ရခိုင်၊ ပေါက်တောက ငပြီကျွန်းပေါ် စစ်တပ် ကမ်းကပ်လာတယ်လို့ဆို
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းပေါ်ကို စစ်တပ်က ဒီနေ့ အောက်တိုဘာ ၉ ရက်မှာ ကမ်းကပ်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
ငပြီကျွန်းပေါ် တက်လာတဲ့ မြန်မာစစ်တပ်ရဲ့ ကွန်မန်ဒိုစစ်ကြောင်းတွေနဲ့ အေအေတပ်တို့ကြား ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်တပ်က ကမ်းပေါ်တက်ပြီးနောက် ငပြီကျွန်းကိုသိမ်းနိုင်ရေး အတွက်ဆက်ပြီးတိုက်ခိုက်နေတယ်လို့ ရေးသားဖော်ပြနေကြတာတွေ့ရပါတယ်။
အလားတူ ကျွန်းအနီးတဝိုက်မှာလည်း အေအေတပ်တွေရှိတယ်လို့ ယူဆရတဲ့နေရာတွေကို တိုက်လေယာဉ် ၃ စင်းထက်မနည်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူကဆက်ပြောပါတယ်။
ငပြီကျွန်းတည်ရှိတဲ့ ပေါက်တောမြို့နယ်ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေရဲ့ မြစ်တစ်ဖက်ကမ်းမှာပဲ တည်ရှိတာကြောင့် စစ်တွေကနေ စစ်ရေးနယ်မြေတွေချဲ့ဖို့အတွက် ပေါက်တောက အနီးစပ်ဆုံး စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ သူက ထည့်ပြောပါတယ်။
ငပြီကျွန်းဘက်ကို စစ်တပ်က အောက်တိုဘာ ၇ ရက် မနက်ပိုင်းကစပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်တွေမြို့ကနေ ထွက်လာတဲ့ ရေတပ်စစ်သင်္ဘောတွေက ငပြီကျွန်းကို ကမ်းကပ်ဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
အေအေတပ်ဖွဲ့ကလည်း စစ်တပ်ရဲ့ စစ်ကြောင်းတွေ ကမ်းပေါ်မတက်နိုင်အောင် ပစ်ခတ်ဟန့်တားတာတွေလုပ်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းပစ်ကူအားနဲ့ ကမ်းတက်ထိုးစစ်ကို ပေါက်အောင်ထိုးနိုင်ခဲ့တာလို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
မြန်မာစစ်တပ်ကတော့ ငပြီကျွန်းက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့အောက်တိုဘာ ၉ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။