သြဂုတ်လ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်မှာတွေ့တဲ့ရုပ်အလောင်း ၂၅ လောင်းကို KIA တပ်မဟာ ၉ က ကော်မတီဖွဲ့ စုံစမ်းမယ့်သတင်းအပါအဝင် သြဂုတ် ၂၅ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းများတိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
သြဂုတ်လ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်၀မ်းလေး ကျေးရွာမှာ တွေ့ခဲ့တဲ့ ရုပ်အလောင်း ၂၅ လောင်းကိစ္စကို ကချင်လွတ်လပ်ရေးတပ် (KIA) တပ်မဟာ ၉ က ကော်မတီဖွဲ့ စုံစမ်းဖို့ရှိတဲ့အကြောင်း KIA ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA နဲ့ စစ်တပ်တို့ ပြီးခဲ့တဲ့နှစ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ဘေးရှောင်တွေ ပြန်နေထိုင်ခွင့်ပြုရာကနေ သြဂုတ်လ ၂၄ ရက်မှာ မြေမြှုပ်ထားတဲ့အလောင်းတွေကို တွေ့ခဲ့ရတာပါ။
ဖားကန့်မြို့နယ်ထဲက မှော်၀မ်းလေးကျေးရွာဟာ ဥရုတိုင်းလို့ခေါ်တဲ့ KIA တပ်မဟာ ၉ နယ်မြေထဲမှာ ရှိတာကြောင့် ဒီအလောင်းတွေ တွေ့ရှိတာကို တပ်မဟာဘက်က ကော်မတီဖွဲ့စုံစမ်းမယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
‘‘စစ်ရှောင်တွေကို အိမ်ပြန်လို့ရပြီလို့ ပြန်ခိုင်းတော့ သန့်ရှင်းရေးလုပ်ကြရင်း အလောင်းတွေကို ပြန်တွေ့တာပါ။ ၂၅ လောင်းပေါ့။ အောက်ခြေသတင်းအရတော့ ဒေသခံတွေက မနှစ်တုန်းက တိုက်ပွဲပြင်းထန်ချိန် စစ်တပ်က သတ်ခဲ့တဲ့ အရပ်သားတွေလို့ ကနဦး ယူဆထားပါတယ်။ တိုက်ပွဲဖြစ်ချိန်တုန်းက ပျောက်ဆုံးနေတဲ့အရပ်သားတွေလည်း ရှိခဲ့တာကိုး’’ လို့ သူက ပြောပါတယ်။
ရုပ်အလောင်းအချို့မှာတွေ့ရှိရတဲ့အသုံးအဆောင်နဲ့ ပစ္စည်းတွေကိုကြည့်ပြီး သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ကနဦးယူဆထားတယ်လို့လည်း သိရှိရတဲ့အကြောင်း သူက ပြောပါတယ်။
ဒေသခံတွေ ပြန်လည်နေထိုင်နေတဲ့ မှော်၀မ်းလေး၊ မှော်၀မ်းကြီး၊ တောင်ပြိုစတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက စစ်တပ် စစ်ကြောင်းထိုးလို့ KIA နဲ့ စစ်တပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။
အခု ရုပ်အလောင်းတွေ တွေ့ရှိမှုမှာ စစ်တပ်က သတ်ခဲ့တယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးသလို စစ်တပ်နဲ့ နေပြည်တော်ဘက်ကတော့ ဖားကန့် မြို့နယ် မှော်ဝမ်းလေးမှာ ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိမှုကို ဒီကနေ့ညပိုင်းအထိ သတင်းထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဂျေဆင်တစ်ယောက် ''အချိုရည်ဗူး'' လောက် မဖြစ်ချင်ခဲ့ပါဘူး။ ဒီအသုံးက အမျိုးသားတွေ လိင်ကြီးဆေးထိုးလွန်းလို့ ကြီးလာတဲ့အရွယ်ကို ပြောင်ပြီး ခေါ်တဲ့နာမည်ပါ။
''တချို့လူတွေဆိုရင် တကယ့်အလွန်အကျွံကို ဆေးတွေ ထိုးကြတာ'' လို့ ဂျေဆင်က မန်ချက်စတာမြို့မှာ ကျွန်တော်တို့ဆုံတော့ ပြောပြပါတယ်။
သူလည်း ဆေးထိုးထားပါတယ်။ ၁၆ ရာခိုင်နှုန်းလောက် လုံးပတ်ပိုကြီးလာအောင် ထိုးထားတာဖြစ်ပြီး ဒီအရွယ်ဟာ သူရော၊ သူ့ လက်တွဲဖော်အတွက်ပါ အဆင်ပြေတဲ့အနေအထားလို့ သူက ပြောပါတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု တိုးလာတယ်လို့ ပြောပါတယ်။
ဂျေဆင်ကတော့ အခုအထိ ''အားလုံးပုံမှန်အတိုင်းပဲ'' အလုပ်လုပ်ပါတယ်လို့ ရှင်းပြပြီး ''နည်းနည်း ပိုထွားသွားတာတော့ရှိတယ်'' လို့လည်း ဆိုပါတယ်။
ဂျေဆင်လိုမျိုးပဲ ကြီးဆေးထိုးကြတဲ့အမျိုးသား ဘယ်လောက်အထိ များနေလဲဆိုတာ စာရင်းဇယား မရှိပါဘူး။ ဒါမျိုးက အမျိုးသမီးတွေကြား သိပ်အကြိုက်များနေတဲ့ နှုတ်ခမ်းထူထူ စူစူလေးဖြစ်ဖို့ ဆေးထိုးထားမျိုးလို မြင်သာတဲ့ကိစ္စတစ်ခုလည်း ဟုတ်မနေပါဘူး။
လုပ်ထုံးလုပ်နည်းအရ စည်းကမ်းချထားတာလည်း နည်းပါးလို့ ဘယ်သူမဆို ဒီလိုဆေးမျိုးထိုးပေးနိုင်တဲ့အတွက် ဘယ်သူက ဘယ်နှယောက်ကို ထိုးပေးထားတယ်ဆိုတာမျိုး တရား၀င် မှတ်တမ်းမှတ်ရာလည်း မရှိပါဘူး။
ဒါပေမဲ့ တချို့အမျိုးသားတွေဟာ ဆေးထိုးအပြီးမှာ လိင်တံညိုမည်းလာတာ၊ အရေပြားတွေလန်ကုန်တာမျိုးဖြစ်လို့ အရေးပေါ်ဌာနကို ရောက်သွားရတဲ့ဖြစ်စဉ်အချို့လည်း ရှိပါတယ်။ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဗြိတိသျှခွဲစိတ်ကုဆရာ၀န်များအသင်းကတော့ အမျိုးသားတွေ ဒီလိုဆေးထိုးတာကို သတိပေးချက် ထုတ်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာမှာ မြစ်ရေတိုက်စားပြီးဂန်းချောင်းရေတာဘောင်ကိုထိန်းထားတဲ့ တမံဘောင်တစ်လျှောက် ပေ ၁၀၀ ကျော်မြေသားပဲ့ကျမှုတွေဖြစ်လာလို့ အတွင်းပိုင်းမှာ တာဘောင်တစ်ခုထပ်လုပ်ပြီးပြင်ဆင်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
လူတစ်ထောင်နီးပါးအင်အားနဲ့ ပြုပြင်နေပြီး ဒေသခံတွေကတော့ တာဘောင်ပဲ့ကျတာဟာ ဒီနေ့ သြဂုတ်လ ၂၅ ရက် မနက် ၄ နာရီ၀န်းကျင်ခန့်မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။
မီးသတ်ဌာနကတော့ ဧရာ၀တီမြစ်ခွဲရဲ့ တာမိုင် ၁၁ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ တာအိပဲ့ကျမှုဖြစ်လို့ ရေမ၀င်အောင် မအူပင်ခရိုင်မီးသတ်နဲ့ ညောင်တုန်းမြို့နယ်မီးသတ်တို့လည်း ၀ါးကတုတ်ရိုက်တာ၊ သဲဖို့၊ သဲအိတ်စီတာတွေ လုပ်နေတယ်လို့ သတင်းထုတ်ပါတယ်။
လက်ရှိမှာ ပဲ့ကျခဲ့တဲ့တာဘောင်အတွင်းပိုင်းကနေ ၀ါးတမံတုပ်တာနဲ့ မြေအိတ်သဲအိတ်ဖို့တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
‘‘အတွင်းပိုင်းကနေ ပြန်လုပ်တာပေါ့။ စိုက်ထားတဲ့ကွမ်းခြံအချို့လည်း အတွင်းပိုင်းကနေ တာတုတ်တဲ့အထဲ ပါသွားတယ်။ မအူပင်က ကျေးရွာတွေဘက်က လူတွေလည်း လာပြီး ကူညီနေကြတယ်’’ လို့ ရွာခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြစ်ရေကျချိန်ဖြစ်လို့ တာကျိုးမယ့်အခြေအနေ စိုးရိမ်စရာ မဟုတ်ပေမဲ့ ရေတက်လာတဲ့အခါ တာကျိုးနိုင်ခြေရှိမှာဖြစ်လို့ အတွင်းတာဖို့တာ အမြန်ပြီးဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်ပထမပတ်နဲ့ ဒုတိယပတ်အတွင်းက ငဝန်မြစ်ရေကာတာရဲ့ အတွင်းတာဘောင်ကျိုးပေါက်လို့ ဧရာဝတီတိုင်းထဲက လေးမျက်နှာတစ်မြို့လုံး အဆိုးဆုံးရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး လူဦးရေ ၂ သောင်းကျော် ရေဘေးသင့်ခဲ့ပါတယ်။
စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ကြံ့ခိုင်ရေးပါတီ(USDP)ညီလာခံမှာ ပြန်အရွေးခံဖို့ နေပြည်တော်မှာ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတချို့ စာရင်းပေးထားတယ်လို့ ပါတီသတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ တက်လာတဲ့ ဗဟိုကော်မတီဝင်တွေအဖြစ် အရင်ရွေးချယ်ခံကြမှာဖြစ်ပြီးဗဟိုအလုပ်အမှုဆောင်တွေအဖြစ် ညီလာခံမှာ ဆက်လက်ရွေးချယ်ခံကြမှာဖြစ်ပါတယ်။
“နေပြည်တော်မှာ ဦးမြတ်ဟိန်းက လွဲလို့ ကျန်တဲ့သူတွေအကုန် စာရင်းပေးထားတယ်” လို့ USDP ပါတီရဲ့ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
နေပြည်တော်က ပြိုင်တဲ့အမတ်တွေဖြစ်တဲ့ လက်ရှိပါတီဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးတို့ လည်း စာရင်းပေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သမ္မတရုံးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးမင်းအောင်လှိုင်နဲ့ စစ်တက္ကသိုလ်အပတ်စဥ်တူတဲ့ လက်ရှိသာသနာရေးဝန်ကြီး ဦးတင်ဦးလွင် တို့လည်း ပြိုင်ကြမှာပါ။
အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက လက်ရှိပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ကျန်းမာရေးကြောင့် ပါတီကနေ ခွင့်ရက်ရှည်ယူတတ်သူတစ်ဦးဖြစ်ပါတယ်။
စတုတ္တအကြိမ် ကြံ့ခိုင်ရေးညီလာခံကျင်းပနိုင်ရေး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၄ နဲ့ ၁၅ ရက်တွေမှာလုပ်ဖို့လျာထားပြီး ညီလာခံကိုတော့ ၁၇ ရက် နဲ့ ၁၈ ရက်မှာ ကျင်းပနိုင်ရေး လျာထားတယ်လို့ သိရပါတယ်။
ငွေကျပ် သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှုနဲ့ တိုင်ကြားခံထားရမှုကို စာရင်းဇယားနဲ့ဖြေရှင်းသွားမယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ၂ ဦးကို ငွေကျပ် သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးစားမှုနဲ့ NUG လက်အောက် တပ်ရင်း ၄ ခု က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်ဆိုတဲ့အပေါ် ဘီဘီစီက ဆက်သွယ်မေးမြန်းချက်ကို ပအဖအဖွဲ့ဝင် က အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။
''တိုင်ထားချက်ကတော့ စစ်ဖက်၊အရပ်ဖက်လုပ်ငန်းတွေမှာ သုံးထားတာတွေကို စာရင်းဇယားရချင်လို့ တိုင်တယ်လို့သိရပါတယ်။ ဆိုင်ရာဝန်ကြီးဌာနတွေ ခရိုင်ညှိကွပ်တွေနဲ့ ဖြေရှင်းဆောင်ရွက်နေပါတယ်'' လို့ ပအဖအဖွဲ့ဝင်က ဘီဘီစီကိုဖြေပါတယ်။
ဒါအပြင် တိုင်ကြားခံရသူတွေအနေနဲ့ လက်ရှိအချိန်မှာ သူတို့ရဲ့ မြို့နယ် ပအဖ၊ ပကဖ တာဝန်တွေကိုဆက်လက်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
ထွက်ပေါ်လာတဲ့ အချက်အလက်တွေနဲ့ DVB သတင်းမှာဖော်ပြချက်အရ မင်းကင်းမြို့နယ် ပကဖတာဝန်ခံ ကိုညိုလွင်နဲ့ ပအဖတာဝန်ခံ ကိုဝင်းမင်းစိုးတို့ဟာ ၂၀၂၄-၂၅ အတွင်း ရွှေမျောလုပ်ငန်းရှင်တွေဆီက ကောက်ခံငွေ ကျပ်သိန်း ၆၅,၀၀၀ ကျော်နဲ့ ဂိတ်ဖြတ်သန်းခွန် ကျပ်သိန်း ၅,၀၀၀ ကျော်ကို ချေးယူသုံးစွဲခဲ့တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်မှာ ပအဖအခွန်ငွေ ကျပ်သိန်း ၂၀,၀၀၀ ကျော်နဲ့ လောင်းပြည့်ရွှေမျောလုပ်ငန်းရှင်ထံက စစ်အောင်နိုင်ရေးရန်ပုံငွေ ကျပ်သိန်း ၄၀,၀၀၀ ကျော် သုံးစွဲထားတယ်လို့ ပြောဆိုချက်လည်း ထွက်လာပါတယ်။
အလားတူ ၂၀၂၄ ဧပြီကနေ ၂၀၂၅ ဇွန်လဝက်အထိ လောင်းပြည့်ရွှေမျောလုပ်ငန်းရှင်တွေဆီက အာဏာအလွဲသုံးစားပြုသိမ်းယူပြီး လုပ်ငန်းပိုင်ရှင်အဖြစ် ပြောင်းလဲလုပ်ကိုင်ကာ ကျပ်သိန်းသောင်းချီ ရရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
'' NUG အစိုးရရဲ့ ငွေကြေးဆိုရင်တော့ ရှိမှာပေါ့ဗျာ။ ကျွန်တော်တို့မြို့နယ်အနေနဲ့ ပအဖ၊ ပကဖ ၂ယောက်တည်းက အဲ့ဒီပမာဏထိ သုံးနိုင်တာလားဆိုတာတော့စဥ်းစားကြည့်ရင် ရပါတယ်'' လို့ ပအဖအဖွဲ့ဝင်က သူတို့အပေါ် စွပ်စွဲချက်တွေကို တုံ့ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ချင်း -ရခိုင်အစပ်က ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသား ၁ ဦး၊ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အေအေက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူ ၁၇ ဦးရှိပြီး အဲဒီထဲမှာ အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦး အထိပါဝင်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၂၄ ရက် မနက် ၁၁ နာရီ ကျော်က စစ်တပ်က ဂျက်တိုက်လေယာဥ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အေအေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရရှိထားလို့ စိုးရိမ်ရသူတွေထဲမှာ မူလတန်းကျောင်းသား/သူ ၆ ဦးအထိ ရှိနေလို့ သေဆုံးသူအရေအတွက် တိုးလာနိုင်တာကိုစိုးရိမ်ကြောင်း အေအေက ပြောထားပါတယ်။
စိမ်းညှင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာ ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားအပါအဝင် သေဆုံးထိခိုက်သူတွေရှိခဲ့တာလို့ သိရှိရပါတယ်။
သြဂုတ်လထဲမှာ ပလက်ဝနဲ့ ဆမီးမြို့တွေကို စစ်တပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရှိထားသလို မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း အေအေထိန်းချုပ်ထားတဲ့ မြို့တွေ အားလုံးကို အခုလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်သူတွေကပြောပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ဧပြီလအတွင်းမှာ ထုတ်ပြန်တဲ့ ပြည်ထောင်စုအင်္ဂါစဥ်ကို သြဂုတ်လမှာ အပြောင်းအလဲ လုပ်လိုက်ပြီး ရာထူးအဆင့် ၅၀ အထိ တိုးမြှင့်လိုက်ပါတယ်။
ဧပြီလ အင်္ဂါစဥ်မှာတုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့နောက်မှာရှိနေတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးက ရှေ့ကို ပြန်ရောက်သွားပါတယ်။
နံပါတ်၂၁ ကနေ နံပါတ် ၁၆ ကို ပြန်တက်သွားတာဖြစ်ပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရဲ့နောက်မှာ ညှိကွပ်ကို ထားထားတာတွေ့ရပါတယ်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်းရေ၊လေ)ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကိုကိုဦးက ပြီးခဲ့တဲ့လကမှ ဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်ခံထားရပါတယ်။
အစဥ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူး နှစ်ခုစလုံးကို ဒုချုပ်တစ်ဦးတည်းကပဲ ရယူထားခဲ့ကြပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ ခြွင်းချက်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်ကို တစ်လနီးပါး ယူခဲ့ပါတယ်။
လက်ရှိအင်္ဂါစဥ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆင့် ၆ မှာ ရှိနေပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၉ မှာ ရှိနေပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အဆင့် ၁၅ မှာရှိနေပြီး ရေချုပ်နဲ့ လေချုပ်က ၁၇ နဲ့ ၁၈ မှာပါ။
ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ အဆင့် ၂၆ မှာရှိနေပြီး တိုင်းမှူးတွေကတော့ ၃၄ မှာ ဖြစ်ပါတယ်။
လက်ရုံးတပ်လို့ခေါ်တဲ့ညွှန်ကြားရေးမှူးတွေကိုတော့ အင်္ဂါစဉ်မှာ အဆင့် ၅၀ မှာထားထားပါတယ်။
ထူးခြားမှုတစ်ခုကတော့ပြည်ထောင်စုအင်္ဂါစဥ်မှာဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးစိုးဝင်းရဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ပါမလာသေးတာဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတွေကို အင်္ဂါစဥ်ထဲမှာ အဆင့် ၂၀ မှာ ထည့်လိုက်ပြီး တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေထက် အဆင့်မြင့်တယ်လို့ သတ်မှတ်ထားပါတယ်။
လူငယ်တွေ နိုင်ငံခြားထွက်ခွာခွင့်နဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ရန်ကုန်လေဆိပ်အဝင် အထွက်တွေမှာ တာ၀န်ကျသူတွေက ပုံစံမျိုးစုံနဲ့ ငွေကြေးတောင်းခံတာတွေ ရှိလာတယ်လို့ ခရီးသွားတွေက ဆိုကြပါတယ်။
"ထိုင်း၊ မလေးရှားတို့မှာ လူငယ်လူကြီးမရွေး လွတ်လွတ်လပ်လပ်သွားလာခွင့်ရနေတဲ့အချိန်မှာ ကိုယ်တွေအတွက် ပိုက်ဆံပေးမှ ထွက်နိုင်မယ့်အခြေအနေဖြစ်တာကတော့ ရှက်ဖို့ စိတ်ပျက်ဖို့ ကောင်းတယ်" လို့ လူငယ်တစ်ဦးဖြစ်တဲ့ကိုဘုန်းကပြောပါတယ်။
ကိုဘုန်းအပါအဝင် မြန်မာနိုင်ငံသား ၈ ဦးရဲ့အတွေ့အကြုံကို ဘီဘီစီက မေးမြန်းတဲ့အခါမှာ ရန်ကုန်လေဆိပ်ကနေ ပြည်ပထွက်ခွာနိုင်ဖို့ အနည်းဆုံးမြန်မာငွေ ၁၀,၀၀၀ ကျပ်ကနေ သိန်း ၄၀ အထိ လေဆိပ်တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းတွေကို ပေးခဲ့ရတယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကာလအတွင်း အရင်ကလောက် ခရီးသည် မများတော့ပေမဲ့ အရေးပါနေဆဲဖြစ်တဲ့မြန်မာက ပင်မအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးမှာ ကြုံရနိုင်တဲ့အခြေအနေတွေကို ခရီးသည်တွေရဲ့စကားသံကနေတဆင့် သိနိုင်အောင် ဘီဘီစီက မေးမြန်းထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး၊ သူတို့ရဲ့ အခွင့်အရေးတွေ အပြည့်အဝ ပြန်လည်ရရှိရေးနဲ့ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး အတွက် ဆက်လက်ရပ်တည်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီကနေ့ ထုတ်ပြန်လာပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရွှေ့ပြောင်းရတာ ၉ နှစ်ပြည့်တဲ့ ဒီကနေ့ သြဂုတ် ၂၅ ရက်မှာ (SAC-M) က ပြောလာတာဖြစ်ပါတယ်။
“ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေဟာ ဘာကြောင့် ဆက်လက်ဖိနှိပ်ခံနေရသလဲ၊ အဲဒီလို ဖိနှိပ်မှုတွေကို ကျူးလွန်ခဲ့သူတွေ အရင်ကရော အခုရောဘာကြောင့် တာဝန်ခံမှုကနေ လွတ်မြောက်နေကြသလဲဆိုတာ ပြန်လည်သုံးသပ်ရပါမယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီ က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေဟာ ဒီကနေ့ တိုင် အပြစ်ပေးခံရခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့သူကဆိုပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတာကိုလည်းထည့်ပြောထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား အပြည့်အဝ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာနဲ့အမျှ ရိုဟင်ဂျာတွေလည်း ထပ်ပြီး အလွန်အမင်း အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ ဘူးသီးတောင်မြို့နယ်အတွင်း အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် အနည်းဆုံး ၁၇၀ ဦး သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ တိုးပွားလာနေပါတယ်။
အဲဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အာရက္ခတပ်တော် (AA) က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပြီး AA ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဒီလိုအခြေအနေတွေကို လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့နဲ့ စွပ်စွဲခံရသူတွေကို တရားမျှတမှုရှေ့မှောက် ရောက်ရှိစေရေး နိုင်ငံတကာက ကြိုးပမ်းဖို့ လိုအပ်တယ်လို့ SAC-M က ပြောပါတယ်။
၂၀၂၄ ခုနှစ်ကတည်းက ရိုဟင်ဂျာ ၁၅၀,၀၀၀ ကျော် မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာအများအပြားဟာလည်း အခြားနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ခိုလှုံခွင့်ရနိုင်ဖို့ သူတို့ရဲ့ အသက်ကို ရင်းပြီး အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်သန်းဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူးလို့ ခံစားနေကြရပါတယ်။
ဇွန်လကုန်ပိုင်းမှာလည်း မြန်မာကမ်းရိုးတန်းအနီး လူအများအပြား တင်ဆောင်ထားတဲ့ လှေ ၂ စင်း ပျောက်ဆုံးသွားပြီး ရိုဟင်ဂျာ ခိုလှုံခွင့်တောင်းခံသူ ၅၀၀ ကျော် ရေနစ်သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။
“မြန်မာနိုင်ငံဟာ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတဲ့ ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွင်း ကျရောက်နေပါတယ်” လို့ SAC-M အဖွဲ့ဝင် မာဇူကီ ဒါရုစ်မန် က ပြောပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲ ပြန်လည်ပို့ဆောင်ဖို့ ကြိုးပမ်းတာဟာ တာဝန်မဲ့ပြီး အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင်လကုန်ပိုင်းက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က မလေးရှားရောက် ရိုဟင်ဂျာ ၅,၀၀၀ ကို မြန်မာဘက်က ရေကြောင်းကနေ ပြန်လက်ခံရန် သဘောတူထားကြောင်း ပြောကြားချက်ထွက်ထားပါတယ်။ ဒီအပေါ် ကန့်ကွက်ချက်တွေရှိနေတာဖြစ်ပါတယ်။
“ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအနေနဲ့ ပိုမိုပြီး မဖြစ်နိုင်တဲ့ ရွေးချယ်စရာတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်ဆက်နေမယ်ဆိုရင် အသက်အန္တရာယ်ကို ရင်ဆိုင်ရပြီး ထွက်ပြေးမယ်ဆိုရင်လည်း အသက်အန္တရာယ်ကို ရင်ဆိုင်ရတာပါ” လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျယ်ပြန့်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်း အတွက်လည်း အခြေအနေဟာ ပိုမိုဆိုးရွားလာနေပြီး အလုပ်လုပ်ခွင့်မရှိသလို ပညာရေးရရှိနိုင်မှုအကန့်အသတ်နဲ့ အတူ နိုင်ငံတကာအကူအညီတွေ လျှော့ချခံထားရတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တင်သွင်းထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ) မှာ ကြားနာခဲ့ပါတယ်။ ICJ ဟာ ဒီနှစ်နှောင်းပိုင်းမှာ အပြီးသတ်ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ “ရိုဟင်ဂျာတွေအတွက် ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမှာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပွားတဲ့နေရာတိုင်းမှာ အဲဒီလို ကျူးလွန်မှုတွေကို တားဆီးပြီး အပြစ်ပေးနိုင်ရေးအတွက်လည်း အလွန်ကျယ်ပြန့်တဲ့ သက်ရောက်မှုရှိလာနိုင်ပါတယ်” လို့ SAC-M အဖွဲ့ဝင် ခရစ် စီဒိုတီ က ပြောပါတယ်။
“ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိအောင် ဒီအခွင့်အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမိအရ အသုံးချရပါမယ်” လို့ သူက ပြောပါတယ်။
တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော်ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေက မှားယွင်းနေကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်မှာထုတ်ပြန်ထားပါတယ်။
ဒီအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် တိုဖစ်-အူရ်-ရာဟ်မန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးကိုခေါ် ယူတွေ့ဆုံထားပြီး ရိုဟင်ဂျာလူဦးရေနဲ့ ပတ်သက်လို့ နေပြည်တော်ရဲ့ အချက်အလက်က မှားယွင်းနေပြီး ကုလသမဂ္ဂမှာ မှတ်တမ်းတင်ထားတာကသာ မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကတုံ့ပြန်ထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကတော့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေနဲ့ ဖိနှိပ်ညှဉ်းပန်းတွေက လွတ်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁၈ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိစာရင်း ဖြစ်ပါတယ်။
အနောက်တောင် မုတ်သုံလေကြောင့် လာမယ့်ရက်တွေအတွင်း မြန်မာ၊ ထိုင်း၊ လာအိုတို့မှာ လေပြင်းတိုက်တာနဲ့ မိုးသည်းတာ ဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာမိုးလေ၀ဌာနတွေက ခန့်မှန်းလိုက်ပါတယ်။
ဒီမိုးလေ၀ဖြစ်စဉ်ကြောင့် မြန်မာမှာဆိုရင် ရေကြီးနေတဲ့ဧရာ၀တီမှာ မိုးသည်းနိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဧရာ၀တီနဲ့ ကရင်အပါအ၀င် မြန်မာနိုင်ငံအောက်ပိုင်းက ရေကြီးမှုတွေကြောင့် လူပေါင်း ၆၅,၀၀၀ ခွဲကျော်ရေဘေးသင့်နေတယ်လို့ ဒီအခြေအနေကို စောင့်ကြည့်တဲ့ကုလ UNOCHA အဖွဲ့အောက်က Reliefweb က သြဂုတ်လ ၂၄ ရက်မှာ စာရင်းပြုစုပါတယ်။
လာမယ့်ရက်တွေအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အနောက်တောင် မုတ်သုံလေအားကောင်းနိုင်တာကြောင့် မြန်မာ၊ ထိုင်းနဲ့ လာအိုတို့မှာ မိုးသည်းနိုင်ခြေရှိတယ်လို့လည်း သက်ဆိုင်ရာမိုးလေ၀သဌာနတွေရဲ့ခန့်မှန်းချက်တွေကို စုစည်းပြီး အဲဒီအဖွဲ့က ပြောပါတယ်။
မြန်မာမှာတော့ ဒီရက်ပိုင်းအတွင်း ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေတက်လာလို့ လူပေါင်း ၄၀၀ ကျော် ရေဘေး ထပ်ရှောင်နေရတယ်လို့ဆိုပြီး အချက်အလက်တွေကို ဆက်လက်ပြုစုနေတုန်းဖြစ်လို့ ကရင်နဲ့ ဧရာ၀တီတို့က ရေဘေးသင့်သူ အခြေအနေ တိုးလာနိုင်ခြေရှိနေပါတယ်။
ဧရာ၀တီတိုင်းထဲမှာတော့ င၀န်မြစ်ရေကို ကာထားတဲ့တာဟာ လေးမျက်နှာမြို့မှာ ဇူလိုင်လကုန်ပိုင်းမှာ ကျိုးခဲ့ပြီးတဲ့နောက် အဲဒီတာကျိုးရာကနေ ၀င်တဲ့ရေတွေနဲ့ မိုးရေတွေဟာ အောက်ပိုင်းမှာရှိတဲ့ ရေကြည်နဲ့ ငါးသိုင်းချောင်းတို့အထိ ရောက်ပြီး ရေကြီးနေပါတယ်။
လက်ရှိမှာ ကျုံပျော်မြို့မှာလည်း ရေကြီးနေပါတယ်။
အခုမုတ်သုံရာသီ မိုးသည်းရေကြီးမှုတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြန်မာမှာ လူ ၂ ဦး၊ ထိုင်းမြောက်ပိုင်းမှာ လူ ၃ ဦး၊ လာအိုမှာ ၆ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။