ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဦးမင်းအောင်လှိုင်နဲ့ လူကာရှန်ကို အလွတ်သဘောတွေ့

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံတဲ့သတင်းအပါအဝင် ဩဂုတ် ၂၁ ရက် နိုင်ငံနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သောင်ရင်းမြစ်ရေတက်လာလို့ မြဝတီက အိမ်ထောင်စု တစ်ထောင်ဝန်းကျင် အရေးပေါ်ရွှေ့ပြောင်း

    သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကျော်ပြီး ရပ်ကွက်တွေထဲဝင်လာလို့ အိမ်ထောင်စု တစ်ထောင်ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းရတယ်လို့ ကယ်ဆယ်ရေးအသင်းအဖွဲ့နဲ့ မြို့ခံတချို့ဆီကနေ သိရပါတယ်။

    မြဝတီမြို့ရဲ့ သောင်ရင်းမြစ်အနီးရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေကို ရေဝင်ရောက် နေတာဖြစ်ပါတယ်။

    “အမှတ် ၂ ရပ်ကွက်မှာတော့ ရေက ဒူးလောက်ရှိတယ်။ ရပ်ကွက်နေသူတွေကတော့ ညကတည်းက ရွှေ့ ပြောင်းကြတာဆိုတော့ အခုက အထပ်မြင့်နေသမားတွေပဲကျန်တယ်။ ရွှေ့ချင်တဲ့သူတွေ ဆက်သွယ်လာလို့ အခုရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးလုပ်နေတုန်းပါ” လို့ မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သောင်ရင်းမြစ်ရေဟာ မနေ့က ညနေ ၆ နာရီခွဲမှာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ လက်မ ကျော်နေရာကနေ ဒီနေ့မနက်ပိုင်းမှာတော့ ၅ ပေ ၃ လက်မအထိ ကျော်လာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။

    “အိမ်မှာနေလို့မရတော့လို့ ဆိုင်ပါပိတ်ပြီး ရေလွတ်တဲ့နေရာပြောင်းပြီ” လို့ မြဝတီမြို့ မြေနိမ့်ပိုင်း ရပ်ကွက်မှာနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မြဝတီမြို့နဲ့ သောင်ရင်းမြစ်သာခြားတဲ့ မဲဆောက်မှာတော့ မြစ်ရေတက်လာနိုင်တာကြောင့် ဖုန်းတွေ ကိုအရေးပေါ်သတိပေးချက်စာတိုတွေ ပို့လာပေမဲ့ မြန်မာဘက်ခြမ်းမှာတော့ အသိပေးချက်မရှိ တာကြောင့် မြို့ခံတွေက မိမိဘာသာ မြစ်‌ရေအခြေအနေစောင့်ကြည့်ခဲ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောပြချက်အရ မြဝတီမြို့မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားတယ်လို့သိရပါတယ်။

    မိုးဇလရဲ့ ဒီမနက်ခန့်မှန်းချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို နောက် ၁ ရက်အတွင်း ၅ ပေဆက်လက်မြင့်တက်မယ်လို့ သတိပေးထားပါတယ်။

  2. မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ

    ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဘန်ကောက်ခရီးစဉ်မှာ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်မယ့်အကြောင်း ထိုင်းစစ်တပ်ကို ပြောခဲ့တာက နေပြည်တော်ရဲ့ ဆန္ဒကို ပိုမြင်သာစေပါတယ်။

    မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ တော်လှန်ရေးတပ်တွေအတွက် မှောင်ခိုလက်နက်တွေဟာ ထိုင်းစစ်တပ်ကနေလာတာဆိုတဲ့စွပ်စွဲချက်တွေကိုလည်း ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Jaroenchai Hintao က ၂၀၂၄ ခုနှစ်မှာ ငြင်းဆန်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  3. ဦးမင်းအောင်လှိုင်နဲ့ လူကာရှန်ကို အလွတ်သဘောတွေ့

    ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံတယ်လို့ ဘယ်လာရုစ်ဘက်က သတင်းတွေကဖော်ပြပါတယ်။

    ဒီနေ့မှာ ပြုလုပ်မယ့် တရားဝင်တွေ့ဆုံမှုမတိုင်ခင်မှာ အလွတ်သဘောတွေ့ဆုံခဲ့ကြတာပါ။ ဘယ်လာရုစ်ဘက်က သတင်းအရ ဒီနေ့တွေ့ဆုံမှုမှာ ၂၀၂၆-၂၀၂၈ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ အလားအလာတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

    စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်တာကို အဓိက ဆွေးနွေးမှာပါ။ မနေ့ညက တွေ့ဆုံချိန်မှာတော့ ဘယ်လာရုစ်သမ္မတက စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ခေါင်းဆောင်တွေအနေနဲ့ “တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ ဂိတ်တွေအားလုံး ဖွင့်ပေးဖို့” လိုတယ်လို့ ဦးမင်းအောင်လှိုင်ကို ပြောတယ်လို့ ဘယ်လာရုစ်သတင်းကဖော်ပြပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ မနေ့ကတက်ရောက်တဲ့ စီးပွားရေးဖိုရမ်မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၀ နီးပါး လိုက်ပါလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပြပါတယ်။

    “မြန်မာကထုတ်ကုန်တွေလည်း ယူလာသလို မြန်မာကစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကလည်း ဘယ်လာရုစ်ထုတ်ကုန်တွေနဲ့ရင်းနှီးလာမှာပါ။ ဒီခရီးစဥ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်” လို့ ဦးမင်းအောင်လှိုင်ကပြောပါတယ်။

    နှစ်နိုင်ငံသဘောတူညီချက်‌တွေကို ဖြည့်တည်းပေးဖို့ ကတိပေးပါတယ်လို့လည်း နေပြည်တော်သမ္မတက ပြောပါတယ်။ ဦးမင်းအောင်လှိုင်က စီးပွားရေးဖိုရမ်မှာ မြန်မာနဲ့ဘယ်လာရုစ် ဆက်ဆံရေးဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့် ရောက်ရှိနေပြီလို့လည်း အမှာစကားထဲမှာ ထည့်ပြောပါတယ်။

    မနေ့က ဘယ်လာရုစ်ကို ရောက်ချိန်မှာ ဦးမင်းအောင်လှိုင်က ဘယ်လာရုစ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘယ်လာရုစ်ဝန်ကြီးချုပ်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကတာဝန်ရှိသူ ဖြစ်တယ်လို့ လူကာရှန်ကိုက ဦးမင်းအောင်လှိုင်နဲ့တွေ့ချိန်မှာထည့်ပြောပါတယ်။

    Grodno မြို့မှာရှိတဲ့ Grodno Azot ဓာတ်မြေဩဇာစက်ရုံကိုလည်း သွားခဲ့တဲ့ ဦးမင်းအောင်လှိုင်က ဒီစက်ရုံကိုသွားရောက်အပြီးမှာ နှစ်နိုင်ငံ အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးတွေ ရလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပါတယ်။

  4. မင်္ဂလာပါ။ ဩဂုတ် ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။