ငါးသိုင်းချောင်းမှာ မြစ်ရေ ၃ ပေခန့်ထပ်တက်၊ အဖျောက်မှာတာကျိုးနိုင်ခြေကိုစောင့်ကြည့်နေ

အိန္ဒိယကုန်းတွင်းပိုင်းကို၀င်ရောက်သွားတဲ့မုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းချိန်မှာပဲ ငါးသိုင်းချောင်းမြို့မှာ မြစ်ရေ ၃ ပေခန့်ထပ်တက်လို့ လူရာချီ ရေဘေးရှာင်နေရတဲ့ သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာထူးခြားသတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • လျှပ်စစ်ဓာတ်အားသုံးစွဲမှုများတဲ့ စက်မှုလုပ်ငန်းတွေမှာ ဓာတ်အားသုံးစွဲမှုကို Time of Use (TOU) လို့ခေါ်တဲ့ အချိန်အလိုက် ဓာတ်အားခကောက်ခံတဲ့စနစ်နဲ့ စတင်မယ်
  • ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အရည်အချင်းစစ်ကော်မတီကို စာပေးပို့ တောင်းဆိုမယ်
  • ဘိန်းဘုရင်ခွန်ဆာနဲ့ နီးစပ်သူတစ်ဦးအဖြစ်လူသိများခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ အသက် ၈၆ နှစ်အရွယ် လော်တား စန်လီဟာ ထိုင်း တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။
  • အီရန်စစ်ပွဲမှာ ပူးပေါင်းမှုမရှိလို့ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို "သိသိသာသာ လျှော့ချမယ်" လို့ ထရမ့်က ပြော။
  • ဦးမင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်မှာ ဆန္ဒပြခဲ့တဲ့ ဘန်ကောက်အမတ် အနုဆွန်တမာချိုင် ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းလွှတ်တော် မှာတွေ့ဆုံ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သြဂုတ်လ ၁၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. လူအသေအပျောက်ရှိတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို ရုရှားနဲ့ ယူကရိန်းတို့အပြန်အလှန်ပြုလုပ်နေ

    မော်စကိုမြို့က ကုန်ဖြန့်ရုံ ဒရုန်းတိုက်ခိုက်ခံရပြီးတဲ့နောက် မီးခိုးတွေ ကောင်းကင်ကို ထိုးထက်နေတဲ့မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တုန်းက မြင်တွေ့ရတာ ဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မော်စကိုမြို့က ကုန်ဖြန့်ရုံ ဒရုန်းတိုက်ခိုက်ခံရပြီးတဲ့နောက် မီးခိုးတွေ ကောင်းကင်ကို ထိုးထက်နေတဲ့မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်တုန်းက မြင်တွေ့ရတာ ဖြစ်ပါတယ်

    ရုရှားနိုင်ငံထဲက ဘယ်လ်ရိုရော့ဒေသကို ယူကရိန်းက မနေ့တစ်ညလုံးနီးပါး ဒုံးကျည်တွေနဲ့ပစ်ခတ်လို့ လူ ၆ ဦးသေဆုံးပြီး နောက်ထပ် ၄ ဦး ဒဏ်ရာရတယ်လို့ အဲဒီဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူး အလက်ဇန်းဒရာ ရှုဗက်က ပြောပါတယ်။

    ဒဏ်ရာရသူတွေထဲ ၁၄ နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါတယ်လို့ ဆေးရုံပို့ထားရတယ်လို့ သူက တနင်္လာနေ့မှာ တယ်လီဂရမ်မှာ ရေးပါတယ်။

    ယူကရိန်းအရာရှိတွေကတော့ ရုရှားဘက်က ညလုံးပေါက် ဒရုန်းနဲ့တိုက်ခိုက်လို့ ရုရှားနဲ့နယ်စပ် ဆူမီဒေသမှာ လူ ၂ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

    အခုနောက်ဆုံးဖြစ်ထားတဲ့ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆောက်အဦတစ်ခု မီးလောင်ခဲ့ပြီး ကားတစ်စီး ပျက်စီးတယ်လို့ ရုရှားအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

    ထိခိုက်ခဲ့တဲ့နေရာဟာ ယူကရိန်းနဲ့နယ်စပ်အနီး ရုရှားရဲ့ ဗာလူစကီခရိုင်ထဲက ကိုလိုဆိုဗိုရွာမှာ ဖြစ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

    ရုရှားကို ယူကရိန်းဘက်က တိုက်ခိုက်မှုတွေကတော့ ရုရှားဘက်က အပြောအရ အခုနှစ်အတွင်း ယူကရိန်းက လုပ်တဲ့ ''အကြီးမားဆုံးတိုက်ခိုက်မှု'' ဖြစ်အပြီး နောက်ညမှာပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း ရုရှားမှာ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    စနေ့နေ့ညတုန်းက ယူကရိန်းကို ရုရှားရဲ့တိုက်ခိုက်မှုတွေမှာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး နောက်ထပ် လူ ၄၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်၀ါရီလမှာ အင်အားပြည့်ကျူးကျော်ခဲ့ပြီး လက်ရှိမှာ ယူကရိန်းနယ်မြေ ငါးပုံ တစ်ပုံနီးပါးကို ထိန်းချုပ်ထားပါတယ်။

    ယူကရိန်းဘက်ခြမ်းမှာတော့ မနေ့ညက တိုက်ခိုက်ခံရမှုအတွင်း ပင်လယ်နက် ဆိပ်ကမ်းမြို့ အိုဒဲဆာမှာ အရပ်သား ရေယာဉ်တစ်စင်း ထိမှန်ပြီး လူ ၄ ယောက် ဒဏ်ရာရတယ်လို့ ဒေသဆိုင်ရာအကြီးအကဲက ပြောပါတယ်။

    မော်စကိုဟာ ယူကရိန်းနဲ့စီးပွားရေးလုပ်ချင်တဲ့နိုင်ငံခြားကုမ္ပဏီတွေကို စိတ်ပျက်သွားအောင်၊ လက်တွဲဖို့ တွန့်ဆုတ်သွားအောင် ယူကရိန်း ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းဒေသတွေကို ပစ်မှတ်ထားနေပါတယ်။

    ကိယက်ဗ်ဘက်ကတော့ ရုရှားနိုင်ငံအတွင်းဘက် ခပ်ကျကျအထိ ဒရုန်းတိုက်ခိုက်တာတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပြုလုပ်ထားနေပါတယ်။

    စနေနေ့ညတုန်းကဆိုရင် ယူကရိန်းဟာ ရုရှားဆီကို ဒရုန်း အစင်းရေ ၈၂၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက အစင်း ၆၀၀ ဟာ မော်စကိုမြို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

  3. နနွင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးအယူအဆတွေက တကယ်မှန်ရဲ့လား

    နနွင်းမှုန့်တွေ ထည့်ထားတဲ့ ပန်းကန်ပြားလေး။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နနွင်းမှုန့်တွေ ထည့်ထားတဲ့ ပန်းကန်ပြားလေး။

    အာရှနဲ့ တောင်အာရှဘက်က နနွင်းနဲ့ပတ်သက်တဲ့ ရှေးယုံကြည်ချက်တွေကို အနောက်နိုင်ငံတွေက စားသုံးသူတွေပါ သိလာကြတာကြောင့် နနွင်းထုတ်ကုန်တွေကို သုံးစွဲမှုက မြန်မြန်ဆန်ဆန် မြင့်တက်လာနေပါတယ်။

    နနွင်းဖြည့်စွက်စာ အားဖြည့်ဆေးတွေမှာ ပုံမှန်အားဖြင့် ကာကူမင်ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါပါတယ်။ အဲဒီဓာတ်က အရိုးနဲ့ အဆစ်ကျန်းမာရေးကောင်းတယ်၊ ကိုယ်ခံအားကောင်းတယ်လို့ ကြော်ငြာရောင်းနေကြပါတယ်။

    နနွင်းက တကယ်ထိရောက်မှုရှိရဲ့လား၊ ဓာတုဗေဒ သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေက ဘယ်လိုတွေ့ရှိထားလဲ။ ဒီ ဆောင်းပါးလင်ခ့် မှာလည်းအပြည့်အစုံ ဖတ်နိုင်ပါပြီ။

  4. ဦးစိုး၀င်းရဲ့အတိုင်ပင်ခံကောင်စီ အရေးပါရဲ့လား

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုဗိုလ်ချုပ်မှူးကြီးစိုး၀င်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး

    ဓာတ်ပုံ ရင်းမြစ်, CINCDS၊ Getty Images

    ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း နှစ်ဦးဟာ တပ်ရာထူးတွေကနေ အနားယူခဲ့ကြပေမဲ့ နိုင်ငံရေးရာထူးတွေနဲ့ နေပြည်တော်မှာ ဆက်ရှိနေပါတယ်။

    ဦးမင်းအောင်လှိုင်က သမ္မတအိမ်တော်ကနေ အစိုးရအဖွဲ့ကို ဦးဆောင်နေပြီး ဦးစိုးဝင်းကတော့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ (UCC) ကို ဦးဆောင်နေပါတယ်။

    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းရဲ့ စစ်ဘက်ရာထူးအင်္ဂါစဥ်အရရော ဥပဒေကြောင်းအရပါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ အခန်းကဏ္ဍက အထင်ကြီးစရာပါ။

    တကယ့်လက်တွေ့မှာတော့ အဲဒီလိုဟုတ်မဟုတ်မေးခွန်းထုတ်စရာဖြစ်ပြီး ကောင်စီဝင်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေပါတယ်။ လွန်ခဲ့တဲ့ ၃ လကျော် အတွင်း ဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံတောင် နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  5. ငါးသိုင်းချောင်းမြို့မှာ မြစ်ရေ ၃ ပေခန့် ဆက်တက်, ဧရာ၀တီနဲ့ ရန်ကုန်တိုင်းအစပ်က အဖျောက်မြို့စွန်မှာ တာကျိုးနိုင်ခြေကို စောင့်ကြည့်နေ

    သြဂုတ်လ ၁၆ ရက် ငါးသိုင်းချောင်းမြို့ အခြေအနေလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Aung Nay Htun

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၆ ရက် ငါးသိုင်းချောင်းမြို့ အခြေအနေလို့ဆို

    ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ င၀န်မြစ်ရေဟာ ၃ ပေခန့်အထိ ဆက်တက်နေတာကြောင့် မြစ်ကမ်းဘေးမှာ နေထိုင်သူ ရာချီဟာ ကုန်းမြင့်ပိုင်း မြို့ပေါ် ရပ်ကွက်တွေကို ပြောင်းနေရတယ်လို့ ငါးသိုင်းချောင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

    မိုးလေ၀သဌာနကတော့ င၀န်မြစ်ရေဟာ နောက်တစ်ရက်အတွင်း ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မ အထိ ဆက်တက်ဖို့ရှိတယ်လို့ ခန့်မှန်းပါတယ်။

    လက်ရှိမှာ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်ထဲက လမ်းတွေ ရေ၀င်လာပြီး မြစ်ရေလည်း ဆက်တက်နေတာကြောင့် ရာနဲ့ချီတဲ့လူတွေ မြို့အတွင်းပိုင်းကို ပြောင်းနေကြပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

    ‘‘ရွှေဘိုရပ်ကွက်က တိုးချဲ့လမ်းတွေ ၆ လမ်းအထိ ရှိတယ်။ မနေ့က အထိ တိုးချဲ့ ၃ လမ်းကို ရေတက်တယ်။ ရေဆက်တက်လာလို့ သာသနာ့အလင်းရောင်ကျောင်းမှာ ကျန်နေသေးတဲ့ ရေဘေးသင့်သူတွေ မြို့ထဲ ကုန်းမြင့်ပိုင်းကို ပြောင်းကြပြီ။ စုစုပေါင်း လူ ၃၀၀ လောက်ရှိတယ်’’လို့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

    ငါးသိုင်းချောင်းအထက် လေးမျက်နှာမြို့မှာတော့ င၀န်မြစ်ရေကို ကာထားတဲ့တာဟာ ဇူလိုင်လကုန်ပိုင်းမှာ ကျိုးပေါက်ခဲ့တာကြောင့် လေးမျက်နှာမြို့နဲ့မြို့နားကျေးရွာတွေ ရေဘေးသင့်ခဲ့ပါတယ်။

    အခုတော့ လေးမျက်နှာအောက်ပိုင်း ငါးသိုင်းချောင်းမြို့မှာ မြစ်ရေကြီးမှု ဆက်ဖြစ်နေတာဖြစ်ပါတယ်။

    ရန်ကုန် ၀န်ကြီးချုပ်က အဖျောက်မြို့နယ်ထဲက တာအခြေအနေကို သြဂုတ်လ ၁၆ ရက်မှာ သွားကြည့်ခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ရန်ကုန် ၀န်ကြီးချုပ်က အဖျောက်မြို့နယ်ထဲက တာအခြေအနေကို သြဂုတ်လ ၁၆ ရက်မှာ သွားကြည့်ခဲ့တယ်လို့ဆို

    တစ်ချိန်တည်းမှာပဲ ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းကြားက အဖျောက်မြို့အနီးမှာလည်း ဧရာ၀တီမြစ်ရေကြောင့် တာကျိုးနိုင်မယ့်အန္တရာယ်ကို စောင့်ကြည့်နေပြီး အဲဒီနေရာကို ရန်ကုန်၀န်ကြီးချုပ် ကိုယ်တိုင်လာကြည့်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ‘‘အဖျောက်မြို့လို့ အနီးဆုံးပြောကြပေမဲ့ မြို့အစွန် ၄ ရွာလောက်က ကြွေပန်းကန်ချောင်းဘက်မှာ တာအိကျသွားလို့ တာကျိုးနိုင်ခြေကို စောင့်ကြည့်နေတာပါ။ တာကျိုးခဲ့ရင်လည်း အဖျောက်မြို့ထဲထက် အဲဒီဘက်က လယ်တွေ အကုန်ပျက်စီးတာမျိုး ဖြစ်မှာပါ။ အနီးနား ၂ မိုင် ၃ မိုင်လောက်အထိ ရေ၀င်ပြီး လှိုင်မြစ်ထဲအထိ ရောက်သွားနိုင်တယ်’’ လို့ အဖျောက်မြို့ကမ်းနားလမ်းအနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။

    မိုးဇလဌာနကတော့ ဧရာ၀တီတိုင်းထဲ မြစ်အချို့ရဲ့ရေတက်အမှတ်တွေကို ဆက်ထုတ်ပြန်နေပြီး တိုးမြစ်ရေဟာ မအူပင်မြို့မှာ လာမယ့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ရဲ့ ၁ ပေကျော်အထိ ထပ်တက်နိုင်တယ်လို့ သတိပေးပါတယ်။

    သြဂုတ်လ ၁၆ ရက်တုန်းက မြင်တွေ့ရတဲ့မအူပင်မြို့က တိုးမြစ်အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၆ ရက်တုန်းက မြင်တွေ့ရတဲ့မအူပင်မြို့က တိုးမြစ်အခြေအနေ
  6. အမေရိကန် မင်းသမီး ဟေဒန်ပန်နက်တီယာ ကွယ်လွန်

    ဟေဒန်ပန်နက်တီယာ

    ဓာတ်ပုံ ရင်းမြစ်, NBC via Getty Images

    ဓာတ်ပုံ ပုံစာ, ဟေဒန်ပန်နက်တီယာ

    အမေရိကန်ရုပ်ရှင် မင်းသမီး ဟေဒန် ပန်နက်တီယာ ဟာ အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ကိုယ်စားလှယ်က အမေရိကန်သတင်းဌာနတွေကို အတည်ပြုပါတယ်။

    “ချစ်ရတဲ့ဟေဒန် ကွယ်လွန်သွားတဲ့အတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတယ်။ သူဟာ ထူးခြားတဲ့အလင်းရောင်တစ်ခုလို ဖြစ်သလို အားအင်ပြည့်ဝတဲ့သူတစ်ဦးလည်း ဖြစ်ပြီး သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် မရေမတွက်နိုင်တဲ့ ချစ်ခြင်းနဲ့ ပျော်ရွှင်မှုတွေကို ပေးခဲ့သူပါ” လို့ သူ့ ရဲ့ဖခင် စကစ်ပ် ပန်နက်တီယာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

    သူ သေဆုံးမှုနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

    ပန်နက်တီယာဟာ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ Heroes မှာ ထင်ရှားတဲ့ဇာတ်ဆောင်အဖြစ်ပါဝင်ပြီးနောက် လူသိများလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Nashville ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို Remember the Titans နဲ့ Raising Helen အပါအဝင် ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

    သူ့ရဲ့ဖခင် စကစ်ပ် ပန်နက်တီယာက မိသားစုအနေနဲ့ “ဒီလို မယုံနိုင်လောက်အောင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ဖို့ အချိန်ယူနေတဲ့အတွက်” ကိုယ်ရေးကိုယ်တာကို လေးစားပေးကြဖို့ တောင်းဆိုထားပါတယ်။ အဲဒီတောင်းဆိုချက်ကို သူ့ရဲ့ကိုယ်စားလှယ်ကနေတဆင့် ထုတ်ပြန်ခဲ့တာပါ။

    ပန်နက်တီယာဟာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး အသက် ၄ နှစ်အရွယ်မှာပဲ အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ One Life to Live မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

    ပန်နက်တီယာရဲ့အနုပညာသက်တမ်းဟာ ဆယ်စုနှစ် ၃ ခုကြာမြင့်ခဲ့ပြီး နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ Scream သရဲကားစီးရီးနဲ့ အချစ်ဟာသဇာတ်ကား I Love You, Beth Cooper တို့လည်း ပါဝင်ပါတယ်။

    ဒီနှစ်အစောပိုင်းမှာ ပန်နက်တီယာက This Is Me: A Reckoning ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကလေးသရုပ်ဆောင်အဖြစ် ကြီးပြင်းလာရတဲ့ အခက်အခဲတွေအပြင် မူးယစ်ဆေးစွဲလမ်းမှု၊ အနိုင်ကျင့်ခံရမှုနဲ့ နောက်ပိုင်း ပြန်လည်နာလန်ထူလာတဲ့အတွေ့အကြုံတွေကို ရေးသားထားပါတယ်။

    ဘီဘီစီရဲ့အမေရိကန်မိတ်ဖက် သတင်းဌာန စီဘီအက်စ်နဲ့ မေလတုန်းက တွေ့ဆုံမေးမြန်းရာမှာ ပန်နက်တီယာက သူ့ရဲ့မိခင်ဟာ သူ့ကို “အသက် ၈ လအရွယ်နဲ့တင် လူတွေ့စစ်ဆေး(audition)တဲ့နေရာတွေကို ခေါ်သွားခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

    “အဲဒီကနေ ဆက်ပြီး အသက် ၅ နှစ်အရွယ်ရောက်တဲ့အချိန်မှာ ကြော်ငြာ ၅၀ လောက် ရိုက်ပြီးသွားပြီ ... အဲဒါက ဘယ်တော့မှ မရပ်ခဲ့ဘူး” လို့ သူက ပြောပါတယ်။

    ပန်နက်တီယာဟာ ချစ်သူဟောင်းဖြစ်တဲ့ ယူကရိန်းလက်ဝှေ့သမား ဗလာဒီမီယာ ကစ်ရှန်ကိုနဲ့ ရရှိထားတဲ့ သမီး ကာယာကို ချန်ထားရစ်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ သမီးကို မွေးဖွားပြီးနောက် ပန်နက်တီယာက မီးဖွားပြီးနောက် စိတ်ကျရောဂါ(postpartum depression)ကို ကုသဖို့ ဆေးကုသရေးဌာနတစ်ခုမှာ ဝင်ရောက်ကုသမှုခံယူနေတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

  7. စစ်တပ်ရဲ့ခြုံခိုတိုက်ခိုက်မှုမှာ သေဆုံးတဲ့ CDF-Asho တပ်ဦးချုပ်နဲ့ ၃ ဦးအတွက် ပြန်တမ်းထုတ်

    ငဖဲ မှာ တိုက်ပွဲကျခဲ့တဲ့ CDF အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း ရဲ့ အုတ်ဂူ

    ဓာတ်ပုံ ရင်းမြစ်, CDF Asho

    ဓာတ်ပုံ ပုံစာ, ငဖဲ တိုက်ပွဲမှာ ကျဆုံးတဲ့ တပ်ဦးစီးချုပ် ဆလိုင်းရိုးချင်းရဲ့အုတ်ဂူလို့ဆိုပြီး CDF အရှိုအဖွဲ့က သတင်းထုတ်ပါတယ်

    မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ စစ်တပ်ရဲ့ခြုံခိုတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho) တပ်ဦးချုပ်အပါအဝင် ၃ ဦးတို့အတွက် ပြန်တမ်းထုတ်ပြန်တယ်လို့ CDF အရှိုက သတင်းထုတ်ပါတယ်။

    တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နဲ့ ရဲဘော်အောင်လင်းဇော်တို့ဟာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဩဂုတ် ၁၄ ရက်မှာ ကျဆုံးခဲ့တယ်လို့ CDF အရှို က ဒီကနေ့မှာပဲ အမိန့်ပြန်တမ်း ထုတ်ပြီး သတင်းထုတ်လာတာဖြစ်ပါတယ်။

    အဲဒီပြန်တမ်းတွေနဲ့အတူ တပ်ဦးချုပ်ရဲ့စျာပနကိုလည်း ပြုလုပ်ခဲ့တဲ့အကြောင်း CDF အရှိုက သတင်းထုတ်ပါတယ်။

    သေဆုံးခဲ့သူ သုံးဦးဟာ ငဖဲမြို့နယ်ထဲ ရိက္ခာသွားယူချိန် လမ်းမှာ စစ်တပ် စစ်ကြောင်းနဲ့ တိုးပြီး ခြုံခိုတိုက်ခိုက်ခံခဲ့ရတာလို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက CDF အရှိုအဖွဲ့ထံ မနေ့က ကတည်းက မှတ်ချက်တစုံတရာတောင်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

    စစ်တပ်သတင်းတွေ ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း CDF အရှိုတပ်ဖွဲ့၀င် ၃ ဦးကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရေးသားနေကြပါတယ်။

    CDF-Asho ကတော့ ကျဆုံးသူတွေဟာ ‘‘ချင်းကာကွယ်ရေးတပ် - အရှိုအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု’’ လို့ ထုတ်ပြန်ပါတယ်။

    စစ်တပ်ရဲ့ခြုံခိုတိုက်ခိုက်မှုအတွင်း CDF အရှိုတပ်ဖွဲ့၀င် ၁ ဦး ဖမ်းဆီးခံထားရပြီး နောက်ထပ် ၁ ဦးလည်း ပျောက်ဆုံးနေဆဲလို့ ဖြစ်စဉ်သိရှိသူတွေက ပြောပါတယ်။

    CDF-Asho ဟာ ရခိုင်နဲ့ မကွေးတိုင်းအစပ် ရိုးမတကြောမှာ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး နတ်ရေကန်တိုက်ပွဲမှာပါဝင်နေတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။

    ငဖဲမြို့နယ်ထဲက ကမ္ဘာလုံးစခန်းခေါ် နတ်ရေကန်ဗျူဟာစခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ နှစ်နဲ့ချီကြာမြင့်နေပြီး အခုရက်ပိုင်းအတွင်း စစ်တပ်ဘက်က ထိုးစစ်ပြန်မြှင့်နေတယ်လို့ စစ်ရေးရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

  8. စစ်တပ်က ပင်လည်ဘူးနဲ့ သံတွဲမြို့တွေကို လေကြောင်းတိုက်ခိုက်၊ လူသေဆုံးမှုတွေရှိ

    ဩဂုတ် ၁၆ ရက်မှာ စစ်တပ်က ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Pinlebu New Gen

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၁၆ ရက်မှာ စစ်တပ်က ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်း

    စစ်တပ်က စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူးမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲက သံတွဲမြို့နယ်တွေကို ဩဂုတ် ၁၆ ရက်တစ်ရက်တည်း မှာ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ပြီး လူသေကြေမှုတွေ ရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ကထုတ်ပြန်သလို နဲ့ ပင်လည်ဘူးဒေသခံတွေဆီက သိရပါတယ်။

    ဩဂုတ် ၁၆ ရက်၊ မနက် ၆ နာရီခွဲကျော်လောက်မှာ သံတွဲမြို့ပေါ် က အမှတ် (၈) ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သားအဖ ၂ ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး လူ ၃ ဦး ပြင်းထန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ အေအေ က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှု မရှေးမနှောင်းမှာပဲ သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာ အနီးပတ်ဝန်းကျင်ကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သန့်ရှင်းအလုပ်သမား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်ဟာ ပင်လည်ဘူးမြို့နယ်ထဲက ကင်းပန်းကျေးရွာကိုလည်း ဩဂုတ် ၁၆ ရက် တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံး သူ ၄ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

    ပင်လည်ဘူးဒေသခံ တစ်ဦး က " ဒဏ်ရာရသူက ခန့်မှန်းခြေ ၁၃ ယောက်လောက်ရှိတယ်။ ခြေပြတ်လက်ပြတ်တာတွေရောပဲ" လို့ ‌ပြောပါတယ်။

    စစ်တပ်က ကင်းပန်းရွာကို ဗုံးအလုံးရေ ၁၀ လုံးခန့် ကြဲချခဲ့ပြီး နေအိမ် ၁၅ လုံးလောက်ပျက်စီးသွားခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

    "ပျက်စီးသွားတာက ပြည်သူနေအိမ်တွေပါ" လို့ ပင်လည်ဘူးဒေသတွင်း သတင်းအရင်းအမြစ်ကပြောပါတယ်။

    နောက်ထပ် ပင်လည်ဘူးဒေသခံတစ်ဦးကတော့ "ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာကို လေယာဉ် နှစ်စင်း၊ ဗုံး ၈လုံး နှစ်ခေါက်ကြဲသွားတယ်။ နောက်တစ်ခေါက်က ထွက်ပြေးတာတွေကိုစက်သေနတ်နဲ့လမ်းတစ်‌လျှောက်ပစ်သေးတယ်။"

    စစ်တပ်က ဒီရွာကို ဘာ့ကြောင့်အခုလို တိုက်ခိုက်ခဲ့သလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ မကြာသေးမီက ပင်လည်ဘူးမြို့နယ်မှာ ဗိုလ်နဂါး ဦးဆောင်ခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ရဲ့ တပ်ရင်းမှူးနှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။

    အခု စစ်တပ်က ဗုံးကြဲခဲ့တဲ့ ကင်းပန်းရွာဟာ BNRA တပ်ရင်းမှူးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာလားဆိုတာ အတိအကျ သိရဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကို ဘီဘီစီက မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။

    နေပြည်တော်မှာ တပ်ချုပ်သစ်ပြောင်းပြီးတဲ့နောက် နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တစ်ခုတည်းကို စုပြုံတိုက်ခိုက်တဲ့ ပုံစံ ပြောင်းလာတယ်လို့ အမေရိကန်အခြေစိုက်၊ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) က ထုတ်ပြန်ထားပါတယ်။

    စစ်တပ်ရဲ့ အဓိက ပစ်မှတ်တွေဟာ ချင်း၊ ကရင်၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်း၊ မကွေး နဲ့ စစ်ကိုင်းတိုင်းတွေ ဖြစ်တယ်လို့ ACLED က ပြောပါတယ်။

  9. အီရန်နဲ့ စစ်ပွဲမှာ မပါတဲ့ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှု လျှော့မယ်လို့ ထရမ့်ပြော

    ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က တောင်နဲ့မြောက် ကိုရီးယားကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) အတွင်း တွေ့ဆုံနေကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က တောင်နဲ့မြောက် ကိုရီးယားကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) အတွင်း တွေ့ဆုံနေကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။

    တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို “သိသိသာသာ လျှော့ချမယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သူ့ရဲ့ ဆက်ဆံရေးကောင်းမွန်နေတယ်လို့ ပုံဖော်ပြီး ထရမ့်က အခုလိုပြောတာဖြစ်ပါတယ်။

    အီရန်မှာ နျူကလီးယားလက်နက်ကင်းစင်ရေး စစ်ဆင်ရေးမှာ တောင်ကိုရီးယားက အမေရိကန်နဲ့ ပူးပေါင်းဖို့ ငြင်းဆိုခဲ့တယ်လို့လည်း ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကုန်ကျစရိတ်များပြီး အဲဒီကုန်ကျစရိတ်အများစုကို အမေရိကန်က ပေးနေရသလို မြောက်ကိုရီးယားအပေါ် မသင့်လျော်တဲ့ ရန်လိုတဲ့ အချက်ပြမှု ဖြစ်စေတယ်လို့ ထရမ့်က ပြောလာပါတယ်။

    ဒါပေမဲ့ တောင်ကိုရီးယားဘက်ကတော့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မယ် လို့ ပြောထားပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ထရမ့်ရဲ့ ပြောဆိုချက်အပေါ် တုံ့ပြန်ခြင်း မရှိသေးပါဘူး။

    အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ဖို့ စီစဉ်ထားတာကြောင့် အခုချိန်မှာ ပယ်ဖျက်ဖို့ နောက်ကျနေပြီလို့ ထရမ့်က ပြောပါတယ်။

    ထရမ့်ရဲ့ အခုလိုပြောဆိုမှုမတိုင်ခင် တစ်ရက်မပြည့်ခင်မှာပဲ ၂၀၁၉ ခုနှစ်က ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံဟောင်းတစ်ပုံကို တင်ပြီး သူတို့နှစ်ဦးဟာ “မိတ်ဆွေကောင်းတွေ” ဖြစ်ကြောင်း ထရမ့်က ရေးသားခဲ့ပါတယ်။

    အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ခေါင်းဆောင်တွေကလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှု ကျင်းပမယ့်အကြောင်း ကြေညာထားပါတယ်။

    တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ ဒီလအတွင်း ကုလသမဂ္ဂက တားမြစ်ထားတဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်ထားပါတယ်။

  10. ဘိန်းဘုရင်ခွန်ဆာရဲ့ လက်ရုံးအဖြစ် လူသိများခဲ့တဲ့ လော်တားစန်လီ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်

    ၂၀၁၆ ခုနှစ် ဖမ်းဆီးခံရချိန်က လော်တား စန်လီ

    ဓာတ်ပုံ ရင်းမြစ်, Thai Police

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ် ဖမ်းဆီးခံရချိန်က လော်တား စန်လီ

    ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ အသက် ၈၆ နှစ်အရွယ် လော်တား စန်လီဟာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဩဂုတ် ၁၄ ရက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ထိုင်း PBS သတင်းက ဖော်ပြပါတယ်။

    လော်တားဟာ ချင်းမို‌င်ဒေသ၊ မယ်အိုင်ခရိုင် ထာတုန်မြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ရွှေတြိဂံဒေသမှာ သြဇာရှိခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာနဲ့ နီးစပ်သူတစ်ဦးအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

    သူဟာ Ice (မက်သမ်ဖက်တမင်း)ရောင်းဝယ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ရောင်းဝယ်မှုအပြင် လက်နက်မှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

    အမှုစစ်ဆေးမှုပြီးဆုံးချိန်မှာ လော်တား စန်လီကို ထောင်ဒဏ် “တစ်သက်တစ်ကျွန်း” ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အကြိမ်ကြိမ်နဲ့ ပြစ်ဒဏ်လျှော့ချခံခဲ့ရပြီးနောက် ၉ နှစ် ၁၀ လခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

    ဒီအမှုဟာ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အကြီးစားစစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာ ရဲတွေက မူးယစ်ဆေးဝါးဝယ်ယူမယ့်သူတွေအဖြစ် အသွင်ယူပြီး သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ချင်းမိုင်ပြည်နယ် မယ်အိုင်ခရိုင်အတွင်း လော်တားပိုင်ဆိုင်တဲ့ ဆီဆိုင်မှာ ဖမ်းဆီးခဲ့ပြီး Ice မူးယစ်ဆေးဝါး ၂၀ ကီလိုဂရမ်ခန့် သိမ်းဆည်းရမိခဲ့သလို အမှုနဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စုစုပေါင်း ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ ထိုင်းဘက်က ဖော်ပြခဲ့ပါတယ်။

    လော်တားကို အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဟာ ၂၀၂၆ ခုနှစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ သတ်မှတ်ချက်တွေအရ ဖြစ်တယ်လို့ ဘန်ခွမ်အကျဉ်းထောင်က ပြောပါတယ်။

    တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ ထိုင်းမိဖုရားရဲ့ အသက် ၄၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ပြန်လွတ်လာသူတွေကို မိသားစုဝင်တွေက အကျဉ်းထောင်ရှေ့မှာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့လည်း အကျဉ်းထောင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  11. ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်နဲ့ CRPH တွေ့

    ဩဂုတ် ၁၄ ရက်က ထိုင်းအောက်လွှတ်တော် မှာ CRPH ကိုယ်စားလှယ်အဖွဲ့က ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်ကို ကျေးဇူးတင်ကြောင်း စာပေးအပ်နေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CRPH

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၁၄ ရက်က ထိုင်းအောက်လွှတ်တော် မှာ CRPH ကိုယ်စားလှယ်အဖွဲ့က ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်ကို ကျေးဇူးတင်ကြောင်း စာပေးအပ်နေတဲ့ မြင်ကွင်း

    ဦးမင်းအောင်လှိုင်ကို ထိုင်းလွှတ်တော်မှာ ဆန္ဒပြခဲ့တဲ့ ဘန်ကောက်အမတ် အနုဆွန်တမာချိုင် ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ် ၁၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်ဆိုပြီး CRPH က ထုတ်ပြန်ပါတယ်။

    မြန်မာ့နိုင်ငံရေးအခြေအနေ၊ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ CRPH က ပြောပါတယ်။ ထိုင်းအမတ်ရဲ့ ထုတ်ဖော်ပြောကြားမှုတွေ နဲ့ ရပ်တည်ချက်အတွက် ကျေးဇူးတင်ကြောင်းစာလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

    CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ အဖွဲ့က ထိုင်းအမတ် အနုဆွန်တမာချိုင် အပါအဝင် ထိုင်း ပြည်သူ့ပါတီဝင် လွှတ်တော်အမတ်တွေကို ဘန်ကောက်မြို့၊ အောက်လွှတ်တော်မှာ တွေ့ဆုံခဲ့တာပါ။

    ဦးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၆ ရက် နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

    ဩဂုတ်လ ၇ ရက်မှာတော့ ဦးမင်းအောင်လှိုင် က ထိုင်းဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဖို့ လွှတ်တော်အဆောက်အဦးကို ရောက်ချိန် မှာ ထိုင်းအမတ် အနုဆွန်တမာချိုင်က “လူသားဝါဒ၊ ငြိမ်းချမ်းရေး” လို့ အော်ဟစ်ဆန္ဒပြခဲ့တာပါ။

    သူဟာ ထိုင်းပြည်သူ့ပါတီဝင် ဖြစ်သလို အမေရိကန်နိုင်ငံ Fordham University က စီးပွားရေးပညာရပ် ဒေါက်တာဘွဲ့ရရှိထားတဲ့ စီးပွားရေးပညာရှင်လည်းဖြစ်ပါတယ်။

    ထိုင်းနိုင်ငံ၊ Rangsit တက္ကသိုလ် ရဲ့ Faculty of Economics မှာတွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

    ဦးမင်းအောင်လှိုင်ကို ဆန္ဒပြမှုအပြီးမှာတော့ ထိုင်းအမတ် အနုဆွန်တမာချိုင် ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း မြန်မာနိုင်ငံသားတွေက ကျေးဇူးတင်ကြောင်းပြောဆိုမှုတွေ အမြောက်အများတွေ့ရပါတယ်။

  12. ငလျင်ကြောင့် လူအသေအပျောက်များစေတဲ့အချက် ၇ ချက်

    သြဂုတ် ၁၆ ရက်က အင်ဒိုငလျင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၆ ရက်က အင်ဒိုငလျင်

    ငလျင်တွေကို ငလျင်လှုပ်ချိန်ပြင်းအား (Mw) လို့ခေါ်တဲ့ ပြင်းအားကိန်းဂဏန်းနဲ့ အခြေခံ တိုင်းထွာပါတယ်။ တိကျမှုနည်းပြီး ခေတ်မမီတော့ဘူးလို့ အခုအခါ ယူဆထားကြတဲ့ ရစ်ခ်တာ စကေးလို့ အများသိကြတဲ့ ပြင်းအားပမာဏနေရာမှာ အဲဒီတိုင်းထွာချက်ကို အစားထိုး သုံးနှုန်းလာခဲ့ကြတာပါ။

    ငလျင်တစ်ခုကို သတ်မှတ်တဲ့ ဒီပြင်းအား ကိန်းဂဏန်းဟာ ငလျင်ပြတ်ရွေ့ကြော ရွေ့လျားတဲ့ အကွာအဝေးနဲ့ ရွေ့လျားစေတဲ့ အားပမာဏကို ပေါင်းစပ် ဖော်ပြထားတာ ဖြစ်ပါတယ်။‌

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  13. ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုခွင့် ဆက်ထားရေး ကုလအတွင်းရေးမှူးချုပ်ထံ အရပ်ဘက်အဖွဲ့တွေ စာပို့တောင်းဆိုမယ်

    ကုလသမဂ္ဂအစည်းအဝေးတက်နေတဲ့ ဦးကျော်မိုးထွန်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအစည်းအဝေးတစ်ခုကို တက်ရောက်နေတဲ့ ဦးကျော်မိုးထွန်း (ပုံဟောင်း)

    ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့နဲ့ နေပြည်‌တော်ဘက်က တင်သွင်းမယ့် ကိုယ်စားလှယ်ခန့်အပ်လွှာကို ပယ်ချဖို့ မြန်မာ့အရပ်ဘက်အဖွဲ့တွေက အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အရည်အချင်းစစ်ကော်မတီ ထံကို စာပေးပို့ တောင်းဆိုသွားဖို့ရှိနေပါတယ်။

    စာ‌ပေးပို့ တောင်းဆိုမယ့် Global Coalition Supporting Federal Democracy in Myanmar ကတေ့ာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ စတင်မယ့် ၈၁ ကြိမ်မြောက် အထွေထွေညီလာခံရှိနေတာကြောင့် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး ပြောဆိုခွင့်အပြည့်အဝ ဆက်ပေးဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နေပြည်တော်ဘက်က တင်သွင်းလာမယ့် ကိုယ်စားလှယ်ခန့်အပ်လွှာကို ပယ်ချဖို့နဲ့ မြန်မာနိုင်ငံရဲ့ UN ထိုင်ခုံကို လစ်လပ်ထားတာ၊ ကိုယ်စားပြုခွင့်မပေးဘဲ ပြောဆိုခွင့်ကန့်သတ်ထားတာမျိုးကိုလည်း ထည့်ပြောမယ်လို့ဆိုပါတယ်။

    ကုလသမဂ္ဂမှာ မြန်မာကို တရားဝင်ကိုယ်စားပြုခွင့်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက နေပြည်တော်ရော၊ NUG အစိုးရကပါ ကြိုးပမ်းနေပါတယ်။

    ဒါပေမဲ့ နိုင်ငံတွေရဲ့ကိုယ်စားပြုသူ ကိုယ်စားလှယ်အရည်အချင်းစိစစ်ရေး ကုလကော်မတီဟာ မြန်မာကိုယ်စားပြုသူနေရာကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားတာကြောင့် NLD အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့ သံမတ်ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေပါတယ်။

    လာမယ့် စက်တင်ဘာ ၈ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ ၈၁ ကြိမ်မြောက် အစည်းအဝေးကို စတင်မှာဖြစ်ပါတယ်။ နှစ်စဥ် စက်တင်ဘာ အဲဒီအစည်းအဝေးမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီ - Credentials Committee ကို ဖွဲ့စည်းပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကို စိစစ်ကာ အထွေထွေညီလာခံကို အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။ နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ အထွေထွေညီလာခံက ချမှတ်တာ ဖြစ်ပါတယ်။

    အဲဒီမတိုင်ခင်နဲ့ အစည်းအဝေးကာလတွေမှာ စာ‌ပေးပို့တာနဲ့ ချီတက်ဆန္ဒဖော်ထုတ်တာ‌တွေ လု‌ပ်ဆောင်သွားမယ်လို့ အမေရိကန်ရောက်မြန်မာအသိုင်းအဝိုင်းကလည်း ‌ဆော်သြနေပါတယ်။

    အဖွဲ့ ကတေ့ာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံတဝန်းက မြို့နယ်အများအပြားမှာ မဲပေးနိုင်ခြင်းမရှိခဲ့သလို မဲဆန္ဒရှင်အများအပြားလည်း ပါဝင်ခွင့်မရခဲ့တာကြောင့် အဲဒီရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ထောက်ပြပါတယ်။

    ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက် - ၂၆၆၉ (Resolution 2669 ) မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့် အဲဒီတောင်းဆိုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့လည်း စာမှာ ဖော်ပြထားပါတယ်။

    မြန်မာမှာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်တပ်ဘက်က ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ အသိအမှတ်ပြုခြင်းဟာ နိုင်ငံတကာစည်းမျဉ်းအခြေပြုစနစ်အပေါ် သက်ရောက်မှုရှိနိုင်တယ်လို့လည်း အဖွဲ့က ဆိုပါတယ်။

    ဒါအပြင် Credentials Committee အနေနဲ့ ဒီကိစ္စကို မဲခွဲဆုံးဖြတ်တာထက် သဘောတူညီချက် (consensus) နဲ့ ဆုံးဖြတ်ဖို့ တောင်းဆိုထားပါတယ်။ Credentials Committee မှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး တရုတ်နဲ့ ရုရှားတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

    Global Coalition Supporting Federal Democracy in Myanmar (ဖက်ဒရယ်ဒီမိုကရေစီ မြန်မာကို ထောက်ခံတဲ့ ကမ္ဘာ့မဟာမိတ်အဖွဲ့) က ဒီတောင်းဆိုချက်ကို ကမ္ဘာ့တိုက်ကြီး ငါးတိုက်မှာ ရှိနေတဲ့ မြန်မာ့ အရေး လှုပ်ရှားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက ပူး‌ပေါင်းလုပ်ဆောင်တာလို့ဆိုပါတယ်။

    ''ဒီလိုတောင်းဆိုမှုကို စစ်အာဏာသိမ်းပြီးကတည်းက နှစ်စဉ်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြည်ပရောက် မြန်မာအဖွဲ့တွေအဖွဲ့တွေ၊ တစ်ဦးချင်းစီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းစီစဉ်ပြီး ထောက်ခံလက်မှတ်တွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။” လို့ အဖွဲ့မှာပါဝင်လှုပ်ရှားတဲ့ အမေရိကန်အခြေစိုက် Los Angeles Myanmar Movement (LA2M) အဖွဲ့ရဲ့ စည်းရုံးရေးတာဝန်ခံ ဦးဂျိမ်း‌ရွှေ ကပြောပါတယ်။

  14. အာဖဂန်မှာ တာလီဘန် အာဏာရပြီး ၅ နှစ်အကြာ အနောက်ကမ္ဘာလွှမ်းမိုးမှု ဆက်ရှိနေသေးလား

    တာလီဘန်တိုက်ခိုက်ရေးသမား ၂ ဦး ပေါင်းစပ်ဓာတ်ပုံ
    ဓာတ်ပုံ ပုံစာ, တာလီဘန်တိုက်ခိုက်ရေးသမား ၂ ဦး ပေါင်းစပ်ဓာတ်ပုံ

    ကဘူးလ်မြို့တောင်ဘက် ကျေးရွာတစ်ရွာက ဆေးဖြူသုတ် မြေအောက်ခန်းတစ်ခုထဲမှာအမျိုးသမီးငယ် ၁၂ ဦးခန့်ဟာ ချယ်ရီသီးနဲ့ ဆီးသီးတွေကို အိုးကြီးတွေထဲ ကျိုသူက ကျို၊ ဖန်ပုလင်းထဲ ထည့်ထားတဲ့ယိုဘူးတွေကို တံဆိပ် ကပ်သူက ကပ်နဲ့ အလုပ်များနေကြပါတယ်။

    ဒီလိုလုပ်ငန်းမျိုးတွေက တာလီဘန်တွေ အုပ်ချုပ်နေတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ အလုပ်အကိုင်ရရှိဖို့နဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူနိုင်ဖို့ ကျန်ရှိနေသေးတဲ့ ရှားရှားပါးပါး အခွင့်အလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

    ဒီလုပ်ငန်းကို ဦးဆောင်နေသူက အာဖဂန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် နာဂျီယာ ပါ။ အသက် ၄၇ နှစ်ပဲ ရှိသေးပေမဲ့ ကလေး ၉ ဦးရဲ့မိခင်ဖြစ်နေပါပြီ။

    သူ့ အသက် ၁၄ နှစ်အရွယ်မှာပဲ အိမ်ထောင်ကျခဲ့သူလည်းဖြစ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံ ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  15. ရန်ကုန်က စက်မှုလုပ်ငန်းတွေ ညဘက်လျှပ်စစ်သုံးရင် ဓာတ်အားခလျှော့ကောက်မယ့်စနစ် စတင်

    ရန်ကုန် အရှေ့ပိုင်းစက်မှုဇုန် ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန် အရှေ့ပိုင်းစက်မှုဇုန် ( ပုံဟောင်း)

    ရန်ကုန်က လျှပ်စစ်ဓာတ်အားသုံးစွဲမှုများတဲ့ စက်မှုလုပ်ငန်းတွေမှာ ဓာတ်အားသုံးစွဲမှုကို Time of Use (TOU) လို့ခေါ်တဲ့ အချိန်အလိုက် ဓာတ်အားခကောက်ခံတဲ့စနစ်နဲ့ ပထမအဆင့် စတင်မယ်လို့ နေပြည်တော်၊ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာပါတယ်။

    ကြေညာချက်အရ ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏများတဲ့ စက်မှုလုပ်ငန်းတွေကို ည ၁၁ နာရီကနေ နောက်တစ်နေ့ မနက် ၅ နာရီအထိ ဓာတ်အားသုံးစွဲခွင့်ပြုမှာဖြစ်ပြီး တစ်ယူနစ်ကို မူလ ၉၀၀ ကျပ်ကနေ ၆၀၀ ကျပ်ကို စျေးလျှော့ပေးမယ်လို့ ဆိုပါတယ်။

    ဒါကြောင့် နေ့ပိုင်းမှာ ဝန်အားသုံးစွဲမှုများတဲ့ စက်မှုလုပ်ငန်းတွေကို ညပိုင်းအချိန်တွေဆီ ပြောင်းရွှေ့သုံးစွဲစေပြီး နေ့ပိုင်းမှာ အများပြည်သူအတွက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်သလို စက်မှုလုပ်ငန်းရှင်တွေအနေနဲ့လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်မယ်လို့ ပြောပါတယ်။

    နိုင်ငံတကာမှာ Smart Grid စနစ်ကို အသုံးပြုနေကြပြီး အချိန်အလိုက် ဓာတ်အားခကောက်ခံတဲ့ Time of Use (TOU) စနစ်ကိုလည်း အသုံးပြုနေကြတာကြောင့် မြန်မာမှာ လက်ရှိအခြေအနေအပေါ် မူတည်ပြီး ပထမအဆင့်အနေနဲ့ စမ်းသပ်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    မိုးရာသီမှာ ဆည်တွေထဲ ရေဝင်ရောက်မှုများ တာကြောင့် ရေအားလျှပ်စစ်စက်ရုံတွေက ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ပေမယ့် မဟာဓာတ်အားလိုင်းတွေရဲ့ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်ကြောင့် နေ့ပိုင်း လျှပ်စစ်သုံးစွဲမှုများတဲ့အချိန်မှာ လိုအပ်သလောက် ဓာတ်အားဖြန့်ဖြူးမပေးနိုင်ဘဲ မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

    ညဘက်မှာတော့ လျှပ်စစ်သုံးစွဲမှု သိသိသာသာလျော့နည်းသွားတာကြောင့် ထုတ်လုပ်နိုင်တဲ့ ဓာတ်အားကို အပြည့်အဝ အသုံးမချနိုင်ဘဲ စက်ရုံတွေက ထုတ်လုပ်မှုလျှော့ချရတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် မိုးရာသီမှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ရေကို အပြည့်အဝ အသုံးမချနိုင်ဘဲ ရေလျှံမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

    ဒါပေမဲ့ တဖက်မှာတော့ နေ့ပိုင်းကနေ ညပိုင်းကို ထုတ်လုပ်မှု ပြောင်းရွှေ့တဲ့အခါ လုပ်ငန်းလည်ပတ်မှုပုံစံတစ်ခုလုံး ပြောင်းလဲရမှာဖြစ်ပြီး အထူးသဖြင့် ညပိုင်းအလုပ်သမားကြေး၊ နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တိုးလာနိုင်တယ်လို့ စက်မှုလုပ်ငန်းရှင်တချို့ကပြောပါတယ်။

    '' စက်ရုံတိုင်းကတော့ ညဘက်ကို အလွယ်တကူ ပြောင်းပြီး လည်ပတ်နိုင်မှာမဟုတ်ပါဘူး။ တချို့စက်ရုံတွေက အဆက်မပြတ် လည်ပတ်ဖို့လိုအပ်တယ်။ တချို့က နေ့ပိုင်းလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတာတွေရှိတဲ့အတွက် နေ့ဘက်ပဲ လည်ပတ်လို့ရမယ်။ တကယ်လို့ ညဘက်ပြောင်းလည်ပတ်လည်း တခြားအပိုဆောင်းစီစဥ်ရမယ့် ကုန်ကျစရိတ်တွေက တက်လာမှာပဲ'' လို့ ဖိနပ်စက်ရုံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

    ဒါ့အပြင် ညဘက်လည်ပတ်ရမှာကြောင့် အလုပ်သမားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပြီး လုပ်ငန်းခွင်လုံခြုံရေးလည်းရှိလာနိုင်တယ်လို့ ဆိုပါတယ်။

  16. မင်္ဂလာပါ။ ဩဂုတ် ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။