တိုက်ရိုက်ထုတ်လွှင့်မှု, အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ ဖုန်းယူဆောင်ခွင့်ပိတ်၊ ဆရာ၊ ဆရာမတွေစာသင်ချိန် ဖုန်းမသုံးရ တားမြစ်မှု စတင်

အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ ဖုန်းယူဆောင်ခွင့်ပိတ်၊ ဆရာမတွေစာသင်ချိန် ဖုန်းမသုံးရတားမြစ်မှု စတင်ညွှန်ကြားလာတဲ့ သတင်းအပါအဝင် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • (SRA) ရဲ့ ညီလာခံကို SCEF နဲ့ AA တက်၊ ဦးဆောင်ကော်မတီအတွက် အတွင်းရေးမှူးအဖွဲ့ ဖွဲ့နိုင်ခဲ့တယ်လို့ SRA ပြော
  • မြန်မာက လူဦးရေ ၃၇ သန်းကျော်ဟာ ဆင်းရဲနွမ်းပါးနေသူတွေ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှုထဲကျရောက်နိုင်ခြေရှိနေပြီလို့ ကုလပြော
  • စစ်တပ်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တို့ တကျော့ပြန် တိုက်ပွဲပြင်းထန်
  • ရုရှားကို အလုပ်လုပ်ဖို့ စေလွှတ်လိုက်တဲ့ မြန်မာလုပ်သား ၂၀ ဝန်းကျင်ဟာ ရုရှားရဲ့ စစ်သားစုဆောင်းရေးတပ်ထဲကို ပို့ဆောင်ခံလိုက်ရတယ်လို့ဆို
  • မြန်မာလုပ်သားထောင်ဂဏန်းအလုပ်လုပ်တဲ့ ထိုင်း၊ စမွတ်စခွန် မဟာချိုင်က မုန့်စက်ရုံမီးလောင်
  • အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ မိုဘိုင်းဖုန်း ယူဆောင်ခွင့်မပြု၊ ဆရာ၊ ဆရာမတွေ စာသင်ချိန်အတွင်း စာသင်ခန်းထဲ ဖုန်းယူဆောင်ဝင်ခွင့်မပြုဖို့ ညွှန်ကြားစာထွက်လာပါတယ်။
  • ရန်ကုန်တိုင်းအတွင်းက ခရိုင် ၁၀ ခုမှာ ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၇၈၂ လုံးကို အရေးယူဆောင်ရွက်ထားတယ်လို့ ရန်ကုန်စည်ပင်ဝန်ကြီးပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. SRA ညီလာခံကို SCEF နဲ့ AA တက်ရောက်

    SRA ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲအခမ်းအနားတစ်ခု (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, SRA ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲအခမ်းအနားတစ်ခု (ပုံဟောင်း)

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ရဲ့ ညီလာခံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စား အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်တယ်လို့ SRA က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    ညီလာခံအတွင်း SRA ရဲ့ လုပ်ငန်းစဉ်တွေ ပိုထိရောက်မြန်ဆန်ဖို့နဲ့ စီမံခန့်ခွဲမှု အားကောင်းစေဖို့ SRA ရဲ့ ဦးဆောင်ကော်မတီအတွက် အတွင်း‌ရေးမှူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တယ်လို့ SRA က ပြောပါတယ်။

    အဲဒီအဖွဲ့မှာ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂) တို့ပါဝင်ပြီး အထွေထွေအတွင်းရေးမှူးရာထူးကိုတော့ ဗမာပြည်သူ့ လွတ် မြောက်ရေး တပ်တော် (BPLA) တာဝန်ခံ မောင်ဆောင်းခက တာဝန်ယူထားတယ်လို့ SRA ထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    SRAဟာ ဒေသအစုံက တော်လှန်ရေးတပ်တွေစုပေါင်းထားတဲ့ တပ်ပေါင်းစုဖြစ်ပြီး အေအေတပ်တွေနဲ့ စစ်ကိုင်း၊ မကွေး နဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ရေးပူးပေါင်းလှုပ်ရှားနေတာလို့ SRA ထဲမှာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဆီကနေ သိရပါတယ်။

    SRA တပ်ပေါင်းစုဟာ စစ်ရေးစုဖွဲ့မှုတခုတည်း မဟုတ်ဘဲ နိုင်ငံရေးအရပါ စုဖွဲ့ထားသလို ဦးဆောင်ကော်မတီကလည်း စစ်ရေး၊ နိုင်ငံရေး မူဝါဒဦးဆောင်တဲ့ အဖွဲ့ဖြစ်တယ်လို့ ညီလာခံကနေ SRA က အသိပေးပါတယ်။

    နောက် စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေ ထပ်ပြီးဖွဲ့စည်းဖို့ရှိတယ်လို့လည်း SRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အလားတူ SRA အဖွဲ့ဝင်တွေထဲ စစ်ဥပဒေ ချိုးဖောက်တာနဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုတွေရှိလာရင်လည်း အရေးယူဖို့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ကိုပြင်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ မြန်မာပြည်တောင်ပိုင်းမှာ တော်လှန်လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တို့လည်း SRA ရဲ့ ညီလာခံကို တက်ရောက်ခဲ့ကြတယ်လို့ SRA က ဖော်ပြပါတယ်။

    ABSDF ဟာ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ဒေသဘက်တို့မှာ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်နဲ့အတူ စစ်‌ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

    SRA ရဲ့ ဒုတိယအကြိမ်ဖြစ်တဲ့ ဒီညီလာခံကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။

    SRA တပ်ပေါင်းစုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အပြင် တခြားဒေသအခြေစိုက်တပ် စုစုပေါင်းတပ် ၁၉ တပ်တို့နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

  2. မြန်မာမှာ လူ ၃ ဦးမှာ ၂ ဦး ဆင်းရဲနွမ်းပါးနေ (သို့) ဆင်းရဲနွမ်းပါးမှုအန္တရာယ်ရှိနေ - UNDP

    ၂၀၂၂ ခုနှစ်က ရန်ကုန်မှာ စားသုံးဆီဝယ်နိုင်ရေးတန်းစီနေတဲ့ အမျိုးသမီးတချို့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်က ရန်ကုန်မှာ စားသုံးဆီဝယ်နိုင်ရေးတန်းစီနေတဲ့ အမျိုးသမီးတချို့ (ပုံဟောင်း)

    မြန်မာနိုင်ငံမှာ လူဦးရေ ၃၇ သန်းကျော်၊ စုစုပေါင်း ၆၈ ရာခိုင်နှုန်းဟာ လက်ရှိ ဆင်းရဲနွမ်းပါးနေသူတွေ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှုထဲကျရောက်နိုင်ခြေရှိသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    UNDP ရဲ့ အစီရင်ခံစာအရ မြန်မာလူဦးရေရဲ့ ၃၂.၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၇.၉ သန်းခန့်ဟာ လက်ရှိ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရပါတယ်။ နောက်ထပ် ၁၉.၅ သန်းခန့်ကတော့ အဲဒီဆင်းရဲနွမ်းပါးမှုထဲ ကျရောက်နိုင်ခြေရှိသူတွေ ဖြစ်ပါတယ်။

    အဲဒီလူဦးရေ နှစ်စုရဲ့ စုစုပေါင်း ၃၇ သန်းကျော်ရှိတာကြောင့် လူ ၃ ဦး မှာ ၂ ဦးထက်ပိုတဲ့ ပမာဏဟာ လက်ရှိဆင်းရဲနွမ်းပါးနေသူ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ဒီအချက်တွေကို UNDP ရဲ့ “Layers of Deprivation: Multidimensional Poverty in Myanmar” အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

    ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုဆိုတာ ဝင်ငွေနည်းပါးမှုတစ်ခုတည်းကိုသာ ကြည့်တာမဟုတ်ဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းဆိုင်ရာ ချို့တဲ့မှုတွေကိုပါ ထည့်သွင်းတိုင်းတာတာ ဖြစ်ပါတယ်။

    အစီရင်ခံစာအရ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းဆိုင်ရာ ချို့တဲ့မှုတွေဟာ တိုင်းတာထားတဲ့ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ဖြစ်စေတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။

    ဒါဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တင့်လျောက်ပတ်တဲ့ အိမ်ရာ၊ သန့်ရှင်းတဲ့ရေနဲ့ အခြေခံသန့်ရှင်းရေးဝန်ဆောင်မှုတွေ ရရှိဖို့ အခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေရဲ့ အခြေအနေကို ဖော်ပြနေတာပါ။

    ဒေသအလိုက်ကြည့်မယ်ဆိုရင် လုံခြုံရေးအခြေအနေဆိုးရွားပြီး ဝန်ဆောင်မှုတွေရရှိဖို့ အခက်အခဲရှိနေတဲ့ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ဆင်းရဲနွမ်းပါးမှု ပိုမိုပြင်းထန်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်ဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု အပြင်းထန်ဆုံး ကြုံတွေ့နေရတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ လူဦးရေ သုံးပုံနှစ်ပုံကျော်ဟာ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးနေပြီး သုံးပုံတစ်ပုံနီးပါးကတော့ ပြင်းထန်တဲ့ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တချို့ထက် ဆင်းရဲနွမ်းပါးမှုနှုန်း နိမ့်ကျနေပေမဲ့ မြို့ပြနဲ့ မြို့ပြအစွန်အဖျားဒေသတွေမှာ နေထိုင်သူတွေရဲ့ အားနည်းချက်တွေကြောင့် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးသူ အရေအတွက် များပြားနေတယ်လို့ UNDP က ဆိုပါတယ်။

    နိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေ ထပ်တလဲလဲ ကြုံတွေ့ရတာကြောင့် အိမ်ထောင်စုတွေရဲ့ ဝင်ငွေနဲ့ စုဆောင်းငွေတွေ ထိခိုက်လာသလို ကျန်းမာရေး၊ ပညာရေးနဲ့ အခြားအခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါတွေကြောင့် အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်စွမ်းလည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ၂၀၂၁ ခုနှစ်ကစပြီး အခွင့်အလမ်းနည်းပါးမှုနဲ့ မသေချာမရေရာမှုတွေကြောင့် မြန်မာနိုင်ငံက လူငယ် အနည်းဆုံးတစ်သန်းခန့် နိုင်ငံကနေ ထွက်ခွာသွားနိုင်တယ်လို့လည်း UNDP က ခန့်မှန်းထားပါတယ်။

    ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံတစ်ဝန်းက အိမ်ထောင်စု ၇,၄၆၃ စုကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကောက်ယူထားတဲ့ စစ်တမ်းအချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။ စစ်တမ်းကို ၂၀၂၅ ခုနှစ်အတွင်း ကောက်ယူခဲ့ပြီး UNDP က အစီရင်ခံစာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

  3. စစ်တပ်ထိန်းချုပ် မိုးမိတ်မှာ KIA နဲ့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေ

    မိုးမိတ်မြို့မြင်ကွင်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, မိုးမိတ်မြို့မြင်ကွင်း (ပုံဟောင်း)

    ရှမ်းပြည်နယ်(မြောက်ပိုင်း)က စစ်တပ်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ကြား ဒီနေ့အောက်တိုဘာ ၉ ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

    “ဆင်တဲကုန်းရွာဘက်မှာ တိုက်ပွဲနေတာ၊ စစ်တပ်က Mi-35 ‌ရော တိုက်လေယာဉ်တွေနဲ့ရော လေကြောင်းကနေကြဲနေတယ်” လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဆင်တဲကုန်းကျေးရွာမှာ မနက်အစောပိုင်း လူအိပ်ချိန်မှာ တိုက်ပွဲတွေစဖြစ်တာကြောင့် ရွာခံအများစု ထွက်ခွာလို့မရဘဲ နေအိမ်တွေထဲမှာ ပိတ်မိနေကြတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    စက်တင်ဘာလကုန်ပိုင်းကတည်းက မိုးမိတ်မြောက်ဘက်ပိုင်းနဲ့ အနောက်ဘက်နေရာတွေမှာ စစ်တပ်ရော KIA/ PDF ပူးပေါင်းတပ်တွေရော အပြန်အလှန် ထိုးစစ်ဖော်တိုက်ခိုက်နေတာလို့ စစ်‌ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်တပ်ထိန်းချုပ်ထားတဲ့ “ဝဲပေါင်းနဲ့ ‌ညောင်နီရွာတွေဘက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ထားပြီး စစ်‌‌ရေးတင်းမာနေတယ်” လို့ သူက ဆက်ပြောပါတယ်။

    စစ်တပ်က မိုးမိတ်မြို့ပေါ်ကို ထိန်းချုပ်ထားပေမယ့် မြို့နယ်ထဲမှာတော့ နှစ်ဖက်တပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားကြတာလို့ သူက ပြောပါတယ်။

    စစ်တပ်ကလည်း မိုးမိတ်မြို့နယ်ထဲက ဗျူဟာကျတဲ့စစ်ဆင်ရေးနယ်မြေတွေကို လက်မလွှတ်ရရေး လေကြောင်းပစ်ကူအများအပြားသုံးပြီး ခုခံနေတယ်လို့ သူက ပြောပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိုးမိတ်ဟာ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နဲ့ ဆက်စပ်နေတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုလို့ အစောပိုင်းက ပြောထားပါတယ်။

    လက်ရှိမိုးမိတ်တိုက်ပွဲနဲ့ပတ်သက်လို့ KIA ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    မြန်မာစစ်တပ်ကတော့ မိုးမိတ်မြို့က စစ်‌ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  4. ဘန်ကောက်အနီးက မြန်မာလုပ်သားထောင်ကျော်အလုပ်လုပ်နေတဲ့ မုန့်စက်ရုံမီးလောင်

    အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ တွေ့ရတဲ့ မုန့်စက်ရုံ မီးလောင်နေတဲ့မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, မုန့်စက်ရုံ မီးလောင်နေတဲ့မြင်ကွင်း

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ဆာခွန်ခရိုင်ထဲက မြန်မာလုပ်သား ၁ ထောင်ကျော်ရှိတဲ့ မုန့်စက်ရုံမှာ ဒီနေ့ အောက်တိုဘာ ၉ ရက်မနက် ၄ နာရီမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးလောင်တဲ့စက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောပါတယ်။

    စက်ရုံရဲ့ ရုံးခန်းတွေ၊ မုန့်ထုတ်လုပ်တဲ့ စက်ရုံနဲ့ ဂိုဒေါင်နေရာတွေ မီးလောင်ကျွမ်းခဲ့ပြီး အဆောက်အအုံတချို့ရဲ့ ခေါင်မိုးတွေလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

    မီးလောင်ခဲ့တဲ့စက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁,၀၀၀ ကျော်အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

    ခရိုင်မီးသတ်ဌာနကနေ မီးသတ်ကား အစီး ၂၀ လောက် ဖြန့်ကျက်ခဲ့ရပြီး အနီးနားက အဆောက်အအုံတွေကို မီးဆက်မကူးအောင် တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ထိုင်းမီးသတ်တပ်ဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။

    အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ တွေ့ရတဲ့ မုန့်စက်ရုံ မီးလောင်နေတဲ့မြင်ကွင်းကို အဝေးတစ်နေရာက တွေ့ရတဲ့ဓာတ်ပုံ
    ဓာတ်ပုံ ပုံစာ, မုန့်စက်ရုံ မီးလောင်နေတဲ့မြင်ကွင်း

    ကနဦးသတင်းအချက်အလက်တွေအရ ရုံးခန်းရှိတဲ့အဆောက်အအုံကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီကနေ မီးလောင်လွယ်စေတဲ့ ပစ္စည်းတွေရှိတဲ့ဂိုဒေါင်ဘက်ကို မီးကူးသွားတာလို့ ဒီအခြေအနေကိုသိထားတဲ့ ဝန်ထမ်းတချို့က ရှင်းပြပါတယ်။

    မီးလောင်မှုအတွင်း ဒဏ်ရာရ၊ သေဆုံးတဲ့သူရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

    မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းမှုခင်းရဲတပ်ဖွဲ့ကပါ မီးလောင်ရတဲ့အ‌ကြောင်းရင်းကို စစ်ဆေးမှာဖြစ်ပြီး စက်ရုံဧရိယာဝန်းကျင်ကိုလည်း ဘေးကင်းမှုရှိ မရှိ စစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

  5. စစ်ဖြစ်နေတဲ့ရုရှားကို မြန်မာတွေအလုပ်သွားလုပ်သင့်လား

    ရုရှား-ယူကရိန်းတိုက်ပွဲအတွင်းတွေ့ရတဲ့ စစ်မျက်နှာပြင်တစ်ခု (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရုရှား-ယူကရိန်းတိုက်ပွဲအတွင်းတွေ့ရတဲ့ စစ်မျက်နှာပြင်တစ်ခု (ပုံဟောင်း)

    ယူကရိန်းနဲ့ဆက်နေတဲ့နယ်မြေတွေမှာ စစ်ပွဲဖြစ်နေတဲ့ ရုရှားကို ကုန်ကျစရိတ်မဲ့နဲ့ မြန်မာအလုပ်သမားတွေစေလွှတ်ဖို့ နေပြည်တော်က ၂၀၂၄ ခုနှစ်ကတည်းက စိုင်းပြင်နေခဲ့တာဖြစ်ပါတယ်။

    ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကလည်း ဒီသတင်းကို အတည်ပြုကြပြီး ရုရှားနိုင်ငံက စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ကုန်ထုတ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံတွေအတွက် မြန်မာအလုပ်သမားခေါ်ယူကြတာလို့ပြောပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီနဲ့ ရုရှားတို့ကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) နဲ့ မဟုတ်ဘဲ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီချင်းချိတ်ဆက်ဆောင်ရွက်ပြီးခေါ်မယ်လို့ ပြောပါတယ်။

    ၂၀၂၄ ခုနှစ်ထဲမှာပဲ ရုရှားမှာအလုပ်လုပ်ဖို့ဗန်းပြခေါ်ခံရပြီး လူကုန်ကူးရောင်းချခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတချို့လည်း စစ်မြေပြင်မှာ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေကြောင့်လည်းစစ်ကောင်စီရဲ့ ရုရှားကို လုပ်သားစေလွှတ်မယ့်အ‌ပေါ် စိုးရိမ်စိတ်တွေရှိနေပါတယ်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာတုန်းက ဘီဘီစီကနေ ဖော်ပြခဲ့တဲ့ဆောင်းပါးကို ဒီလင့်ခ်ကိုနှိပ်ပြီး ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  6. မြန်မာကလွှတ်လိုက်တဲ့ လုပ်သား ၂၀ ဝန်းကျင် ရုရှားစုဆောင်းရေးတပ်ထဲပို့ဆောင်ခံရတယ်လို့ဆို

    ၂၀၂၅ ဧပြီတုန်းက ရုရှားကို စေလွှတ်ခဲ့တဲ့လုပ်သားတချို့
    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဧပြီတုန်းက ရုရှားကို စေလွှတ်ခဲ့တဲ့လုပ်သားတချို့

    မြန်မာမှာ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီတချို့ကနေ ရုရှားကို အလုပ်လုပ်ဖို့ စေလွှတ်လိုက်တဲ့ မြန်မာလုပ်သား ၂၀ ဝန်းကျင်ဟာ ရုရှားရဲ့ စစ်သားစုဆောင်းရေးတပ်ထဲကို ပို့ဆောင်ခံလိုက်ရတယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်ဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရုရှားစုဆောင်းရေးတပ်ထဲ‌ရောက်သွားတဲ့ မြန်မာလုပ်သားတွေကလည်း မြို့တော်မော်စကိုမှာရှိတဲ့ မြန်မာသံရုံးကိုဆက်သွယ် အကူအညီတောင်းခံခဲ့တယ်လို့ သူကဆိုပါတယ်။

    “တာချီလိတ်လမ်းကြောင်းကနေ ပို့တဲ့ အေဂျင်စီတွေလို့ သိရတယ်။ ဘယ်အေဂျင်စီတွေလဲဆိုတာ အတည်မပြုနိုင်သေးဘူး။ ရုရှားတပ်ထဲရောက်သွားမယ်လို့ အေဂျင်စီတွေဘက်က သိချင်မှသိမှာ” လို့ သတင်းရင်းမြစ်က သူသိထားရတဲ့အကြောင်းကိုရှင်းပြပါတယ်။

    ရုရှားတပ်ထဲရောက်သွားပေမယ့် မြန်မာလုပ်သားတွေရဲ့ ငြင်းဆန်မှု‌ကြောင့် ရုရှားစစ်တပ်ဘက်ကနေ မြန်မာသံရုံးကို ဆက်သွယ်ပြီး မြန်မာလုပ်သား ၂၀ ဝန်းကျင်ကို သံရုံးဘက်ပြန်လွှဲ‌ပြောင်းပေးထားတယ်လို့ ရုရှားဘက်က အခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ရုရှားမှာ အထွေထွေလုပ်သားလုပ်ဖို့ စေလွှတ်လိုက်ပေမယ့် ရုရှားနိုင်ငံဘက်က အေဂျင်စီတွေအနေနဲ့ ရုရှားစုဆောင်းရေးတပ်ထဲ အဓမ္မပို့ဆောင်မှုတွေရှိလာတာကြောင့် ရုရှားဘက်ကိုလုပ်သားပို့တဲ့အေဂျင်စီတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက အတည်ပြုပါတယ်။

    ဒီဖြစ်စဉ်မှာလည်း မြန်မာကစေလွှတ်လိုက်တဲ့ လုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲ ရောက်ခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုသိရဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြန်မာကနေ ရုရှားကိုစေလွှတ်လိုက်တဲ့ လုပ်သား ၂၀ ကျော်ဟာ ရုရှားစစ်တပ်ရဲ့ ရှေ့တန်းတပ်ရင်းတစ်ခုရဲ့ စားဖိုဆောင်မှာ ၃ လကြာ အလုပ်လုပ်ခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

    ၂၀၂၅ ခုနှစ် မတ်လကတည်းက မြန်မာကနေ ရုရှားကို လုပ်သားတွေ စေလွှတ်နေတာဖြစ်ပေမဲ့ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုစာချွန်လွှာ (MOU) စနစ်နဲ့ စေလွှတ်နေတာမျိုးမဟုတ်ဘူးလို့ သူက ပြောပါတယ်။

    သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ မြန်မာက ပြည်ပအလုပ်ပအကိုင်အေဂျင်စီတချို့နဲ့ ရုရှားဘက်က အေဂျင်စီတချို့ လက်မှတ်ရေးထိုးထားတဲ့ စီမံချက်အောက်ကနေပဲ စေလွှတ်နေတာလို့ သိရပါတယ်။

    နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနကတေ့ာ မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲပို့ဆောင်ခံရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ အောက်တိုဘာ ၉ ရက်မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

    ဒါနဲ့ပတ်သက်လို့ ဘီဘီစီက အလုပ်သမားဝန်ကြီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်ကို ဆက်သွယ်ပေမဲ့ တယ်လီဖုန်း‌ခေါ်ဆိုမှုကို လက်ခံဖြေဆိုတာမရှိသေးပါဘူး။

    ဒါအပြင် နေပြည်‌တော် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

  7. ရန်ကုန်တိုင်းအတွင်း အဆောက်အဦ ၂၈၀၀ နီးပါး ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုနဲ့ အရေးယူခံရ

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကသတိပေးစာကပ်ခံရတဲ့အဆောက်အဦတစ်ခု
    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကသတိပေးစာကပ်ခံရတဲ့အဆောက်အဦတစ်ခု

    ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၁၀ ခုမှာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပြင်ဆင်ထားတဲ့ အဆောက်အဦ ၂၇၈၂ လုံးကို အရေးယူထားတယ်လို့ ရန်ကုန်၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ‌ပြောကြားလိုက်ပါတယ်။

    '' ၂၀၂၁ ခုနှစ်ကနေပြီးတော့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ... အရေးယူထားတဲ့ စာရင်းဖြစ်ပါတယ်။ စုစုပေါင်း ခရိုင် ၁၀ ခုမှာ အဆောက်အဦပေါင်း အားလုံးပေါင်း ၂,၇၈၂ ခု ဖြစ်ပါတယ်။ စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်'' လို့ ‌သူက ပြောပါတယ်။

    အောက်တိုဘာ ၈ ရက်က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစိုးမြင့်ရဲ့ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ် စတာတွေမှာ ခွင့်ပြုချက်၊ လိုင်စင်မဲ့ အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်နေတဲ့ အပေါ် ဘယ်လိုအရေးယူမှုရှိသလဲဆိုတဲ့မေးခွန်းကို ဖြေကြားရာမှာထည့်ပြောခဲ့တာဖြစ်ပါတယ်။

    ကြိုပွိုင့်နဲ့ အခန်းဝယ်ယူထားသူတွေအတွက် မြေပိုင်ရှင်တွေအတွက် ဆုံးရှုံးမှုတွေရှိပြီး သူတို့အချင်းချင်း အမှုအခင်း၊ တရားတဘောင် ရင်ဆိုင်ကြရကြောင်း မေးခွန်းမေးသူ ဦးစိုးမြင့် ကထည့်ဆွေးနွေးပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်း စမ်းချောင်းမြို့နယ်မှာ ခွင့်ပြုချက်မဲ့အဆောက်အဦတွေ ဆောက်လုပ်ထားတာကို တွေ့ရှိရသလို အရေးယူဆောင်ရွက်ထားတာကိုတွေ့ရှိရကြောင်း အဲဒီ အဆောက်အဦတွေကို ဗွီနိုင်းအနီတွေနဲ့ လူနေထိုင်ရန် မသင့် ဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတာကိုတွေ့ရှိကြောင်း လည်း သူကပြောပါတယ်။

    ရန်ကုန် စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်ရဲ့ ပြန်လည်ဖြေကြားချက်ထဲမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အဦ တွေကို ဆောက်လုပ်နေတဲ့ လိုင်စင်မဲ့ကန်ထရိုက်တာနဲ့ မြေရှင်တွေကို စည်ပင်သာယာရေးကော်မတီ ဥပဒေ ၂၀၁၈ ပုဒ်မ ၃၂၄၊ ၃၁၂ (က) အရ စတင်တရားစွဲဆိုပြီး ဒဏ်ငွေချမှတ်သလို လိုက်နာမှုမရှိပါက ထောင်ဒဏ်အထိ ဆက်လက်အရေးယူတယ်လို့ဆိုပါတယ်။

    လက်ရှိမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အဦများ ထပ်မံဆောက်လုပ်တာ မရှိစေရေးအတွက် ခွင့်ပြုချက်မဲ့ အဆောက်အဦများ ကြိုတင်စိစစ် တားဆီးဖြိုဖျက် ရှင်းလင်းရေးအဖွဲ့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှာ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတေ့ာ ရန်ကုန်မြို့ပေါ်ကနေရာတချို့မှာ ခွင့်ပြုချက်မရရှိသေးဘဲ ဆောက်လုပ်ထားတဲ့တိုက်တွေနဲ့ လူနေထိုင်ခွင့်လက်မှတ် (ဘီစီစီ) မရရှိသေးဘဲ လူတွေနေထိုင်နေတဲ့ အဆောက်အအုံတွေမှာ လူတွေ ဆက်မနေဖို့နဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ရန်ကုန်စည်ပင်ဌာနကနေ တားမြစ်စာ လာကပ်တာတွေ ရှိခဲ့ပါတယ်။

    ရန်ကုန်မြို့ပေါ် စမ်းချောင်းမြို့နယ်ထဲက ရပ်ကွက်တချို့မှာ အဲဒီလိုကြေညာချက်တွေကပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကန်ထရိုက် တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ ဆောက်လုပ်သူတွေနဲ့ ပတ်သက်သူတွေကို အရေးယူတယ်ဆိုပေမဲ့ ကြိုတင်ငွေပေးချေမှုနဲ့ ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူတွေအတွက် ဘယ်လိုဖြေရှင်းပေးမှုရှိလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

  8. အခြေခံပညာကျောင်းအချို့မှာ ကျောင်းသားတွေ ဖုန်းယူဆောင်ခွင့်ပိတ်၊ ဆရာဆရာမတွေစာသင်ချိန်ဖုန်းမသုံးရ စတင်

    အခြေခံပညာကျောင်းတချို့မှာ မိုဘိုင်းဖုန်းသုံးစွဲမှုတားမြစ်လာ
    ဓာတ်ပုံ ပုံစာ, အခြေခံပညာကျောင်းတချို့မှာ မိုဘိုင်းဖုန်းသုံးစွဲမှုတားမြစ်လာ

    ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ ကျောင်းစာသင်ခန်းအတွင်းမိုဘိုင်းဖုန်း သုံးစွဲတာတွေကို တားမြစ်တဲ့ အကြောင်းကြားစာတစ်စောင် အခြေခံပညာကျောင်းတချို့ကို ရောက်ရှိလာကြောင်း ပညာရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    တဖက်မှာလည်း အောက်တိုဘာ ၆ ရက် ရက်စွဲနဲ့ အခြေခံပညာဦးစီးဌာန (နေပြည်တော်) ရဲ့ ညွှန်ကြားစာတစ်စောင်ဟာ ပညာရေးအသိုင်းအဝိုင်းထဲမှာ ပျံ့ နှံ့နေပါတယ်။

    အဲဒီစာထဲမှာတော့ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းတွေ၊ အမျိုးသားသင်ရိုးနဲ့ သင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝင်းအတွင်း လက်ကိုင်ဖုန်း ယူဆောင်(လုံးဝ) ခွင့်မပြုတော့ကြောင်း ဖော်ပြထားပါတယ်။

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်က အထက်တန်းပြဆရာမတစ်ဦးကတော့ ဒီညွှန်ကြားစာကိုလက်ခံရရှိထားတယ်လို့ အတည်ပြုပါတယ်။

    ''ကျွန်မတို့ ကျောင်းကို စာရောက်ပါတယ်။ ကျွန်မတို့ တိုင်းမှာတော့ ကျောင်း အားလုံးကိုပို့တာပါ။ လိုက်ပါဆောင်ရွက်ရမယ်လို့ပြောပါတယ်'' လို့ သူက ပြောပါတယ်။

    ကျောင်းသားတွေ သာမက ဆရာ၊ ဆရာမတွေလည်း စာသင်ချိန်အတွင်း စာသင်ခန်းထဲကို လက်ကိုင်ဖုန်း ယူဆောင်ဝင်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

    ပညာ‌ရေးဝန်ကြီးဌာနကတော့ ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ပြောဆိုထားတာမရှိသေးသလို ဘီဘီစီကလည်း‌မေးမြန်းအတည်ပြုနိုင်ဖို့ကြိုးစား‌နေပါတယ်။

    ''ကျွန်မတို့က ဒီစာမတိုင်ခင်အစောပိုင်းကတည်းက ကျောင်းသားရော၊ ဆရာ၊ဆရာမရော စာသင်ချိန်မှာ ဖုန်းမကိုင်ရတာပါ။ စာသင်ချိန်မှာ TikTok ထောင်ရိုက်နေတာတွေ၊ ကနေတာတွေ၊ ကလေးတွေကို ဗီဒီယိုရိုက်တာတွေ ရှိလာလို့ တားမြစ်လာတယ်လို့ သိရတယ်။ အခု ညွှန်ကြားစာက ကျောင်းအားလုံးရောက်ပြီဆိုရင် ဘယ်ကျောင်းမှ အဲဒါတွေလုပ်လို့မရတော့ပါဘူး'' လို့ ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် က အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

    တဖက်မှာလည်း သင်ကြားရေးနဲ့ ပတ်သက်လို့ အင်တာနက်ပေါ် မှာ ရှာဖွေသင်ကြားတာတွေရှိလို့ ဖုန်းလုံးဝမကိုင်ရဘူးဆိုတာက အခက်အခဲရှိနိုင်တယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။

    '' အွန်လိုင်းမှာ အချက်အလက်တွေရှာပြီးထပ်ဖြည့် သင်ကြားတာရှင်းပြတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ အခုတော့ ကိုယ်သင်မယ့် သင်ခန်းစာကို ကြိုတင်ပြင်ဆင်လာရမှာပါ'' လို့ ဖျာပုံမြို့နယ်က အထက်တန်းပြဆရာမ ကပြောပါတယ်။

    ဒီညွှန်ကြားချက်ကို ခရိုင်၊ မြို့နယ်ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်ကြီးတွေက အဆင့်ဆင့် ဆောင်ရွက်ဖို့နဲ့ သိရှိလိုက်နာမယ်ဆိုတဲ့ ကတိလက်မှတ် ရေးထိုးရမှာဖြစ်ပြီး သင်ကြားသင်ယူမှုနဲ့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက်လို့ ပြောထားပါတယ်။

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ပြည်သူ့လွှတ်တော်မှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်း သုံးစွဲတာတွေကို တားမြစ်ထားတယ်လို့ ဖြေကြားခဲ့တာတွေ့ရပါတယ်။

    သူ့ဖြေဆိုချက်ထဲမှာ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်း သုံးစွဲမှု တားမြစ်ရတာဟာ ကလေးတွေ ဖုန်းကို အလွန်အကျွံ သုံးစွဲတာ နဲ့ ကျောင်းသားလူငယ်တွေနဲ့ မသင့်လျော်တဲ့ ဆိုရှယ် မီဒီယာတွေ အသုံးပြုတာစတဲ့ ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောထားပါတယ်။

    ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသားဦးရေ ၆ ဒသမ ၇ သန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေ အရသိရှိရပါတယ်။

  9. မင်္ဂလာပါ။ အောက်တိုဘာ ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။