မြန်မာအပေါ် ICJ စီရင်ချက်အပြီး မလေးရှားက ကုလ၊ OIC နဲ့ အာဆီယံတို့နဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) က စီရင်ချက်ချမှတ်ပြီးနောက် အဲဒီစီရင်ချက်နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ အာဆီယံတို့နဲ့ ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။
ရိုဟင်ဂျာအရေးကို ရေရှည်ဖြေရှင်းနိုင်ဖို့နဲ့ မလေးရှားနိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေ လျော့ပါးစေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
နိုဝင်ဘာ ၁၉ ရက်က ICJ ရဲ့ စီရင်ချက်ဟာ ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံတကာဥပဒေကို လိုက်နာရေးဆိုင်ရာ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ UNHCR မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၃၃,၄၀၀ ခန့် ရှိတယ်လို့ စက်တင်ဘာ ၃၀ ရက်အထိ စာရင်းကို ကိုးကားပြီး မလေးရှားသတင်းဌာန Free Malaysia Today က ဖော်ပြထားပါတယ်။
ရိုဟင်ဂျာအရေး ရေရှည်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး ပူးပေါင်းပြီး လက်တွေ့ကျတဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ မလေးရှားက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတော့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင် ၂၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ရာမှာ ရိုဟင်ဂျာတွေ မပါဝင်ခဲ့ဘူးလို့ အန်ဝါက အောက်တိုဘာ ၆ ရက် လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သူက ပြောခဲ့ပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲကလည်း သဘောတူထားတဲ့ ၅,၀၀၀ ပြန်ပို့ပြီးနောက်မှာပါ လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်၊ သတ်မှတ်ခွဲတမ်းမရှိဘူးလို့ အောက်တိုဘာ ၆ ရက်မှာ ပြောထားပါတယ်။
