ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရန်ကုန်မှာတောပြုန်းမှု ဘောလုံးကွင်း ၆,၅၀၀၀ စာလောက်ရှိ

ရန်ကုန်မြောက်ပိုင်းမှာ ဘောလုံးကွင်း ၆,၅၀၀၀ နီးပါးခန့်ကျယ်တဲ့သစ်တောပြုန်းမှုဖြစ်၊ ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းသတင်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဗန်းမော်တက္ကသိုလ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးပြော
  • ဒီပဲယင်းမြို့နယ်ထဲက မူးကမ်းကြီးကျေးရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်တစ်မိသားစုတည်းက လူ ၄ ဦး သေဆုံး
  • ရန်ကုန်တိုင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း သစ်တောပြုန်းတီးမှုတွေဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အစီရင်ခံစာ ထုတ်ပြန်
  • အင်းတော်မြို့နယ်ထဲက အင်းတော်-မဲဇာ လမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကို စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ဒီနေ့ တိုက်ပွဲအပြင်းအထန် ဖြစ်
  • အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ ငပြီကျွန်းဘက်ကို စစ်တပ်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေ
  • မလေးရှားရောက် မြန်မာတွေက ဒီကနေ့ မှာ ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကွာလာလမ်ပူမြို့ရှိ KLSCAH ခန်းမ မှာ ဆန္ဒပြကန့်ကွက်ပွဲလုပ်ကြဖို့ရှိနေပါတယ်။
  • မြန်မာနိုင်ငံသားတွေအပေါ် ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် ဆန္ဒပြပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောထားပါတယ်။
  • မလေးရှားဝန်ကြီးချုပ်အန်နဝါနဲ့ ဦးမင်းအောင်လှိုင်တို့ ဒီကနေ့တွေ့ဆုံကြမယ်။
  • မလေးရှားဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးအတွင်းရေးမှူး ကာမီလ်က မြန်မာဘက်နဲ့ ဆွေးနွေးမှုတွေဟာ ဦးမင်းအောင်လှိုင်အစိုးရကို တရားဝင်အသိအမှတ်ပြုထောက်ခံတာလို့ မယူဆသင့်ကြောင်း ကာကွယ်ပြောဆိုပါတယ်။
  • မြန်မာကအထူးစီးပွားရေးဇုန်တွေမှာ မလေးရှားစီပွားရေးလုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ် ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. သတင်းထူး, ၂၀၂၆ ခုနှစ်စာပေနိုဘယ်ဆု - ကနေဒါကဗျာဆရာမ အန်းကာဆန် ရရှိ

    ၂၀၂၆ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို ကနေဒါ ကဗျာဆရာမ၊ အက်ဆေးရှင်နဲ့ ဂရိဂန္တ၀င်စာပေ ဘာသာပြန်လည်း လုပ်နေသူ အန်း ကာဆန်ကို ချီးမြှင့်လိုက်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ကြေညာပါတယ်။

    “ပျင်းရိငြီးငွေ့မှုဟာ သူ့ရဲ့အကြီးမားဆုံး ရန်သူ” လို့ စာခြယ်မှုန်းဖူးတဲ့ ကဗျာဆရာမ အန် ကာဆန်ဟာ အဲဒီအခြေအနေကို သူ့စာတွေမှာ ကလောင်သွားနဲ့ ဟာသဉာဏ်စွက်ပြီး အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ ဖော်ကျူးလေ့ရှိသူလို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ရည်ညွှန်းပြောဆိုပါတယ်။

    သစ္စာမဲ့သူ ခင်ပွန်းတစ်ဦးနဲ့ ပြင်းထန်ခါးသီးတဲ့ အိမ်ထောင်ရေးအငြင်းပွားမှုအကြောင်းရေးသားထားတဲ့ ၂၀၀၁ ခုနှစ် ထုတ်သူ့ စာအုပ် “The Beauty of the Husband: A Fictional Essay in 29 Tangos” ကို နိုဘယ်ဆုအဖွဲ့က တခုတ်တရ ဖော်ပြပါတယ်။

    ၂၀၂၆ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို အန် ကာဆန်ကို ရွေးချယ်လိုက်တဟာ “ဂန္ထဝင်စာပေအစဉ်အလာကို အသော့အသွက်ပြောဟန်နဲ့အတူ ခေတ်ပြိုင်စာပေပုံသစ်အဖြစ် ရဲရဲတင်းတင်းဖန်တီး ဆန်းသစ်သူ” ဖြစ်တာကြောင့် ဆုချီးမြှင့်လိုက်တာလို နိုဘယ်ကော်မတီက ထုတ်ပြန်ပါတယ်။

    အန်းကာဆန်ကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ၁၉၅၀ မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆို သူ့အသက် ၇၆ နှစ် ရှိပြီဖြစ်ပါတယ်။

    ကာဆန်ဟာ ရှေးဂရိစာပေကို ဘာသာပြန်သူလည်းဖြစ်ပြီး ဂန္ထ၀င်စာပေဆိုင်ရာကျွမ်းကျင်သူအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ရပ်တည်နေသူဖြစ်ပါတယ်။

  3. ဗန်းမော်တက္ကသိုလ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်အပြီး လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တက္ကသိုလ်ဝန်းကျင်ကို ကချင်လွတ်လပ်ရေးတပ်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၇ ရက်က ထိုးစစ်ဆင်ပြီးနောက် ဒီနေ့မှာတော့ စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အောက်တိုဘာ ၇ ရက်က ဗန်းမော်တက္ကသိုလ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “Y-12 ဆို လေး၊ ငါး စင်း၊ ဂျက်ဖိုက်တာဆို ခဏခဏ လာပြီး ပစ်နေတာ”လို့ ဗန်းမော်မြို့တက္ကသိုလ်ဝန်းကျင်ကို ဒီနေ့ လေကြောင်းဗုံးကြဲတာနဲ့ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    မနေ့က ဗန်းမော်မြို့တက္ကသိုလ်ဝန်းကျင်က တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူရုပ်အလောင်း ဘယ်လောက်ရှိတယ်ဆိုတာနဲ့ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကိုတော့ ထုတ်ပြောတာ မရှိသေးသလို KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

    KIA က ဗန်းမော်မြို့စစ်ဆင်ရေးကို တစ်နှစ်ခွဲကျော်ကြာ ဆင်နွှဲနေပြီး မြို့အတွင်းရှိ အရေးပါတဲ့နေရာတွေကို မြို့တွင်း နေရာအများအပြားအထိ ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ဖူးပါတယ်။

    ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်နောက်ပိုင်း စစ်တပ်က လေကြောင်းနဲ့ ကုန်းကြောင်းကနေ အင်အားပြန်ဖြည့်ပြီး ထိုးစစ်ဆင်လာတာကြောင့် ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာကနေ အခုပြန်ကြိုးစားလာတာ ဖြစ်ပါတယ်။

    စစ်တပ်က ဗန်းမော်ကို ရွှေကူကနေ ဧရာဝတီမြစ်ကြောင်းနဲ့ လက်နက်အင်အားရိက္ခာတွေ ပို့ခဲ့ပြီးတဲ့နောက်မှာ စက်တင်ဘာကစလို့ ဗန်းမော်မှာ စစ်တပ်က စစ်ရေး ပြန်စလာတာဖြစ်ပါတယ်။

    မြို့ပေါ်မှာရှိတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အနီးဝန်းကျင်နေရာတွေကိုသာ စစ်တပ်က တပ်စွဲထားနိုင်ပြီး မြို့နယ်ကျေးရွာတွေကိုတော့ KIA က ထိန်းချုပ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

  4. အမေရိကန်လက်ထောက်၀န်ကြီး နေပြည်တော်သွားခဲ့ - ရိုက်တာ

    အမေရိကန်အစိုးရဟာ နေပြည်တော်နဲ့ တိုက်ရိုက်ထိတွေ့ပြောဆိုတာတွေ စတင်ထားတယ်လို့ အခြေအနေသိရှိတဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

    နေပြည်တော်နဲ့ စကားပြောဆိုတာကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ထောက်လှမ်းရေးနဲ့ သုတေသနရေးရာလက်ထောက်၀န်ကြီး မိုက်ကယ် ဗန့်က ဦးဆောင်နေပြီး သူဟာ ပြီးခဲ့တဲ့စက်တင်ဘာမှာ နေပြည်တော်ကို သွားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

    ပြည်နှင်ဒဏ်ခံရတဲ့ အမေရိကန်နိုင်ငံသား အဒမ် ကတ်စတီလိုကို နေပြည်တော်မှာ လာခေါ်ရင်း လက်ထောက်၀န်ကြီး ဗန့်စ်က စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ဦးမင်းအောင်လှိုင်နဲ့လည်း တွေဆုံဆွေးနွေးခဲ့တယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နေပြည်တော်နဲ့ သံတမန်ဆက်ဆံရေး လျှော့ချခဲ့တာကြောင့် လက်ထောက်၀န်ကြီးရဲ့အခုနေပြည်တော်ခရီးစဉ်ဟာ ထရမ့်အစိုးရရဲ့မြန်မာ့ရေးရာမူ၀ါဒ အရွေ့လို့ရေးပါတယ်။

    အမေရိကန်လက်ထောက်၀န်ကြီး မိုက်ကယ် ဗန့်စ်ဟာ အွန်လိုင်းကျားဖြန့် စင်တာတွေ ပိတ်သိမ်းရေးကို အာရုံစိုက်ဖို့ နေပြည်တော်နဲ့ ပြန်လည်ထိတွေ့မှုမှာ အဓိကပါ၀င်နေသူလို့ဆိုပေမဲ့ မြန်မာ့မြေရှားကဏ္ဍအပါအ၀င် တခြားကဏ္ဍတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ခြေလှမ်းနိုင်ရေးလည်း ပါ၀င်တယ်လို့ သတင်းရင်းမြစ် တွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

    အာရှရေးရာနဲ့ပတ်သက်ပြီး အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကို မူ၀ါဒရေးရာ အကြံပေးတဲ့ လက်ထောက်၀န်ကြီး ဗန့်စ်ဟာ မြန်မာ့ဒီမိုကရေစီရေးရာအတိုက်အခံတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း လူချင်းတွေ့တာနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးတာတွေကို လုပ်ထားတယ်လို့ သတင်းရင်းမြစ် ၄ ဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနတော့ မြန်မာမှာ နယ်ပယ်အားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ အစောပိုင်းကတည်းက ဘီဘီစီ မြန်မာပိုင်းကို ပြောထားပါတယ်။

  5. ဒီပဲယင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ မိသားစု ၄ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက မူးကမ်းကြီးကျေးရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် အမျိုးသမီး ၃ ဦးအပါအ၀င် တစ်မိသားစုတည်းက လူ ၄ ဦး သေဆုံးတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) နဲ့ မူးကမ်းကြီးရွာခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်( နမခ) ကနေ တက်လာတဲ့ စက်တပ်လေထီးတစ်စီးက အောက်တိုဘာ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲသွားတာဖြစ်တယ်လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

    သေဆုံးသူတွေဟာ မူးကမ်းကြီးရွာက ဦးစိုးနိုင်ရဲ့ဇနီး၊ သမီး၊ ညီမနဲ့ အစ်ကိုဖြစ်သူတို့ ဖြစ်ကြတယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။

    “ဦးစိုးနိုင်က နွားကျောင်းသွားတာ၊ ကျန်တဲ့သူတွေက အိမ်မှာရှိနေတာ။ သမီးက အပျိုအရွယ်လေး စက်ချုပ်နေတာ၊ ဗုံးကျလာတော့ တစ်မိသားစုလုံး ပါသွားတာ”လို့ ရွာခံက ပြောပါတယ်။

    မူးကမ်းကြီးကျေးရွာ ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ မရှိဘဲ အခုလို ဗုံးကြဲခံရတာလို့လည်း ရွာခံက ပြောပါတယ်။

    မူးကမ်းကြီးကျေးရွာဟာ ဒီပဲယင်းမြို့နယ်အစပ် မုံရွာ-ရွှေဘိုကားလမ်းဘေးမှာရှိတာဖြစ်ပြီး ရွှေဘို၊ အရာတော်၊ ဝက်လက်မြို့နယ်တို့နဲ့ ဆက်စပ်တာကြောင့် ကုန်သွယ်ရေးအတွက် အားထားရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

    မြို့နယ်ပကဖ တာဝန်ရှိသူကတော့ ဒီပဲယင်းမြို့နယ်မှာသာ ဒေသအခေါ် ပျူစောထီး ကင်းစင်ပေမဲ့ ဆက်စပ်မြို့နယ်တွေထဲ ပျူစောထီး ကျေးရွာတွေနဲ့ နီးစပ်တဲ့ကျေးရွာလည်း ဖြစ်တာကြောင့် အခုဗုံးကြဲမှုဟာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိပြုလုပ်တာလို့ စွပ်စွဲပြောဆိုပါတယ်။

    စက်တပ်လေထီးနဲ့ ဗုံးကြဲတာနဲ့ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာ မရှိ‌သေးပါဘူး။

    မူးကမ်းကြီးကျေးရွာဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံတွေ့နေရတဲ့ ရွာတွေထဲက တစ်ရွာဖြစ်ပါတယ်။

    အဲဒီကာလအတွင်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရသလို လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

  6. ရန်ကုန်မှာ ဘောလုံးကွင်းပေါင်း ခြောက်သောင်းခွဲလောက်ကျယ်တဲ့ တောပြုန်းမှုဖြစ်

    မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်တိုင်းမှာ သစ်တောမြေဆုံးရှုံးမှုနဲ့ သစ်တောပြုန်းတီးမှုတွေ ၂၀၂၁ ခုနှစ်နောက်ပိုင်း အရှိန်အဟုန်နဲ့ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အစီရင်ခံစာ ထုတ်ပါတယ်။

    အထူးသဖြင့် ရန်ကုန်မြို့မြောက်ပိုင်းက လှည်းကူး၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တွေမှာ သစ်တောနယ်မြေဆုံးရှုံးမှုနဲ့ သစ်တောပြုန်းတီးနှုန်းဟာ ဘောလုံးကွင်းပေါင်း ၆၅,၀၀၀ ခန့်နဲ့ ညီမျှတယ်လို့ ဖော်ပြထားပါတယ်။

    လက်ရှိ နှစ်စဉ်သစ်တောပြုန်းတီးနှုန်းဟာ ယခင် ဆယ်စုနှစ်နှစ်ခုအတွင်း ကြုံခဲ့ရတဲ့ ပျမ်းမျှနှုန်းထက် သုံးဆ ပိုမြန်လာနေတယ်လို့ UNDP က ဂြိုဟ်တုအချက်အလက် ဆန်းစစ်ပြီး အောက်တိုဘာ ဒုတိယပတ်မှာ အစီရင်စာထုတ်ပါတယ်။

    လှည်းကူး၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တွေမှာဖြစ်တဲ့တောပြုန်းမှုတွေထဲ လှည်းကူးဟာ သစ်တော ၉၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့တဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

    သစ်တောတွေ လျော့နည်းလာတာနဲ့အမျှ အပူချိန်လည်း မြင့်တက်လာနေပြီး သစ်တောအများဆုံး ပျောက်ကွယ်သွားတဲ့ နေရာတွေမှာ ပျမ်းမျှအပူချိန် ၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တယ်လို့ UNDP က ပြောပါတယ်။

    သစ်တောပြုန်းတီးမှုဟာ မြို့ပြချဲ့ထွင်မှု၊ လူနေအိမ်ရာတိုးလာမှု၊ စိုက်ပျိုးမြေဖော်ထုတ်မှု၊ ထင်းနဲ့ မီးသွေးထုတ်လုပ်မှုအပါအဝင် အကြောင်းရင်းအမျိုးမျိုး ပေါင်းစပ်ဖြစ်ပေါ်လာတာလို့ UNDP က သုံးသပ်ပါတယ်။

    UNDP က ထောက်ပြထားသလို သစ်တောပြုန်းတီးမှုဟာ မြို့ပြချဲ့ထွင်မှုနဲ့ ဆက်စပ်နေပြီး လှည်းကူး၊ မှော်ဘီနဲ့ တိုက်ကြီးမြို့နယ်တွေမှာ ဥယျာဉ်ခြံမြေ၊ အပန်းဖြေစခန်းဆောက်လုပ်ဖို့ မြေကွက်တွေနဲ့ စိုက်ပျိုးရေးခြံမြေတွေကို အွန်လိုင်းအိမ်ခြံမြေဈေးကွက်တွေမှာ ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။

    ထုတ်ပြန်ချက်မှာ ဒေသခံတွေရဲ ပြောကြားချက်တွေကိုလည်း ကိုးကားထားပြီး တစ်ချိန်က သစ်ပင်ကြီးတွေ ဖုံးလွှမ်းနေခဲ့တဲ့ နေရာတွေမှာ အခုအခါ အိမ်ရာနဲ့ အဆောက်အအုံတွေ အစားထိုးဝင်ရောက်လာသလို ရာသီဥတုပူပြင်းလာမှုကို ဒေသခံတွေက သိသိသာသာ ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

    “ဥယျာဉ်ခြံတွေကို အကွက်ချ ရောင်းတာလည်း ပိုများပြီး လူနေလည်း ထူထပ်လာတယ်။ ၂၀၂၃ လောက်ထိက ညဘက်တွေအိပ်ရင် တံခါးတွေ အကုန်ပိတ်၊ အနွေးထည်ထူထူနဲ့ စောင်ခြုံအိပ်ရတာ၊ အခုနောက်ပိုင်းမှာက တံခါးတွေပါ ဖွင့်ပြီး ပန်ကာဖွင့်အိပ်ရတဲ့အထိ ညဘက်တွေပါ ပူလာတာ”လို့ မှော်ဘီမြို့ခံတစ်ယောက်က ပြောပါတယ်။

  7. စစ်တပ်ထိုးစစ်ကြောင့် အင်းတော်-မဲဇာလမ်းမှာ တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲက အင်းတော်-မဲဇာ လမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ဒီနေ့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အင်းတော်မြို့ထဲမှာအခြေစိုက်တပ်စွဲတဲ့ အင်အားရာချီပါ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၇ ရက်ကစပြီး အင်းတော်မြို့နဲ့ ငါးမိုင်ခန့် အကွာမှာရှိတဲ့ သံဘိုကျေးရွာကို ဝင်ရောက်ခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။

    “သံဘိုကျေးရွာကို ပြီးခဲ့တဲ့ဧပြီမှာ စစ်တပ်က ထိန်းချုပ်ပြီးတော့ ပြန်ထွက်သွားတာ။ အဲဒီမှာ တော်လှန်ရေးတပ်တွေပြန်ပြီး တပ်စွဲနေလိုက်တာ။ မနေ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ပြန်ထိုးလာတာ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာတော့ သံဘိုရွာကနေ နောင်မိုးရွာကို ရောက်ရှိလာတာဖြစ်ပြီး မဲဇာရွာဘက်ကို ဦးတည်လာတာကြောင့် ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

    သံဘို၊ နောင်မိုး၊ နန့်သဲ၊ မဲဇာစတဲ့ ကျေးရွာတွေရှိတဲ့ အင်းတော်-မဲဇာလမ်းကြောင်းကို စစ်တပ်က စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာလို့လည်း သူက ပြောပါတယ်။ ဒီနေ့ တိုက်ပွဲမှာ ဟုမ္မလင်းဘက်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စီးက လေကြောင်းပစ်ကူပေးခဲ့ပြီး လေယာဉ်တစ်စီးကို ဗုံးနှစ်လုံးခန့် ကြဲချကာ စက်လက်နက်တွေနဲ့လည်း မြေပြင်ကို ပစ်ခတ်သွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်တာတွေ ရှိတယ်လို့ ကနဦး သိရပေမဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

    အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ သိမ်းယူနိုင်ခဲ့ပြီးနောက် မြို့ကို တစ်နှစ်နီးပါး ထိန်းချုပ်ခဲ့ပါတယ်။

    စစ်တပ်ကတော့ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ကသာ၊ ထီးချိုင့်နဲ့ တကောင်းဘက်တွေကနေ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီ ၃၀ ရက်မှာ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

    အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပြင်ကျေးရွာတွေဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့တွေကို စစ်တပ်က ထိန်းချုပ်ထားပေမဲ့ မြို့ပတ်ဝန်းကျင် ကျေးရွာအများစုမှာ တော်လှန်ရေးတပ်တွေရဲ့လှုပ်ရှား ထိန်းချုပ်တာတွေ ဆက်ရှိနေပါတယ်။

  8. ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးကို မလေးရှားအမတ်ဟောင်းဦးဆောင်ဆန္ဒပြ

    မလေးရှားလွှတ်တော်အမတ်ဟောင်း ဝေါင်ချန်း (Wong Chen)၊ မလေးရှားလူ့အခွင့်အရေးအရပ်ဘက်အဖွဲ့တွေနဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားအရေး တက်ကြွလှုပ်ရှားနေတဲ့ Myanmar Affairs Alliance (MAA) တို့ ပူးပေါင်းပြီး ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ KLSCAH ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

    မလေးရှားလွှတ်တော်အမတ်ဟောင်း ဝေါင်ချန်းဟာ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) မှာ အဖွဲ့ဝင်ဖြစ်ပြီး မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ရဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအပေါ်လည်း ဝေဖန်ပြောဆိုထားသူ ဖြစ်ပါတယ်။

  9. ‘‘မြန်မာနဲ့ဆက်ဆံရေးမှာ အာဆီယံယန္တရားကို သတိပြုထားတယ်’’ - မလေးရှား၀န်ကြီးချုပ်

    မြန်မာနဲ့ဆက်ဆံရေးမှာ အာဆီယံယန္တရားကို သတိချပ်ဖို့ ပြောကြတာကို သတိပြုထားကြောင်း မလေးရှား၀န်ကြီးချုပ် အန်ဝါ အီဘရာဟင်က နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ပူးတွဲပြုလုပ်တဲ့ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

    အကြောင်းအရာစုံကို ဦးမင်းအောင်လှိုင်နဲ့ဆွေးနွေးခဲ့တယ်လို့လည်း သူက ပြောပေမဲ့ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားတယ်ဆိုတဲ့မူလ အကြောင်းရင်းခံဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုတော့ ၀န်ကြီးချုပ်က မပြောသွားပါဘူး။

    ဒါပေမဲ့ မြန်မာနဲ့ဆက်ဆံရေးမှာ အာဆီယံယန္တရားကို သတိချပ်ဖို့ အသိပေးကြတာကို နားလည်ကြောင်းတော့ ၀န်ကြီးချုပ် အန်ဝါက ထည့်ပြောပါတယ်။

    ဒါပေမဲ့ နေပြည်တော်ဟာ မလေးရှားနဲ့ ဆက်ဆံရေး ပြန်လည်ဖော်ဆောင်ဖို့ အားထုတ်ခဲ့တာတွေကိုတော့ သူ့အနေနဲ့ အသိအမှတ်ပြုရမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

    မလေးရှား၀န်ကြီးချုပ်ကတော့ လက်ရှိနေပြည်တော်နဲ့ဆက်ဆံရေးဟာ မလေးရှား - မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အသွင်ဆောင်တယ်လို့ ထည့်ပြောသွားပါတယ်။

    တဖက်မှာလည်း ဦးမင်းအောင်လှိုင်ရဲ့မလေးရှားခရီးစဉ်ဟာ အာဆီယံအဖွဲ့၀င် နိုင်ငံတွေရဲ့ နေပြည်တော်နဲ့ တစ်နိုင်ငံချင်း ဆက်ဆံမှု ခေါင်းစဉ်အောက်ကနေ ၆ နိုင်ငံမြောက် ခရီးစဉ်ဖြစ်လာပါတယ်။

    အာဆီယံအရေးအကဲခတ်တွေကတော့ အဖွဲ့၀င်နိုင်ငံတွေက နေပြည်တော်နဲ့ အခုလို နှစ်နိုင်ငံဆက်ဆံရေးအဖြစ် ပုံဖော် စကားပြောနေတာဟာ အာဆီယံတစ်ဖွဲ့လုံးရဲ့ ဘုံသဘောထား၊ ဘုံရပ်တည်ချက်နဲ့ အာဆီယံ ဗဟိုပြုချဉ်းကပ်မှုတွေအတွက် အန္တရာယ်ရှိကြောင်း သတိပေးနေပါတယ်။

    မြန်မာမှာ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် အဲဒီတုန်းက စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ သူ့နိုင်ငံခြားရေး၀န်ကြီးတွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်အစည်းအ၀ေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီး အဲဒီအစား နိုင်ငံရေးရာထူးမယူထားသူတွေကိုပဲ တက်ရောက်ခွင့် ပေးထားတာက ဆက်ရှိ‌နေပါတယ်။

  10. မလေးရှားလုပ်ငန်းရှင်တွေ မြန်မာ့အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်ထပ်ခေါ်, မလေးရှားစီးပွား‌ရေးလုပ်ငန်းတွေက မြန်မာမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်း

    မလေးရှားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဆိုပြီး နေပြည်တော်သမ္မတ ဦးမင်း‌အောင်လှိုင်က ထပ်ပြောပါတယ်။

    မနေ့ ‌အောက်တိုဘာ ၇ ရက်ကလုပ်ခဲ့တဲ့ မလေးရှား- မြန်မာ စီးပွား‌ရေးစကားဝိုင်းမှာ သူက အဲဒီလို ထပ်ပြောခဲ့တာပါ။ ဦးမင်း‌အောင်လှိုင်က သူ့ရဲ့ပြည်ပခရီးစဥ်တိုင်းမှာ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေမှာ လာ‌ရောက်ရင်းနှီးမြှုပ်နှံကြဖို့ အမြဲလိုပြောဆိုတာတွေ့ရပါတယ်။

    ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေဟာ တည်ဆောက်ပြီးသား စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေမှာသာ ရင်းနှီးမြှုပ်နှံရမှာ မဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်နဲ့ တည်နေရာအားသာချက်တွေအပေါ် မူတည်ပြီး စွမ်းအင်နဲ့ စက်မှုစီမံကိန်းတွေကို ကိုယ်တိုင်အဆိုပြု တည်ထောင်အကောင်အထည်ဖော်နိုင်တယ်လို့ သူက ဆိုပါတယ်။

    သီလဝါအထူးစီးပွားရေးဇုန်ဟာ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အထူးစီးပွားရေးဇုန်ဖြစ်သလို ထားဝယ်နဲ့ ကျောက်ဖြူစီမံကိန်းတွေကလည်း အနာဂတ်မှာ မဟာဗျူဟာအရ အရေးပါလာမယ့်စီမံကိန်းတွေဖြစ်တယ်လို့ သူက မလေးရှားလုပ်ငန်းရှင်တွေကို ‌ပြောပါတယ်။

    မြေပြင်မှာတော့ ဦးမင်းအောင်လှိုင်လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ ဒီအထူးစီးပွားရေးဇုန် ၃ ခုထဲ သီလ၀ါကလွဲလို့ ကျောက်ဖြူနဲ့ ထား၀ယ်ဇုန် တ၀ိုက်မှာတော့ လက်နက်ကိုင် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဆက်ရှိနေပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ စက်ရုံတည်ဆောက်တဲ့အဆင့်မှာပဲ ရပ်မနေဘဲ Industrial Cluster တွေ၊ Supplier Network တွေ၊ Logistics Hub တွေနဲ့ Export Processing Facilities တွေအထိ တိုးချဲ့ဖော်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။

    ဒီလို Cluster-based Development ပုံစံနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် မလေးရှားနဲ့ မြန်မာကုမ္ပဏီတွေကြား ရေရှည် Supply Chain ချိတ်ဆက်မှုတွေ ပိုမိုဖန်တီးနိုင်မယ်လို့ ထည့်‌ပြောပါတယ်။

    မလေးရှား- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလျံရှိခဲ့သလို ဒီနှစ် ဩဂုတ်လအထိလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလျံကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံက လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ရော်ဘာနဲ့ ကုန်ကြမ်းပစ္စည်းတွေအပြင် ချုပ်ပြီးအထည်တွေကို မလေးရှားနိုင်ငံကို တင်ပို့နေပြီး မလေးရှားနိုင်ငံကနေ စက်ဆီ၊ ချောဆီနဲ့ ရေနံထွက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချော၊ အီလက်ထရောနစ်ပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓာတုကုန်ကြမ်းနဲ့ ဆေးဝါးပစ္စည်းတွေကို မြန်မာနိုင်ငံက တင်သွင်းနေပါတယ်။

    လက်ရှိမြန်မာနိုင်ငံမှာ မလေးရှားရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၂ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိတယ်လို့ သိရှိရပါတယ်။

    မလေးရှားဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ အဆင့် ၉ ရှိတယ်လို့လည်း ဆိုပါတယ်။

    တဖက်မှာ‌တော့ ဒီလိုဖိတ် ခေါ်မှုတွေလုပ်နေပေမဲ့ မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်မီးမလုံလောက်တာ၊ နိုင်ငံတွင်းတည်ငြိမ်မှုမရှိတာ၊ သွင်းကုန်၊ ပို့ကုန်မူဝါဒတွေ တင်းကျပ်ထားတာ၊ အခြေခံအဆောက်အဦလိုအပ်ချက်တွေနဲ့ လမ်းပန်းဆက်သွယ်‌ရေး အားနည်းချက်တွေကြောင့် မလေးရှားလုပ်ငန်းရှင်တွေက မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု မရှိသလောက်နည်း‌လာတယ်လို့ မလေးစီးပွား‌ရေးသမား‌တွေနဲ့နီးစပ်တဲ့မြန်မာလုပ်ငန်းရှင်တစ်ဦးက ‌‌ပြောပါတယ်။

    Cluster-based Development ဆိုတဲ့စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ဆက်စပ်လုပ်ငန်းတွေကို တစ်နေရာတည်း ဒါမှမဟုတ် တစ်ဒေသတည်းမှာ စုစည်းပြီး ဖွံ့ဖြိုးအောင်လုပ်တဲ့ဖွံ့ဖြိုးရေးပုံစံကို ဦးမင်း‌အောင်လှိုင်က ပြောနေပေမဲ့ ဒါက မြန်မာအတွက် အခက်အခဲရှိနေတယ်လို့ ရှုမြင်ချက်တွေလည်းရှိနေပါတယ်။

  11. စစ်တွေနဲ့ကပ်လျက်က ပေါက်တော၊ ငပြီကျွန်းမှာ အေအေနဲ့ စစ်တပ် ၂ ရက်ဆက် တိုက်ပွဲဖြစ်

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ ငပြီကျွန်းဘက်ကို စစ်တပ်က အောက်တိုဘာ ၇ ရက် မနက်ပိုင်းကစပြီး ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တွေမြို့ကနေ ထွက်လာတဲ့ ရေတပ်စစ်သင်္ဘောတွေက ငပြီကျွန်းကို ကမ်းကပ်ဖို့ ကြိုးစားတဲ့အနေနဲ့ လက်နက်ကြီးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲတာကလည်း အောက်တိုဘာ ၈ ရက် မနက်ပိုင်းအထိ ဆက်တိုက်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

    စစ်တွေမြို့ ရွှေမင်းဂံ ရေတပ်စခန်းကလည်း လက်နက်ကြီးပစ်ကူပေးနေပေမဲ့ ကမ်းကို မကပ်နိုင်အောင် အေအေတပ်ဖွဲ့တွေက ပစ်ခတ် ဟန့်တားနေတာကြောင့် တိုက်ပွဲဆက်ရှိနေတာလို့ သူက ပြောပါတယ်။

    အောက်တိုဘာ ၇ ရက် တစ်နေ့လုံးနီးပါးနဲ့ အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းမှာလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေအပြင် စစ်တပ်ကလည်း လေကြောင်းက ဗုံးကြဲသံတဲ့အသံတွေကိုပါ ဆက်တိုက်ကြားနေရတယ်လို့ စစ်တွေ မြို့ခံတစ်ယောက်က ပြောပါတယ်။

    “စစ်လေယာဉ်သံတွေရော ဒရုန်းသံတွေရော ကြားနေရတာ၊ လက်နက်ကြီးပစ်သံတွေကတော့ တစ်ညလုံးပဲ ”လို့ စစ်တွေမြို့ခံက ပြောပါတယ်။

    ပေါက်တောမြို့နယ်ဟာ စစ်တွေနဲ့ မြစ်တစ်ဖက်တစ်ကမ်းသာ ကွာဝေးပြီး ရေကြောင်းအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် စစ်တပ်အနေနဲ့ ပေါက်တောကို ပြန်လည်ထိန်းချုပ်နိုင်ရင် စစ်တွေဝန်းကျင် လုံခြုံရေးနယ်မြေ ချဲ့ထွင်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ယခုထိုးစစ်ကို ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

    ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ တောင်ဘက်မှာရှိပြီး ကုလားတန်မြစ်သာ ခြားတဲ့နေရာမှာရှိသလို စစ်တွေရဲ့ မြောက်ဘက်မှာရှိတဲ့ ပုဏ္ဏားကျွန်းမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

    ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၄ ရက်ကစပြီး စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။

    AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် အကျအဆုံးများပြီး တပ်ဦးကျိုးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပေါက်တောမြို့နယ်ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံနေရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

    အေအေရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ၃၀ ရက်ညပိုင်းက ပေါက်တောမြို့ပေါ်နဲ့ အနီးဝန်းကျင်ကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    စစ်တပ်ကတော့ ပေါက်တောမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတာ၊ ထိုးစစ်ဆင်ဖို့ ကြိုးစားတာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

  12. မလေးရှားမှာ သောင်တင်ခဲ့သူတွေ မြန်မာခရီးဆုံးပြီလား

    မလေးရှားက ထိန်းသိမ်းရေးစခန်းတွေထဲ လနဲ့ချီ နေခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံး တစ်သုတ် အောက်တိုဘာ ၄ ရက်မှာ ပြန်ရောက်လာခဲ့ကြပါတယ်။

    အဲဒီ ပထမသုတ်ထဲမှာ မြန်မာဒုက္ခသည် ၁၄၇၆ ဦး ပါဝင်ပြီး အားလုံးဟာ မလေးရှားနိုင်ငံတဝန်းက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေကနေ ပြန်လာရသူတွေ ဖြစ်ပါတယ်။

    အနေအစားဆင်းရဲပြီး ချို့တဲ့ကျပ်တည်းစွာ နေခဲ့ရတဲ့ထိန်းသိမ်းရေးစခန်းတွေကို စွန့်ခွာပြီး ပြန်ရောက်လာခဲ့ပေမဲ့ သူတို့အိမ်ပြန်ခရီးက မပြီးဆုံးသေးပါဘူး။

    အဲဒီထဲမှာ ဒေါ်ခင်ဝင်း တစ်ယောက်လည်းပါဝင်ပါတယ်။ ဒေါ်ခင်ဝင်းဟာ အခုနှစ် နှစ်ဆန်းပိုင်းမှာ မလေးရှား နိုင်ငံကို တရားမဝင် အောက်လမ်းကနေ သွားရောက်ခဲ့ပါတယ်။

    ဒီ ဆောင်းပါးလင်ခ့် မှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။

  13. ရန်ကုန်၊မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို လုယက်သတ်ခဲ့သူ ၃ ဦး ဖမ်းမိ

    ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် အမှတ်(၄၂)ရပ်ကွက်က အိမ်ဆောက်ပစ္စည်းဆိုင်က ဆိုင်ပိုင်ရှင်အမျိုးသားကို ဓားသုံးပြီး လုယက်သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၃ ဦးကို အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးရမိတယ်လို့ ရဲသတင်းတွေက ဖော်ပြသလို ဖြစ်စဥ်ကို သိထားတဲ့ မြောက်ဒဂုံမြို့ခံ တစ်ဦး ကပြောပါတယ်။

    အောက်တိုဘာ ၅ ရက်က ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်မှာ အိမ်ဆောက်ပစ္စည်းဆိုင်ရဲ့ အနောက်ဘက်မှာရှိတဲ့ နေအိမ်ထဲကို အမျိုးသားသုံးယောက်က ဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်ကို အနုကြမ်းစီးကာ ဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့ အဖွဲ့တွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဆိုင်ပိုင်ရှင်ကို မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံရောက်ပြီး ၅မိနစ်အကြာမှာ ‌သေဆုံးခဲ့ပါတယ်။

    ဖြစ်စဉ်မှာ ကျူးလွန်သူတွေဟာ ရွှေပြည်သာမြို့နယ်ကဖြစ်ပြီး ၈ ပဲသား ရွှေလက်စွပ်တစ်ကွင်းနဲ့ ငွေ ၇,၀၀၀ ကျပ် ယူဆောင်သွားခဲ့ပြီး အဲဒီ ရွှေလက်စွပ်ကို လှော်ကားဈေးအတွင်းရှိ နဝလီရွှေဆိုင်က ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ‌ဖော်ပြပါတယ်။

    ဖမ်းဆီးရမိသူ ၃ ဦးကိုရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အတူ တခြား ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲ တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

  14. ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ဆန္ဒပြကန့်ကွက်ပွဲလုပ်ကြဖို့ရှိနေ

    မလေးရှားရောက် မြန်မာနိုင်ငံသားအရေးတက်ကြွလှုပ်ရှားတဲ့ Myanmar Affairs Alliance (MAA) အဖွဲ့က ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အောက်တိုဘာ ၈ ရက် ဒီကနေ့ မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ KLSCAH ခန်းမ မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို မလေးရှားလွှတ်တော်အမတ်တချို့၊ မလေးရှား လူ့အခွင့်အရေးအဖွဲ့ ‌တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၇ ရက်ကလည်း တချို့က ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ တစ်ရက်တာ အလုပ်ရပ်နားသပိတ် ပြုလုပ်ဖို့ MAA က ကြေညာထားပါတယ်။

    ဒီလှုပ်ရှားမှုက ဦးမင်းအောင်လှိုင်နဲ့ မလေးရှားအစိုးရ တွေ့ဆုံဆက်ဆံတာကို ကန့်ကွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေး တောင်းဆိုဖို့ ရည်ရွယ်တာလို့ စီစဉ်သူတွေက ပြောပါတယ်။

  15. နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါတို့ ဒီကနေ့တွေ့မယ်, မလေးရှားရောက်မြန်မာတွေက ဆန္ဒပြဖို့ ရှိနေ

    မလေးရှားနိုင်ငံကို ၂ ရက်တာခရီးရောက်နေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ ဒီကနေ့ အောက်တိုဘာ ၈ ရက်မှာ တွေ့ဆုံကြဖို့ရှိနေပါတယ်။

    သမ္မတရာထူးယူထားတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေကြုံနေရတဲ့ မလေးရှားအစိုးရဘက်ကတော့ ဒါက မြန်မာအစိုးရကို အသိအမှတ်ပြုတာ ဒါမှမဟုတ် ထောက်ခံတာမဟုတ်ဘဲ သံတမန်ရေးအရ ဆွေးနွေးထိတွေ့တာလို့ တုံ့ပြန်ထားပါတယ်။

    မလေးရှားအစိုးရကတော့ နှစ်ဖက်တွေ့ဆုံချိန်မှာ မလေးရှားမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ရေးနဲ့ မြန်မာ့အရေးမှာ အာဆီယံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကြိုးပမ်းမှုတွေကို ပြန်လည်သုံးသပ်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက်လုပ်ဆောင်ရေးတို့ကို ဆွေးနွေးမယ်လို့ ပြောထားပါတယ်။

    မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဖြစ်လာရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ခွင့်ရရေးတို့အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့လည်း မလေးရှားဘက်က ပြောထားပါတယ်။

    မလေးရှားအစိုးရရဲ့ အချက်အလက်တွေအရ ဒီနှစ် ဇန်နဝါရီလကတည်းက မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ လောက်ကို မြန်မာဘက် ပြန်လည်ပို့ဆောင်ထားပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်ရေးကလည်း ဒီတွေ့ဆုံမှုမှာ အဓိကဆွေးနွေးမယ့် ကိစ္စတစ်ခုလို့ပြောထားပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တချို့ ကတော့ မလေးရှားရဲ့ ဒီဖိတ်‌ခေါ်မှု အပေါ်‌ ဝေဖန် ကန့်ကွက်ထားပြီး HRW ( နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့) ကတေ့ာ မလေးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုခံရမှုတွေကို ရပ်တန့်ရေး ဦးမင်း‌အောင်လှိုင်ကို ဖိအားပေးတောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။

    မနေ့ အောက်တိုဘာ ၇ ရက်က မလေးရှားကို ရောက်ရှိခဲ့တဲ့ ဦးမင်းအောင်လှိုင်က မလေးရှား-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ခဲ့ပြီး မလေးရှားလုပ်ငန်းရှင်တွေကို မြန်မာ့အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာတွေ့ရပါတယ်။

    တဖက်မှာလည်း မလေးရှားဝန်ကြီးချုပ်နဲ့ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံကြမယ့် ဒီကနေ့မှာ Myanmar Affairs Alliance (MAA) ဦးဆောင်ပြီး မလေးရှားရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတွေက ဦးမင်း‌အောင်လှိုင်ကို ဆန္ဒပြလှုပ်ရှားမှုလုပ်ကြဖို့ ရှိနေပါတယ်။

  16. မင်္ဂလာပါ။ အောက်တိုဘာ ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။