ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နနွင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအယူအဆတွေက တကယ်မှန်ရဲ့လား
- ရေးသားသူ, ဆာရာ ဘဲလ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာ့တလွှား၊ ကျန်းမာရေးသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
အိန္ဒိယစတိုင် ကြက်သားဟင်း၊ ဆူဒန်စတိုင် ကုလားအုတ်သား ဒံပေါက် ၊ မလေးရှား လက်ဆာ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် ငါးဟင်း ဘာပဲချက်ချက် အားလုံးမှာ တူတဲ့ ပါဝင်ပစ္စည်းတစ်ခုကတော့ နနွင်းပါပဲ။
မြန်မာမှာလည်း မုန့်ဟင်းခါး ငါးပြုတ်တာကစလို့ အုန်းနို့ခေါက်ဆွဲချက်တာအဆုံး နေ့စဥ် မြန်မာဟင်းတွေချက်ပြုတ်တဲ့အခါ ဆနွင်းလို့ ခေါ်တဲ့ နနွင်းက မပါမဖြစ်ပါ။
အစားအစာတွေကို အရသာရှိအောင် အနံ့အသက်ကောင်းအောင် ကူညီပေးတဲ့အပြင် ကမ္ဘာ့ရှေးအကျဆုံးနဲ့ လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တစ်ခုဖြစ်တဲ့ နနွင်းက ကျန်းမာရေးအတွက် တကယ်ပဲ အံ့ဖွယ်အကျိုးကျေးဇူးတွေ ပေးနိုင်ပါသလား။
"ကျွန်မတို့မိသားစုက ပန်ချာပီ နွယ်ဖွားတွေပါ။ နနွင်းမထည့်တဲ့ ဟင်းတစ်ခွက်ကိုတောင် ကျွန်မ စဉ်းစားလို့ မရပါဘူး" လို့ တောင်အာရှနွယ်ဖွားတွေရဲ့ အစားအသောက်ယဉ်ကျေးမှုကို အထူးလေ့လာတဲ့ အစားအသောက်သုတေသီနဲ့ ပေါ့ကတ်စ် တင်ဆက်သူ ရာဂီနီ ကက်ရှ်ယပ် က Food Chain အစီအစဉ်ကို ပြောပါတယ်။
နနွင်းမျိုးကွဲ အမျိုး ၃၀ လောက် ရှိပြီး အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်တွေမှာ ချက်ပြုတ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ဒါ့အပြင် တောင်အာရှကနေ ရွှေ့ပြောင်းနေထိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့အတူ နနွင်းဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာခဲ့ပါတယ်။ အရှေ့ဘက်မှာ ဘာလီနဲ့ ဖီဂျီလို ပစိဖိတ်ကျွန်းတွေအထိ ရောက်ရှိခဲ့သလို အနောက်ဘက်မှာလည်း ကာရစ်ဘီယံကျွန်းတွေအထိ ပျံ့နှံ့လာခဲ့ပါတယ်။
ရှင်းလင်းထိရောက်တဲ့ သတင်းစကား
ကက်ရှ်ယပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ လောက်က စာပေမှတ်တမ်းတွေမှာတောင် နနွင်းအကြောင်းကို တွေ့ရတယ် လို့ ပြောပါတယ်။
တောင်အာရှဒေသတစ်ဝန်းမှာ နနွင်းကို အတော်ကျယ်ကျယ်ပြန့်ပြန့် သုံးကြပြီး ပိုးသတ်နိုင်တဲ့ အာနိသင်နဲ့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင် ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း အမြစ်တွယ်နေပါတယ်။
"ကျွန်မ နေမကောင်းဖြစ်ရင် အရင်ဆုံး သတိရမိတာက နနွင်းပါပဲ။ အဲဒါက ကျွန်မအတွက် စိတ်သက်သာရာရစေတယ်လို့ ခံစားရပါတယ်။ စိတ်သက်သာမှုလည်း ပါတယ်၊ ဆေးဝါးလိုလည်း ဖြစ်တယ်၊ အတိတ်အမှတ်တရတွေလည်း ပါတယ်" လို့ အခု ဒူဘိုင်းမှာ နေထိုင်တဲ့ ကက်ရှ်ယပ် က ရှင်းပြပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ နနွင်းဟာ မင်္ဂလာဆောင်မတိုင်ခင် ပြုလုပ်တဲ့ ရိုးရာအခမ်းအနားတစ်ခုဖြစ်တဲ့ ဟယ်လ်ဒီ အခမ်းအနားရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ နနွင်းအနှစ်ကို မျက်နှာပေါ် လိမ်းပေးပြီး အလှအပအတွက် ပြင်ဆင်တဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။
အခုတော့ အနောက်နိုင်ငံတွေက စားသုံးသူတွေဟာ နနွင်းနဲ့ပတ်သက်တဲ့ ရှေးယုံကြည်ချက်တွေကို သိလာကြတာကြောင့် နနွင်းထုတ်ကုန်တွေရဲ့ ရောင်းအားကလည်း မြန်မြန်ဆန်ဆန် မြင့်တက်လာနေပါတယ်။
နနွင်းအားဖြည့်ဆေးတွေမှာ ပုံမှန်အားဖြင့် ကာကူမင်ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါပါတယ်။ အဲဒီဓာတ်က ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖြစ်စေတယ်လို့ ယုံကြည်တတ်ကြပါတယ်။ ဒီအားဖြည့်ဆေးတွေကိုတော့ အရိုးနဲ့ အဆစ်ကျန်းမာရေးကောင်းတယ်၊ ကိုယ်ခံအားကောင်းတယ်လို့ ကြော်ငြာရောင်းနေကြပါတယ်။
နနွင်း လူကြိုက်များလာရတဲ့ အကြောင်းရင်းတစ်ခုကတော့ လူတွေက နနွင်းသောက်သုံးပြီး ကောင်းကျိုးခံစားရတယ်ဆိုတဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေကြတာ ဖြစ်တယ်လို့ ကက်ရှ်ယပ်က ရှင်းပြပါတယ်။
"ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ရာနဲ့ချီပြီး နနွင်းက အရာအမျိုးမျိုးကို ကုစားပေးနိုင်တယ်လို့ အခိုင်အမာ ယုံကြည်နေကြတယ်ဆိုရင်၊ ဒါဟာ ကမ္ဘာတစ်ဝန်းကို ရောက်ရှိသွားတဲ့ အလွန်အားကောင်းထိရောက်တဲ့ သတင်းစကားတစ်ခု ဖြစ်လာတာပါ။ အဲဒီအပေါ်မှာမှ သုံးချင်ဝယ်ချင်အောင်ပြောတာတွေ၊ အားဖြည့်ဆေးကုမ္ပဏီတွေနဲ့ တခြားအရာတွေပါ ပေါင်းစပ်လာရင်တော့ ပိုကျယ်ပြန့်သွားတာပေါ့။ "
"အဆိုးဆုံး ဓာတုဖွဲ့စည်းပုံ"
ဒါပေမဲ့ နနွင်းရဲ့ အကျိုးကျေးဇူးတွေအပေါ် သံသယရှိသူတွေလည်း ရှိပါတယ်။ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်က ဓာတုဗေဒပညာရှင် ဒေါက်တာ ကက်သရင်း နယ်လ်ဆန်ဟာ ကာကူမင် နဲ့ပတ်သက်တဲ့ သုတေသနစာတမ်း ၁၀၀ ကျော်ကို ပြန်သုံးသပ်လေ့လာခဲ့ပါတယ်။
"နနွင်းက အရာအားလုံးနီးပါးကို ကုသပေးနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိပေမဲ့ တကယ်တမ်းမှာတော့ ဘာကိုမှ သိသိသာသာ အကျိုးမပြုနိုင်တာ ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်" လို့ သူက ပြောပါတယ်။
နနွင်းရဲ့ ပြဿနာကတော့ ဓာတုဖွဲ့စည်းပုံ ကြောင့် ဖြစ်နိုင်တယ်လို့ ဒေါက်တာ နယ်လ်ဆန်က ရှင်းပြပါတယ်။ နနွင်းဟာ ဓာတုဓာတ်ပြုမှု အင်မတန်လွယ်ကူပြီး သုတေသနစမ်းသပ်မှုတွေမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် တကယ်အလုပ်မလုပ်ပေမဲ့ အလုပ်လုပ်နေသလိုမျိုး ရလဒ်ထွက်လာနိုင်ပါတယ်။
နနွင်းကို ပါးစပ်ကနေ စားသုံးတဲ့အခါ ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ခြင်းမရှိဘဲ သွေးလည်ပတ်မှုထဲ ဝင်ရောက်နိုင်တဲ့ ပမာဏကလည်း အလွန်နည်းတယ်လို့ သူက ပြောပါတယ်။ ဒီအခြေအနေကို ပိုကောင်းလာစေဖို့ လူအများက နနွင်းကို ငရုတ်ကောင်းနဲ့ တွဲစားကြပါတယ်။
"အသုံးဝင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်အောင် ဖန်တီးဖို့ အစပြုရမယ့် ဓာတုဖွဲ့စည်းပုံတွေထဲမှာ ဒါဟာ တကယ့်ကို အဆိုးဆုံးအမျိုးအစားတွေထဲက တစ်ခုပါ" လို့ ဒေါက်တာ ကက်သရင်း နယ်လ်ဆန်က ပြောပါတယ်။
''စိတ်ပျက်ခဲ့ရမှု''
နနွင်းနဲ့ပတ်သက်ပြီး ဆယ်စုနှစ်များစွာ သုတေသနလုပ်ခဲ့ကြပေမဲ့ သုတေသနရလဒ်တွေက ကွဲလွဲနေတတ်ပြီး လေ့လာမှုတွေက ထွက်လာတဲ့ အရည်အသွေးကလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။
နနွင်းရဲ့ အကျိုးကျေးဇူးတွေကို ထောက်ခံတဲ့ သုတေသနအများအပြားဟာ လူတွေအပေါ်မှာ စမ်းသပ်ပြုလုပ်ထားတာ မဟုတ်ဘူး လို့ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ် လန်ဒန်မြို့က London Health Sciences Centre က ကျောက်ကပ်ရောဂါအထူးကု ပါမောက္ခ ဒေါက်တာ အမစ် ဂါ့ဂ် က ပြောပါတယ်။
သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ အခုအချိန်အထိ လုပ်ခဲ့တဲ့ အကြီးဆုံး သုတေသနတွေထဲက နှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ပထမသုတေသနမှာ သွေးလွှတ်ကြောမကြီးနံရံရောင်ရမ်းတာကို ခွဲစိတ်မှုခံယူမယ့် လူနာတွေမှာ ကာကူမင်က ကျောက်ကပ်ထိခိုက်မှုနဲ့ ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ လေ့လာခဲ့ပါတယ်။ လူနာ ၆၀၀ ပါဝင်တဲ့ စမ်းသပ်မှုမှာတော့ အကျိုးရှိတဲ့ သက်ရောက်မှုကို မတွေ့ရှိခဲ့ပါဘူး။
အဲဒီနောက် ကျောက်ကပ်ရောဂါရှိသူတွေကို "အလွန်သေးငယ်တဲ့ အမှုန်အရွယ်အစားနဲ့ လုပ်ထားတဲ့ ကာကူမင်" ပမာဏနည်းနည်း ပေးပြီး ကျောက်ကပ်ကျန်းမာရေး တိုးတက်လာနိုင်မလား၊ ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ပိုဆိုးလာတာကို ကာကွယ်နိုင်မလားဆိုတာ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အကျိုးရှိတယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့တာ မရှိပါဘူး။
"ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစမ်းသပ်မှုကို ဘက်မလိုက်ဘဲ စခဲ့တာပါ။ ကာကူမင်က အလုပ်မလုပ်ဘူးဆိုတာ သက်သေပြဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အထူးသဖြင့် အိန္ဒိယမှာ နနွင်းကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် နှစ်ထောင်ပေါင်းများစွာ အသုံးပြုလာခဲ့တဲ့ သမိုင်းကြောင်းကို ဘယ်လိုရှင်းပြမလဲ။
သဘာဝအတိုင်းရှိနေတဲ့ အော်ဂဲနစ်ပစ္စည်းတစ်ခုထဲက ဓာတုဒြပ်ပေါင်းတစ်မျိုးကို သီးခြားထုတ်ယူပြီး ဆေးဝါးအဖြစ် ပြောင်းသုံးဖို့ ကြိုးစားတာနဲ့ အဲဒီအော်ဂဲနစ်ပစ္စည်းတစ်ခုလုံးကို အစားအစာအဖြစ် ချက်ပြုတ်စားသုံးတာ၊ ဒါမှမဟုတ် အရေပြားပေါ်မှာ သုံးတာတို့ဟာ သိသိသာသာ ကွာခြားပါတယ်လို့ ဒေါက်တာ ဂါ့ဂ်က ပြောပါတယ်။
ဒါဆို ဈေးကြီးတဲ့ နနွင်းအားဖြည့်ဆေးတွေက တကယ်တန်ရဲ့လား။
ဈေးနှုန်းအပြင် အဲဒီအားဖြည့်ဆေးတွေ တကယ်အလုပ်လုပ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်တဲ့ အထောက်အထား မရှိသေးပါဘူး လို့ ပါမောက္ခ ဂါ့ဂ်က ပြောပါတယ်။ သဘာဝကျန်းမာရေးထုတ်ကုန်တွေဟာ တခြားဆေးဝါးထုတ်ကုန်တွေလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ခံရတာ မဟုတ်ဘူးလို့လည်း သူက ရှင်းပြပါတယ်။
"ကျွန်တော်တို့ အမြင်ကျယ်ကျယ်၊သဘောထားကြီးကြီး ထားနိုင်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာက ဒီလိုအကျိုးသက်ရောက်မှုရှိတယ်လို့ ပြောမယ်ဆိုရင် အရည်အသွေးမြင့် သုတေသနအထောက်အထားတွေပေါ်မှာ အခြေခံသင့်တယ်ဆိုတဲ့ စံနှုန်းတော့ ရှိသင့်ပါတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အစားအစာထဲမှာ နနွင်းထည့်သုံးတာကိုတော့ သူက ပြဿနာမရှိဘူးလို့ မြင်ပါတယ်။
"လူတွေက နနွင်းနဲ့ ချက်တဲ့ အစားအသောက်တွေကို ကြိုက်တယ်ဆိုရင် အဲဒီလို ဆက်စားဖို့ ကျွန်တော် အားပေးပါတယ်။"