တိုက်ရိုက်ထုတ်လွှင့်မှု, လိုဏ်ထဲပိတ်မိနေတဲ့ နီပေါရေအားလျှပ်စစ်လုပ်သား ရာချီကို ရှာဖွေဖို့ တောင်စောင်းကို ဖောက်ခွဲ

လိုဏ်ထဲ ပိတ်မိနေတဲ့ နီပေါ ရေအားလျှပ်စစ်လုပ်သား ရာချီကို ရှာဖွေဖို့ တောင်စောင်းကို ဖောက်ခွဲပြီဖြစ်ပြီး မိသားစုတွေ မျှော်လင့်တကြီးနေတဲ့သတင်းအပါအ၀င် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တာချီလိတ်မှာ အရပ်၀တ် ၀တ်ထားတဲ့ စစ်သားပုံစံ အသွင်ယူကာ လူငယ် ၂ ဦးကို ချုပ်နှောင်ခဲ့တဲ့ အမျိုးသား ၂ ဦး နဲ့ နောက်ထပ် အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
  • ပဲခူးတိုင်း၊ တောင်ငူမြို့ ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်မှာ လောင်စာဆီတွေ တင်လာတဲ့ ဘောက်ဆာကား တစ်စီး မီးလောင်ပြီး အနီးနားက ဘုန်းကြီးကျောင်းကိုပါ မီးကူးလောင်
  • မရမ်းကုန်းမြို့နယ်ထဲမှာ ခွေးတစ်ကောင်ကို သတ်ဖြတ်စားသောက်သူ၊ ရောင်းချသူ၊ ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ပေးသူ အမျိုးသား ၅ ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်
  • ကရင်ပြည်နယ်ထဲ ကျားဖြန့်သွားလုပ်မယ့်ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံထဲ ခိုး၀င်လာသူ တရုတ် ၇ ဦးကို ထိုင်းရဲဖမ်းဆီး
  • ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ HIV လူနာ ၇ သောင်းကျော်ရှိနေပါတယ်။
  • နီပေါမှာ လိုဏ်ခေါင်းထဲ ပိတ်မိနေတဲ့ရေအားလျှပ်စစ်ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်သား ရာချီကို ကယ်ဆယ်ဖို့ တောင်စောင်းကို ဖောက်ခွဲလိုက်ပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရေကြီးနေတဲ့ငသိုင်းချောင်းမြို့နယ်မှာ လှေမှောက်လို့ အမျိုးသား ၃ ဦး သေဆုံး

    လှေမှောက်ပြီး ရေနစ်သေဆုံးသူအလောင်းကို ပြန်ရှာတွေ့

    ဓာတ်ပုံ ရင်းမြစ်, Myanmar Rescue - Mandalay

    ဓာတ်ပုံ ပုံစာ, လှေမှောက်ပြီး ရေနစ်သေဆုံးသူအလောင်းကို ပြန်ရှာတွေ့

    ဧရာဝတီတိုင်းထဲ ရေကြီးတဲ့ဒဏ်ခံနေရတဲ့ ငသိုင်းချောင်းမြို့နယ်မှာ လှေမှောက်ပြီး ပျောက်ဆုံးနေတဲ့အမျိုးသား ၃ ဦးကို ရုပ်အလောင်းအဖြစ်သာ ပြန်တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်း ကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

    ငါးသိုင်းချောင်းမြို့နယ် ကျက်ကွင်းကျေးရွာက ဒီအမျိုးသား ၃ ဦးဟာ ဩဂုတ် ၃၀ ရက်ညပိုင်းက လှေတစ်စီးနဲ့ ထွက်သွားပြီး ဩဂုတ် ၃၁ ရက် မနက်မိုးလင်းတဲ့အထိ ပြန်မရောက်လာတာကြောင့် ရှာဖွေပေးဖို့ မိသားစုဝင်တွေက ရေဘေးကူညီရေးလုပ်နေတဲ့ပရဟိတအဖွဲ့တွေကို အကူအညီတောင်းခဲ့တာပါ။

    ဒီမျိုးသားတွေထဲက ၁ ဦးရဲ့ရုပ်အလောင်းကို ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြန်တွေ့ခဲ့ပါတယ်။

    အဲဒီနောက် ညနေပိုင်းမှာ မိုးသည်းပြီး ရေစီးကြမ်းလာတာကြောင့် ရှာဖွေမှုကို ခဏ ရပ်ဆိုင်းခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်း ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

    ဒီနေ့မှာတော့ လှေမြုပ်မှုကနေ ပျောက်နေတဲ့နောက်ထပ် အမျိုးသား ၂ ဦးရဲ့ အလောင်းကို ပြန်တွေ့ခဲ့တာကြောင့် အမျိုးသား ၃ ဦးစလုံး သေဆုံးခဲ့တာလို့ ရှာဖွေရေး လုပ်ခဲ့သူတွေက ပြောပါတယ်။

    အခုတော့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ရေကြည်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ရေဘေးကူညီရေးတွေ ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ငသိုင်းချောင်းမြို့နယ်ထဲမှာပဲ ရွာသစ်ကုန်းကျေးရွာမှာလည်း ဩဂုတ် ၂၇ ရက် ညပိုင်းမှာ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ယောက် ရေနစ် သေဆုံးခဲ့ပြီး ဩဂုတ် ၂၉ ရက် မနက်ပိုင်းမှ ရုပ်အလောင်း ပြန်ရှာတွေ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်း ကော်မတီက ထုတ်ပြန်ထားပါတယ်။

  2. ကရင်ပြည်နယ်ထဲ ကျားဖြန့်သွားလုပ်မယ့် တရုတ် ၇ ဦးကို ထိုင်းရဲဖမ်း

    ဖမ်းဆီးခံရသူတွေထဲ ထိုင်းနိုင်ငံသား ၂ ဦးလည်း ပါ၀င်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, CIB

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံရသူတွေထဲ ထိုင်းနိုင်ငံသား ၂ ဦးလည်း ပါ၀င်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်

    ကရင်ပြည်နယ်ထဲ ကျားဖြန့်သွားလုပ်မယ့်ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံထဲ ခိုး၀င်လာသူ တရုတ် ၇ ဦးကို ထိုင်းအမြန်လမ်း ရဲတပ်ဖွဲ့က ချွန်ဘူရီခရိုင်ထဲမှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအထူးရဲတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်မှာပြောပါတယ်။

    ဘန်ကောက်မြို့ကို ဦးတည်လာတဲ့တရုတ် ၇ ဦးကို သူတို့ကို လိုက်ပို့တဲ့ထိုင်းနိုင်ငံသား ၂ ဦးနဲ့အတူ ချွန်ဘူရီခရိုင်ထဲက အမှတ် ၃၄၄ အမြန်လမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာလို့ ထိုင်းစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ပြောပါတယ်။

    ထိုင်းနိုင်ငံထဲ တရားမ၀င် နယ်စပ်ဖြတ်ကျော်သယ်ပို့မှု လုပ်နေတာတွေကို စောင့်ကြည့်နှိမ်နင်းတဲ့ Ghost Driver စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ ရဲတပ်ဖွဲ့က အခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က အနက်ရောင် တိုယိုတာ အိမ်စီးကား ၂ စီးကို ရပ်တန့်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ၇ ဦးကို ခေါ်ဆောင်လာတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခံရတဲ့ထိုင်းယာဉ်မောင်းနှစ်ဦးကတော့ သူတို့ဟာ တရုတ် ၇ ဦးကို ဘန်ကောက်အထိ ပို့ဆောင်ပေးဖို့ ငှားရမ်းခံရတာဖြစ်ပြီး တစ်ယောက်ကို ဘတ် ၁၀,၀၀၀ စီ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုထားပါတယ်။

    တရုတ် ၇ ဦးကတော့ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားကို ဖြတ်သန်းလာခဲ့ပြီးနောက် ချွန်ဘူရီခရိုင် ပုန်နမ်ရွန်ဒေသနယ်စပ်ကနေ ၀င်ရောက်လာခဲ့တာလို့ ရဲကို ထွက်ဆိုထားပါတယ်။

    အခုတော့ ဒီလူ ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က ချွန်ဘူရီရဲစခန်းမှာ တရားစွဲဆိုနိုင်ဖို့ လုပ်နေတယ်လည်း ထိုင်း CIB က ပြောပါတယ်။

  3. ရန်ကုန်မှာ ခွေးတစ်ကောင်သတ်စားခံရမှု အမျိုးသား ၅ ဦး ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရ

    ခွေးသတ်ခံရမှုကို တရားစွဲခဲ့သူတွေ

    ဓာတ်ပုံ ရင်းမြစ်, မမိုနိုဝင်းမြင့်

    ဓာတ်ပုံ ပုံစာ, ခွေးသတ်ခံရမှုကို တရားစွဲခဲ့သူတွေ

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ထဲမှာ ခွေးတစ်ကောင်ကို သတ်ဖြတ်စားသောက်သူ၊ ရောင်းချသူ၊ ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ပေးသူ အမျိုးသား ၅ ဦးကို မြို့နယ်တရားရုံးက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားစွဲခဲ့သူ မမိုနိုဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

    တရားရုံးက ဒီအမျိုးသား ၅ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၈ အရ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

    ရာဇသတ်ကြီးဥပဒေမှာ တိရစ္ဆာန်တစ်‌ကောင်ကို သတ်တာ၊ အဆိပ်ခတ်တာ၊ ဒဏ်ရာရစေတာ၊ ကိုယ်အင်္ဂါချို့ယွင်းစေတာတွေကို လုပ်ဆောင်ရင် ပြစ်မှုမြောက်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါကြောင့် ညိုကြီးလို့နာမည်ပေးထားတဲ့ခွေးကို သတ်ဖြတ်ရောင်းချသူ ၂ ဦးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ၊ အသားဝယ်စားသူ ၂ ဦးနဲ့ ချိတ်ဆက်ပေးသူ ၁ ဦးက ဒဏ်ငွေ ငါးသိန်း ချမှတ်ခံရတယ်လို့ မမိုနိုဝင်းမြင့်က ပြောပါတယ်။

    “ဒီခွေးက ကိုက်လို့ ရန်ပြုလို့ သတ်တာမျိုးမဟုတ်ဘဲ ခွေးကို စားချင်လို့ သတ်တာက ဘယ်လိုမှ လက်မခံနိုင်ဘူး” လို့ သူက ပြောပါတယ်။

    ၂၀၂၅ ခုနှစ်၊ မတ်လမှာ မရမ်းကုန်းမြို့နယ်၊ ရပ်ကွက် ၃ မှာ လူနှစ်ယောက်က ခွေးသားစားချင်တယ်လို့ ပြောတာကြောင့် ကြားခံတစ်ယောက်က ခွေးရှာဖွေချိန် ညိုကြီးဆိုတဲ့ခွေးကို အစာကျွေးမွေးထားတဲ့လူ ၂ ဦးဆီကနေ ငွေ ကျပ် ၃ သောင်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

    ခွေးတစ်ကောင်ကို လူနှစ်ယောက်က သတ်နေတဲ့အခြေအနေကို ပတ်ဝန်းကျင်က ရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့ပြီးနောက် တိရစ္ဆာန်ချစ်သူတွေနဲ့ စောင့်ရှောက်သူတွေကို အဲဒီရုပ်သံ ပေးပို့တာကနေ ဒီအခြေအနေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

    ဒါကြောင့် ခွေးစောင့်ရှောက်ရေးဂေဟာ(Hearts and Paws Shelter)က မမိုနိုဝင်းမြင့်က ခွေးရောင်းချသူ၊ ကြားခံချိတ်ဆက်သူ၊ အသားစားသူတွေကို မရမ်းကုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရုံးမှာ တွေ့ဆုံ စကားပြောခဲ့ပြီးတဲ့နောက် သူက ဦးဆောင်ပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

    အခုတော့ တစ်နှစ်နဲ့ ငါးလအကြာမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုပြစ်ဒဏ်တွေကို တရားရုံးက ချမှတ်လိုက်တာဖြစ်ပါတယ်။

    ဒီအမှုမှာ တိုင်ကြားခံရသူတွေဟာ တရားရုံးကနေ အာမခံရရှိတာကြောင့် ဖမ်းဆီးခံခဲ့ရတာမရှိဘဲ အမှုကာလတလျှောက်လုံးမှာ အပြင်ကနေ တရားရင်ဆိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

    တစ်ဖက်မှာလည်း အခုဖြစ်ရပ်ဟာ တိရစ္ဆာန်တစ်ကောင်ကို စားသောက်ဖို့ရည်ရွယ်ချက်နဲ့သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူလို့ ဆိုသူတွေ ပြစ်ဒဏ်ချမှတ်ခံရသူတွေ အခုနှစ်ပိုင်းတွေအတွင်း ပထမဆုံးဖြစ်ရပ်လို့ နားလည်ရပါတယ်။

  4. ဓာတ်ပုံ စုစည်းချက် - တောင်ငူမြို့မှာ လောင်စာဆီတင်ကားကနေ မီးကူးလို့ ဘုန်းကြီးကျောင်းဆွမ်းစားဆောင် မီးလောင်

    တောင်ငူမြို့ ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ်မှာ ဒီနေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ လောင်စာဆီတင်ကား မီးလောင်မှု

    ဓာတ်ပုံ ရင်းမြစ်, Taungoo Rescue

    ဓာတ်ပုံ ပုံစာ, တောင်ငူမြို့ ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ်မှာ ဒီနေ့မနက်ပိုင်းဖြစ်ခဲ့တဲ့ လောင်စာဆီတင်ကား မီးလောင်မှု

    ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဒီနေ့မနက်ပိုင်းတုန်းက ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်မှာ လောင်စာဆီတွေ တင်လာတဲ့ ဘောက်ဆာကား တစ်စီး မီးလောင်ရာကနေ အနီးနားက ဘုန်းကြီးကျောင်းကိုပါ မီးကူးခဲ့လို့ ကျောင်းရဲ့ဆွမ်းစားဆောင်လည်း မီးလောင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။

    မီးလောင်ခဲ့တဲ့ လောင်စာဆီတင်ကား

    ဓာတ်ပုံ ရင်းမြစ်, Taungoo Rescue

    ဓာတ်ပုံ ပုံစာ, မီးလောင်ခဲ့တဲ့ လောင်စာဆီတင်ကား

    မီးလောင်မှုဖြစ်ခဲ့တဲ့နေရာဟာ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက်ထဲက ရန်ကုန်- မန္တလေးအမြန်လမ်းဟောင်း လမ်းကွေ့အနီးမှာ ဖြစ်ခဲ့တာပါ။

    မီးလောင်ခဲ့တဲ့ဆွမ်းစားကျောင်းဆောင်

    ဓာတ်ပုံ ရင်းမြစ်, Taungoo Rescue

    ဓာတ်ပုံ ပုံစာ, မီးလောင်ခဲ့တဲ့ဆွမ်းစားကျောင်းဆောင်

    ဆီကားဟာ ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းလာချိန် တစ်ဖက်လမ်းက ကွေ့လာတဲ့ ကွန်တိန်နာတင်ကားက အရှိန်လွန်တိုက်မိရာကနေ မီးလောင်ခဲ့တာလို့ ကနဦးသိရတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။

    ကားတိုက်မိလို့ ကွန်တိန်နာပုံး ကားပေါ်ကနေ ပြုတ်ကျကျခဲ့ပြီး ဆီကားရဲ့ဆီလောင်ကန်လည်း မီးလောင်ခဲ့တာလို့ တောင်ငူအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

    အခုဖြစ်စဉ်မှာ လူထိခိုက်သူ မရှိပေမဲ့ ဆီကားမီးလောင်ရာကနေ မီးကူးခဲ့တဲ့ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ကတော့ တစ်ဆောင်လုံးနီးပါး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

  5. တာချီလိတ်မှာ အရပ်ဝတ်နဲ့ စစ်သားပုံစံအသွင်ယူပြီး လူငယ် ၂ ဦးကို ချုပ်နှောင်ဖမ်းဆီးသူ ၃ ဦးကို ရဲ ဖမ်းမိ

    လူငယ်နှစ်ဦးကို ဖမ်းဆီးလို့ စစ်ဆေးခံနေရသူ ၃ ဦး

    ဓာတ်ပုံ ရင်းမြစ်, ရှမ်းအရှေ့မဏ္ဍိုင်

    ဓာတ်ပုံ ပုံစာ, လူငယ်နှစ်ဦးကို ဖမ်းဆီးလို့ စစ်ဆေးခံနေရသူ ၃ ဦး

    ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အရပ်၀တ် ၀တ်ထားတဲ့ စစ်သားပုံစံ အသွင်ယူကာ လူငယ် ၂ ဦးကို တာဝန်အရ မေးမြန်းဖို့ဆိုကာ ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၂ ဦး နဲ့ နောက်ထပ် အမျိုးသမီး ၁ ဦးကို မနေ့တုန်းက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ တာချီလိတ် နယ်မြေခံရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

    ရဲက အခုဖမ်းဆီးလိုက်တဲ့ အရပ်၀တ် ၀တ်ထားတဲ့ စစ်သားပုံစံ အသွင်ယူလုပ်ကိုင်တဲ့ အမျိုးသား ၂ ဦးဟာ အသက် ၂၅ နှစ်အရွယ် ကိုဇွဲညီညီခန့်နဲ့ အသက် ၃၂ နှစ်အရွယ် ကိုဉာဏ်လင်းထွန်းတို့ ဖြစ်တယ်လို့ဆိုပါတယ်။

    အဖမ်းခံရတဲ့အမျိုးသမီးကတော့ မသဲအိချိုဆိုသူဖြစ်ပြီး သူဟာ လူငယ် ၂ ဦးကို ဖမ်းဆီးမှုမှာ ပါ၀င်ကူညီခဲ့သူလို့ တိုင်ချက်ထဲပါဝင်ပါတယ်။

    သူတို့ ၃ ဦး စီးနင်းလာတဲ့ ကားကို ရဲနဲ့ ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာအနီးတံတားမှာ စစ်ဆေးချိန် လက်ထပ်ခတ်ပြီး ကားနောက်ဖုံးထဲ တင်ဆောင်လာတဲ့ လူငယ် ၂ ဦးကို တွေ့ရာကနေ အခုဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ကားနောက်ဖုံးမှာ တွေ့ခဲ့တဲ့လူငယ် ၂ ဦးကတော့ သူတို့ဟာ ရန်အောင်မြေ ရပ်ကွက်နဲ့ ပါဆတ်ရပ်ကွက်မှာ ညအချိန် လမ်းလျှောက်လာချိန် ကိုဇွဲညီညီခန့်နဲ့ ကိုဉာဏ်လင်းထွန်းတို့က အရပ်ဝတ် ဝတ်ထားတဲ့ စစ်သားတွေလို့ ဟန်ဆောင် ပြောပြီး တာ၀န်အရ မေးမြန်းဖို့လိုဆိုကာ ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုထားကြောင်း ရဲနဲ့နီးစပ်သူက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့လူငယ် ၂ ဦးရဲ့ အပြောအရ သူတို့ ၂ ဦးကို ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်က ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုထားတယ်လို့လည်း ဆိုပါတယ်။

    အခုတော့ ဒီလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သူ ၃ ဦးကို ဟောင်လိတ်ရပ်ကွက်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

    တာချီလိတ်မြို့ကနေ ၃ လတကြိမ် စစ်မှုထမ်းအတွက် လူသစ် စုဆောင်းပေးရတာရှိပြီး လမ်းသွားလမ်းလာလူငယ်တချို့ ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    အခုလူငယ် နှစ်ဦးကို ဖမ်းဆီးတဲ့သူ ၃ ဦးကလည်း စစ်မှုထမ်းအတွက် လူသစ် စုဆောင်းပေးနေသူတွေလို့ မြို့ခံတချို့က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

  6. ထရမ့်မျက်နှာပုံစံ ဆေးပြားတွေ အန္တရာယ်ကို နယ်သာလန်ကျန်းမာရေးသုတေသနအဖွဲ့သတိပေး

    ထရမ့်မျက်နှာအသွင်ပါတဲ့ ဆေးပြားအချို့

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ထရမ့် မျက်နှာအသွင်ပါတဲ့ ဆေးပြားအချို့

    ဒေါ်နယ်ထရမ့် မျက်နှာအသွင် ရိုက်နှိပ်ထားတဲ့ စိတ်ကြွဆေးပြားတွေကို မသုံးစွဲဖို့ နယ်သာလန် အခြေစိုက် မူးယစ်ဆေး၀ါးစွဲမှုလေ့လာတဲ့ကျန်းမာရေးသုတေသနဌာနကြီးက အနီရောင်အဆင့် သတိပေးလိုက်ပါတယ်။

    ဆေးစစ်ဆေးရေးစင်တာတွေကို ပေးပို့လာတဲ့ဒီဆေးပြားအချို့ကို စမ်းသပ်စစ်ဆေးရာမှာ PMMA ဓာတုပစ္စည်းမြင့်မားစွာပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Trimbos Institute က ပြောပါတယ်။

    အသက်ဆုံးပါးတဲ့အထိဖြစ်နိုင်တာကြောင့် “ဒီဆေးပြားကို ဘယ်လိုအခြေအနေမျိုးမှာမှ မသုံးပါနဲ့” လို့လည်း သုတေသနအဖွဲ့က သတိပေးပါတယ်။

    ဒီဆေးပြားတွေမှာ တစ်ဖက်ခြမ်းမှာ ထရမ့်ရဲ့မျက်နှာပုံပါပြီး တစ်ဖက်မှာတော့ “Trump” နဲ့ “NL” ဆိုတဲ့ စာလုံးတွေ ရိုက်ထားပါတယ်။

    PMMA (para-methoxymethamphetamine)ဟာ ဆေးပြားရဲ့အဓိကပါဝင်ပစ္စည်း MDMA နဲ့ ဆင်တူတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

    ဒါပေမဲ့ PMMA ရဲ့အာနိသင်က နောက်ကျမှ ပေါ်လာတတ်ပြီး လှုံ့ဆော်ပေးတဲ့ အကျိုးသက်ရောက်မှုလည်း မရှိတတ်တာကြောင့် အသုံးပြုသူတွေက ဆေးမကူးသေးဘူးထင်ပြီး ထပ်သောက်မိနိုင်ကာ ဆေးအလွန်အကျွံသုံးစွဲမှုဖြစ်နိုင်ခြေ ပိုများတယ်လို့ Trimbos Institute က ရှင်းပြပါတယ်။

    ဆေးသောက်ပြီး နာရီအနည်းငယ်ကြာမှ ပျို့အန်တာ၊ နှလုံးခုန်နှုန်း မြန်လာတာ၊ ကိုယ်တုန်ခါတက်တာ စတဲ့ လက္ခဏာတွေ ပေါ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

    နယ်သာလန်မှာ အခုလိုဆေးပြားတွေ ထုတ်လုပ်ရောင်းချတာ တရားမ၀င်ပေမဲ့ နိုင်ငံထဲမှာ ပါတီဆေးပြားအဖြစ် နာမည်ကြီးတယ်လို့ နယ်သာလန်အစိုးရက ၂၀၂၄ ခုနှစ်တုန်းက သတင်းထုတ်ခဲ့ပါတယ်။

    ဒါပေမဲ့ စိတ်ကြွဆေးပြားတွေပေါ်မှာ ထရမ့်ရဲ့ပုံစံအသွင်အပြင်ရုပ်မျိုးကို အသုံးပြုတာ အခုတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

    ၂၀၁၇ ခုနှစ်တုန်းကလည်း ဂျာမနီရဲတပ်ဖွဲ့က ထရမ့်ရဲ့ဦးခေါင်းပုံစံ ထုတ်ထားတဲ့စိတ်ကြွဆေးပြား ငါးထောင်နီးပါးကို သိမ်းဆည်းမိခဲ့ပါတယ်။

  7. နီပေါ ရေအားလျှပ်စစ်လုပ်သား ၆၀၀ ထက်မနည်းကို ရှာဖွေဖို့ တောင်စောင်းဖောက်ခွဲ, မိသားစုတွေ စိုးရိမ်တကြီး စောင့်ဆိုင်း

    ထိန်းချုပ် ဖောက်ခွဲရေးကို နီပေါစစ်တပ် ဦးဆောင်လုပ်

    ဓာတ်ပုံ ရင်းမြစ်, Nepal Army

    ဓာတ်ပုံ ပုံစာ, ထိန်းချုပ် ဖောက်ခွဲရေးကို နီပေါစစ်တပ် ဦးဆောင်လုပ်

    နီပေါ-တိဗက် နယ်စပ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၉၃၉ ဦးအထိ ရှိလာပြီလို့ နီပေါနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီအခြေအနေအတွင်း ထရိရှူလီမြစ်တစ်လျှောက်က မြေအောက်လိုဏ်ခေါင်းတွေထဲမှာ အလုပ်သမား ၆၀၀ ကျော် ပိတ်မိနေတယ်လို့ ယူဆထားပြီး သူတို့ရဲ့ မိသားစုဝင်တွေက အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

    ထရိရှူလီမြစ်တစ်လျှောက်မှာ ရွံ့နွံတွေနဲ့ ပြည့်နှက်နေတဲ့ မြေအောက်လိုဏ်ခေါင်းကွန်ရက်ကြီးအတွင်း ပိတ်မိနေသူတွေထံ ရောက်ရှိနိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တနင်္လာနေ့မှာလည်း ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။

    Trishuli-3A ရေအားလျှပ်စစ်စီမံကိန်းနေရာမှာ တောင်စောင်းကို ဖောက်ထွင်းပြီး လိုဏ်ခေါင်းအတွင်း ရောက်ရှိနိုင်ဖို့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ အသုံးပြုပြီး ဖောက်ခွဲခဲ့သလို လိုဏ်ခေါင်းအတွင်းကိုလည်း လေ ပို့ပေးနေပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်နိုင်ဖို့ အရေးကြီးတဲ့ အချိန်ကာလ ကုန်ဆုံးလုနီးလာပြီဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    “သူ့ကို ရှာတွေ့နိုင်မယ်လို့ ကျွန်မ ဆုတောင်းပါတယ်။ သူ အိမ်ကို ပြန်လာနိုင်မယ်လို့ ဆုတောင်းပါတယ်” လို့ စီမံကိန်းနေရာမှာ ပျောက်ဆုံးနေတဲ့ အသက် ၃၃ နှစ်အရွယ် အင်ဂျင်နီယာ အော်ရပ်စ် ဘန်ဒါရီရဲ့ ဇနီး အနူရှီလာ ဘန်ဒါရီက ဘီဘီစီ နီပေါဌာနကို ပြောပါတယ်။

    နီပေါနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ ပြင်ဆင်ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုကြောင့် ပျောက်ဆုံးနေသူ စုစုပေါင်း ၃,၉၂၅ ဦး ရှိပြီး အဲဒီထဲမှာ နိုင်ငံခြားသား ၅၉၂ ဦး ပါဝင်ပါတယ်။

    ပျောက်ဆုံးနေသူ ၇ ဦးမှာ တစ်ဦးခန့်ဟာ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ ဖြစ်တယ်လို့ ယူဆထားပါတယ်။

    နီပေါဝန်ကြီးချုပ် ဘာလင်ဒရာ ရှားကတော့ တနင်္လာနေ့မှာ ရေအားလျှပ်စစ်စီမံကိန်းနေရာတွေကနေ လူ ၂၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။

    ကယ်ဆယ်ရေးလုပ်ငန်းတွေကို တရုတ်နဲ့ နီပေါ စစ်ဘက်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့က ဦးဆောင်နေပြီး အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတို့က ကျွမ်းကျင်သူတွေကလည်း ပါဝင်ကူညီနေကြပါတယ်။

  8. မင်္ဂလာပါ။

    စက်တင်ဘာလ ၁ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။