ဦးမင်းအောင်လှိုင် ဗီယက်နမ်ကို သွားမယ်

ဓာတ်ပုံ ရင်းမြစ်, MOI
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Le Hoai Trung နေပြည်တော်ကို ရောက်ခဲ့ပြီးနောက် အသွင်ပြောင်းအစိုးရသမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးလာဖို့ ဖိတ်ခဲ့ကြောင်း ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဦးမင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး တာ၀န်ယူထားချိန်ကတည်းက မြန်မာနဲ့ စစ်ဘက်စီးပွားရေး နီးကပ်ခဲ့တဲ့ ဗီယက်နမ်ဟာ အခုတော့ နေပြည်တော်မှာ အသွင်ပြောင်းအစိုးရဖြစ်လာတဲ့အခါ နိုင်ငံခြားရေး၀န်ကြီးအဆင့်အထိ လာရောက်ခဲ့တာဖြစ်ပါတယ်။
အခု စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကိုလည်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူအပြီး အာဆီယံဒေသတွင်း လေးနိုင်ငံမြောက် ခရီးစဉ်လည်း ဖြစ်လာမှာပါ။
ဒါအပြင် အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ထိုင်းက ထိတွေ့ဆက်ဆံမှုတွေ ပြန်လုပ်တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်လာတာလည်း ဖြစ်ပါတယ်။
အခုနေပြည်တော်ရောက်လာတဲ့ မစ္စတာ Le Hoai Trung ဟာ ဗီယက်နမ်ရဲ့နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်ပြီး သူ့ရဲ့ပထမဆုံးပြည်ပခရီးစဉ် ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်လာမယ့်ခရီးစဉ်ကို သတင်းစကားပါးဖို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို ရောက်လာတာလို့ နေပြည်တော်က ပြောပါတယ်။
လာမယ့် ၂၀၂၇ ခုနှစ်ကျရင် ဟနွိုင်းမြို့မှာလုပ်မယ့် အာဆီယံအနာဂတ်ဖိုရမ် (ASEAN Future Forum) ကို မြန်မာကိုယ်စားလှယ် တက်ရောက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တယ်လို့ ဗီယက်နမ်ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံတကာစာမျက်နှာမှာ အပြန်အလှန်ထောက်ခံအားပေးသွားမှာဖြစ်ပြီး မိတ်ဆွေကောင်းအနေနဲ့ ဆက်ရပ်တည်ဖို့ အခုတွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ကထည့်ပြောပါတယ်။
ဒါအပြင် ဗီယက်နမ်မှာပြုလုပ်မယ့် ကမ္ဘောဒီးယား - လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်းအဝေးနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို မြန်မာက တက်ရောက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။



