ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ထိုင်း-မြန်မာနယ်စပ်က မှောင်ခိုလက်နက်လမ်းကြောင်းကို ပူးပေါင်းတိုက်ဖျက်ဖို့ မြန်မာတပ်ချုပ်ပြော

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ တပ်ချုပ်ရာထူးယူအပြီး ပထမဆုံးပြည်ပခရီးစဉ်သတင်းအပါအဝင် ဩဂုတ် ၂၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက SCEF ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့မှာ ပါဝင်
  • ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအညံ့ခံတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အရေးယူခံရဖို့ရှိနေ
  • အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အနေနဲ့ ဆောင်ရွက်နေကြောင်းပါ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုင်းကို ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်း၊ ရယောင်းမှာ မြန်မာလုပ်သား ၃၄ ဦးကို နောက်တွဲယာဉ်နဲ့ သယ်ယူတဲ့ တရုတ်နိုင်ငံသားဒဏ်ရိုက်ခံရ

    ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ မြန်မာအလုပ်သမား ၃၄ ဦးကို ကိုယ်တိုင်ပြုပြင်တပ်ဆင်ထားတဲ့ နောက်တွဲယာဉ်နဲ့ သယ်ယူပို့ဆောင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒဏ်ရိုက်အရေးယူခဲ့ပါတယ်။

    ဩဂုတ် ၁၉ ရက်မှာ ပုံမှန်မဟုတ်တဲ့ ယာဉ်တစ်စီး ရယောင်းခရိုင် ဘန်ခိုင်မြို့နယ် လမ်းမကြီးပေါ် မောင်းနှင်လာတာကို တွေ့ရှိသူတွေက ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တာကြောင့် ရဲတွေက စစ်ဆေးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အသက် ၃၀ ကျော်အရွယ် တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ Toyota Fortuner ကားနောက်မှာ လူသယ်ဆောင်ဖို့ ကိုယ်တိုင်ပြုပြင်တပ်ဆင်ထားတဲ့ အရွယ်အစားကြီးနောက်တွဲယာဉ်တစ်စီး ချိတ်ဆက်ထားတာ တွေ့ရှိခဲ့ပါတယ်။

    အဲဒီနောက်တွဲယာဉ်ပေါ်မှာ အမျိုးသားနဲ့ အမျိုးသမီး မြန်မာအလုပ်သမား ၃၄ ဦး နေရာမလုံလောက်ဘဲ ကျပ်ကျပ်တည်းတည်း လိုက်ပါလာကြတာကို တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အလုပ်သမားတွေရဲ့ ကိုယ်ရေးအထောက်အထားနဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို စစ်ဆေးရာမှာ အားလုံး တရားဝင်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

    ဒါကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ဒါမှမဟုတ် အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်နေမှုနဲ့ ပတ်သက်တဲ့ ပြစ်မှု မတွေ့ရှိခဲ့ပါဘူး။

    ကနဦး စစ်ဆေးချက်အရ အလုပ်သမား ၃၄ ဦးဟာ တရုတ်လုပ်ငန်းရှင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။

    ယာဉ်မောင်း တရုတ်နိုင်ငံသားကိုတော့ ခွင့်ပြုချက်မရှိဘဲ ယာဉ်ဆွဲခြင်း နဲ့ ယာဉ်ကို သတ်မှတ်ထားတဲ့ အမျိုးအစားမဟုတ်ဘဲ အသုံးပြုခြင်းဆိုတဲ့ အမှု ၂ ခုနဲ့ အရေးယူခဲ့ပြီး တစ်မှုကို ဘတ် ၅,၀၀၀ စီ၊ စုစုပေါင်း ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

    အခုလို ကိုယ်ပိုင်ခရီးသည်တင်ကားကို နောက်တွဲချိတ်ပြီး လူအများအပြား သယ်ဆောင်တာဟာ အရေးပေါ်အခြေအနေ ဒါမှမဟုတ် ယာဉ်အရှိန်မထိန်းနိုင်တာ ဖြစ်လာရင် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းသူတွေကို ယာဉ်ကို သတ်မှတ်ထားတဲ့ အသုံးပြုမှုအတိုင်း အသုံးပြုဖို့နဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာဖို့ သတိပေးထားပါတယ်။

  2. SCEF ရဲ့ ဂျပန်ခရီးစဉ်မှာ KNU ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကိုယ်တိုင်ပါဝင်ပြီး ဂျပန်ရောက်မြန်မာတွေအပါအဝင် သတင်းဌာနတွေနဲ့ပါ တွေ့ဆုံကြောင်း သတင်းထုတ်လာပါတယ်။

    ပဒိုစောကွယ်ထူးဝင်းဟာ SCEF အတွင်း စုပေါင်းနိုင်ငံရေးဦးဆောင်မှုပေး‌‌ရေးအမြင့်ဆုံးအဖွဲ့ "မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့" မှာလည်း ပါဝင်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ စီစဉ်ပေးမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်မှာ ဂျပန်ရောက်မြန်မာတွေနဲ့တွေ့ခဲ့ပြီး ၁၀ ရက်နေ့မှာတော့ ဂျပန်သတင်းဌာနတွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

    ဒီဂျပန်ခရီးစဉ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အကုန်လုံးရဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အကြံပြုချက်တွေကို မျှဝေဖလှယ်နိုင်ခဲ့တဲ့ အရေးပါတဲ့ တွေ့ဆုံမှုလို့လည်း ဖော်ပြပါတယ်။

    အခုခရီးစဉ်မှာ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၁ မဇူးပဒုမ္မာအပါအဝင် SCEF ရဲ့ နိုင်ငံခြားရေးအဖွဲ့ဝင်လည်း ပါဝင်ပါတယ်။

    ဇူလိုင်နဲ့ သြဂုတ်လအတွင်း SCEF အနေနဲ့ အာရက္ခတပ်တော် (AA) ၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့လို လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး ဖက်ဒရယ်ယူနစ်တွေနဲ့ပါ တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်တို‌က်လုပ်နေပါတယ်။

    တဖက် နေပြည်တော်ကလည်း နိုင်ငံတကာ စင်မြင့်ထက် လှမ်းနို‌င်ရေး ကြိုးစားနေတာကြောင့် ၂၀၂၆ နှစ်ကုန်ပိုင်းဟာ ပြည်တွင်းနိုင်ငံရေးအပြင် သံတမန်ရေးမှာပါ နှစ်ဖက်အားပြိုင်မှုပိုရှိနိုင်မယ်လို့ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

    ဂျပန်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလား၊ မြန်မာ့လူထုဘဝ တိုးတက်အောင် လုပ်ထားပေးလား ဆိုတဲ့ နိုင်ငံရေးတိုးတက်မှုတွေကို အခြေခံပြီး မြန်မာနဲ့ဆက်ဆံရေးကို စဥ်းစားသုံးသပ်တဲ့ အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တာရှိမိဇုက အခုနှစ် ဇူလိုင် ၂၈ ရက်မှာ ပြောထားပါတယ်။

    ‘‘အကြမ်းဖက်မှုချက်ချင်း လျှော့ချတာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးတာ၊ သက်ဆိုင်ရာပါ၀င်ပတ်သက်သူတွေအားလုံးပါ၀င်တဲ့စစ်မှန်တဲ့တွေ့ဆုံပြောဆိုမှု ထွက်ပေါ်လာတာမျိုးလို နိုင်ငံရေးတိုးတက်မှုတွေ အားထုတ်မှုတွေ ရှိနေပြီလားဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးကြည့်ပါတယ်’’ လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။

  3. ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ၁၄ ဦး ဝင်ရောက်အညံ့ခံ, တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အရေးယူခံရဖို့ရှိနေ

    မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးဟာ ဘင်္ဂလားဒေ့ရှ်၊ ဘန်ဒါဘန်ခရိုင် အလီကဒမ်နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ထံ အညံ့ခံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန TIMES of Bangladesh က ဖော်ပြပါတယ်။

    အဲဒီ ၁၄ ဦး ထဲမှာ မြန်မာစစ်တပ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်လာချိန်မှာ လက်နက်မပါဘဲ အရပ်ဝတ်တွေ ဝတ်ဆင်ထားကြတယ်လို့ ဆိုပါတယ်။

    သူတို့ဟာ အင်္ဂါနေ့က အလီကဒမ် BGB တပ်ရင်း ၅၇ လက်အောက်ရှိ ကူရူကပတာ-ခီလိုင်ပါရာ စစ်ဆေးရေးဂိတ်ကနေ ဝင်ရောက်လာပြီး အညံ့ခံခဲ့တာဖြစ်တယ်လို့ BGB တပ်ရင်းမှူးက TIMES of Bangladesh ကို ပြောပါတယ်။

    ဗုဒ္ဓဟူးနေ့ညမှာတော့ BGB က သူတို့ ၁၄ ဦးကို အလီကဒမ်ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအတွက် နိုင်ငံခြားသားများဆိုင်ရာဥပဒေ၊ နယ်စပ်ထိန်းချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    အလီကဒမ် BGB တပ်ရင်း ၅၇ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒူလာ အယ်လ် မဟေဒီက ကနဦးစစ်ဆေးမေးမြန်းမှုတွေအရ အဲဒီ ၁၄ ဦးဟာ မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။

    ဖြစ်စဉ်နောက်ပိုင်း BGB က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

  4. လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကိုပူးပေါင်းတိုက်ဖျက်ဖို့ ထိုင်းရောက် မြန်မာတပ်ချုပ်ပြော

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို‌ရောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေ ကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကို ပြောပါတယ်။

    နယ်စပ်ကတဆင့်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဆီစီးဝင်နေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်အနုတင်ကို ဦးမင်းအောင်လှိုင်က ထိုင်းခရီးစဉ်မှာ တောင်းဆိုခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အခုလိုထပ်ပြောတာပါ။

    ဒါဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ တပ်ချုပ်ရာထူးယူအပြီး ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သလို မနေ့တုန်းက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ပြီး နှစ်နိုင်ငံနယ်စပ်အရေးကို ဆွေးနွေးခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ထိုင်း - မြန်မာနယ်စပ်က ကျောက်ခက်နဲ့ ရွှေကုက္ကိုမှာ ကျားဖြန့်နှိမ်နင်းအရေးအဖြစ် အဆောက်အအုံတွေကို ဖြိုချနေပြီး ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အနေနဲ့ ဆောင်ရွက်နေကြောင်းပါ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုင်းကို ပြောခဲ့ပါတယ်။

    ဒါအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေကိုလည်း တားဆီးနှိမ်နင်းနေတယ်ဆိုပြီး လည်း ထည့်ပြောပါတယ်။ ဘန်ကောက်ရောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ မနေ့တုန်းက ထိုင်းကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့တားဆီးကာကွယ်မယ်ဆိုပြီးလည်း ဆွေးနွေးခဲ့ပါတယ်။

    သူဟာ ၉ ကြိမ်မြောက် ထိုင်း - မြန်မာ အဆင့်မြင့်အရာရှိကြီးတွေအစည်းအဝေးကိုတက်ဖို့ ရှိပါတယ်။

    မြန်မာမှာအသွင်ပြောင်းအစိုးရတက်လာပြီးတဲ့နောက် အိမ်နီးချင်းထိုင်းနိုင်ငံက ဆက်ဆံရေးပြန်လည် တည်ဆောက်လာသလို အခုသြဂုတ်လအစမှာလည်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီဖိတ်ခေါ်ခဲ့တာကြောင့် ထိုင်းဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုနဲ့ ကြုံခဲ့ရပါတယ်။

  5. မင်္ဂလာပါ။ ဩဂုတ် ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။