ရန်ကုန်မှာ အမေရိကန်သံတမန်သေဆုံးမှု ထိုင်းအမျိုးသမီးကို ထောင်တစ်နှစ်ချ
ခင်ပွန်းဟောင်း အမေရိကန်သံတမန်ကိုသတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ထိုင်းအမျိုးသမီးကို မြန်မာရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောကြောင်းအေပီသတင်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကို တရားစွဲဆိုလေ့ရှိတဲ့ လဝကဥပဒေနဲ့ ကမာရွတ်မြို့နယ်တရားရုံးကနေ သြဂုတ် ၂၅ ရက်နေ့မှာ အမိန့်ချလိုက်တာလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
အဲဒီဥပဒေအရ ထောင်ဒဏ် ၆ လကနေ၅ နှစ်အထိချမှတ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူရဲ့ရှေ့နေကပြောပါတယ်။ ထိုင်းအမျိုးသမီး Pavinee ကိုတော့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့အမေရိကန်သံတမန်အကြောင်း အမေရိကန်ရော မြန်မာဘက်ကပါ တရားဝင် ထုတ်ပြောတာမရှိပါဘူး။ ဒါပေမဲ့ နယူးယောက်ပိုစ့်အပါအဝင် အနောက်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာလုံခြုံရေးအရာရှိရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ Daniel Paul Riva ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
သူနဲ့နာမည်တူပြီးသေဆုံးရက်တူသူတစ်ဦးရဲ့ နာရေးကြေညာချက်ကို အွန်လိုင်းပေါ်မှာ တွေ့ခဲ့ရပြီး အဲဒီသူဟာ အမေရိကန်သံတမန်ကိစ္စရပ်တွေကို တာဝန်ထမ်းဆောင်ခဲ့သူလို့ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစိုးရဝန်ထမ်းတစ်ဦးသေဆုံးကြောင်း အတည်ပြုပေမဲ့ သေဆုံးသူရဲ့ နာမည်နဲ့အချက်အလက်တွေကိုတော့ အတည်ပြုချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
ရန်ကုန်မြို့၊ ဆာကူရာဟိုတယ်မှာ မေ ၁၁ ရက်တုန်းက ဦးခေါင်းနဲ့ လည်ပင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သံတမန်ရဲ့ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် ထိုင်းအမျိုးသမီး Pavinee ကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။
ဆာကူရာဟိုတယ်ဟာ သံတမန်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လူသိများတဲ့ ဟိုတယ်ဖြစ်ပြီး အမေရိကန်သံရုံးနဲ့ တစ်မိုင်ပတ်ချာလည်သာကွာဝေးပါတယ်။
ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မြို့နယ်ရဲစခန်းကနေ လူသတ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ အမိန့်ချနိုင်တဲ့ ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ လူသတ်မှုနဲ့ဆက်ပြီး တရားစွဲဆိုခံရမလား၊ ဒီအမှုကို ဆက်စစ်ဆေးမလားဆိုတာ မသေချာသေးဘူးလို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
ကမာရွတ်မြို့နယ်လဝကရဲ့ အရာရှိတစ်ဦးကလည်း လဝကဥပဒေနဲ့ ထိုင်းအမျိုးသမီးကို အမိန့်ချထားကြောင်း အတည်ပြုပြီး အသေးစိတ်အချက်အလက်ကို ပြောတာမရှိပါဘူး။
တာဝန်ရှိသူတွေက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မီဒီယာကိုဖြေကြားတာမရှိပါဘူး။
ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးရောကိုရော ရန်ကုန်က ထိုင်းသံရုံးကိုပါ ဆက်သွယ်မေးမြန်းပေမဲ့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားကြပါတယ်။