ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုအတွက် နိုင်ငံတကာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက် စီရင်ချက်မချမီ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ ရေးသားချက်အချို့ လည်း ရှိနေပါတယ်။
ICJ အမှုကို နိုင်ငံရေးကွဲပြားမှုထက် နိုင်ငံ့အကျိုးစီးပွားနဲ့ ချဉ်းကပ်ဖို့ စစ်တပ်ထောက်ခံသူတွေက တိုက်တွန်းထားသလို မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက တရားစွဲဆိုထားတဲ့ ICJ အမှုဟာ အစိုးရတစ်ရပ်တည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်အထိ သက်ရောက်နိုင်တဲ့ အရေးကိစ္စဖြစ်တယ်လို့ပြောကြပါတယ်။
ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း သူတို့က စိုးရိမ်ကြောင်း ဖော်ပြကြပါတယ်။
ဒါကြောင့် အစိုးရအပေါ် ထားတဲ့ နိုင်ငံရေးသဘောထား ကွဲပြားမှုတွေထက် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးပြီး ICJ ရဲ့ စီရင်ချက်ကို ဥပဒေကြောင်းအရ သုံးသပ်ကြဖို့ စစ်တပ်ထောက်ခံသူတွေက တယ်လီဂရမ်မှာတိုက်တွန်းစာတွေဖြန့်ဝေထားကြပါတယ်။
နောက်ထပ်ရေးသားချက်တွေမှာတော့ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိခဲ့ကြောင်း ငြင်းဆိုကြပြီး ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က စစ်ဆင်ရေးတွေဟာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တာသာဖြစ်တယ်လို့ ရှင်းပြရေးသားထားကြပါတယ်။
တချို့က ဂမ်ဘီယာဘက်က တင်ပြတဲ့ သက်သေအထောက်အထားတွေကို မေးခွန်းထုတ်ကြသလို ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း လက်မခံကြောင်း ရေးသားထားကြပါတယ်။
ရခိုင်ပြည်နယ်က ဖြစ်စဉ်တွေဟာ ဂါဇာမှာ အစ္စရေးကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ဖြစ်ရပ်တွေလောက် မပြင်းထန်ကြောင်း၊ မြန်မာစစ်တပ်ရဲ့တုံ့ပြန်မှုဟာ အမေရိကန်စစ်တပ်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေနဲ့နှိုင်းယှဉ်ရင် သေးငယ်တဲ့ဖြစ်စဉ်သာဖြစ်ကြောင်းလည်း ရေးသားသူတချို့က နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။
ICJ က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မယ်လို့ မယူဆကြတဲ့သူတွေရှိသလို တစ်စိတ်တစ်ပိုင်း တာဝန်ပျက်ကွက်မှုမျိုး သတ်မှတ်လာနိုင်တယ်လို့ ခန့်မှန်းသူတွေလည်း ရှိပါတယ်။
အဲဒီလိုဆုံးဖြတ်ချက်မျိုး ထွက်လာခဲ့ရင် နစ်နာကြေးပေးဖို့နဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ တောင်းဆိုလာနိုင်တယ်လို့လည်း ရေးသားကြပါတယ်။ တချို့ကတော့ စီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့်မရှိတာကို ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အခြေအနေရှိလာရင် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ တုံ့ပြန်ဖို့၊ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့အကူအညီရယူဖို့နဲ့ ပြည်သူတွေ စည်းလုံးညီညွတ်စွာ ထောက်ခံကြဖို့ တိုက်တွန်းထားကြပါတယ်။
အဲဒီရေးသားချက်တွေမှာ ICJ ရဲ့ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဖိအားပေးမှုတစ်ခုအဖြစ် ရှုမြင်တာတွေလည်း တွေ့ရပါတယ်။