မြန်မာဗိုလ်ကြီးတစ်ဦးရဲ့ အလောင်းကို ရုရှားက တောအုပ်ထဲမှာ ရှာတွေ့

Moscow Institute of Electronic Technology နည်းပညာကျောင်း
ဓာတ်ပုံ ပုံစာ, Moscow Institute of Electronic Technology နည်းပညာကျောင်း
ရေးသားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့အနီး ဇလန်းနိုဂရက်မြို့က တောအုပ်တစ်ခုထဲမှာ မြန်မာကျောင်းသား တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

သူဟာ အသက် ၂၇ နှစ် ဝန်းကျင် ဗိုလ်ကြီးအဆင့် ကျော်ရဲအောင် ဆိုသူ ဖြစ်ပြီး Moscow Institute of Electronic Technology နည်းပညာကျောင်းမှာ PhD ဘွဲ့လွန်ပညာ သင်ယူနေသူ တစ်ဦး ဖြစ်တယ်လို့ မော်စကိုမြို့မှာ ရှိတဲ့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးညွန့်မောင်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

သူဟာ ရုရှားနိုင်ငံမှာ နေထိုင်နေတာ အနည်းဆုံး ၆ နှစ်လောက် ရှိသွားပြီလို့ ဆိုပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ ဇွန်လ ၂၀ ရက်နေ့ကတည်းက အဆောင်ကို ပြန်မလာတဲ့အတွက် အခန်းဖော် သူငယ်ချင်းတွေက လိုက်ရှာခဲ့ရာမှာ အဆောင်နဲ့ မီတာ ၈၀၀ အကွာမှာ ရှိတဲ့ တောအုပ်ထဲက သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အနေအထားကို တွေ့ခဲ့ကြောင်း ဇွန်လ ၂၂ ရက် လင်းအားကြီးမှာ သံရုံးကို အကြောင်းကြားလာခဲ့ကြတယ်လို့ ဦးညွန့်မောင်က ပြောပြပါတယ်။

အခင်းဖြစ်ရာ နေရာကို မြန်မာသံရုံး ဒုတိယ အကြီးအကဲနဲ့ သံရုံး တာဝန်ရှိသူတွေ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ ရဲတွေနဲ့အတူ လိုအပ်တာတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာရှိတဲ့ သူ့မိသားစုနဲ့ သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုအခါ အလောင်းကို ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရဲက စုံစမ်း စစ်ဆေးနေဆဲလို့ သိရပါတယ်။

ရုရှားနိုင်ငံက နည်းပညာတက္ကသိုလ်တွေမှာ မြန်မာတပ်မတော်အရာရှိတွေ နှစ်စဉ် လာရောက်ပြီး ပညာသင်ကြပါတယ်။