ သိရှိရပါတယ်။

    '' ဝမ်းပျက်ဝမ်းလျှောဖြစ်တာများလာတော့ ပြည်နယ်အစိုးရကတော့ ရိုဟင်ဂျာ စခန်းတွေဘက်ကို မိုဘိုင်းဆေးခန်းတွေ၊ဆေးအဖွဲ့တွေလွှတ်ပြီး လိုက်ကြည့်ပေးတာတော့ရှိပါတယ်'' လို့ စခန်းတွေထဲ စာရေးရိက္ခာထောက်ပံ့ရေးလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းကပြောပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရ သြဂုတ် ၁၅ ရက်အထိ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၈၂ ဦးရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Cholera) တွေ့ရှိသူ ရခိုင်မှာ ၂၂ ဦးရှိတယ်လို့ သိရပါတယ်။

    သေဆုံးသူအရေအတွက်နဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့အတွက် အသွင်ပြောင်းအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဒေါက်တာမြတ်ဝဏ္ဏစိုးနဲ့ ဒေါက်တာသန်းနိုင်စိုးတို့ရဲ့ တယ်လီဖုန်းတွေကို ဆက်သွယ်နေပေမဲ့ ဒီနေ့မနက် ၁၂ နာရီအထိ လက်ခံဖြေကြားတာမရှိပါဘူး။

    ရန်ကုန်မြို့လယ်မှာ အဖြစ်များခဲ့တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောနဲ့ပတ်သက်လို့အခြေအနေသိရှိသူတွေရဲ့ သတင်းဖြေကြားပေးမှုတွေကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ကန့်သတ်တားမြစ်တာတွေ ရှိနေတယ်လို့လည်း သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။

  7. မြန်မာသင်္ဘောသားအချို့ပါတဲ့ကုန်သင်္ဘော အိန္ဒိယကမ်းလွန်မှာမြုပ်လို့ လူ ၂၀ ကျော်ပျောက်ဆုံးနေ

    မြန်မာသင်္ဘောသားအချို့လိုက်ပါလာတဲ့ ပနားမားအလံတင် ကုန်တင်သင်္ဘောတစ်စင်း ဟာ အိန္ဒိယနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာကြောင့် သင်္ဘောသား ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်က ပြောပါတယ်။

    MV Ocean Winner နာမည်နဲ့အဲဒီ သင်္ဘောဟာ အိန္ဒိယနိုင်ငံ၊ သြရိဿပြည်နယ်က ပါရာဒစ်ရေနက်ဆိပ်ကမ်းကနေ သံရိုင်းတွေတင်ပြီး ပြန်အထွက် ပင်လယ်ပြင်မှာ သြဂုတ်လ ၂၂ ရက်တုန်းက နစ်မြုပ်ခဲ့တာလို့ အိန္ဒိယကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    သင်္ဘောဟာ ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီးတဲ့နောက် အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး ရေမိုင် ၂၃၀ ခန့်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တယ်လို့လည်း အိန္ဒိယကမ်းခြေစောင့်တပ်က ပြောပါတယ်။

    သင်္ဘောနစ်မြုပ်မှုကနေ သင်္ဘောသား ၂ ဦးကို အသက်ကယ်လှေနဲ့အတူ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သင်္ဘောသား ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့လည်းဆိုပါတယ်။

    ကယ်ဆယ်ခဲ့တဲ့သင်္ဘောသား ၂ ဦးဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာတော့ အိန္ဒိယ ကမ်းခြေစောင့်တပ်က မပြောထားပါဘူး။

    ဒါပေမဲ့ အဲဒီသင်္ဘောပေါ်မှာ မြန်မာ ၃ ဦး၊ တရုတ် ၂၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် ၁ ဦးလိုက်ပါလာတယ်လို့လည်း ဆိုပါတယ်။

    အိန္ဒိယရေတပ်ဟာ သင်္ဘောနစ်မြုပ်မှုအနီးနားက ဖြတ်သွားတဲ့ကုန်တင်သင်္ဘောနဲ့အတူ ချိတ်ဆက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ခဲ့သလို ကမ်းခြေစောင့်တပ်နဲ့ပူးတွဲပြီး ရှာဖွေကယ်ဆယ်ရေးဆက်လုပ်နေတယ်လို့လည်း သိရပါတယ်။

  8. GenZ တွေ ဘက်ယိမ်းလာဖို့ လူမှုကွန်ရက်ကနေ မိုဒီ ဆွယ်နေပြီလား

    အိန္ဒိယနိုင်ငံမှာ Gen Z လူငယ်အများစုက ၀န်ကြီးချုပ် နရန်ဒြရာမိုဒီကို သူတို့နဲ့ ရင်ဘတ်ချင်းနီးတဲ့သူလို့ မမြင်ကြပါဘူး။

    ဒါပေမဲ့ အိန္ဒိယဝန်ကြီးချုပ်ကတော့ ဒီလူငယ်တွေနဲ့ ငယ်ပေါင်းတွေလို ထိတွေ့ဖို့ ကြိုးစားနေပါတယ်။

    အသက် ၇၅ နှစ်အရွယ် မိုဒီဟာ ပုံမှန်ဆိုရင် ကြိုရေးထားတဲ့မိန့်ခွန်းတွေကို ဖတ်၊ ဇာတ်တိုက်ထားတဲ့ လူထုရှေ့ထွက်ပွဲတွေနဲ့ သူ့ကိုယ်သူ "အားကောင်းမောင်းသန်နိုင်ငံရေးသမား" ပုံရိပ်ကို တည်ဆောက်လာခဲ့သူဖြစ်ပါတယ်။

    ဒါပေမဲ့ မကြာသေးခင် သီတင်းတပတ်တွေမှာတော့ ၀န်ကြီးချုပ် မိုဒီဟာ အိန္ဒိယလူငယ်အများစုရှိတဲ့ အင်စတာဂရမ်လို လူမှုကွန်ရက်ပေါ်မှာ ပေါ့ပေါ့ပါးပါးပြောဆိုဆက်ဆံတဲ့ဟန်ကို သုံးလာပါတယ်။

    အခုတော့ သူ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာပြတဲ့ရုပ်သံတိုတွေ၊ ''ရောင်းရင်းတို့'' လို့ လူငယ်တွေကို ခေါ်ပြီး ဆယ်ဖီရုပ်သံပုံစံ မိန့်ခွန်းပြောတာတွေ တင်လာတဲ့အကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်နိုင်ပါပြီ။

  9. မြန်မာထောပတ်သီးရဲ့အဓိကဝယ်လက် ထိုင်းက တင်သွင်းခွင့်ပိတ်လို့ ဈေးကွက်ပျောက်နိုင်

    ထိုင်းနိုင်ငံကို မြန်မာထောပတ်သီး တရားဝင်တင်ပို့ခွင့် မရဖြစ်နေပြီး နယ်စပ်လမ်း‌ကြောင်း တင်သွင်းခွင့်လည်း ပိတ်လိုက်တာ‌ကြောင့် ထိုင်း‌‌စျေးကွက် ပျောက်လာနိုင်တယ်လို့ မြန်မာထောပတ်သီးလုပ်ငန်းရှင်တချို့ဆီက သိရှိရပါတယ်။

    ထိုင်းက မြန်မာထောပတ်သီးရဲ့အကြီးဆုံးဝယ်လက်ဖြစ်လို့ တရားဝင်တင်ပို့ခွင့်ရရေးကြိုးပမ်းပေမဲ့ ထိုင်းဘက်က တုံ့ပြန်ချက်မရ ဖြစ်နေတယ်လို့ဆိုပါတယ်။

    ထိုင်းကို တရားဝင်ထောပတ်သီး ပို့ခွင့်ရဖို့ ပိုးမွှားအန္တရာယ်ဆန်းစစ်မှု(PRA)အဆင့် ပြီးမြောက်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် မြန်မာက ၂၀၂၀ ခုနှစ်ကတည်းက ကြိုးပမ်းနေပေမဲ့ အခုအချိန်ထိ PRA အဆင့် မပြီးသေးတဲ့အကြောင်းပြချက်ကြောင့် တရားဝင်တင်ပို့ခွင့် မရဖြစ်နေတာလို့ ဆိုပါတယ်။

    ''PRA အတွက် ဆွေးနွေးတဲ့အချိန်မှာ သူတို့ဘက်က ထိုင်းထောပတ်သီးရာသီနဲ့ မထပ်တဲ့ကာလမှာ တင်ပို့ဖို့ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဇန်နဝါရီကနေ ဧပြီအတွင်းဆို ထိုင်းမှာထောပတ်သီး ပြတ်လပ်ချိန်မို့ သူတို့ဘက်က လိုလိုလားလားရှိတယ်ဆိုပြီး PRA လုပ်ဖို့ သဘောတူပါတယ်။ ဒါပေမဲ့ အခုက ပို့မရသေးတာထက် သူတို့ဘက်က PRA ကိုအကြောင်းမပြန် ဖြစ်နေတာပါ'' လို့ ထောပတ်သီးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ထိုင်းဟာ မြန်မာထောပတ်သီးအတွက် အဓိကဈေးကွက်ဖြစ်ပြီး နှစ်စဥ် တန်ချိန် ၁ ‌သောင်းနဲ့ ၁ သောင်းခွဲ အနည်းဆုံး ပို့နိုင်ပါတယ်။

    မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)က ထိုင်းကို မြန်မာထောပတ်သီးရဲ့အဓိကဝယ်လက်အဖြစ် ဖော်ပြထားပြီး အနည်းဆုံး ထောပတ်သီးတင်ပို့မှု တန်ချိန် ၁၀,၀၀၀ ကျော် ရောက်နိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။

    ဒါပေမဲ့ အဲဒီလိုပို့ဆောင်တာအားလုံးက နယ်စပ်လမ်းကြောင်းတွေကနေ ပို့ခဲ့တာတွေဖြစ်ပါတယ်။

    မြန်မာဘက်က ၂၀၂၃ ခုနှစ်မှာ ထိုင်းဘက်ကို Technical Market Access Information (တင်သွင်းခွင့်ပြုဖို့ လိုအပ်တဲ့နည်းပညာဆိုင်ရာအချက်အလက်တွေ) ပေးပို့ခဲ့ပြီး PRA ဆက်လုပ်ဖို့ ညှိနှိုင်းခဲ့ပေမဲ့ ထိုင်းအမျိုးသားအပင်ကာကွယ်ရေးအဖွဲ့(NPPO) ဘက်က တုံ့ပြန်မှု မပေးသေးတာ ဖြစ်ပါတယ်။

    အခုနှစ် ၂၀၂၆ မေလမှာလည်း MAVO က ဘန်ကောက်သွားပြီး ထိုင်းစိုက်ပျိုးရေးအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရှိသေးဘူးလို့ ဆိုပါတယ်။

    “နယ်စပ်ကနေ ပို့ဖို့ကိုတောင် စိုက်ခင်း GAP လက်မှတ်၊ ထုတ်ပိုးရုံများ HACCP, GMP အကုန်တောင်းပါတယ်။ မဆီမဆိုင် ISO လက်မှတ်ပါ တောင်းတယ်။ Health certificate LPI၊ အစားအသောက်သယ်ယူခွင့်လက်မှတ် တောင်းတယ်။ အဲဒါလည်း ဒီဘက်က ပေးပါတယ်” လို့ ထောပတ်သီးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    မြန်မာထောပတ်သီးတွေကို အဓိကအားဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်နဲ့ ကယားပြည်နယ်တွေမှာ စိုက်ပျိုးကြပြီး နိုင်ငံတဝန်း ထောပတ်သီးစိုက်ဧက ၂၅,၀၀၀ ခန့် ရှိပါတယ်။

    အထူးသဖြင့် ပြည်ပတင်ပို့ဖို့ ထုတ်လုပ်တဲ့ ဟတ်စ်(Hass) နဲ့ ဘူကေးနီးယား(Buccaneer) မျိုးတွေကို ပြင်ဦးလွင်၊ ရွာငံ၊ ရပ်စောက်နဲ့ တောင်ကြီးတို့မှာ အဓိကစိုက်ပျိုးပါတယ်။

    ဒါကြောင့် ထိုင်းဈေးကွက်က တရားဝင်ပို့ဖို့ ခက်နေချိန် တရုတ်ဈေးကွက်ကို တရားဝင်ဝင်ရောက်ခွင့် GACC လည်း အချိန်မီမရခဲ့ရင် လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ထောပတ်သီးတန်ချိန် ၁၅,၀၀၀ ဝန်းကျင်အထိ ပြည်တွင်းမှာ သောင်တင်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

    နှစ်စဉ်တန်ချိန်ထောင်နဲ့ချီ ဝယ်ယူနေတဲ့အဓိကဈေးကွက် ထိုင်းကို တရားဝင် ဝင်ခွင့်မရသေးသလို နယ်စပ်ကလည်း ပိုတင်းကျပ်လာတာကြောင့် မြန်မာထောပတ်သီးတောင်သူတွေအတွက် ဈေးကွက်နဲ့ ဝင်ငွေထိခိုက်မှု ကြီးမားလာနိုင်တဲ့အခြေအနေဖြစ်လာနေပါတယ်။

  10. ၂၀၂၈ မှာ အာကာသထဲ မြန်မာယာဉ်မှူးစေလွှတ်မယ် - ဒေါက်တာခိုင်ခိုင်စိုး (သမ္မတရုံးပြောခွင့်ရ)

    အသွင်ပြောင်းအစိုးရသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ အာကာသနဲ့ဂြိုဟ်တုနည်းပညာ ပူးပေါင်းရေးတွေကို ဆွေးနွေးခဲ့ပြီး လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူး ကို အာကာသယာဉ်နဲ့ စေလွှတ်နိုင်ဖို့ လုပ်မယ်လို့ သမ္မတရုံးပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ပြောလာပါတယ်။

    သူ့အပြောအရ ရုရှားနဲ့နေပြည်တော် ကြားမှာ အာကာသဂြိုဟ်တုနည်းပညာနဲ့ပတ်သက်လို့ နှစ်နိုင်ငံသဘောတူညီစာချုပ် (MOU) ရေးထိုးခဲ့တာ ၄ ခုရှိပြီး အဲဒီထဲ မြန်မာအာကာသယာဉ်မှူး စေလွှတ်ရေးက အရေးကြီးဆုံးအချက်လို့ ခရီးစဉ်အပြီး မီဒီယာနဲ့တွေ့ဆုံချိန်မှာ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

    ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့၊ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့ အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့ဆိုတာတွေကို MOU ရေးထိုးခဲ့တာလို့ဆိုပါတယ်။

    ဒီနှစ် ဖေဖော်ဝါရီလတုန်းက ရုရှားအာကာသအေဂျင်စီ Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ပူးပေါင်းပြီး ရုရှားဘက်က မြန်မာအာကာသယာဉ်မှူးတွေကို ရွေးချယ်ရေးနဲ့ လေ့ကျင့်ပေးရေးမှာ ကူညီပေးထားတယ်လို့ Roscosmos က ထုတ်ပြောခဲ့ပါတယ်။

    အခုရုရှားခရီးစဉ်မှာလည်း Roscosmos ရုရှား နိုင်ငံပိုင်ကော်ပိုရေးရှင်းရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov က ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အာကာသကဏ္ဍပူးပေါင်း ဆောင်ရွက်တာတွေကို ဆက်မြှင့်တင်မယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

    အမည်မသုံးစေလိုတဲ့ မြန်မာဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာပညာရှင်တစ်ဦးကတော့ ရုရှားက သူ့ရဲ့ အာကာသခရီးသွားလုပ်ငန်းကို ဆက်ထိန်းနိုင်ဖို့ မိတ်ဖက်နိုင်ငံတွေ ရှာနေချိန်မှာ မြန်မာက မိတ်ဖက်ဖြစ်လာတာလို့ ဘီဘီစီကို ပြောထားပါတယ်။

    သမ္မတရာထူးယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးရုရှားခရီးစဉ်မှာ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ အာကာသနဲ့ နည်းပညာ၊ သိပ္ပံနဲ့နည်းပညာအပါအဝင် စွမ်းအင်စတဲ့ကဏ္ဍတွေကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံသဘောတူညီစာချုပ် (G to G) အဆင့် MOU ၁၂ ခု ရေးထိုးခဲ့ကြောင်း သိရပါတယ်။

    နေပြည်တော်က အာကာသနည်းပညာနဲ့ပတ်သက်လို့ ပြောနေပေမဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ ကြက်ဥကစလို့ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုလို စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းပေးသင့်ကြောင်း ဝေဖန်မှုတွေလည်းရှိနေပါတယ်။

  11. ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား

    ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့နောက် သူ့မိတ်ဆွေတွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်ကို မပျက်မကွက် သွားလည်ခဲ့ပါတယ်။

    သူ့ရဲ့တရား၀င်မှုအတွက် ကရင်မလင်နဲ့ မင့်စ်မှာ ပူတင်၊ လူကာရှန်ကိုတို့နဲ့အတူ ဖက်လှဲတကင်းဖြစ်နေတာကို ဦးမင်းအောင်လှိုင်က နိုင်ငံတကာကို ပြချင်ခဲ့တာပါ။

    ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ဒီနှစ်နိုင်ငံက မြန်မာကို လက်နက်တင်ပို့တဲ့ထိပ်တန်းသုံးနိုင်ငံစာရင်းမှာပါနေတယ်လို့ ရုရှားနဲ့ ဘယ်လာရုစ်ကို ခရီးစဥ်ကို လိုက်ပါဖူးတဲ့ စစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

    "လက်နက်အရောင်းအဝယ်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရီးစဥ်တိုင်းမှာတော့ မပါမဖြစ်ပါ" လို့ သူက ပြောပါတယ်။

    စျေးအပြိုင်ရောင်းတဲ့နိုင်ငံ့ခေါင်းဆောင်တွေအကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  12. သောင်ရင်းနဲ့ စစ်တောင်းမြစ် ရေဆက်တိုးနိုင်လို့ မြဝတီနဲ့ မဒေါက်မြို့တွေကို သတိပေး

    သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနိုင်လို့ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊မြဝတီမြို့ဘက်ခြမ်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ရေဘေးလွတ်ရာရှောင်ရှားဖို့ မိုးဇလက ဒီကနေ့မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါတယ်။

    မြဝတီမြို့နယ်မှာ သောင်ရင်းမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၂ လက်မခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    မြဝတီမြို့က နှစ်စဥ်ရေဘေးအဆိုးဆုံးကြုံရတဲ့မြို့ဖြစ်လို့ မြို့ခံတွေကလည်းပိုသတိထားစောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။ “မနေ့က ရေတော့ပြန်ကျသွားတယ်။

    ဒါပေမဲ့ ကယ်ဆယ်ရေးစခန်းမှာတော့ လူတွေကျန်နေတုန်းပဲ။ ကျွန်တော်တို့လည်းအခြေအနေစောင့်ကြည့်နေပါတယ်” လို့ မြဝတီမှာလူမှုကူညီရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။

    ဒါအပြင် စစ်တောင်းမြစ်ရေကလည်း အလားတူအခြေအနေဆက်ရှိနိုင်လို့ ပဲခူး၊မဒေါက်မြို့က မြေနိမ့်ပိုင်းနေသူတွေနဲ့ ကမ်းနားနေသူတွေကို ရေလွတ်ရာရှောင်နိုင်ရေးပြောထားပါတယ်။

    မိုးဇလရဲ့ ဒီနေ့ သြဂုတ် ၂၄ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၂ ပေ ၁၁ လက်မခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့်မြင့်တက်လာနိုင်ကြောင်း ပြောပါတယ်။

    “အခုလည်းစိုးရိမ်ရေအမှတ်ရောက်တယ် ဆိုပေမဲ့ ကျွန်တော်တို့ဘက်မှာတော့ ပုံမှန်ရေအခြေအနေပါပဲ။ ဒေသခံတွေမှာက ရေဘေးသီးသန့် ရှောင်တာ မရှိပါဘူး” လို့ မဒေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

    သြဂုတ်လအတွင်း မြစ်ရေတွေတိုးကာ စစ်ကိုင်းနဲ့ဧရာဝတီတိုင်းတို့က မြို့နယ်အများစုမှာ ရေဘေးကြုံခဲ့ရပြီး လူသေဆုံးမှုတချို့ရှိခဲ့ပါတယ်။ အထူးသဖြင့် ငဝန်တာကျိုးခဲ့ပြီးနောက် ဧရာဝတီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ ကျုံပျော်တို့မှာ ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်နေရပါတယ်။

  13. မင်္ဂလာပါ။ ဩဂုတ် ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။